← Chapters

သန့်ရှင်းသောဓား နိုးထခြင်း

Vol. 11 Ch. 151

သန့်ရှင်းသောဓား နိုးထခြင်း

Vol. 11 Ch. 151

Child of light (ကျန်းကုန်း)

Volume 5: Chapter 18 - The Holy Sword Awakens

ကျုပ် ခေါင်းမော့လိုက်တော့ မျက်လုံးထဲမှာ ရွှေရောင်တွေ တောက်နေတယ်။ ကျုပ်နောက်ကျောမှာလဲ အလင်းရောင်ပြန်နေတာ တစ်ခုရှိတယ်။ သေချာကြည့်မယ်ဆိုရင် အဆက်မပြတ် ခတ်နေတဲ့ အတောင်(၆)ခုဗျ။

ကျုပ် ညာလက် မြှောက်လိုက်တာနဲ့ မီးကိုရေနဲ့ငြိမ်းလိုက်သလို တိုက်ခိုက်လာတာတွေအားလုံး ဖယ်ရှားနိုင်လောက်တဲ့အထိ စွမ်းအားပြင်းထန်လွန်းတဲ့ အလင်းဓားတစ်လက် ပေါ်လာတယ်။ လေထဲရောက်နေတဲ့ သူတို့ တိုက်ကွက်တွေအကုန် ဘာမှမဟုတ်သလို ပျောက်ကွယ်သွားတယ်။ အလင်းဓား ပြိုင်ဖက်တွေနားရောက်ခါနီးတော့ ဓားသွားအစား အပြားလိုက်ပြောင်းပြီး ရိုက်ထုတ်ပစ်လိုက်တယ်။

ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေကြောင့် ပြိုင်ပွဲကွင်းကြီးတစ်ခုလုံး တိတ်ဆိတ်သွားတယ်။

ကျုပ် ကြမ်းပြင်ပေါ် ပုံကနဲ ကျသွားတော့ ကျုပ်ခန္ဓာကိုယ်မှာ ထုတ်လွှတ်နေတဲ့ ရွှေရောင်တွေ မှိန်မှိန်လေးပဲ ကျန်တော့တယ်။

ကျောင်းအုပ်ကြီးနဲ့ ဒုကျောင်းအုပ်ကြီးတို့လဲ စိတ်ပျက်နေတဲ့ မျက်ဝန်းတွေနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေရဲ့။ ပြိုင်ဖက်အပေါ် အသာစီးသိသိသာသာ ရထားပြီးတာတောင် ရှုံးမြဲရှုံးဆဲဆိုတော့ အံဩစရာ ဖြစ်မနေဘူးလား။ ဒီလို အခြေအနေမျိုး ဘယ်သူမှ လက်ခံနိုင်ကြမှာ မဟုတ်ဘူးလေ။

စစ်ဝါ ကျုပ်ကို တွဲခေါ်လာပြီး မူကျီက ကျုပ်အခြေအနေကို စစ်ဆေးနေတယ်။ ကျုပ် သွေးခုန်နှုန်း တည်ငြိမ်နေတာ သိမှ သူ သက်ပြင်းချလိုက်နိုင်တယ်။

ဒုကျောင်းအုပ်ကြီး စိတ်ပျက်လက်ပျက်နဲ့ ပြိုင်ပွဲစင်မြင့်ပေါ် လျှောက်သွားပြီး..

“ဒီပွဲဟာဆိုရင်မြင့် အထက်တန်းကျောင်း (၈)ခုရဲ့ နောက်ဆုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်။ နောက်ဆုံး အောင်နိုင်သူကတော့ တော်ဝင် မှော်ပညာ အထက်တန်းကျောင်းဖြစ်ပါတယ်….”

ကျုပ် ဆင်ပေါ်က လွင့်သွားကြတယ်ဆိုပေမယ့် သူတို့တွေ စင်ပေါ်မှာပဲ ရှိသေးတယ်လေ။ သူတို့တွေမှာ ကိုယ်ကျင့်တရား ရှိနေသေးတာပဲ။ သူတို့တွေ ပြောင်ပြောင်တင်းတင်းပဲ ကျုပ်နိုင်တယ်လို့ ကြေညာသွားကြတယ်။

စစ်ဝါနဲ့ မူကျီ ပီတိတွေဝေနေတယ်ဆိုပေမယ့် ကျုပ်အတွက် စိတ်ပူနေကြတယ်။ နဂါးသစ်တောက လူတွေကိုတောင် ဂရုမစိုက်တော့ဘဲ ကျုပ်ကို ရိပ်သာအထိ တမ်းခေါ်သွားကြတယ်။

ကျုပ် အိပ်မက်မက်နေသလိုပဲ။ ကျုပ် ပတ်ဝန်းကျင်မှာ တောက်တောက်ပပနဲ့ ကြယ်တွေအများကြီးပဲ။ ကျယ်ပြောလှတဲ့ နေရာကြီးတစ်ခုမှာ ရောက်နေတဲ့အပြင် ကျုပ်နဲ့ ရင်းနှီးမှုမရှိတာတွေအားလုံး ကို ကြည့်ရင်း..

“ငါ ဘယ်ရောက်နေပါလိမ့်”

ကျုပ် သေများသွားတာလား။

ပြတ်သား အားပါတဲ့ အသံတစ်ခု ထွက်လာတယ်..

“မင်းမသေသေးဘူး။ ဒါ ငါတို့စိတ်နှလုံးသားရဲ့ အမြင့်မြတ်ဆုံးနေရာပေါ့”

ရုတ်တရက် အသံကြားလိုက်ရတာဆိုတော့ ကျုပ်လန့်သွားတယ်။ လှည့်ကြည့်လိုက်တော့လဲ ပတ်ပတ်လည်မှာ ဘာသက်ရှိပုံစံမှ မတွေ့ဘူး။

“ကလေး။ ငါ့ကို ရှာမနေနဲ့တော့။ အခုလက်ရှိ ငါ မင်းနှလုံးသားထဲမှာ နေတယ်ဆိုပေမယ့် မင်းငါ့ကို ရှာလို့တွေ့မှာ မဟုတ်ဘူး”

ဘယ်လို… ကျုပ် စိတ်နှလုံးသားထဲမှာလား။ ကျုပ် စူးစူးဝါးဝါးနဲ့..

“ခင်ဗျား ဘယ်သူလဲ..”

“မင်းကို နတ်ဘုရားဘုရင်ပေးလိုက်တဲ့ ဓားရှည် မှတ်မိသေးလား။ အဲဒါ ငါပဲပေါ့။ မင်းငါ့ကို နာမည်တပ်ခေါ်ချင်ရင် မီကျားလွီ လို့ခေါ်ပေါ့။ မင်းနဲ့ ဆက်သွယ်ဖို့ ငါ့လက်ကျန် အသိစိတ်တွေ သုံးလိုက်တာ”

“ဒါဆို ခင်ဗျားက တောက်ပသော တိုက်ပွဲနတ်သမီး မီကျားလွီပေါ့၊ နတ်ဘုရားဘုရင် ကျုပ်ကို ပြောခဲ့တဲ့ဟာပေါ့”

“ခစ်… ခစ်.. ခစ်.. ကလေးရေ။ ဒီစကားမျိုး မကြားရတာ တော်တော်ကြာသွားပြီ။ မင်းစကားတွေက ငါ့ရင်ထဲ နွေးသွားတာပဲ”

“ခင်ဗျားက ဘာလို့ အသိစိတ်နဲ့ ဆက်သွယ်နိုင်တာလဲ”

“မင်းစိတ်ထဲမှာ သန့်ရှင်းသောဓားကို လွတ်လပ်ခွင့်ပေးလိုက်မှတော့ အခုဆို ငါမင်းနဲ့ ဆက်သွယ်နိုင်တာပေါ့”

“ကျုပ်က သန့်ရှင်းသောဓားကို လွတ်လပ်ခွင့် ပေးလိုက်တယ်။ နောက်တနည်းပြောရရင် သန့်ရှင်းသောဓားကို ကျုပ် သုံးနိုင်ပြီပေါ့”

“ကလေး။ မင်းတော်တော်အတာပဲ။ အခု သန့်ရှင်းသောဓားရဲ့ စွမ်းအား မဆိုစလောက်လေးပဲ မင်းသုံးနိုင်သေးတာ။ သူ့အစွမ်းတွေ အကုန်သုံးနိုင်ချင်တယ်ဆိုရင် ကောင်းကင်ပြိုကျတောင်မှာ ထားရစ်ခဲ့တဲ့ စွမ်းအားတွေ မင်းအမွေဆက်ခံနိုင်မှ ရမယ်”

သူလဲ နတ်ဘဘုရား ဘုရင်ကြီးလိုပဲ ပြောတာပါလား။

“ကျုပ် အဲ့နေရာကို သေချာပေါက် သွားမှာပါ”

“အခု မင်းဒဏ်ရာ အပြင်းအထန် ရနေတယ်ဆိုပေမယ့် သန့်ရှင်းသောဓားရဲ့ စွမ်းအားနည်းနည်းလေး ထိန်းချုပ်နိုင်တာနဲ့ အတူ အကျိုးအမြတ်တွေ ရလိုက်ပါသေးတယ်။ စိတ်ကြိုက်သုံးနိုင်ဖို့အတွက်တော့ မင်းအများကြီး လေ့ကျင့်ရအုံးမှာ။ ငါ့မှာ သိစိတ် သိပ်ကျန်တော့တာမဟုတ်ဘူး။ မင်း ကောင်းကင်ပြိုကျတောင် ကိုရောက်ရင် မင်းနဲ့ ထပ်ဆက်သွယ်နိုင်အုံးမျာပါလေ။ ကောင်းကင် ပြိုကျတောင်မှာ ချိပ်စည်းတံဆိပ်ကို ချိုးဖျက်ချင်ရင် သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ သုံးရမယ်ဆိုတာ မှတ်ထားအုံး။ ငါတို့ လူသားတွေနဲ့ နတ်ဘုရားမျိုးနွယ်စုရဲ့ အနာဂတ်က မင်းအပေါ်မှာ မှီခိုနေရတာ။ ကလေး မင်းကြိုးစားမှ ရမယ်နော်”

သူ့အသံ တဖြည်းဖြည်းအားနည်းလာပြီး ပျောက်သွားပါလေရော။

ပတ်ဝန်းကျင်မှာရှိတဲ့ ကြယ်အလင်းတန်းတွေ တဖြည်းဖြည်းမှိန်ပြီး အမှောင် အတိဖုံးပြီး ကျုပ်လဲ သတိလစ်သွားရော။

ကျုပ်နိုးလာတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာပဲ။ လက်ရှိ ပစ္စုပ္ပန်ဘဝ ပြန်ရောက်လာတယ်ဆိုတာ သိလိုက်ပြီ။

ကျုပ် မျက်လုံး ဖြဲရဲဖွင့်ကြည့်တော့ မူကျီ အိပ်ယာလေးမှာ လှဲနေတာ တွေ့လိုက်တယ်။ သူ့မျက်နှာလေး ဖြူဖတ်နေတာဆိုတော့ ဘယ်လောက်တောင် ပင်ပန်းထားလဲဆိုတာ အသိသာကြီး။

ကျုပ် အတွင်းအားတွေ ဖြန့်ခွဲဖို့ ကြိုးစားကြည့်လိုက်တယ်။ မှန်လို ဖေါက်မြင်နေရတဲ့ ကျုပ်ရွှေအမြူတေကြီး ပျောက်သွားတာ တွေ့ရတော့ တော်တော် အံ့ဩသွားတယ်။ အဲ့နဂို ရွှေအမြူတေနဲ့ ပုံစံတူတဲ့ အခဲလေး(၂)ခု အစားထိုး ရောက်နေတယ်။ ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့။ မီကျားလွီ ပြောသွားတာတွေ မှန်တယ်။ သန့်ရှင်းသော ဓားကြောင့် ကျုပ်အကျိုးအမြတ် ရလိုက်တာပေါ့လေ။ ရွှေအမြူတေ(၂)ခုပေါင်းရဲ့ စွမ်းအားက ကျုပ်အရင်ရွှေအမြူတေကြီးလောက် အစွမ်းမထက်ပေမယ့် အရင်လို ကြည်လင်ဖောက်ထွင်းမြင်နိုင်တဲ့အထိ လေ့ကျင့်နိုင်ရင် မှော်သခင်ကြီးအဆင့်ကနေ ကျော်လွှားသွားနိုင်လိမ့်မယ်ဆိုတာ ကျုပ်သိနေတယ်။ မှော် ဘိုးဘေး။

ရွှေအမြူတေ (၂)ခုအပြင် ကျုပ်ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ အပြောင်းအလဲတစ်ခုလဲ တွေ့လိုက်ရတယ်။ ကျုပ်ဒန်တျန်ထဲက တိုက်ပွဲစိတ်ဝိညာဉ်မှာ စွမ်းအင်နွေးနွေးတွေ အများကြီးရှိနေတယ်။ သန့်ရှင်းသောဓားက အစွမ်းဖြစ်မယ် ထင်တယ်။

သန့်ရှင်းသောဓားအစွမ်းတွေနဲ့ တိုက်ပွဲစိတ်ဝိညာဉ်ကို လှည့်ပတ်ကြည့်လိုက်တော့ တော်တော်နှေးနှေးနဲ့ပဲ ကျုပ် ဒန်တျန်တစ်ဝိုက်ကို တစ်ခါပဲ လှည့်နိုင်လိုက်တယ်။ တော်တော် နေလို့ကောင်းတဲ့ ခပ်နွေးနွေးစွမ်းအားက ကျုပ်ဒန်တျန်ကနေ ထုတ်လွှင့်လာရော။ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့သွားပြီး ဒဏ်ရာတွေကို ကုပေးနေလေရဲ့။ နာကျင်ကိုက်ခဲနေတဲ့ နေရာတွေကို ဖြတ်ပြီးသွားတာနဲ့ ချက်ချင်းကို သက်သာသွားတာ။ ဒီတော့ သန့်ရှင်းသောဓားမှာ ဒီလို အစွမ်းမျိုးလဲ ရှိတယ်ပေါ့လေ။ ဒါအလင်းမှော် ပြန်လည်ကုသရေးမန္တန်ထက်တောင် ပိုထိရောက်နေသေးတယ်။

သန့်ရှင်းသောဓားစွမ်းအားကို ကျုပ်ခန္ဓာကိုယ်ထဲ (၃)ခါလောက် လှည့်ပတ်ပြီးတော့ ကျုပ်လှုပ်ရှားနိုင်သွားပြီ။ မူကျီရဲ့ ဆံနွယ် ပျော့ပျော့လေးကို အသာပွတ်ပြီး..

“မူကျီ.. ထအုံး.. မူကျီ ထ..ထ”

မူကျီ ကမန်းကတန်း ထထိုင်ပြီး သူ့မျက်လုံးတွေ ဖွင့်ကြည့်တယ်။ ကျုပ်နိုးနေတာမြင်တော့ ..

“ကျန်းကုန်း နင်သတိရပြီလား။ နင် ငါ့ကို လန့်အောင်လုပ်တယ်”

စကားဆုံးတော့ ကျုပ်ကိုဖက်ပြီး ငိုနေပြန်ရော။သူလုပ်တာနဲ့ ကျုပ်ဒဏ်ရာတွေ ပြန်နာလာတယ်။ ကျုပ် သူ့ခါးကို ဖက်ပြီး..

“ကောင်မလေးရေ… ဒီထက် နည်းနည်းလေး နုညံ့လို့မရဘူးလား”

အခုမှပဲ ကျုပ်အပြင်အထန်ဒဏ်ရာရထားတာတွေ ပြန်မကောင်းသေးဘူးဆိုတာ သူသတိရ သွားတယ်။ သူ ကျုပ်ကိုယ်ပေါ်က ပြန်ဖယ်ပြီး စိုးရိမ်တကြီးနဲ့…

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ နင် ပြန်မကောင်းသေတာ ငါမေ့သွားတယ်”

သူ ဘေးမှာ ကပ်ထိုင်နေပေမယ့် ကျုပ်ကတော့ ဖက်ထားတဲ့လက်ကို လွှတ်ဖို့ အစီအစဉ်မရှိပါဘူး။ အဟီး… ဒီလို အခွင့်အရေးမျိုးက ရခဲတယ်လေ။

“နင်ဘယ်လိုနေသေးလဲ။ သက်သာရဲ့လား”

“နင် အရမ်းစိတ်ပူမနေပါနဲ့။ အဆင်ပြေပါတယ်။ နည်းနည်းလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ”

သန့်ရှင်းသော ဓားအစွမ်းနဲ့ဆို ကျုပ်မြန်မြန် ပြန်ကောင်းနိုင်တယ်လို့ ယုံတယ်ဗျာ။

============= (*^*)=============

အပိုင်း( ၁၅၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters