တခြားသူလက်ဦးသွားပြီ
Vol. 10 Ch. 141
အခန်း (၁၄၁) တခြားသူလက်ဦးသွားပြီ
တာ့ပေဘိုးဘိုး သူနေထိုင်သည့်နေရာတွင် ချန်ထားခဲ့သည့် ဝိညာဉ်စွမ်းအားအစီအရင်က ယခင်က ပိုမိုကြီးမားသည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ခဲ့သည်။
သို့သော် ၎င်းဝိညာဉ်အစီအရင်က အချိန်ကြာမြင့်စွာ ဖုံးကွယ်ခံထားရပြီးနောက် တာ့ပေဘိုးဘိုးချိန်ထားခဲ့သည့် ဝိညာဉ်စွမ်းအားများသည်လည်း တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအားအစီအရင်မှာ မပြည့်စုံတော့ဘဲ ၎င်း၏တန်ခိုးစွမ်းအားမှာ ယခင် အထွတ်ထိပ်အဆင့်နှင့် ဝေးကွာသွားခဲ့သည်။
သိုင်းစွမ်းအားတစ်ခုတည်းဖြင့် အစီအရင်ကို ချိုးဖျက်မည်ဆိုပါက အနည်းဆုံး သိုင်းဆရာသခင်အဆင့်ရှိရန် လိုအပ်သည်။
အေးစိမ့်သော ရေခဲမြူခိုးများက အရိုးများကိုပင် ကြေမွကွဲအက်သွားစေနိုင်သည်။ ထိုကိစ္စက အသေးအမွှားဟုထင်ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အအေးဓာတ်က ခန္ဓာကိုယ်ကို မသိမသာတိုက်စားသွားမည် ဖြစ်သည်။
သိုင်းဆရာသခင်တစ်ယောက်ပင်ဖြစ်လင့်ကစား ရေခဲမြူခိုးများကြား အချိန်ကြာမြင့်စွာ နေထိုင်ခဲ့မိလျှင် တဖြည်းဖြည်း တောင့်ခံနိုင်ခြင်းမရှိဘဲ အသက်ဆုံးရမည် ဖြစ်၏။
ကြယ်တာရာချီစွမ်းအားက အေးစိမ့်မှုဒဏ်ကို ခံနိုင်ရည်မရှိတော့သည့်အခါ ရှုတ်ထွေးသည့် ရေခဲမြူခိုးများကြားမှ ရုန်းမထွက်နိုင်တော့ဘဲ အေးခဲသွားပြီး ရေခဲပြင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။
ပြင်းထန်သည့်အေးစိမ့်မှုဒဏ်ကို ခံနိုင်ရည်ရှိသည်ဆိုဦးတော့ ရေခဲစစ်သည်တော်များက ထပ်ခါထပ်ခါ ပြန်လည်ရှင်သန်လာပြီး တိုက်ခိုက်သည်နှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲအတွက်တော့ ထိုအရာများအားလုံးက ခက်ခဲလွန်းခြင်း မရှိပေ။
သူက ဤနေရာမှ ဝိညာဉ်စွမ်းအားပြောင်းလဲမှုများကို အဆက်ပြမတ်တွက်ချက်ရင်း အစီအရင်ကိုချိုးဖျက်နိုင်မည့်သော့ချက်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်နိုင်ခဲ့ပြီး တိုးတက်မှုက ပိုမိုလျှင်မြန်လာသည်။
သူ့ရှေ့မှနေရာတစ်ခုလုံး မြူခိုးများဖြင့် ပြည့်နက်နေသည့်တိုင် ရန်ကျောက်ကဲ၏ စိတ်အာရုံက သူသွားနေသည့်ဦးတည်ရာကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်လာသည်။ သူ၏ ဝိညာဉ်စွမ်းအားသည်လည်း ပိုမိုပြင်းထန်လာသည်။
မကြာမီ သူတို့ရှေ့တွင်အေးစက်သည့် ရေခဲစင်္ကြံကြီးတစ်ခု လျှင်မြန်စွာဖြစ်တည်လာည်ကို တွေ့မြင်လိုက်ရသည်။ ထိုစင်္ကြံကြီးထက်တွင် များပြားလှစွာသော ဝိညာဉ်သင်္ကေတများ လှည့်ပတ်နေ၏။
ရန်ကျောက်ကဲက စင်္ကြံထက်တွင် မတ်တတ်ရပ်လိုက်ပြီး အောက်သို့ငုံ့ကာ ရေခဲမျက်နှာပြင်ထက်သို့ လက်ဝါးတစ်ဖက်ဖြင့် ဖိနှိပ်လိုက်သည်။
အေးစိမ့်သည့်ခံစားချက်များထွက်ပေါ်လာပြီး ရေခဲအလွှာက မာကျောခိုင်ခန့်လွန်းသည်။
သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ရေခဲအလွှာကို ဖျက်စီးပစ်ရန် အလွန်ခက်ခဲမည်ဟု ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
ရေခဲအလွှာတစ်ခုလုံးသို့ ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများ လွှမ်းခြုံသွားသည်။ ထို့နောက် ရေခဲအလွှာအတွင်းရှိ အေးစက်သော ရေခဲချီစွမ်းအားများထဲတွင် ထူးဆန်းသည့်ချီစွမ်းအားတစ်ခု လှည့်ပတ်နေကြောင်း ခံစားလိုက်ရသည်။ ထိုချီစွမ်းအားက ကိုယ်ပိုင်စနစ်တစ်ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများဖြင့် ပေါင်းစပ်သွားခြင်း မရှိပေ။ ရေခွဲအလွှာအတွင်းမှ ချီစွမ်းအားက သူ၏ ကြယ်တာရာချီစွမ်းအားများကို ငြင်းဆန်နေကြောင်း ရန်ကျောက်ကဲ တွေ့ကြုံခံစားလိုက်ရသည်။
ရန်ကျောက်ကဲက ပြုံးလိုက်သည်။ သူက အလျှင်စလိုမလုပ်ဘဲ ကြယ်တာရာချီစွမ်းအားများကို ခန္ဓာကိုယ်ထဲတွင် တည်ငြိမ်စွာလှည့်ပတ်လိုက်သည်။ ထို့နောက် ရေခဲအလွှာအောက်တွင် စီးဆင်းနေသည့် ဝိညာဉ်စွမ်းအားများ၏ မျှခြေကိုခံစားကြည့်ရန် ကြိုးစားလိုက်၏။
အားဟူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရေခဲစစ်သည်တော်နှစ်ယောက်၏ ဦးခေါင်းများကိုဆုပ်ကိုင်ကာ တစ်ဖက်သို့ ရိုက်ချလိုက်လေရာ ရေခဲစစ်သည်တော် (၂)ယောက်၏ ဦးခေါင်းများ ချက်ချင်းကွဲကြေသွားသည်။
အားဟူက သူတို့ကိုလှည့်မကြည့်တော့ဘဲ...
“သခင်လေး... အခြေအနေ”
ရန်ကျောက်ကဲက...
“အခြေအနေကောင်းတယ် ၊ ဒီနေရာက ဥမင်တစ်ခုလည်းဖြစ်နိုင်သလို တံခါးတစ်ခုလည်း ဖြစ်နိုင်တယ် ၊ ပြီးတော့ ဝိညာဉ်စွမ်းအားအစီအရင်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ”
“ရေခဲအလွှာထဲမှာ စီးဆင်းနေတဲ့ ဝိညာဉ်စွမ်းအးက တည်ငြိမ်တဲ့မျှခြေနဲ့ ဖွဲ့စည်းထားတယ် ၊ ငါ့ရဲ့ ကြယ်တာရာချီစွမ်းအားကို အဲဒီမျှခြေထဲ ပေါင်းစပ်လိုက်နိုင်ရင် ဒီရေခဲအလွှာကိုကျော်ဖြတ်ပြီး ဒုတိယထပ်ကို ဆင်းသက်နိုင်မယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာချီစွမ်းအားကို တစ်ချက်လှည့်ပတ်လိုက်လေရာ သူ့လက်ဖဝါးအောက်မှ ရေခဲအလွှာက ရုတ်တရက် တောက်ပလာပြီး သူ့ပုံရိပ်သည်လည်း နေရာမှာပင် ပျောက်ကွယ်သွားသည်။
အားဟူက ရေခဲစစ်သည်တော်တစ်ယောက်ကို လက်ပြန်ရိုက်ချလိုက်ပြီး ရန်ကျောက်ကဲလုပ်သည့်အတိုင်း လိုက်လုပ်လိုက်ရာ ရေခဲအလွှာမှအလင်းရောင်များ ထပ်မံလင်းလက်လာပြီး သူ၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားသည်။
ရေခဲအလွှာကို ဖြတ်သွားသည်နှင့် ရန်ကျောက်ကဲနှင့် အားဟူတို့ ကြီးမားသည့် ရေခဲခန်းမကြီးတစ်ခုအတွင်း ရောက်ရှိလာကြသည်။
အေးစိမ့်သည့် ရေခဲမြူခိုးများ ရှိမနေဘဲ ခန်းမတစ်ခုလုံးက ဗလာကျင်းနေသည်။ သို့သော် ခန်းမ အလယ်ဗဟိုတွင်တော့ ခေါင်းတလားတစ်လုံး ရှိနေ၏။
အားဟူက ခေါင်းတလားကို စူးစိုက်ကြည့်လိုက်ရင်း...
“ဒါက တာ့ပေဘိုးဘိုးရဲ့ ဂူသင်္ချိုင်းပဲ”
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း...
“မဟုတ်ဘူး... ဒါက ဂူသင်္ချိုင်းအတုပဲ ၊ ဝိညာဉ်စွမ်းအားအစီအရင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို အန္တရယ်ရှိတဲ့ လျှို့ဝှက်ယန္တရားတစ်ခု ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲက မျက်လုံးများကို မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ခဏမျှ အာရုံခံလိုက်သည်။ ထို့နောက် မျက်နှာကျက်ပေါ်သို့ ခုန်တက်လိုက်ပြီး သူ့ခန္ဓာကိုယ်က အခန်းမျက်နှာကျက်ပေါ်သို့ ပြောင်းပြန်ဇောက်ထိုး ခြေချမိသွားသည်။
သူက ရေခဲခန်းမမျက်နှာကျက်တွင် ဇောက်ထိုးအနေအထား မတ်တတ်ရပ်နေပြီး ခြေလှမ်းများစွာကို ဘယ်မှညာ ၊ ညာမှဘယ် စည်းချက်ကျနစွာ လျှောက်လှမ်းလိုက်သည်။
ခဏအကြာတွင် ရေခဲခေါင်းတလားတည့်တည့်သို့ ရောက်ရှိလာပြီး ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ထိုအခါ ရန်ကျောက်ကဲခြေထောက်အောက်ရှိ ရေခဲခန်းမမျက်နှာကျက်တွင် ရောင်ဝါတစ်ခု လင်းလက်လာသည်။
အားဟူကလည်း ရေခဲခန်းမမျက်နှာကျက်ဆီသို့ ခုန်တက်လိုက်ရင်း ရန်ကျောက်ကဲလုပ်သည့်အတိုင်း လိုက်လုပ်လိုက်သည်။ ရယ်မောသံများနှင့်အတူ သူတို့ (၂)ယောက်လုံး ခန်းမအတွင်းမှ ပျောက်ကွယ်သွားလေတော့၏။
ဝိညာဉ်စွမ်းအားအစီအရင်၏ လျှို့ဝှက်ယန္တရားများမှတစ်ဆင့် ဖြတ်ကျောက်သွားပြီး ရန်ကျောက်ကဲမျက်ဝန်းများတွင် တွေ့မြင်နေရသည့်မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။
နှင်းများဖြူဖွေးအေးခဲနေသည့် ကမ္ဘာတစ်ခုမှာ ကြက်သွေးရောင်တောက်နေသည့် မီးတောက်ကမ္ဘာတစ်ခုဆီသို့ ရုတ်ချည်းရောက်ရှိလာသည်။
ကြီးမားသည့် မီးတောက်မြစ်တစ်စင်က သူတို့ရှေ့တွင် စီးဆင်းနေပြီး လေထုကတင်းကျပ်နေသည့်အတွက် အသက်ရှူမဝသလိုပင် ခံစားရသည်။
အရှေ့နှင်းတောင်တန်း၏ အဖြူရောင်ရေခဲပြင်များအောက်တွင် လျှို့ဝှက်တည်ရှိနေသည့် ချော်ရည်ပင်လယ်ကြီးတစ်ခုပင် ဖြစ်သည်။
ကျယ်ပြောလှသည့် မီးတောက်ပင်လယ်ပြင်ကို ငေးကြည့်ရင်း ချော်ရည်ပင်လယ်ကြီး၏ အလယ်ဗဟိုတွင် ထီးတည်းတည်ရှိနေသည့် ကျွန်းတစ်ခုအလား ကြီးမားသည့် ကျောက်တုံးကြီးတစ်ခု ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
တောက်လောင်နေသော ချော်ရည်ပူများ စီးဆင်းလာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော မီးပွားများက ထိုကြီးမားလှသော ကျောက်တုံးကြီးဆီသို့ အဆက်မပြတ် လွင့်ပျံလာသည်။
ရန်ကျောက်ကဲနှင့် အားဟူတို့သည် ကျွန်းတစ်ကျွန်းပမာ တည်ရှိနေသည့် ဧရာမကျောက်တုံးကြီးဆီသို့ ချော်ရည်မြစ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာကြသည်။
ကျောက်တုံးကြီးအလယ်တွင် ကျောက်ခေါင်းတလားတစ်ခု ရှိနေပြီး မီးတောက်များဖြင့် ရေးထိုးထားသည့် စာတမ်းများကို တွေ့မြင်ရသည်။
“အလွန်တရာဝမ်းနည်းခြင်း”
ဤနေရာက တာ့ပေဘိုးဘိုး၏ ဂူသင်္ချိုင်းအစစ်အမှန် ဖြစ်သည်။
အခြေအနေက သူတို့ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သော်လည်း ရန်ကျောက်ကဲ မပျော်နိုင်ခဲ့ပေ။
အားဟူကလည်း အံ့အားသင့်သွားဟန်ဖြင့်…
“ဒီနေရာမှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ ရှိနေတယ်လို့ ကျွန်တော် အာရုံမခံမိပါလား”
သူက ခေါင်းခါယမ်းလိုက်ရင်း...
“သခင်လေး... တာ့ပေဘိုးဘိုးက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို တခြားနေရာမှာ ထားခဲ့တာများလား ၊ ဒါကြောင့် ဒီနေရာမှာ မရှိတာဖြစ်ရမယ်”
ရန်ကျောက်ကဲက စကားပြန်မပြောဘဲ ကျောက်ခေါင်းတလားကြီးကို ဦးညွှတ်လိုက်သည်။ အားဟူကလည်း ထိုနည်းအတိုင်း လိုက်လုပ်၏။
ထို့နောက် ရန်ကျောက်ကဲက မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက်အာရုံခံကြည့်လိုက်သည်။
“အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက ဒီနေရာမှာ ရှိခဲ့ဖူးတယ် ၊ ဒါပေမဲ့ တခြားသူကလက်ဦးသွားပြီ”
အားဟူက စိတ်မချမ်းမသာဖြစ်သွားပြီး...
“သခင်လေး.... ဒါဆို ကျွန်တော်တို့ ဒီနေရာမှာ အချိန်သိပ်ဖြုန်းလို့ မဖြစ်ဘူး ၊ လင်ကျိုးက ကျွန်တော်တို့ထက်လက်ဦးပြီး အဲဒီ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ရယူသွားတယ် ၊ ပြီးတော့ ကျွန်တော်တို့ရောက်လာတဲ့အချိန် သူ့အရိပ်တောင် မတွ့ရဘူးဆိုတော့... သူက အရမ်းမြန်လွန်းနေတယ် မဟုတ်ဘူးလား”
“ကျွန်တော်ကတော့ သူ ရေခဲမြူခိုးတွေကြားထဲ ပိတ်မိနေတယ်လို့ ထင်နေတာ ၊ လင်ကျိုးရဲ့ ကျင့်ကြံခြင်းက မကြာခင်ကမှ အရှိန်အဟုန်နဲ့မြင့်တက်လာတယ်လို့ သတင်းကြားခဲ့တာ ၊ သူက ရန်ရှန်းကိုတောင် အနောက်မှာ ချန်ထားခဲ့တာလေ ၊ ဒါပေမဲ့ သူက သိုင်းဆရာသခင်အဆင့်တော့ မရောက်နိုင်သေးပါဘူး ၊ ဟုတ်တယ်မလား”
“သူက သိုင်းဆရာသခင် ဖြစ်သွားတယ်ပဲ ထားပါတော့ ၊ ဒီရေခဲမြူခိုးတွေကို မြန်မြန်ဆန်ဆန် ဖြိုခွင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ၊ တာ့ပေဘိုးဘိုးမရှိတော့ပေမယ့် သူလုပ်ခဲ့တဲ့ အစီအရင်ကို တစ်ချက်တည်း ချိုးဖျက်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ”
စကားများနေသည့်အားဟူသည် ခဏမျှ တုံ့ဆိုင်းသွားပြီး...
“သူက သခင်လေးထက်တောင် မြန်နေသေးတယ်”
အားဟူ ခေါင်းတစ်ချက် ကုတ်လိုက်ရင်း...
“သူက ရေခဲဂူထဲဝင်လာကတည်းက ဘယ်နေရာကို သွားရမလဲဆိုတာ သိနေတာလား ၊ ဒါမှမဟုတ် ကျွန်တော်တို့မသိတဲ့ ဖြတ်လမ်းတစ်ခုခု ရှိနေတာလား”
ရန်ကျောက်ကဲ ဤကမ္ဘာမြေသို့ ဘဝကူးပြောင်းလာပြီးနောက် အခြားတစ်ယောက်ထက် ခြေတစ်လှမ်းနောက်ကျခဲ့သည့် ရှားရှားပါးပါး အချိန်တစ်ခု ဖြစ်ခဲ့ရသည်။
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်ရင်း ပတ်ဝန်းကျင်ရှိ မီးတောက်ကမ္ဘာကို စူးစမ်းလေ့လာနေသည်။
“သူ့ထက်သူ လူစွမ်းကောင်းတွေ ရှိနေတာပဲလေ ၊ ကောင်းကင်ထက်မြင့်တဲ့ နောက်ထပ်ကောင်းကင်တစ်ခု ရှိနေတာပဲ ၊ ဒါမှမဟုတ် သူက ဒီနေရာကိုရောက်လာကတည်းက အထဲမှာ ဘာကိုရင်ဆိုင်ရမယ်ဆိုတာ သိနေတာလည်း ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲ၏ အကြည့်များက တာ့ပေဘိုးဘိုး၏ ကျောက်ခေါင်းတလားဆီတွင် ရပ်တန့်သွား၏။
ရေးထိုးထားသည့်စာလုံးများသည် မီးတောက်ပုံစံအတိုင်း လေထုထဲတွင် ထာဝရ တည်ရှိနေခဲ့သည်။
“အလွန်တရာဝမ်းနည်းခြင်း” ဟူသော စကားလုံးသည် ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့ပြီး တာ့ပေဘိုးဘိုး မကွယ်လွန်မီ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဝမ်းနည်းကြေကွဲခြင်းနှင့် အကုန်နိုင်သည့်နောင်တတရားများကို ဖော်ပြနေသည်။
ရန်ကျောက်ကဲ စဉ်းစားနေစဉ်မှာပင် သူတို့ (၂)ယောက် ရောက်ရှိနေသည့် မီးတောက်ကမ္ဘာက ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ဧရာမကျောက်တုံးကြီးကို ဝန်းရံထားသည့် ချော်ရည်ပင်လယ်ကြီးက ရုတ်ချည်းလှိုင်းထသွားပြီး ချော်ရည်များမြင့်တက်လာကာ အောက်သို့ ပြန်ပြုတ်ကျလာသည်။
ချော်ရည်ပင်လယ်ကြီးတစ်ခုလုံး မီးတောက်များနှင့် ပြည့်နက်သွားပြီး ကောင်းကင်ပြိုကျပြီး မြေပြင်ကြီး နစ်ဝင်သွားသည့်အလား ဖြစ်သည်။
***
ရေခဲနှင့် မီးတောက်များရောယှက်နေသည့် ဝိညာဉ်စွမ်းအားအစီအရင် ဗဟိုချက်တွင် မိုကြိုးသခင်လေး’လင်ကျိုး’ ရှိနေသည်။ ကြောက်မက်ဖွယ်ရာ ချော်ရည်ပူများကြား ပိတ်မိနေသည့် ရန်ကျောက်ကဲတို့ (၂)ယောက်ကို သူက တည်ငြိမ်စွာပင် ကြည့်နေသည်။
”သူက အစီအရင်ကို တစ်ဆင့်ချင်း ချိုးဖျက်တာပဲ ၊ ငါတောင်သူ့ကို မယှဉ်နိုင်ဘူး”
လင်ကျိုး၏အကြည့်များ အနည်းငယ် ထူးဆန်းသွားပြီး…
”ဒါပေမဲ့ မင်းက လျှို့ဝှက်လမ်းကြောင်းကို မသိခဲ့တဲ့အတွက် ငါ့လိုလူစားမျိုးတော့ မဟုတ်ဘူးပဲ”
“မင်းရဲ့ ကံကြမ္မာလမ်းကြောင်းမှာ ဒီလိုကြီးမားတဲ့ ပြောင်းလဲမှုကြီး ဘာလို့ဖြစ်သွားရလဲဆိုတာ မသိပေမယ့် ၊ မင်းက ကိစ္စရပ်အတော်များများကို ပြောင်းလဲပစ်ပြီး တည်ငြိမ်နေတဲ့ရေကို မွှေနှောက်အနည်ထစေတဲ့သူပဲ ၊ ငါ့ရဲ့ အရင်က မှတ်ဉာဏ်တွေတောင် မရေမရာဖြစ်ကုန်တယ် ၊ အရင်က ငါယုံကြည်ခဲ့တဲ့အရာကို အခု ငါ မယုံကြည်ရဲတော့ဘူး”
”ဒီမြေအောက်ချော်ရည်တွေထဲမှာ မင်းလုံးဝ ပျောက်ကွယ်သွားရင် “အတိတ်” က အရာအားလုံး မူလအတိုင်း ပြန်ဖြစ်သွားနိုင်မလား”
လင်ကျိုးရေရွတ်လိုက်သည်။
“ဒါဆိုရင်တော့ ငါ့လက်ထဲမှာ ဝှက်ဖဲတွေ နည်းနည်းလောက် ပိုများလာမှာပေါ့ကွာ ၊ ဘာပဲဖြစ်ဖြစ် မင်းက ငါတို့ ကောင်းကင်မိုးကြိုးခန်းမရဲ့ အသားထဲမှာ စူးနေတဲ့ ဆူးတစ်ချောင်းပါပဲ”
“… ထာဝရ နှုတ်ဆက်လိုက်ကြတာပေါ့ ၊ ဝါဒတောင်သခင်လေး ရန်ကျောက်ကဲရေ…”