← Chapters

ဧကရီ၏ဆင့်ခေါ်ခြင်း

Vol. 011 Ch. 1090

ဧကရီ၏ဆင့်ခေါ်ခြင်း

Vol. 011 Ch. 1090

တောင်ကုန်းတစ်နေရာသို့ ရီဖူရှင်း ရောက်လာခဲ့သည်။

ထိုနေရာတွင် မိန်းကလေးတစ်ယောက် ငြိမ်သက်စွာ လေ့ကျင့်နေ၏။ လေပြေလေညင်းလေးများ တသုန်သုန် တိုက်ခတ်နေခဲ့ကာ သူမ၏ဆံပင်ရှည်များအား လေထဲလွင့်စေသည်။ သူမကား ရာရာဖြစ်ပေသည်။

ရီဖူရှင်းက ရာရာ၏ဘေးသို့ ရောက်လာခဲ့လျှင် သူမက မျက်လုံးဖွင့်၏။ သူမ၏အသက်ရှူနှုန်းကား ယခင်လို တည်ငြိမ်ခြင်း မရှိပေ။

“နေကောင်းသွားပြီလား” ရီဖူရှင်းက မေးသည်။

“ကောင်းသွားပြီ … ဒီနှစ်ပိုင်းတွေမှာ လေ့ကျင့်ခဲ့တာတွေ အကုန်လုံး အလဟဿ ဖြစ်သွားတာပဲ ရှိတာ။ ငါက ရှန့်ထို ပထမအဆင့်ကနေပြီး ပြန်လေ့ကျင့် ရတော့မယ်” ရာရာက အလေးမထားသည့်အလား ပြောသည်။

ကောင်း‌ခေါင်နှင့်တိုက်ပွဲ၌ သူမ၏လက်ရှိအဆင့်ဖြင့် မလုံလောက်ခဲ့ရာ သူမက ယခင် တန်ခိုးအဆင့်သို့ အတင်းမြှင့်တင်ခဲ့ရပေသည်။ အကျိုးဆက်ကား သည်နှစ်ကာလအတွင်း၌ ကျင့်ကြံမှုများအားလုံး ပျက်စီးသွားခြင်းပင်။

ရီဖူရှင်းက သူမ၏ဘေးတွင် ထိုင်လိုက်ကာ သိုလှောင်လက်စွပ် တစ်ကွင်းအား ပေးသည်။

“ဘာလဲ” ရာရာက သူ့အား ကြည့်ကာ မေးသည်။

“မင်းက မဟာလမ်းစဉ်ရဲ့ လေဟာနယ်ဓာတ်ကို စုဆောင်းနေရတာပဲ မလား။ ဒါက နတ္ထိဘုံက ရတဲ့ လေဟာနယ် သလင်းကျောက်တွေပဲ။ ဒါက မင်းရဲ့ ကျင့်ကြံခြင်းကို ပိုပြီးတော့ မြန်ဆန်စေလိမ့်မယ်” ရီဖူရှင်းက ပြောသည်။

ရာရာက သူ့အား ကြည့်ကာ ပြောသည် … “ဒါကို နင့်အတွက်ပဲ သိမ်းထားပါ”

“မင်းက အရင်ကတည်းက လုံလောက်တဲ့ ဉာဏ်အလင်း ရထားပြီးပြီပဲ။ အခုလိုနေတာက တန်ခိုးအဆင့်မြှင့်ဖို့ လုံလောက်တဲ့ လောကဓာတ် စွမ်းအားတွေပဲ။ ဒါတွေနဲ့ဆို မင်းက ပိုမြန်မြန်ဆန်ဆန် တိုးတက်နိုင်လိမ့်မယ်” ရီဖူရှင်းက လက်ဆန့်တန်းကာ လက်စွပ်အား သူမ၏လက်ထဲသို့ ထည့်ကာ ပြောသည် … “မဟုတ်ရင် နောက်တစ်ခါ မင်းက ငါ့ကို ဘယ်လို ကာကွယ်ပေးနိုင်ဦးမှာလဲ”

သူမက မော့ကြည့်လျှင် ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကြိုးစားကျင့်ပါ။ ငါမင်းကို လိုအပ်တယ်”

သူက ပြောပြီးသည်နှင့် ထရပ်ကာ ထွက်သွားခဲ့သည်။ တစ်ဖက်သို့ လှည့်ထွက် လာခဲ့ပြီးနောက်တွင် ရီဖူရှင်း၏မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။ အပြင်မှ လာသော သတင်းများတွင် ရှောင်ရှမ်းက အင်ပါယာလီဘုံနှင့် ဆက်သွယ်ခဲ့၏။ ဤသို့ဆိုလျှင် သူကား အမှန်တကယ် သေသင့်ပေသည်။

သူက ရှောင်ရှမ်း၏လမ်းကို ကာဆီးသလို ဖြစ်နေသော်လည်း သူကား မည်သို့ဆိုစေ နတ္ထိဘုံတိုက်ပွဲတွင် အနိုင်ရလဒ် ဆောင်ကျဉ်းပေးခဲ့သူဖြစ်၏။ ရှောင်ရှမ်းက မိမိအား မကြေနပ်လျှင် ပွင့်လင်းစွာ ထိုးနှက်တိုက်ခိုက်နိုင်သည်။ သို့သော် သူကား အင်ပါယာလီဘုံနှင့် ပူးပေါင်းသည်အထိ မိုက်မဲစွာ ကြံစည်ခဲ့သည်။

မှန်သည် … ကိစ္စတစ်ခုလုံးသည် ထူးဆန်းနေ၏။ အကယ်၍ ရှောင်ရှမ်းသာ ရန်သူနှင့် ပူးပေါင်းခဲ့သည်ဆိုပါက အဘယ်ကြောင့် သည်ကောလာဟလများ ထွက်ပေါ်လာရသနည်း။ အင်ပါယာရှားဘုံ၌ ရှောင်ကလန်၏ အဆင့်အတန်းဖြင့်ဆိုလျှင် အနည်းငယ်သော လူများသည်သာ ဤသို့သော သတင်းများအား ဖြန့်ရဲပေမည်။ ရှောင်ကလန်သာ အရင်းအမြစ်ကို တွေ့ရှိခဲ့ပါက သတင်းဖြန့်သူ အနေဖြင့် သက်သာမည် မဟုတ်ပေ။

လီယောင်ကများ တမင် လုပ်ခဲ့သလား။

ဤသို့ဆိုလျှင် သူ၏ရည်ရွယ်ချက်က ဘာများ ဖြစ်သနည်း။

သူနှင့် ရှောင်ရှမ်းတို့အကြား ပဋိပက္ခဖြစ်စေရန် တမင် ကြံစည်ခြင်းများလား။ ဤနည်းဖြင့် ရီဖူရှင်းက အင်ပါယာရှားဘုံ၏ အဆင့်အတန်း အမြင့်ဆုံးကလန်နှင့် ရန်ဘက်များ ဖြစ်လာစေလိုသည် များလား။

ရှောင်ကလန်ကား အင်ပါယာ၏ဆွေတော်မျိုးတော်များ ဖြစ်ကြသည်။

အကယ်၍ သူသာ ရှောင်ရှမ်းအား ထိပါက လီယောင်၏ ရည်ရွယ်ချက် အထမြောက် အောင်မြင်သွားပေမည်။

သူက လီယောင်၏အကြံအစည်မှန်း သိလျှင်ကော ရှောင်ရှမ်းကို ခွင့်လွှတ်နိုင်ပါသလား။

ယခုကား အခြေအနေကို စောင့်ကြည့်ခြင်းက ပိုကောင်းမွန်ပေသည်။ မည်သို့ဆိုစေ ရှောင်ရှမ်း၏ အဆင့်အတန်းက စဉ်းစားရမည့် အချက်ဖြစ်၏။ ရှားရှင်းယွန်ကလည်း သည်ကိစ္စကို စုံစမ်းစစ်ဆေးနေရာ မိမိက အလျင်လို၍ မဖြစ်ပေ။

ဟူး …

ရီဖူရှင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ရှောင်ရှမ်းက အပြစ်ရှိလျှင်ပင် ရှားရှင်းယွန်က သူ့အား သတ်ရန် ခက်ခဲမည်ဖြစ်ကြောင်း သူသိသည်။

မည်သို့ဆိုစေ သူကား ရှားရှင်းယွန်၏ ဝမ်းကွဲအစ်ကိုဖြစ်ကာ ရှောင်ကလန်၏ မျိုးဆက်ဖြစ်သည်။

ရီဖူရှင်းက ထိုနေရာမှ ထွက်ခွာသွားပြီးနောက် သူ၏စီနီယာအစ်ကိုများ ဖြစ်ကြသော ဓားသခင်တို့ထံသို့ သွားရောက်ကာ သူတို့၏ဒဏ်ရာ အခြေအနေများအား ကြည့်ရှုသည်။

***

ရီဖူရှင်းက ထိုအရေးများကို စဉ်းစားနေသော အခိုက်တွင် ရှောင်ရှမ်း၏အဖေ ရှောင်ချိန်ဟေးနှင့် သူ့သား ရှောင်ရှမ်းတို့ကား ဧကရီရှောင်ထံသို့ သွားရောက် တွေ့ဆုံနေကြပြီ ဖြစ်သည်။

သူတို့က နန်းတွင်းထဲသို့ ရောက်သည်နှင့် ရှောင်ချိန်ဟေးနှင့် ရှောင်ရှမ်းတို့က အသေးစိတ် အကြောင်းအရာများကို ရှင်းပြကြသည်။ ပုံမှန်အားဖြင့် သူတို့က သည်ကိစ္စကို ဖုံးကွယ်ထား၍ မရကြောင်း နားလည်ကြ၏။ ဧကရီရှောင်က သူ၏ညီမဖြစ်သော်လည်း သူက ဧကရီအား လိမ်ညာရဲပါက အကျိုးဆက်မှာ ကောင်းမွန်မည် မဟုတ်ပေ။ အမှားကို ဝန်ခံကာ ခွင့်လွှတ်ရန် တောင်းဆိုခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

သည်မတော်တဆမှုကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ပါက ရှောင်ရှမ်းသည် တစ်ဖက်လူများ၏အသုံးချခြင်းကို ခံခဲ့ရသည်မှာ သေချာပေသည်။ သူက ရလာသည့်အခွင့်အရေးကို အသုံးချကာ ရီဖူရှင်းအား သတ်ဖြတ်လိုခဲ့သော်လည်း အင်ပါယာလီဘုံမှ လူများနှင့် အမှန်တကယ် အဆက်အဆံ မရှိခဲ့သည်က ကံကောင်းသော အချက်ဖြစ်သည်။

သို့သော်လည်း ရှောင်ချိန်ဟေးတို့က နန်းတွင်းမှ ပြန်ထွက်သွားသော အချိန်၌ မျက်နှာများ သိပ်မကောင်းကြပေ။ ရှောင်ရှမ်းသည်ကား ခေါင်းကိုသာ ငုံ့ထားခဲ့ကာ သူ၏အနာဂတ်မှာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း နားလည်ခဲ့သည်။

ထိုအချိန်တွင် နန်းတွင်းတစ်နေရာ၌ ရှားရှင်းယွန်က ဧကရီရှောင်ရှိနေရာသို့ ရောက်လာသည်။ သူမက သူမ၏အမေအား ကြည့်ကာ မေးသည် … “ဦးလေး ဒီကို ရောက်လာခဲ့လား”

ရှောင်ချိန်ဟေးနှင့် ရှောင်ရှမ်းတို့ ရောက်လာခဲ့သည်ကို သူမလည်း သိပေသည်။

“သမီးဦးလေးက သမီးကို တွေ့ချင်တယ်။ ဒါပေမဲ့ သမီးက တွေ့ချင်မှာ မဟုတ်တာသိလို့ သူနဲ့ ရှောင်ရှမ်းကို သမီးဆီ မလွှတ်တော့ဘူး” ဧကရီရှောင်က သူမ၏သမီးကို ကြည့်ကာ ရယ်မောလျက် ပြောသည် … “သမီးက ဒီကိစ္စကို စိုးရိမ်ပူပန် နေတုန်းလား”

“ရှောင်ရှမ်းက အင်ပါယာလီဘုံနဲ့ ပူးပေါင်းတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်” ရှားရှင်းယွန်က ပြောသည်။

“သမီးရဲ့ ဝမ်းကွဲအစ်ကိုက ဒီလောက် မိုက်မဲမယ်လို့ ထင်လား” ဧကရီရှောင်က ရှားရှင်းယွန်ကို ပြောသည် … “သူ့အဆင့်အတန်းကို စဉ်းစားကြည့်။ သူက အင်ပါယာလီဘုံနဲ့ ပူးပေါင်းခဲ့တယ်ဆိုရင် … ရီဖူရှင်းသေခဲ့ရင်တောင် ဒါက ဘယ်လို ပြစ်မှုမျိုးလဲ”

“ဒီနှစ်တွေမှာ သမီးဦးလေးနဲ့ သူ့သားတို့ရဲ့ အတွေးတွေကို ငါက မသိပဲ နေပါ့မလား။ ဒါပေမဲ့ သမီးကိုပဲ အမေက ကိုယ်တိုင် ဆုံးဖြစ်စေခဲ့တယ်။ သမီးက သမီးအဖေနဲ့တူပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိတယ်။ ဒါကြောင့်ပဲ သမီးကိစ္စတွေမှာ အမေ ဝင်ပါလေ့ မရှိဘူး။ ရှောင်ရှမ်းက ဂုဏ်ပကာသနတွေကို မက်မောတယ်။ ဒါကြောင့် သမီးရင်ထဲက ရီဖူရှင်းရဲ့ အလေးပေးမှုကို သူက မနာလိုဖြစ်ပြီးတော့ ဒီလို ကြံစည်မှု ဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့ သူက ဘယ်လိုလုပ် အင်ပါယာလီဘုံနဲ့ ပူးပေါင်းရဲမှာလဲ။ အင်ပါယာလီဘုံကပဲ သူ့ခံစားချက်ကို အသုံးချသွားတာပဲ”

ဧကရီရှောင်က ဆက်ပြောသည် … “အခုပဲ သမီးဦးလေးနဲ့ ရှောင်ရှမ်းတို့က ရောက်လာပြီးတော့ ဖြစ်ပျက်သမျှကို ရှင်းပြသွားတယ်။ သမီး တိုက်ခိုက်ခံရတဲ့အကြောင်း တစ်ယောက်ယောက်က တကယ်ပဲ သူ့ဆီ လာပြောခဲ့တယ်။ ဒါကြောင့်ပဲ သူက အခွင့်အရေးကို အသုံးချပြီး ရီဖူရှင်းဘေးက လူတွေကို ပြန်ခေါ်ခဲ့တာပဲ။ ဒီကိစ္စမှာ ရှောင်ရှမ်းက သမီးကို ထိခိုက်အောင် လုပ်ဖို့ ဆန္ဒမရှိဘူး။ မဟုတ်ရင် အမေက သမီးမပြောရင်တောင် သူ့ကို သတ်မှာပဲ”

ရှားရှင်းယွန်ကား ဘာမှ မဆိုဘဲ တိတ်ဆိတ်နေသည်။ သူမ ထင်မှတ်ထားသည့် အတိုင်းပင် သူမ၏အမေက သူမ၏ ဆုံးဖြတ်ချက်များကိုတော့ ဝင်စွက်ဖက်မည် မဟုတ်ပေ။ သို့သော်လည်း သွေးမျိုးရိုးဟူသည် ဖြတ်တောက်ခြင်း ပြုနိုင်သည်မဟုတ်။

သူမ၏ဦးလေးက ကိုယ်တိုင်ရောက်လာပြီး တောင်းပန် အသနားခံခဲ့သည်။

“ပြောပါဦး … သမီးရင်ထဲမှာ ရီဖူရှင်းက အရမ်း အရေးပါလား” ဧကရီရှောင်က မေးသည်။

ရှားရှင်းယွန်က ဧကရီရှောင်အား ကြည့်ကာ ရီဖူရှင်းနှင့် တွေ့စက အချိန်ကို ပြန်အမှတ်ရသည်။ သူမကား ထိုအရှက်မဲ့သော အကောင်အား လုံးဝ ကြည့်မရခဲ့ပေ။ သို့သော်လည်း ရှေးနန်းတော်ရာ၌ သူမက ရီဖူရှင်းထံ၌ ရှုံးနိမ့်ပြီးနောက်တွင် သူ၏စွမ်းရည်အပေါ်တွင် အသိအမှတ် ပြုလာခဲ့ရသည်။

နောက်ပိုင်းတွင်လည်း ရီဖူရှင်း၏ပါရမီနှင့် ကိုယ်စွမ်းကိုယ်စများ အပေါ်၌ ပိုမိုယုံကြည်လာခဲ့ကာ ရီဖူရှင်းအပေါ် အမြင်များလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ ထိုအရာများက နေ့ချင်းညချင်း ဖြစ်ပျက်ခဲ့သည် မဟုတ်ပေ။

ရှားရှင်းယွန် တိတ်ဆိတ်နေသည်ကို မြင်လျှင် ဧကရီရှောင်က ပြုံးလျက်ပြောသည် … “သမီးအဘိုးကိုတောင် ဂရုမစိုက်ဘဲ ရှောင်ကလန်ကို လူလွှတ် စစ်ဆေးစေတာက သူ့အတွက် အမှန်တရားကို ရှာဖွေဖို့လား”

“နတ္ထိဘုံတိုက်ပွဲက သူ့ကြောင့် အနိုင်ရခဲ့တာ။ တိုက်ပွဲပြီးလို့ သိပ်မကြာခင် လုပ်ကြံမှု ဖြစ်ခဲ့တယ်။ အခု ရှောင်ရှမ်းက အင်ပါယာလီဘုံနဲ့ ပူးပေါင်းတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာတယ်။ ဒီကိစ္စမှာ သမီးက စုံစမ်းစစ်ဆေးမှု မလုပ်ရင် လူတွေကို ဘယ်လို ရှင်းပြရမှာလဲ”

ဧကရီရှောင်က ရှားရှင်းယွန်၏ဘေးသို့ လျှောက်လာသည်။ သူမက အသာအယာ ပြုံးလိုက်ကာ သူမ၏သမီးအား ကြည့်လျက် ပြောသည် … “ရှင်းယွန် … သမီးက အရွယ်ရောက်နေပြီ။ ယောက်ျားလိုတွေ ဝတ်နေဦးမှာလား။ မိန်းမလို ပြန်နေဖို့ အချိန်ကျနေပြီ”

သူမ၏သမီးက မည်မျှ ချောမော လှပသည်ကို သူမအသိဆုံးဖြစ်၏။

သူမ၏သမီးသည် အမှန်တကယ်အားဖြင့် အထီးကျန်ပေသည်။ မွေးကတည်းက သူမသည် အင်ပါယာရှား၏ အချစ်ဆုံးသမီးဖြစ်ခဲ့သလို ရုပ်ရည်နှင့် ပါရမီတွင်လည်း ပြိုင်စံရှား၏။ ငယ်စဉ်ကတည်းက သူမအား လူတိုင်းက လေးစား ရိုသေကြရသည်။

သူမ၏အပေါင်းအသင်းများ ကြားတွင်လည်း မည်သူမှ သူမကို မော့ကြည့်ရဲသူ မရှိပေ။

ရီဖူရှင်း တစ်ယောက်သာ ပုံမှန် မဟုတ်ခဲ့။ သူမ၏သမီးရှေ့တွင် ရီဖူရှင်းသည် သိမ်ငယ်သော အမူအရာမရှိ၊ ရိုကျိုးခြင်းမရှိသလို သူ၏ပါရမီမှာလည်း ရှားရှင်းယွန်ထက် မနိမ့်ဟု သူမ ကြားသိရသည်။

ရီဖူရှင်း ထွက်ပေါ်လာခြင်းက သူမအား အထီးကျန်ဆန်သော ခံစားချက်များအား လျော့ပါးစေကာ သည်လောကတွင် သူမကဲ့သို့သော သူရှိနေသေးပါလား ဟူသော ရင်းနှီးသော ခံစားချက်များအား ဖြစ်ပေါ်စေဟန်ရသည်။

ထို့ကြောင့် ရီဖူရှင်းက သူမ၏ရင်ထဲတွင် အတိုင်းအတာ တစ်ခုအထိ နေရာယူထားသည်။

“အမေ …” ရှားရှင်းယွန်က ဧကရီရှောင်အား ကြည့်သည်။ သူမ၏အမေကား စကားလမ်းကြောင်း လွှဲရန် ကြိုးစားနေသည်။

“ရီဖူရှင်းနဲ့ တွေ့ဖို့ စီစဉ်ပေးပါ” ဧကရီရှောင်က ပြောသည်။

“ရှောင်ကလန်ကို ထပ်ပြီးတော့ မစစ်ဆေးနဲ့တော့။ မင်းဦးလေးက ငါ့ကို မလိမ်ရဲဘူး” ဧကရီရှောင်က ပြောလျှင် ရှားရှင်းယွန် သက်ပြင်းချသည်။

ရီဖူရှင်း၏ စိတ်နေသဘောထားအရ သူက မည်သို့ လက်ခံမည်နည်း။

***

တစ်ချိန်တည်းတွင် ကော့တေးသို့ အင်ပါယာရှား နန်းတော်မှ သတင်းစကား ပါးလာခဲ့၏။ ဧကရီရှောင်က ရီဖူရှင်းအား နန်းတွင်းသို့ ဆင့်ခေါ်ခဲ့သည်။

ရှောင်ကလန်က ဧကရီရှောင်အား ဆက်သွယ်ခဲ့ကြောင်း ရီဖူရှင်းက နားလည် လိုက်သည်။

ဧကရီရှောင်ကား အင်ပါယာရှားဘုံ၏ နံပါတ်တစ် မိန်းမလှဖြစ်ကာ ရှားရှင်းယွန်၏အမေ၊ အင်ပါယာရှား၏ ချစ်ဇနီးဖြစ်သည်။ သူမ၏အင်အားကို ခန့်မှန်းနိုင်၏။

ရှားရှင်းယွန်က ရှောင်ရှမ်းအား စုံစမ်း စစ်ဆေးစေခဲ့သလို ရှောင်ရှမ်းက အင်ပါယာလီဘုံနှင့် ဆက်သွယ်ခဲ့သည် ဟူသော ကောလာဟလများလည်း ပေါ်ထွက်လာခဲ့ရာ ရှောင်ချိန်ဟေးက ဧကရီကို အကူအညီ တောင်းသည်မှာ ထူးဆန်းသည်တော့ မဟုတ်ပေ။

ဧကရီက ဆင့်ခေါ်မှတော့ ထိုကိစ္စသာ ဖြစ်ရပေမည်။

သို့သော်လည်း ဧကရီက သူ့အား တိုက်ရိုက်ဆင့်ခေါ်ခဲ့ရာ သူ့အား မည်မျှ အလေးထားသည်ကို တွေ့နိုင်ပေသည်။ မဟုတ်လျှင် ရှားရှင်းယွန်၏ ကိုယ်ရံတော်အား သူမက မည်သို့ ဂရုစိုက်ရမည်နည်း။ အမိန့်တော်တစ်ခုတည်းက အရာအားလုံးကို အဆုံးသတ်နိုင်ပေသည်။

တောင်ကုန်းပေါ်တွင် ရီဖူရှင်း ရှိနေရာသို့ လူအများအပြား ရောက်လာခဲ့သည်။ ဓားသခင်က ရီဖူရှင်းအား ပြောသည် … “ဖူရှင်း … ဧကရီက မင်းကို ဆင့်ခေါ်တယ်။ မင်းက ဧကရီကို အပြစ်လုပ်ဆန့်ကျင်လို့ မဖြစ်ဘူး။ မင်းက ဒီကိစ္စကို လက်မလွှတ်နိုင်ဘူး ဆိုတာ သိပေမဲ့ အချိန်စောင့်ဖို့လိုတယ်”

ဓားသခင်က ရီဖူရှင်းအတွက် ပြောနေခြင်း ဖြစ်သည်။ အင်ပါယာရှားနှင့် မင်းသမီးတို့က ရီဖူရှင်းအပေါ်တွင် ကောင်းကြပေသည်။ ရီဖူရှင်းက ဧကရီအား ဆန့်ကျင်ခြင်းက ကောင်းသော ကိစ္စမဟုတ်ပေ။

“အစ်ကိုကြီး … စိတ်မပူပါနဲ့။ ကျွန်တော် ဘာလုပ်ရမယ် ဆိုတာကို နားလည်ပါတယ်” ရီဖူရှင်းက သက်ပြင်းချသည်။ ရှောင်ရှမ်းကြောင့် သူ၏အစ်ကိုကြီးက ဒဏ်ရာများ ရခဲ့သော်လည်း မိမိထံသို့ လာရောက်ကာ စိတ်လျှော့ရန် အကြံပေးနေသည်။

***

All Chapters