← Chapters

ချီ လျှို့ဝှက်လမ်းပြ အမျိုးသမီး

Vol. 11 Ch. 154

ချီ လျှို့ဝှက်လမ်းပြ အမျိုးသမီး

Vol. 11 Ch. 154

Child of light (ကျန်းကုန်း)

Volume 5: Chapter 21 - Mysterious Guiding Female Qi

မူကျီ ခေါင်းညိတ်ပြီး ကျုပ်ကို တင်းနေအောင်ဖက်လိုက်တယ်။ ကျုပ်လဲ သူ့လို ဖက်မလိုကြံတော့ ဒင်းက ချစ်စနိုးနဲ့ ထွက်ပြေးသွားပြီ။

ကျုပ် သူ့ကျောပြင်ကို ငေးရင်ပဲ ပြုံးလိုက်မိတော့တယ်။

တစ်နာရီလောက်ကြာတော့ ဆရာတိ ရုံးခန်းထဲမှာ လူတွေ စည်လာပြီ။ ယွဲ့မိသားစုခေါင်းဆောင် ဟွမ်ယင်ယွဲ့၊ ရှင်းမိသားစု ခေါင်းဆောင် ဟိုင်တျန်းရှင်း၊ တော်ဝင် မှော်သမ္မဂ္ဂဥက္ကဌ သွမ့်ယုရှီး၊ မင်းသား ခယ်ကျာတို့အားလုံး စုမိနေကြပြီ။ ကျုပ်ရောဆို မှော်သခင်ကြီး (၆)ယောက် စုမိနေတယ် ပြောရမှာပဲ။

မှော်သခင်ကြီးတွေ မာခယ့် ဒဏ်ရာကို စစ်ပြီး ကူကယ်ရာမဲ့ပြီး ခေါင်းယမ်းယုံပဲ တတ်နိုင်ကြတယ်။ ဟိုင်ယွဲ့ဆို လုံးဝ စိတ်ဓာတ်ကျနေတဲ့ ပုံဖြစ်နေပြီ။ နောက်ဆုံး မာခယ့် အစစ်အမှန်ဘဝကို သိလိုက်ရတော့ သူတော်တော် အံ့ဩသွားတယ်။

ဆရာကျန်းက..

“မင်းတို့ အတွေ့အကြုံနဲ့လဲ မဖြေရှင်းနိုင်ကြဘူးပေါ့ ဟုတ်လား”

ဟွမ်ယင်ယွဲ့ က

“မာခယ့် ဒဏ်ရာက အရမ်းပြင်းထန်တယ်။ လောလောဆယ် မတူတဲ့ ဒြပ်စင်(၂)ခု သူ့ခန္ဓာကိုယ်ထဲမှာ အပြင်းအထန် တိုက်ခိုက်နေကြတယ်။ အခုအချိန်မှာ သူ့ကို တည်ငြိမ်အောင်ပဲ ထားနိုင်တယ်။ ငါတို့တွေ သူ့ကို အလျင်စလို ကယ်ဖို့ လုပ်လိုက်ရင် သူသေသွားနိုင်တယ်”

မင်းသား ခယ်ကျာ မျက်နှာမှာ နာကျင်နေတဲ့ အမူအရာပေါလာတယ်။

“သားလေး။ အဖေ မင်းမွေးကတည်းက မင်းအပေါ် အမြဲတမ်း ရက်စက်ခဲ့မိတာ။ မင်းကို ဒုက္ခပေးတယ်လို့ မတွေးမိခဲ့ဘူး။ အဖေ မင်းကို သနားလိုက်တာကွာ”

ဆရာကျန်းလဲ စိတ်ပျက် လက်ပျက်နဲ့..

“ဒါတွေ အားလုံး ငါ့အပြစ်တွေကြီးပဲ။ ငါ သူ့ကို ဒီပြိုင်ပွဲ ဝင်ပြိုင်ခိုင်းလိုက်မိတာ…”

ဟိုင်ယွဲ့ ရုတ်တရက် မြေကြီးပေါ် ပုံကနဲ ကျသွားတယ်။ သူနာနာကျင်ကျင်နဲ့..

“တရားခံက ကျမပါ။ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးပြီး မာခယ့်ကို ကယ်ပေးကြပါ”

ဟိုင်ယွဲ့ပုံက ဆွဲဆွဲငင်ငင်အူနေတဲ့ ခွေးတစ်ကောင်လိုပဲ။ သူ့နာကျင်မှုတွေက ကျုပ်နှလုံးသားကိုတောင် လှုပ်ရှားစေတဲ့အထိပဲ။

ဟိုင်ယွဲ့ကို သူ့အဘိုး ဟိုင်တျန်ရှင်း လာထူပေးတော့ ဟိုင်ယွဲ့လဲ သူ့အဘိုး ရင်ခွင်ထဲ ပုံကနဲ ကျသွားရော။

“အ.. ဘိုး …….”

ဟိုင်တျန်းရှင်းက..

“ဟိုင်ယွဲ့ … မာခယ့်ကို ကယ်ဖို့ မင်းတကယ်ပဲ ပေးဆပ်ချင်တာလား”

ဟိုင်ယွဲ့ လက်မြောက်ပြီး မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်တယ်။

ဟိုင်တျန်းရှင်း လေးလေးနက်နက် ခေါင်းညိတ်ပြီး..

“ကောင်းပြီလေ။ မင်းက ငါ့ရှင်းမိသားစုရဲ့ သမီး ဖြစ်ထိုက်ပါတယ်။ မင်းပေးဆပ်မှုကို အဘိုးတစ်ယောက်အနေနဲ့ ကျေကျေနပ်နပ် လက်ခံတယ်”

ဆရာကျန်း အလျင်စလိုနဲ့..

“အဘိုးကြီး ဟိုင်တျန်း၊ မင်းမှာ မာခယ့် ဒဏ်ရာတွေကို ကုပေးဖို့ နည်းလမ်းရှိတယ်လား”

ထိပ်သီးတစ်ယောက်အနေနဲ့ သူ့ထက် အားနည်းတဲ့ ဟိုင်တျန်းမှာ မာခယ့်ဒဏ်ရာတွေကို ကုပေးဖို့ နည်းလမ်း ရှိလိမ့်မယ် ထင်မထားဘူးလေ။

ဟိုင်တျန်းရှင်း ခေါင်းညိတ်ပြီး..

“ငါတို့ ရှင်းမိသားစုမှာ လျှို့ဝှက်ဆန်းကျယ်တဲ့ လမ်းပြ အမျိုးသမီး ချီ ဆိုတာရှိတယ်။ အဲ့ချီစွမ်းအားက မှော်စွမ်းအားတွေကို ငြိမ်သက်စေနိုင်တယ်။ မှော်စွမ်းအားတွေ ကမောက်ကမ ဖြစ်သွားတဲ့အချိန်တိုင်း အဲဒါကိုပဲ သုံးကြတယ်”

ဆရာကျန်း ဝမ်းသာသွားတယ်။

“ဒါဆို အရမ်းကောင်းတယ်။ မင်းမှာ ဒီလောက်ကောင်းတဲ့ နည်းလမ်းရှိတာကို စောစောက မပြောဘူး”

ဟိုင်တျန်းရှင်း မဲ့ပြုံးပြုံးရင်း..

“စောစောက ပြောရမယ် ဟုတ်လား။ ဘယ်လိုလုပ် ပြောနိုင်မှာတုန်းဟ။ ဒီနည်းလမ်းသုံးရင် ပေးဆပ်ရမယ့် တန်ကြေး မင်းသိလား။ ငါတို့မိသားစုက အိမ်ထောင်မပြုရသေးတဲ့ အပျိုစင် တစ်ယောက် လိုတယ်ဟ”

သူပြောတာနားထောင်ပြီး အားလုံး အံ့ဩသွားကြတယ်။ မာခယ့်ကို ကယ်ဖို့အတွက် တစ်ယောက်ယောက်က အပျိုစင်ဘဝ စွန့်ရမယ်ပေါ့။ ဒီလိုသာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ သန့်ရှင်း စင်ကြယ်မှုက တော်တော် အရေးပါတာပဲ။

ဟိုင်ယွဲ့ မျက်နှာ ရဲတွတ်သွားပေမယ့် ဘာစကားမှတော့ မပြောဘူးဗျ။

ဟိုင်တျန်းရှင်း ဟိုင်ယွဲ့ကို..

“ဟိုင်ယွဲ့ .. အဖိုးတော့ ဖြေရှင်းနည်း ပြောပြီးသွားပြီ။ နင်သူ့ကို ကယ်ဖို့ ဆန္ဒရှိသေးလား။ အစကတော့ အဘိုး နည်းလမ်းမပြောဘဲ ထားမလို့ပဲ။ ဒါပေမယ့် နင်က မာခယ့်ကို ခယ်ဖို့ အသက်တောင် စွန့်ဖို့ ဆုံးဖြတ်ထားတာဆိုတော့ လုပ်မယ် မလုပ်ဘူး နင့်ဟာနင် ဆုံးဖြတ်ပေါ့”

အားလုံး ဟိုင်ယွဲ့ကို စိုးရိမ်တကြီးနဲ့ ဝိုင်းကြည့်နေကြတယ်။

ဟိုင်ယွဲ့ မာခယ့်ကို စူစူးစိုက်စိုက်ကြည့်ပြီး…

“နင် ငါ့အတွက် အများကြီး အနစ်နာခံခဲ့ရတယ်။ ငါနင့်ကို နည်းနည်းတော့ ပြန်ပေးဆပ်ရမှာပေါ့။”

ပြီးတော့ ခေါင်းလှည့်ပြီး သူ့အဘိုးကို ပြတ်ပြတ်သားသားနဲ့..

“အဘိုး ကျွန်မ လုပ်မယ်”

အားလုံး အံ့ဩကုန်တာပေါ့။ မင်းသား ခယ်ကျာက..

“ဟိုင်ယွဲ့ စိတ်မပူနဲ့။ မာခယ် နင့်ကို နင့်ကို ဆွဲထားမှာသေချာတယ်”

ဟိုင်ယွဲ့က..

“ဒါတွေ နောက်မှ ပြောကြတာပေါ့။ အဘိုး သူ့ကို ဘယ်လိုကယ်ရမလဲဆိုတာ ကျွန်မကို ပြောပြပါ”

ဟိုင်တျန်ရှင်းက မင်းသားခယ်ကျာဘက်လှည့်ပြီး..

“မင်းသား ခယ်ကျာ ကျုပ်ကိုယုံရင် မာခယ့်ကို ငါတို့ ရှင်းမိသာစုဆီ ခေါ်သွားချင်တယ်”

မင်းသားခယ်ကျာ ခနစဉ်းစားပြီး ဆရာကျန်းကို လှည်ကြည့်လိုက်တယ်။ ဆရာကျန်း ခေါင်း ညိတ်ပြလိုက်တော့..

“ကောင်းပြီ။ မိသားစုခေါင်းကိုပဲ ကျုပ်ဒုက္ခပေးရတော့မှာပေါ့”

ဟိုင်တျန်းရှင်း ခေါင်းညိတ်ပြီး..

“အရှင်မင်းကြီး။ စိတ်ပူမနေနဲ့။ ရာနှုန်းပြည့် အာမခံချက် မပေးနိုင်ပေမယ့် အခွင့်အလမ်းက တော်တော်မြင့်ပါတယ်။ ကျုပ်တို့ အရင်သွားနှင့်တော့မယ်”

ပြောပြီးတာနဲ့ မာခယ့်ကို သူ့လူတွေသယ်ခိုင်ပြီး ဟိုင်ယွဲ့နဲ့ ထွက်သွားပါလေရော။

ဟိုင်တျန်းရှင်းတို့ ထွက်သွားပြီးမှ မင်းသားခယ်ကျာ ဆရာကျန်းကို..

“ကျောင်းအုပ်ကြီး ဟိုင်တျန်းရှင်း မာခယ့်ကို ကုပေးနိုင်တယ်ဆိုတာ သေချာပါ့မလား”

ဆရာကျန်း ခေါင်းညိတ်ပြီး..

“ဒါသူတို့ ရှင်းမိသားစုရဲ့ ပြန်လည်ကုသရေး နည်းလမ်းတွေထဲမျာ အဲ့နည်းလမ်း တကယ်ကို ရှိတာ။ အရှင်မင်းကြီး ဘာမှ စိတ်ပူမနေနဲ့။ ဘာပြဿနာမှ မရှိဘူးဆိုတာ ယုံတယ်”

ကျုပ် လျှောက်သွားပြီး ခေါင်းငုံ့ရင်း..

“ဦးလေး ခယ်ကျာ.. ဒါ ကျွန်တော့ အမှားပါ။ မာခယ့်ကို ကောင်းကောင်း မကာကွယ်လိုက်နိုင်ဘူး”

မင်းသား ခယ်ကျာ ခေါင်းခါရင်း..

“ကျန်းကုန်း…. ဒါဘယ်လိုဖြစ်တာလဲ။ ကြောကြောင့်လဲဆိုတာ ရှင်းပြပါလား”

ပြိုင်ပွဲကို ပြန်သတိရပြီး ပျော်ရသလို ဒေါသတွေလဲ ထွက်သွားတယ်။ ပြိုင်ပွဲရဲ့ ဖြစ်ပျက်သမျှ အစုံအလင်တွေကို နည်းနည်းလေး ပိုပိုသာသာ ပြောပေးလိုက်တယ်။

မင်းသား ခယ်ကျာ မျက်မှောင်တွေ ကြုတ်ပြီး သူ့မျက်လုံးတွေ အေးစက်သွားတယ်။

ကျုပ်ပြောသမျှ နားထောင်ပြီး နောက်ဆုံး မင်းသားခယ်ကျာက..

“ကျောင်းအုပ်ကြီးကျန်း။ ဒီလို အန္တရာယ်ရှိတဲ့ ပြိုင်ပွဲမှာ သူတို့ကို ဘာလို့ ဝင်ပြိုင်ခွင့်ပြုထားတာလဲ။ ဒါ ပြိုင်ပွဲ တစ်ခု မဟုတ်ဘူးလား”

သူ့အသံက တည်ငြိမ်နေပေမယ့် ဩဇာအာဏာသံ နဲ့ ခန့်ညားလွန်းနေတယ်။

ဆရာကျန်း အရိုအသေပေးပြီး..

“အရှင်မင်းကြီး။ ကျုပ်လဲ ဒီလောက် ဖြစ်သွားလိမ့်မယ် ထင်မထားမိခဲ့ဘူး။ ဒါပေမယ့် ပြိုင်ပွဲက နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကျုပ်တို့ ဘိုးဘေးတွေ လက်ထက်ကတည်းက ဆင်းသက်လာတာ။ ဒီတစ်ကြိမ်တော့ ကျန်းကုန်းနဲ့အတူ သူတို့တွေ လွယ်လွယ်နဲ့ အနိုင်ရလောက်မယ် ထင်ခဲ့မိတာ။ ဒီလိုဟာကွက်တွေ ရှိလိမ့်မယ် မထင်မိဘူး”

“ထားလိုက်တော့။ ဒီကိစ္စ ခင်ဗျားကိုလဲ အပြစ်တင်လို့ မရပါဘူး။ ဒါပေမယ့် နောင်ကျရင် ဒီလို ပြိုင်ပွဲမျိုး မဖြစ်သင့်တော့ဘူး။ တကယ်ဆို အပြန်အလှန် ဆက်ဆံရေးနဲ့ သင်ယူခြင်းအတွက် ပြိုင်တာမဟုတ်ဘူးလား။ ဒါပေမယ့် နိုင်ငံတော်မှာ ထက်မြက်တဲ့ မှော်ဆရာတွေ လျော့သွားနိုင်စေတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်နေတယ်”

ဆရာကျန်း ခေါင်းညိတ်ပြီး..

“ကျုပ်နားလည်ပြီ။ ကျုပ် စီစဉ်လိုက်ပါမယ်”

မင်းသား ခယ်ကျာထွက်သွားတော့ ဆရာတိက ..

“မင်းဘာလို့ မင်းသားကို ဒီလိုအလေးထား ပြောလိုက်တာတုန်း။ ဆရာကျန်းက ဒီကိစ္စမှာ ဆက်နွယ်နေတာ မဟုတ်ဘူးလား”

ကျုပ် မှားသွားသလို ခံစားလိုက်ရတော့..

“ကျွန်တော် အမှန်တွေပဲ ပြောခဲ့တာပါ။ ပြိုင်ပွဲက ကျွန်တော်တို့အတွက် လုံးဝကို မတရားဘူး။ ဆရာ ကျုပ်အဖြစ်ကို မမြင်လို့နော်။ မှော်သခင်(၅)ယောက် ကျုပ်ကို ဝိုင်းတိုက်တဲ့အပြင် သူတို့ ဘဝအသက်တွေတောင် လောင်ကျွမ်းလိုက်ကြသေးတယ်။ သူ့တို့ တိုက်ကွက်ကိုသာ လုံလုံလောက်လောက် ခံနိုင်ရည်မရှိရင် ပထမဆုနဲ့ ပြန်နိုင်မှာမဟုတ်ဘူးရယ်”

ဆရာကျန်း သက်ပြင်းချပြီး..

“လောင်လွင်.. ဒီကိစ္စ ငါမှားသွားတာ။ ဒီကလေးတွေ အန္တရာယ်တောထဲ မစွန့်စားခိုင်းသင့်ဘူး။ ကျန်းကုန်းကို ဆူနေတာ ရပ်လိုက်တော့။ ဒါငါတို့အတွက် မမေ့နိုင်တဲ့ သင်ခန်းစာကောင်း တစ်ခုပဲ”

============= (*^*)=============

အပိုင်း( ၁၅၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters