အနစ်နာခံတဲ့သူတွေရှိသလို ...အသက်ရှင်ချင်တဲ့သူလည်းရှိတယ်.
Vol. 51 Ch. 710
မြူခိုးဂိုဏ်း၏ တတိယမြောက်မှော်အစီအရင်ဖြစ်သော ကောင်းကင်အထွဋ်ရတနာ လေးပါးမှော်အစီအရင်က ပြင်းထန်စွာ တုန်လှုပ်လာလေသည်။ ထိုမှော်အစီအရင်က လွန်စွာအစွမ်းထက်ပြီး လေ၊ မိုး ၊ မိုးကြိုးနှင့်လျှပ်စီး ဟူသောမှော်သက်ေတများက အဆုံးမဲ့အဖျက်စွမ်းအားတစ်ခုကို မွေးဖွားပေးလေသည်။
သို့သော် ထိုအဖျက်စွမ်းအားသည် လူငါးသိန်း၏ရူးသွပ်မှုကို မကျော်လွှားနိုင်ပေ။
မာန်ကျင့်ကြံသူများ၏ရူးသွပ်မှုက တိုက်ပွဲရေချိန်ကို မြှင့်တက်လာစေသည်။ အင်မော်တယ်တို့အပေါ်မုန်းတီးမှုကြောင့် သူတို့၏အုံကြွမှုကို ဖြစ်ပေါ်လာစေပြီး တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။
အဆုံးမဲ့အဖျက်စွမ်းအားရှိသောမှော်အစီအရင်သည် တစ်ခဏမျှသာ တည်ရှိပြီးနောက် ပျက်စီးသွားခဲ့သည်။ မာန်ကျင့်ကြံသူ အများအပြား သေဆုံးခဲ့သော်လည်း သူတို့က လိုလိုလားလား အသက်စွန့်ခဲ့ကြသည်။ သူတို့က သူတို့၏လူမျိုးအတွက်၊ ဂုဏ်ကျက်သရေအတွက် အသက်ပေးခဲ့ကြသည်။ သူတို့လုပ်ရပ်အတွက် နောင်တမရဘဲ သေလမ်းကိုရွေးချယ်ခဲ့ကြသည်။
စုမင်က မာန်ကျင့်ကြံသူများ ဒဏ်ရာရခြင်း သို့မဟုတ် အသတ်ခံရတာကို တွေ့သော်လည်း မရပ်တန့်ခဲ့ပေ။သူအနေဖြင့် မာန်ကျင့်ကြံသူများ၏တိုက်ခိုက်မှုကို ရပ်တန့်ပြီး သူတစ်ကိုယ်တည်း ဂိုဏ်း၏ဂိတ်တံခါးကိုချိုးဖျက်နိုင်လေသည်။
သို့ပေမဲ့ သူ ထိုသို့လုပ်လိုက်လျှင် မာန်ကျင့်ကြံသူနှင့်အင်မော်တယ်တို့၏တိုက်ပွဲမဟုတ်တော့ပေ။ စုမင်နှင့် အင်မော်တယ်တို့၏တိုက်ပွဲသာ ဖြစ်လိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် မာန်ကျင့်ကြံသူများက မျိုးနွယ်စု၏ဂုဏ်ကျက်သရေကို ပြန်လည်အဖက်ဆယ်နိုင်တော့မှာ မဟုတ်ပေ။ ဂုဏ်ကျက်သရေတိုးပွားလာလျှင်တောင် မာန်မျိုးနွယ်စု၏ကြိုးစားမှုမဟုတ်ဘဲ စုမင်၏အားထုတ်မှုသာဖြစ်လိမ့်မည်။
လူမျိုးတစ်မျိုး၏ အုံကြွမှုတွင် သွေးသစ်၊ အနစ်နာခံမှုနှင့် ဆန္ဒတစ်ခု လိုအပ်သည်။
စုမင်သည် သူ့လူများ၏ နီရဲနေသော မျက်လုံးများအတွင်းမှ ရူးသွပ်မှုကို ကြည့်နေသည် ။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက သူတို့ကို ဦးဆောင်ပြီး မှော်အစီအရင်ကို အတူတူချိုးဖျက်ခြင်းဖြစ်သည်။ စုမင်က ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ သူ့၏အသက်လမ်းကျင့်စဉ်စွမ်းအားကို သူ့ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားစေပြီး ရှေ့သို့ လျင်မြန်စွာ ခြေတစ်လှမ်းတိုးခဲ့သည်။ ထို့နောက် လောကကြီးမှ ဟိန်းဟောက်သံများထွက်ပေါ်လာပြီး ကောင်းကင်တွင် ကြီးမားသောခြေ ထောက်ကြီး ထွက်ပေါ်လာသည်။
ဤသည်မှာ မာန်နတ်ဘုရား၏မြင့်မြတ်သောခြေလှမ်းခုနှစ်သွယ်စွမ်းရည်ပင်ဖြစ်သည်။ ထိုခြေ ထောက်ကြီးက မြူခိုးဂိုဏ်း၏
ကောင်းကင်အထွဋ်ထိပ်ရတနာလေးပါးအစီအရင်ပေါ်တွင်ခုနစ်ကြိမ်ဆက်တိုက် နင်းသွားခဲ့သည်။ မှော်အစီအရင်က
တ သိမ့်သိမ့်တုန်လှုပ်သွားပြီး အဆုံးမဲ့ကျင့်ကြံသူများက အရူးအမူးချီတက်လေသည်။ သူတို့၏အသွေးအသားနှင့်စွမ်းအားများ အကုန်ထုတ်သုံးကာ မှော်အစီအရင်ကို ယိုင်နဲ့အောင် ကြိုးစားနေလေသည်။
ကျယ်လောင်သော အသံလှိုင်းလုံးကြီးများက ကောင်းကင်သို့ တအုန်းအုန်း ထွက်ပေါ်လာသည်။ ထို့နောက် မာန်ကျင့်ကြံသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး မှော်အစီအရင်သည်လည်း ကွဲအက်သွားခဲ့သည်။
ထို့ပြင် အင်မော်တယ်များနှင့်မာန်ကျင့်ကြံသူများကြားတွင် နောက်ဆုံးမှော်အစီအရင်ဖြစ်သည့်လေးရာသီဖျက်ဆီးခြင်းအစီအရင်တစ်ခုသာ ကျန်ရှိတော့သည်။
ဤမှော်အစီအရင်သည် အလွန်ကြောက်စရာကောင်းသည်။ ၎င်းတွင် မည်သည့်တိုက်ခိုက်မှုမျိုးမျှ မပါဝင်ပေ။ မည်သည့် ဝိညာဉ်ကိုမျှ မဖျက်ဆီးနိုင်ပေ။
မှော်အစီအရင်သည် နွေဦးရာသီသို့ ဆောင်းရာသီသို့ ကူးပြောင်းရန် စွမ်းအားတစ်ခုသာရှိသည်။ ထို့ပြင် လူတစ်ယောက်ကို ရာသီလေးခုလိုမျိုး ရှင်သန်ခြင်းမှသေဆုံးခြင်းသို့ ပြောင်းလဲစေနိုင်သည်။အကယ်၍ မှော်အစီအရင်ကို တန်ရာတန်ကြေးပေးဆောင်လျှင် လူတစ်ယောက်၏အသက်စွမ်းအားများကိုတောင် ငြိမ်းသတ်စေနိုင်စွမ်းရှိသည်။
“မြူခိုးဂိုဏ်းသားတို့..ငါတို့က အင်မော်တယ်တွေပဲ.. ငါတို့သေရရင်တောင် မာန်ကျင့်ကြံသူတွေကိုတိုက်ခိုက်ရင်းသေမယ်..ဒီလိုသေခြင်းမျိုးကသာ ငါတို့ရဲ့စိတ်ဝိညာဉ်တွေကို အင်မော်တယ်ပြည်ကို ပြန်စေလိမ့်မယ်..တကယ်လို့ ငါတို့ နောက်ဆုံးမှော်အစီအရင်ကို ချိုးဖောက်ခွင့်ပေးလိုက်မယ်ဆိုရင် ငါတို့ရဲ့သေဆုံးမှုက ဂုဏ်သိက္ခာရှိမှာမဟုတ်ဘူး..”
ကောင်းကင်အထွဋ်ထိပ်ရတနာလေးပါးအစီအရင်ပြိုကျသွားချိန်တွင် မြူခိုးဂိုဏ်းချုပ်က ညိုးငယ်သောမျက်နှာဖြင့်
တောင်ဆယ့်ရှစ်လုံးကြားရှိ တပည့်အားလုံးကို ကြည့်နေလေသည်။
သူ့အကြည့်များက တဖြည်းဖြည်းပျော့ပျောင်းလာပြီး ခွဲခွာရန်ဝန်လေးနေပုံပေါ်လာသည်။
“ကျုပ်လည်း မသေချင်ဘူး... ဒါပေမဲ့..ဂိုဏ်းကမှော်အစီအရင်ပြိုကျရင်.. ကျုပ်တို့အားလုံး ခြွင်းချက်မရှိ သေခြင်းတရားနဲ့ရင်ဆိုင်ရလိမ့်မယ်...ကျုပ် ဂုဏ်သိက္ခာရှိရှိ သေချင်တယ်...ကျုပ်ရဲ့သေဆုံးခြင်းက ယင်မရဏနယ်မြေမှာရှိတဲ့ဒီကောင်တွေကို ဆိုးဆိုးရွားရွာ ပေးဆပ်ခိုင်းမယ်...”
“ဟိုကောင်တွေ ကျုပ်တို့ကိုလက်စားလာချေတဲ့အချိန် ကျုပ်ရဲ့ပေးဆပ်မှုက ကျုပ်တို့ဂိုဏ်းကို အသက်ရှုချောင်စေမယ်လို့ မျှော်လင့်တယ်..ကျုပ်က ကြင်နာတတ်တဲ့သူတစ်ယောက်တော့မဟုတ်ဘူး..ဒါပေမဲ့ အခုချိန်မှာ ကျုပ်ရဲ့သေဆုံးမှုက ထိုက်တန်တယ်လို့ ခံစားရတယ်..မင်းတို့ထဲမှာ ကျုပ်လိုမျိုး ထိုက်ထိုက်တန်တန်သေချင်တဲ့သူ ရှိလား...”
လူလတ်ပိုင်းအရွယ်ဂိုဏ်းချုပ်ဧ။်အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွား လေသည်။သူက ထိုစကားများကို ပြောပြီး နောက်ဆုံးမှော်အစီအရင်ကို ငေးကြည့်လိုက်သည်။ ထို့နောက် သူ ထိုအစီအရင်ဆီသို့ ခြေတစ်လှမ်းလိုက်သည်။
သူ ရှေ့သို့လှမ်းလိုက်သည့်အချိန်တွင် သူ၏ရုပ်ခန္ဓာသည် လျင်မြန်စွာ ညှိုးနွမ်းစပြုလာသည်။ သူ မှော်အစီအရင်နား နီးကပ်သွားချိန်တွင် သူ၏ခန္ဓာကိုယ်သည် ကွဲအက်နေသော အရိုးစုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း သူ၏ အသား၊ အသွေးနှင့် အခြေတည်သော နတ်ဘုရားအားလုံးက စုရုံးကာ ထိုအရိုးစုထဲမှ ပျံထွက်သွားလေသည်။ ထို့နောက် ထိုစုရုံးမှုက ပေါက်ကွဲသံကြီးနှင့်အတူ လေးရာသီဖျက်ဆီးခြင်းအစီအရင်နှင့် ပေါင်းစပ်သွားလေသည်။
“မြူခိုးဂိုဏ်းရဲ့နောက်ဆုံးမှော်အစီအရင်ကို လေးရာသီဖျက်ဆီးခြင်းအစီအရင်လို့ခေါ်တယ်..ဘာလို့လဲဆိုတော့ အဲ့ဒီမှော်အစီအရင်ထဲမှာ လူတွေရဲ့အသက်စွမ်းအားတွေရှိနေသရွေ့ ဖျက်ဆီးပစ်ဖို့ ခက်လိမ့်မယ်..ပြီးတော့ အခြားလူရဲ့အသက်ကိုနှုတ်ယူချင်ရင် ကိုယ့်အသက်စွမ်းအားကိုလည်း ပေးဆပ်ရတယ်...”
“ငါ့မှာ အနှစ်လေးထောင်ရှစ်ရာသက်တမ်း ကျန်သေးတယ်.. ဘယ်ရန်သူတွေက ငါနဲ့လာပြီး အသက်ချင်းလဲမလဲ..”
ဂိုဏ်းချုပ်၏ အသံသည် လေထဲသို့ တဟုန်ထိုး ပျံ့လွင့်သွားပြီး မှော်အစီအရင်အတွင်းနှင့်အပြင်ကိုပါ ပဲ့တင်ထပ်သွားလေသည်။ ထိုအချိန်တွင် အပြင်ဘက်ရှိမာန်ကျင့်ကြံသူများတောင် လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။
စုမင်က မှော်အစီအရင်ရှေ့မှာ ရပ်နေလေသည်။ ထို့နောက် အင်မော်တယ်များ၏အရှုံးပေးတာထက်သေပွဲဝင်ရန်ဆုံးဖြတ်လိုက်သော ပြတ်သားမှုကို စုမင် ခံစားမိခဲ့သည်။သူက အင်မော််တယ်မျိုးနွယ်စုကို ရွံ့ရှာမုန်းတီးနေသော်လည်း မျိုးနွယ်တစ်ခုစီမှာရှိသော လေးစားစရာကောင်းသောစိတ်ဓာတ်များရှိကြောင်း အသိအမှတ်ပြုလေသည်။
“ငါ့မှာ အနှစ်ခုနစ်ရာကျန်သေးတယ်...ဘယ်သူက ငါ့အသက်နဲ့ လဲလှယ်မလဲ”
မြူခိုးဂိုဏ်းရှိ လူတစ်ယောက်သည် တောင်ဆယ့်ရှစ်လုံးကြားမှ ပြေးထွက်လာပြီး လေးရာသီပျက်စီးခြင်းအစီအရင်သို့ တဟုန်ထိုးပြေးသွားလေသည်။
“ငါ့မှာ နှစ်တစ်ရာကျန်သေးတယ်...”
“ငါ့မှာ အနှစ်နှစ်ထောင်နှစ်ရာကျန်သေးတယ်...”
“ငါ့မှာ အနှစ်လေးရာရှိတယ်...”
“ငါ့မှာ အနှစ်ခြောက်ရာရှိသေးတယ်...”
တောင်ဆယ့်ရှစ်လုံးမှ အသံများက အဆက်မပြတ် ထွက်ပေါ်လာပြီး လူအုပ်စုများက အစီအရင် ဆီသို့ လျင်မြန်စွာ တိုးဝင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအသံများက ပို၍ပို၍ ပြင်းထန်လာပြီး နောက်ဆုံးတွင် မြူခိုးဂိုဏ်း၏ အော်ဟစ်သံများအဖြစ် ပေါင်းစပ်သွားခဲ့သည်။
“ငါ့မှာ အနှစ်ငါးရာကျန်သေးတယ်”
ဝူလက တိုးတိုးလေးပြောပြီး မှော်အစီအရင်ထဲသို့ ပြေးဝင်သွားသည်။
ထျန်းလန်းမုန့်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူမခေါင်းကို မော့ကာ မှော်အစီအရင်ဆီသို့ ရှေ့တစ်လှမ်းတိုးလိုက်သည်။ ထျန်းလန်းမုန့်က အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ဒေါသတကြီး ရှေ့သို့ထွက်လာစဉ် သူ့ညီမထျန်းလန်းယို့က ရုတ်တရက်ခေါင်းကို လှည့်လိုက်သည်။ ထို့နောက် ထျန်းလန်းယို့က သူ့ညာလက်ကိုမြှောက်ပြီး ထျန်းလန်းမုန့်ကို ရိုက်ချလိုက်သည်။
ထိုစဉ် အဖြူရောင် မြူခိုးအလွှာတစ်ခု ပြန့်ကျဲလာသည်။ မြူခိုးများကြားထဲရှိ ထျန်းလန်းမုန့်က မျက်လုံးများ တဖြည်းဖြည်းမှိတ်ကာ ဘေးသို့ လဲကျသွားသည်။
“ကောင်းကောင်းအသက်ရှင်သွား...”
ထျန်းလန်းယို့က တိုးတိုးလေးပြောကာ ကောင်းကင်ရှိမှော်အစီအရင်သို့ တိုးဝင်သွားသည်။
မြူခိုးဂိုဏ်းရှိလူတိုင်းနီးပါးသည် သူတို့အသက်ကိုပေးဆပ်ထားခဲ့သည်။ ထို့နောက် လေးရာသီဖျက်ဆီးခြင်းမှော်အစီအရင်မှ မျက်စိကျိန်းစေသောအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်သည် အရပ်ရပ်မှ ထွက်လာပြီး မာန်ကျင့်ကြံသူများရှေ့တွင် စုဝေးလာခဲ့သည်။
အင်မောတယ်တို့၏ဟစ်အော်သံများနှင့်အသက်စတေးမူများက သူတို့၏ တန်ပြန်တိုက်ခိုက်ခြင်းကို ကိုယ်စားပြုသည်။ ၎င်းသည် သွေးဆာနေသောမာန်ကျင့်ကြံသူများကို ခဏတာ တိတ်ဆိတ်သွားစေခဲ့သည်။
သို့ပေမဲ့ ၎င်းက မာန်ကျင့်ကြံသူများကို ခဏသာရပ်တန့်သွားစေခဲ့သည်။ထို့နောက် အရာခပ်သိမ်းကို ဖိနှိပ်ထားသော တည်ရှိမှုတစ်ခုသည် မြေပြင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ မာန်ကျင့်ကြံသူများလည်း အင်မော်တယ်များဧ။်အသက်ကို အသက်နှင့်လဲလှယ်မည့် အလင်းစက်ဝိုင်းထဲသို့ တိုးဝင်သွားကြသည်။
စုမင် နောက်ပြန်မဆုတ်ခဲ့ပေ။ သူ၏လူများနှင့်အတူ ထိုအလင်းစက်ဝိုင်းထဲသို့ ခြေတစ်လှမ်းတိုးခဲ့သည်။ ဤတိုက်ပွဲမှာ အစီအစဥ်မရှိဘဲ တိုက်လိုက်ရသော တိုက်ပွဲဖြစ်သည်။
ဤသည်မှာ အသက်ကိုအသက်နှင့်လဲလှယ်သည့် ရူးသွပ်သော တိုက်ပွဲဖြစ်သည်။ အကယ်၍ အင်မော်တယ်များသာ ထိုသို့လုပ်လျှင် မာန်ကျင့်ကြံသူများက တူညီသော တုံ့ပြန်မှုကို ပေးလိမ့်မည်။
ကျယ်လောင်သော အသံများ လေထဲတွင်
ထွက်ပေါ်လာပြီး နှစ်ဖက်စလုံးက အသက်စွမ်းအားများကို အသုံးချ၍ တိုက်ပွဲဝင်နေကြသည်။ ထိုအချိန်တွင် မြူခိုးဂိုဏ်း၏တပည့်များက သူတို့၏အသက်စွမ်းအားများကုန်ဆုံးသွားပြီးနောက် ညိုးနွမ်းသွားလေသည်။ သို့ရာတွင် ထိုအရာက အဆုံးသတ်မဟုတ်ပေ။ သူတို့၏နတ်ဘုရားအာရုံများကို ပေါက်ကွဲစေပြီး ကိုယ်တိုင်ဖျက်ဆီးခြင်းစွမ်းအားများကိုပါ ထုတ်သုံးခဲ့ကြသည်။
မာန်ကျင့်ကြံသူများလည်း အတူတူပင်ဖြစ်သည်။ ဤတိုက်ပွဲသည် အမှားအမှန်၊ ယုတ္တိမရှိ၊ ဆင်ခြင်တုံတရားမရှိသော တိုက်ပွဲဖြစ်သည်။ ဤသည်မှာ ရူးသွပ်သော တိုက်ပွဲတစ်ခုဖြစ်ပြီး အသက်ကိုအသက်နှင့် လဲခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်ရှိ လူများစွာသေဆုံးခဲ့ပြီး တိုက်ပွဲပြီးဆုံးသွားလေသည်။
သောင်းနှင့်ချီသောအင်မော်တယ်များ
လဲကျသေဆုံးခဲ့သည်။ မြူခိုးဂိုဏ်းသည် လုံးဝပျောက်ကွယ်သွားပြီး ဝူလ၏စိတ်ဝိညာဉ်လည်း ပြန့်ကျဲသွားခဲ့သည်။ အင်မော်တယ်တို့သည် အနည်းဆုံးမာန်ကျင့်ကြံသူတစ်ဦးကို သတ်ရန်အတွက်အရာရာကို စွန့်လွှတ်ခဲ့ကြသည်။ အသက်ကို အသက်ဖြင့်လဲလှယ်ခဲ့သောတိုက်ပွဲသည်လည်း ပြီးဆုံးသွားလေသည်။
မှော်အစီအရင်ရှိနောက်ဆုံးအင်မော််တယ်သေဆုံးသွားချိန်တွင် လေးရာသီဖျက်ဆီးခြင်းမှော်အစီအရင်ရှိအလင်းရောင်က မှိန်းဖျော့သွားသည်။ ထို့နောက် မှော်အစီအရင်လည်း ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် စုမင်က လေထဲ၌ရပ်နေလေသည်။ တိုက်ပွဲတွင် မာန်ကျင့်ကြံသူခုနှစ်သောင်းနီးပါး သေဆုံးခဲ့ရသည်။ ထိုထဲမှ တစ်ဝက်သည် အသက်ကို အသက်ဖြင့်လဲလှယ်သောတိုက်ပွဲတွင် အသက်ပေးခဲ့ကြသည်။
စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
“သူတို့က စစ်သည်ကောင်းတွေပဲ.. သူတို့အပေါ် ငါတို့ရဲ့မုန်းတီးမှုက ကောင်းကင်ကို တောက်လောင်နေရင်တောင် သူတို့က စစ်သည်ကောင်းတွေပဲ...သူတို့က လေးစားထိုက်တယ်”
စုမင်က ဖြည်းညှင်းစွာပြောလိုက်သည်။ သူ၏အသံက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားကာ မာန်ကျင့်ကြံသူများ၏ နားထဲသို့ ကျရောက်သွားသည်။
ကောင်းကင်တာအိုမြူခိုးဂိုဏ်း လုံးဝပျက်စီးသွားခဲ့သည်။ သို့သော်လည်း လူမျိုးပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံတွင်၊ ကိုယ့်အသက်ကို စတေးရဲသော သတ္တိရှိကြသလို သတ္တိကြောင်သူများ ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ ထိုအချိန်တွင် မြူခိုးဂိုဏ်း၏ တောင်ဆယ့်ရှစ်လုံးကြားတွင် ထိုလူနှစ်ရာကျော် ကျန်နေသေးသည်။ သူတို့က ဘဝကို အရှုံးမပေးခဲ့ကြသူများဖြစ်သည်။ လေးရာသီဖျက်ဆီးခြင်းမှော်အစီအရင် ပျောက်ကွယ်သွားပြီး ကောင်းကင်ယံမှာ မာန်ကျင့်ကြံသူများ
နှင့် ပြည့်နှက်နေလေသည်။ ထိုစဉ် ကျန်ရှိနေသော အင်မော်တယ်များက တုန်ယင်စွာ ထွက်လာကြပြီး စုမင်ကို အရိုအသေပေးကြသည်။
“အခုကစပြီး ကျုပ်တို့က ကျုပ်တို့ရဲ့သွေးမျိုးဆက်ကိုပြောင်းလဲပြီး မာန်နတ်ဘုရားကို ယုံကြည်ကိုးကွယ်ဖို့ ဆန္ဒရှိပါတယ်..”
ထိုလူပေါင်းများစွာက သူတို့အသက်ချမ်းသာပေးအောင် အသနားခံနေကြသည်။
စုမင်က ထိုလူများကို ဂရုမစိုက်ပေ။ သူတို့ကိုယ်တိုင် ကျွန်ခံပြီး မာန်မျိုးနွယ်စုဝင်အဖြစ် လုပ်ချင်ကြသူများစွာ ရှိပေလိမ့်မည်။ထို့နောက် စုမင်၏ အကြည့်များက တောင်ဆယ့်ရှစ်ခုကြားရှိ မြေပြင်ပေါ်တွင် သတိလစ်နေသော လူတစ်ယောက်အပေါ်သို့ ကျရောက်သွားသည်။
သူ တိတ်တဆိတ် လျှောက်လာရင်း သတိလစ်နေသောထျန်းလန်းမုန့် အနားသို့ ရောက်လာသည်။ စုမင်က သူမကို တိတ်တဆိတ်ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အတိတ်ကိုလွမ်းဆွတ်မှုနှင့် ရှုပ်ထွေးသောခံစားချက်များ ပေါ်လာသည်။
စုမင်က မျက်လုံးများကို ခဏမှိတ်လိုက်သည်။ ခဏကြာသော် သူ့မျက်လုံးများကို ဖွင့်ပြီး စကားစပြောလိုက်သည်။
“ချီလေ့ထျန်း...”
ရှည်လျားသောအလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်၍ စုမင်နောက်သို့ ချက်ချင်း ဆင်းသက်လာသည်။ ထိုလူက ချီလေ့ထျန်းပင်ဖြစ်သည်။ သူ့နှလုံးသားက အနည်းငယ် တုန်ရီနေသော်လည်း
သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားမှုမျိုးမှ မပြရဲပေ။ ယင်းအစား သူက စုမင် ဆီသို့ ဒူးတစ်ဖက်ထောက်ကာ ထက်သန်သော လေးစားမှုကိုသာ ပြသခဲ့သည်။
“ကျုပ်...ချီလေ့ထျန်း..ရောက်ပါပြီ..”
“အရင်တုန်းက ကျုပ် မင်းရဲ့လျှပ်စီးစွမ်းအားသလင်းကျောက်တစ်ဝက်ကို လူယူသွားခဲ့တယ်...”
စုမင်က ဖြည်းညှင်းစွာပြောသည်။ စုမင် ထိုစကားများကို ပြောသောအခါ ချီလေ့ထျန်း၏နှလုံးသားက တဒိန်းဒိန်းခုန်လာပြီး သူ့မျက်နှာပေါ်တွင် နေရခက်သောမျက်နှာထားနှင့်အပြုံးတုတစ်ခု ပေါ်လာသည်။
“ဒီနေ့ မင်းရဲ့မျိုးနွယ်စုတွေအတွက် မြူခိုးဂိုဏ်းရဲ့နေရာကို ပေးလိုက်မယ်.. မင်းမျိုးနွယ်စုကို တိုးတက်ခိုင်မာအောင်လုပ်ပါ..”
စုမင်က သူ့ဆီသို့ လှမ်းကြည့်လိုက်သည်။
ချီလေ့ထျန်းက တခဏတာ အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားသွားလေသည်။ သူက စုမင်ဘက်ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။
“လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်..မာန်နတ်ဘုရားသခင်..”
“မင်း ဒီမှာ ခဏလောက်နေခဲ့..ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့... ငါတို့ ဖုံးကွယ်နဂါးဂိုဏ်းကို ရှင်းပစ်မယ်..”
စုမင်က လှည့်၍ ကောင်းကင်ဆီသို့ လျှောက်သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ ထောင်ပေါင်းများစွာတို့သည် စုမင်နောက်လိုက်ရင်း ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ချီလေ့ထျန်းက ခေါင်းငုံ့ကာ အဝေးမှထွက်ခွာသွားသောမာန်ပြည် ထောင်စစ်တပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူက စုမင်ကို လှမ်းကြည့်ရင်း သူ့နားထဲတွင် စုမင်ပြောခဲ့သောစကားများကို ပြန်ကြားယောင်နေလေသည်။
“အဲဒီမိန်းကလေးက.. ငါ့မိတ်ဆွေဟောင်းပဲ..သူ့ကိုတော့ မထိခိုက်စေနဲ့..”