ခွင့်လွှတ်မရနိုင်သော
Vol. 011 Ch. 1088
အဝေးဆီမှအသံများကို ကြားကြရသည်။ အင်ပါယာလီဘုံမှ တန်ခိုးရှင်များသည် တကွဲတပြားပုံစံဖြင့် ထွက်ပြေး သွားခဲ့ကြသည်။ ထန်နှင့်ထိုဗိုလ်ချုပ်တို့က ကောင်းခေါင်က ထွက်ပြေးသွားရာဘက်သို့ ဦးတည်၍ လိုက်ပါသွားခဲ့ကြသည်။
ကျန်လူများက စစ်မြေပြင်တစ်လျှောက် မြန်ဆန်စွာ လိုက်ပါရွေ့လျား သွားခဲ့ကြ၏။
ရှားရှင်းယွန်က စစ်မြေပြင်ပတ်လည်ကို လှည့်ကြည့် လိုက်သည်။ ရာရာသည် မြေပေါ်၌လဲကျနေပြီး ရီဝူချင်းမှာ အဆုံးအစမဲ့သော ဓားအသိများဖြင့် ရစ်ပတ်နေခဲ့သည်။ သူမက ကြည်လင်ပြတ်သားသော အသံဖြင့် ပြောသည် … “လီဟန်ဓားနန်းတော်က ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူမက ထိုသို့ ပြောနေစဉ်မှာပင် ဓားအသိသည် ကောင်းကင်သို့ တက်သွားတော့သည်။
ထိုဓားသည် လီဟန်ဓားသမားက ရီဝူချင်းအား ငှားရမ်းပေးခဲ့သော ဓားဖြစ်ပေသည်။
ထိုမြင်ကွင်းကို ကြည့်နေသော ရှားရှင်းယွန်၏ အမူအရာမှာ ခံစားချက် ကင်းမဲ့နေသည်။ သို့သော်လည်း စိတ်ထဲတွင်ကား သူမက လီဟန်ဓားသမားကို ကျေးဇူးတင်မိပေသည်။ အတိတ်တွင်လည်း သူမသည် လီဟန်ဓား နန်းတော်သို့ သွားကာ လီဟန်ဓားသမားထံ၌ ဓားပညာကို လေ့လာ ဆည်းပူးခဲ့ဖူးပေသည်။
ရီဝူချင်းက မြေပေါ်သို့ သက်ဆင်းလာပြီး တင်ပျဉ်ခွေလျက် ထိုင်သည်။ သူ၏အသက်ရှူနှုန်းက ရုတ်တရက် အားနည်းလာ၏။ သို့သော် ရှားရှင်းယွန်နှင့် အခြားသူများက ရှေ့သို့ ဆက်သွားခဲ့ကြသည်။
ရှန့်ထိုများအားလုံးက တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။ ပြည်နယ်ကိုးခုမှ ရှန့်ထိုများအားလုံး ဒဏ်ရာများ ရခဲ့ကြပြီး ဒဏ်ရာများသည်လည်း နည်းပါးခြင်း မရှိပေ။ သို့သော် လက်ရှိတွင် သူမက ရီဖူရှင်းအား ပိုမို၍ စိုးရိမ်နေခဲ့၏။
ရှားရှင်းယွန်က အပြေး လှမ်းသွားခဲ့သလို အင်ပါယာလီဘုံမှ တန်ခိုးရှင်များသည်လည်း လူစုခွဲကာ ထွက်ပြေး သွားခဲ့ကြသည်။ ရီဖူရှင်း အသက်ရှင်နေသရွေ့ သည်အရေးတွင် အင်ပါယာလီဘုံ၏ ရှုံးနိမ့်မှုအဖြစ် မှတ်ယူရပေလိမ့်မည်။
ရှားရှင်းယွန်နှင့် အခြားသူများရှေ့သို့ ချီတက်သွားခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ထံသို့ ပျံသန်းလာသော လူတစ်စုအား မြင်လိုက်ကြ၏။ ရှေ့ဆုံးရှိလူများတွင် ရီဖူရှင်းနှင့် ယူချင်း တို့ပါဝင်ပေသည်။
ထိုအခါမှ ရှားရှင်းယွန်က သက်ပြင်း ချလိုက်သည်။ ဆိုးဝါးသော အရာများ ဘာမှ ဖြစ်ပျက်ခဲ့ဟန် မတူပေ။
ရှားရှင်းယွန်က ရီဖူရှင်း၏ ရှေ့သို့ တိုးသွားလိုက်သည်။ ထိုအချိန်တွင်သူနှင့် ယူချင်းတို့မှာ အလွန်အားနည်းနေဟန် ရှိသည်။ သူမက အလွန်အေးစက်စွာ ပြောလိုက်သည် … “ငါ့အမိန့်ကို ပြောလိုက်စမ်း … နတ္ထိဘုံမှာ ရှိတဲ့ အင်ပါယာလီဘုံက ဘယ်သူ့ကိုမဆို သတ်ဖြတ်ရမယ်”
“ဟုတ်ကဲ့ပါ အရှင့်သမီး …” သူမဘေးမှ လူများက ဆိုကြသည်။
ယခုအချိန်တွင် အင်ပါယာလီဘုံသည် နတ္ထိဘုံစစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ သို့သော် သူတို့က ရှန့်ထိုများအား ရီဖူရှင်းကို အံ့အားသင့်ဖွယ် ကောင်းအောင် အလစ်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ လီယောင်ကိုယ်တိုင်ပင် လှည့်စားသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့ကာ သူတို့က ရှန့်ထိုအမြင့်ဆုံး အဆင့်ကိုပင် စေလွှတ်၍ လုပ်ကြံစေခဲ့သည်။
ဤသို့သော ကြံစဉ်ခြင်းမျိုးအား သူမက သည်းမခံနိုင်ပေ။
အကယ်၍ အင်ပါယာလီဘုံက စစ်ခင်းလိုပါက ၎င်းတို့သည် ပထမဆုံး ရန်စခဲ့သူများ ဖြစ်ကြောင်း သိစေရပေမည်။
လူအများအပြားမှာ တိတ်တဆိတ် တုန်လှုပ်နေကြသည်။ အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံတို့သည် အမြဲတမ်းအားဖြင့် ပဋိပက္ခ ဖြစ်ပွားနေပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။ အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမှ မသိကြပေ။
“ကျုပ် တစ်ခေါက် သွားကြည့်လိုက်ဦးမယ်” ရီဖူရှင်းက ပြောသည်။ သူက အခြားသူများကို မတွေ့ရသေးပေ။ ပြည်နယ်ကိုးခုမှ လူများ၏အခြေအနေကို သူစိုးရိမ်နေ၏။
သူ ရှေ့သို့ ဆက်သွားသည်နှင့် နောက်ဆုံးတွင် သူက မှန်နန်းတော်သခင်မ၊ ကျေးရွာခေါင်းဆောင်နှင့် ရှန့်ထိုရှားတို့ဖြင့် တွေ့ဆုံသည်။ သူတို့အားလုံး ဒဏ်ရာရနေသည်ကို သူတွေ့သောအခါ ရီဖူရှင်း၏စိတ်နှလုံးက အေးခဲလာသည်။
အင်ပါယာလီဘုံ ရည်မှန်းချက်မှာ သူနှင့် ယူချင်းတို့ဖြစ်သည်။ သူတို့က လူတိုင်းကို အတင်းအကြပ် ဆုတ်ခွာစေခြင်းမှာ မိမိတို့အား သတ်ဖြတ်နိုင်ရန် ဖြစ်သည်။ သူတို့ကသာ ပြင်းထန်သော တိုက်ပွဲဖြစ်လိုသော ဆန္ဒရှိလိုဟန် မရပေ။ မဟုတ်လျှင် ဤသို့သော ကံဆိုးမှုများဖြင့် သူတို့ ကြုံရမည် မဟုတ်ပေ။ သို့သော် ပြည်နယ်ကိုးခုမှ လူတိုင်း၏ ဒဏ်ရာများက ပြောနေသည်မှာ သူတို့က သေသည်အထိ တိုက်ခိုက်မည် ဟူသော သဘော။
ကျေးရွာခေါင်းဆောင်က ရှေ့သို့ပြေးသွားခဲ့ပြီး ရီဖူရှင်းကလည်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ လှမ်းသွားလိုက်သည်။ ထိုနေရာတွင် ရီဝူချင်းသည် ဓားအသိများ ရစ်ပတ်လျက် ထိုင်နေသည်ကို တွေ့မြင်ရ၏။ သူ၏အခြေအနေမှာ သိပ်အဆိုးကြီး မဟုတ်ပေ။
လီဟန်ဓားသမားက ရီဝူချင်းအား သူ၏ဓားကိုသာ ငှားရမ်းခဲ့ခြင်း မဟုတ်ပေ။ အသက် တစ်ချောင်းကိုလည်း ကယ်တင်ပေးခဲ့သည်။
ထိုအသက် တစ်ချောင်းအား သူ အကြွေးတင်ခဲ့ပြီဖြစ်သည်။
သို့သော် ထိုဓားက ရီဖူရှင်းကို ငှားရမ်းခဲ့ခြင်းလား။ ရီဝူချင်းကို ငှားရမ်းခဲ့ခြင်းလား မည်သူမှ မသိနိုင်ပေ။
နောက်ဆုံးတွင် သူတို့အားလုံး ရာရာတို့ထံသို့ ရောက်သွားကြသည်။ ထိုအချိန်တွင် သူမသည် သတိလစ်နေပြီး ကျေးရွာခေါင်းဆောင်က သူမအား ပွေ့ချီထားသည်။ ရာရာ၏ပါးစပ်မှ သွေးများ စီးကျနေ၏။
တိုက်ပွဲတွင် သူမသာ မဟုတ်၊ အခြားသူများလည်း အနည်းနှင့် အများ ဒဏ်ရာများ ရကြသည်။ သူတို့အားလုံးသည် အလွန်အမင်း အားနည်းနေကြ၏။
“လီယောင် …” ရီဖူရှင်းက သူ့လက်သီးကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူတို့အကြား ရန်ကြွေးမှာ ပိုပြီး နက်ရှိုင်းလာခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် လူတစ်တစ်စုသည် အဝေးမှနေ၍ ပြေးလာကြသည်။ ဗိုလ်ချုပ်ထန်နှင့် ဗိုလ်ချုပ်ထိုတို့က သူတို့၏ တန်ခိုးရှင်များနှင့်အတူ ပြန်လည် ရောက်ရှိလာကြသည် … “ကောင်းခေါင်က ထွက်ပြေးသွားတယ်။ ဒါပေမဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရှန့်ထို အတော်များများကိုတော့ ဖမ်းဆီး သတ်ဖြတ်နိုင်ခဲ့တယ်။ လီယောင်ကတော့ နတ္ထိဘုံမှာ မရှိတော့ဘူး။ သူက အစောကြီးကတည်းက ထွက်ပြေးသွားတဲ့ပုံပဲ”
လီယောင်သည် သည်ကိစ္စ မတိုင်မီကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ထင်ရှားသည်။ ရီဖူရှင်းကို သတ်နိုင်သည်ဖြစ်စေ၊ မသတ်နိုင်သည်ဖြစ်စေ၊ ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်လာနိုင်ကြောင်း သူခန့်မှန်းသိရှိထားဟန်ရှိသည်။
“မင်းသမီး အဆင်ပြေပါသလား” ရီဖူရှင်းက မေးသည်။
ထိုစကားလုံးများသည် သာမန်ထက် ပိုမိုသော အဓိပ္ပာယ်များကို သယ်ဆောင်နေသည်။
သူက ရှားရှင်းယွန်ကို အပြစ်မတင်ပေ။ ဤအခြေအနေ တစ်ခုလုံးသည် သူမနှင့်လုံးဝ မသက်ဆိုင်ပေ။ ထို့အပြင် သူက သည်နေရာသို့ လာစဉ်ကလည်း သူမက သူ့ဘေးတွင် ကာကွယ် စောင့်ရှောက်မည့် လူများအား လိုက်ပါစေခဲ့၏။
လီယောင်က ရူးသွပ်သည့် ကိစ္စတစ်ခုခု ကြံစည်ရန် ဖြစ်နိုင်ချေနည်းသည် ဖြစ်သော်လည်း သူမက ကြိုတင်စဉ်းစား တွေးတောကာ ပြင်ဆင်ပေးခဲ့ပေသည်။
ရှောင်ရှမ်း၏ စကားများကသာ အဓိက အလှည့်အပြောင်းများအား ဖြစ်ပေါ်စေခဲ့ကာ ရီဖူရှင်းအား သူ၏မိတ်ဆွေများကို ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့သည်။
ရီဖူရှင်းက သူ့အား စွန့်ခွာသွားသော တန်ခိုးရှင်များအား အပြစ်မတင်ပေ။ မိမိနှင့် မင်းသမီး၏ အသက်ဘေးတွင် ထိုလူများသည် ပုံမှန်အားဖြင့် မင်းသမီးကိုသာ ရွေးချယ်ရပေမည်။
“လီယောင်က တော်ဝင်တောင်သို့ တန်ခိုးရှင်တွေ စေလွှတ်ပြီးတော့ ငါ့ကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ်။ သူတို့က တကယ်တမ်း မလှုပ်ရှားရဲခဲ့ကြပေမဲ့ ငါက တုံ့ပြန်တာမှာ နှေးကွေးခဲ့တယ်။ ဒါက ငါ့အမှားလည်း မကင်းဘူး” ရှားရှင်းယွန်က ပြောသည်။ သူမက အနည်းငယ်မျှသာ နောက်ကျခဲ့ပါက ရီဖူရှင်းသည် အမှန်တကယ် အသက် အန္တရာယ် ရှိကြောင်း သိပေသည်။
ရီဖူရှင်းတို့က သည်လုပ်ကြံမှုကို အောင်မြင်စွာ တားဆီး နိုင်ခဲ့ခြင်းကပင် အံ့အားသင့်ဖွယ်ရာ ကိစ္စ ဖြစ်ပေသည်။
ရာရာကသာ သူမ၏စွမ်းအား အကုန်အစင်ကို အသုံးမပြုခဲ့လျှင် …
လီဟန် ဓားသမားကသာ ဟောင်ကျူဂီအား ဓားမငှားခဲ့လျှင် … ရီဖူရှင်း တစ်ယောက်က သေချာပေါက် အသက်မရှင်နိုင်ပေ။
“မင်းသမီး … ဒါက ကျုပ်အမှားပါ” အသံတစ်သံ ထွက်လာသည်။ ထိုစကားကို ကြားလျှင် ရှားရှင်းယွန် ၏မျက်လုံးများက အေးစက်သွား၏။ သူမက အသံလာရာသို့ လှမ်းကြည့်လိုက်သည်။
ထိုသူကား ရှောင်ရှမ်းဖြစ်သည်။
“လီယောင်ရဲ့ လူတွေကို မြင်တဲ့အခါ ကျုပ်က မင်းသမီး တိုက်ခိုက်ခံရပြီ ဆိုပြီးတော့ စိုးရိမ်သွားတယ်။ ဒါကြောင့် ကျုပ်က မင်းသမီးရဲ့ အမိန့်ကို မစောင့်နိုင်ဘဲ လူတွေကို ပြန်ခေါ်ခဲ့မိပါတယ်။ ကံသီလို့ လူတွေ ကြီးကြီးမားမား မထိခိုက်ခဲ့ဘူး။ ဒီအတွက် မင်းသမီးက ခွင့်လွှတ်ပေးစေ ချင်ပါတယ်”
ရှောင်ရှမ်းက သူ၏အမှားကို မြန်ဆန်စွာပင် ဝန်ခံပြောဆိုသည်။
ရီဖူရှင်းက ရှောင်ရှမ်းကို ကြည့်သည်။ သူက မင်းသမီး အဆင်ပြေပါ၏လားဟု ခုနက မေးခဲ့သည်။ သို့သော် သူတကယ်တမ်း မေးခဲ့သည်ကား ရှောင်ရှမ်း၏ စကားနှင့် ပတ်သက်သည့်ကိစ္စ ဖြစ်သည်။
ရှားရှင်းယွန်က သူမ၏လူများအား ပြန်ခေါ်ရန် အမိန့်ပေးခဲ့မည် မဟုတ်သည်ကို နဂိုတည်းက ခန့်မှန်းမိခဲ့၏။
အင်ပါယာလီဘုံမှ တန်ခိုးရှင်များ ရွှမ်ကျိတောင်သို့ လာရောက်ကာ ရီဖူရှင်းနှင့် ယူချင်းတို့အား အလိုရှိကြောင်း ပြောင်ပြောင်တင်းတင်း ပြောဆိုခဲ့ကြသည်။ ထိုအခြေအနေတွင် မင်းသမီး တိုက်ခိုက်ခံရကြောင်း သတင်းစကားနှင့်အတူ ရီဖူရှင်း၏ ဘေးတွင်ရှိသော မင်းသမီး၏ ကိုယ်ရံတောင်များအား ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ သူက တိမ်တိုက်တောင်ကြားမှ တန်ခိုးရှင်များကိုပင် အတင်း ပြန်ခေါ်သွားခဲ့သည်။ သူက သည်ကိစ္စမှာ မတော်တဆ ဖြစ်ရပ်ဟု ပြောဆိုလျှင် ရီဖူရှင်းက မည်သို့ ယုံကြည် မည်နည်း။
ရီဖူရှင်းသာ မဟုတ် ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များ အားလုံးက ရှောင်ရှမ်းအား အေးစက်စွာ ကြည့်နေကြသည်။ ရှောင်ရှမ်းက ရီဖူရှင်းအား ထောင်ချောက်ထဲသို့ တမင် ကျဆင်းစေခဲ့သည်လား။
ရှားရှင်းယွန်က ပြောသည် … “ငါ တိုက်ခိုက် ခံရတယ်လို့ မင်းပြောတယ်… ငါ ဘယ်တုန်းက တိုက်ခိုက်ခံရလဲ”
လီယောင်က ဦးညွှတ်ကာ ပြောသည် … “လီယောင်က ရှန့်ထိုတွေနဲ့ တော်ဝင်တောင်ကို လာဝိုင်းတယ်။ အဲဒီ အခြေအနေမှာ ကျုပ်က စဉ်းစားဖို့ အချိန်မရခဲ့ပါဘူး မင်းသမီး”
“စဉ်းစားဖို့ အချိန်မရခဲ့ဘူး ဟုတ်လား” ရီဖူရှင်းက ရုတ်တရက် အေးစက်စွာ ပြောသည်။ ရှောင်ရှမ်းက သတင်းစကားကို လာပြောစဉ်က သူ့ပုံစံကို ရီဖူရှင်း မှတ်မိပေသည်။ ထိုစဉ်က သူကား ခံစားချက် ကင်းမဲ့ကာ မင်းသမီး၏ဘေးကင်းမှုကို အမှန်တကယ် စိတ်ပူသည့်ပုံစံ သူ မမြင်ခဲ့ပေ။
“ဘယ်လိုဖြစ်ဖြစ် ဒါက ကျုပ်အမှားပါ … မင်းသမီးက အပြစ်ပေးမယ် ဆိုရင်လည်း ကျုပ်က ကျေကျေနပ်နပ် ခံပါ့မယ်” ရှောင်ရှမ်းက ပြောသည်။
“ဖူရှင်း … နင် ဘယ်လို ထင်လဲ” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။ တကယ်တမ်း အန္တရာယ်နှင့် ကြုံခဲ့သူမှာ ရီဖူရှင်းတို့ဖြစ်သည်။ သူက ရှောင်ရှမ်းအား အလွယ်တကူ ခွင့်လွှတ်မည် မဟုတ်ပေ။
သို့သော် ရှောင်ရှမ်းက မှားယွင်းခဲ့သည်ဆိုလျှင်ပင် သူမက သူမ၏အမေနှင့် ရှောင်ကလန်ကို မည်သို့ ပြန်လည် ရှင်းပြရမည်နည်း။
“မင်းသမီးက ဒီကိစ္စကို သေသေချာချာ စုံစမ်း စစ်ဆေးပေးမယ်လို့ ကျုပ် ယူဆပါတယ်” ရီဖူရှင်းက ထူးထူးခြားခြား ထင်မြင်ချက် မပေးပေ။
“ကောင်းပြီ …” ရှားရှင်းယွန်က ခေါင်းညိတ်သည် … “လူတွေ အတော်များများ ဒဏ်ရာရတာ ဖြစ်လို့ အင်ပါယာရှားဘုံကို ပြန်ဖို့ စီစဉ်ပါ”
သည်ကိစ္စကို ဖြေရှင်းရန်မှာ အချိန်တစ်ခု လိုပေသေးသည်။ တစ်ဖက်တွင် ရီဖူရှင်း၏လူများမှာ ဒဏ်ရာများ ရထားရာ နတ္ထိဘုံ၌ ဆက်နေရန် မသင့်တော်တော့ပေ။
“ကောင်းပြီ …” ရီဖူရှင်းတို့အုပ်စုက အင်ပါယာရှားမြို့သို့ ဦးစွာ ပြန်ကြသည်။
“မင်းက သူ့ကို ဒီလို လွှတ်ပေး လိုက်တော့မှာလား” လျိုဖန်းက အေးစက်စွာ ပြောသည်။ ရှောင်ရှမ်းက ရီဖူရှင်းအား သတ်ရန် ကြံစည်သည်မှာ ထင်ရှားပေသည်။
ရှောင်ရှမ်းသည် မင်းသမီး၏ဝမ်းကွဲ အစ်ကိုဖြစ်ပြီး ရှောင်ကလန်၏ ဆက်ခံသူဖြစ်သည်။ သူတို့အနေဖြင့် ရှောင်ရှမ်းအား ရှင်းရန်မှာ ခက်ခဲသော ကိစ္စဖြစ်ပေသည်။
“ဘယ်လို လွှတ်ပေးလို့ ရမှာလဲ …” ရီဖူရှင်းက အေးစက်စွာ ပြောသည် … “သူ သေရမယ်”
***