← Chapters

စာသင်ခန်းသို့ အပြန်

Vol. 11 Ch. 155

စာသင်ခန်းသို့ အပြန်

Vol. 11 Ch. 155

Child of light (ကျန်းကုန်း)

Volume 5: Chapter 22 - Returning to Class

ဆရာကျန်း စကားကြားတော့ ကျုပ်တော်တော် စိတ်မကောင်းဖြစ်သွားတယ်။

“တကယ်တော့ ဒါတွေအားလုံး အကြောင်းပြချက် တစ်ခုပါပဲ။ ကျုပ် သေချာပြင်ဆင်မထားဘဲ ပြိုင်ဘက်တွေရဲ့ အစွမ်းကို ပေါ့ပေါ့လေး ဆုံးဖြတ်လိုက်မိလို့ပါ”

“ဒီလိုတွေ ဖြစ်ပျက်လာမယ်လို့လဲ မျှော်လင့်မထားမိဘူးလေ။ ဟိုင်ယွဲ့ ပြိုင်ပွဲထဲမှာ အဲ့လို ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ မာခယ် မြန်မြန် နေကောင်းလာဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင် တစ်သက်လုံး စိတ်ဆင်းရဲ နေရလိမ့်မယ်”

ကျုပ် ပြုံးပြီး..

“ရှင်းမိသားစုခေါင်းဆောင် ပြောသွားတဲ့အတိုင်းဆိုရင် ပြန်ကောင်းလာဖို့ အခွင့်အရေးများပါတယ်။ မာခယ် သူ့အမှားတွေကနေ အခွင့်အရေး နည်းနည်းတောင် ရနိုင်သေးတယ်။ ဟုတ်သားပဲ။ ဆရာတိ ပြိုင်ပွဲမှာ ကျုပ် ရှုံးလုနီးပါ ဖြစ်နေတုန်း အရင်က ပေးခဲ့တဲ့ မှော်ဝတ်ရုံက ခံစစ်စွမ်းအားနဲ့ ကာကွယ်ပြီး ကျုပ်ကို ကယ်ပေးခဲ့တယ်။ ဒါပေမယ့် အမြူတေ ပျက်စီးသွားပြီ”

ဆရာတိ ပြုံးပြီး..

“ငါ စိတ်မဆိုးပါဘူးကွာ။ ပစ္စည်းတွေဆိုတာ အသုံးတည့်တဲ့နေရာ သုံးရမှာပဲလေ။ မင်းအသက်ကို ကယ်နိုင်လိုက်တယ်ဆိုတော့ သူ့ရည်ရွယ်ချက် ပြည့်သွားတာပဲလေ။ ပျက်စီတော့လဲ ပျက်စီးပေ့စေပေါ့”

“ဒါဆို ဘယ်လိုလုပ်ရမလဲ။ အဲဒါ ဆရာ ကျွန်တော့ကို ပေးခဲ့တဲ့ ပထမဆုံး လက်ဆောင် မှော်ဝတ်ရုံလေ။ ကျွန်တော် အရမ်းကြိုက်တာဗျ။ အခုတော့ သနားစရာဗျာ ပျက်စီးသွားပြီ။

ဆရာကျန်း ကြားဖြတ်ပြီး..

“ဒီလောက်ဆို လုံလောက်ပြီ။ ဆရာတပည့်တွေ ပြဇာတ်ကတာ ရပ်လိုက်တော့။ ကျန်းကုန်း မနက်ဖြန် ငါနဲ့ လာတွေ့လှည့်။ အဲ့ထက် ပိုကောင်းတဲ့ မှော်ဝတ်ရုံ တစ်ထည် ငါပေးမယ်”

ကျုပ် အစီအစဉ် အောင်မြင်သွားပြီ။ အဟီး..။ ဆရာကျန်းကို ဝမ်းမြောက်ဝမ်းသား ကျေးဇူးတင်လိုက်တဲ့အပြင် ဆရာတိကို လဲ အောင်ပွဲခံတဲ့ အပြုံးနဲ့ ပြုံးပြလိုက်သေးတယ်။

(၂)ရက်လောက် အနားယူပြီးတာနဲ့ အတန်းပြန်တက်ဖို့ ကျောင်းကို ပြန်လာခဲ့လိုက်တယ်။ ကျုပ်ရဲ့ ပြစ်ချက်ဟောင်းတွေ မှန်သမျှ ရှင်းထားပြီးသားဆိုတော့ ဆရာကျန်း သူ့စကားသူ အပြည့်အဝ တာဝန်ကျေတာပဲ။ ပြိုင်ပွဲမှာ ပါခဲ့တဲ့ လူတွေကတော့ ကျုပ်မှော်သခင်ကြီးအဆင့်ဆိုတာ ကောင်းကောင်းလက်ခံသွားကြပြီ။ ဆရာကျန်း ကျုပ်ကို တော်တော်ကိုလှပြီး ကြယ် (၆)လုံးနဲ့ အလှဆင်ထားတဲ့ မှော်ဝတ်ရုံအသစ်ပေးတယ်ဗျ။ အစကတော့ ကြယ် (၅)လုံးလောက်ဆို တော်ပါပြီ တွေးထားတာ ဆရာကျန်းက ဒီမှော်အင်္ကျီကို သူသိပ်မဝတ်တော့ဘူးဆိုပြီး စွတ်ပေးနေလို့ လက်ခံလိုက်ရတာပေါ့။ ပြီးတော့ တိုးတက်သော ကျောက်စိမ်းဒီရေမှာ အခမဲ့ စားသောက်ခွင့် လက်မှတ်တွေ ရခဲ့သေးတယ်။

(စာစဉ် အစပိုင်းတွင် ကြယ်ပွင့်များနှင့်ပါတ်သက်၍ အသေးစိတ် ဖော်ပြထားပြီးဖြစ်ပါသည်။ ကြယ်ပွင့်များမှာ မှော်စွမ်းအားများအား ကိုယ်စားပြု သင်္ကေတ တစ်ခုဖြစ်ပေသည်။ မှော်ပညာ သင်ယူစ သူများတွင် ကြယ်အဆင့် မသတ်မှတ်ပေ။ မူလတန်း အဆင့်တွင် ကြယ်တစ်လုံးရရှိပေလိမ့်မည်။ ထိုသို့ဖြင့် ကြယ်ပွင့် အရေအတွက် တိုးမြှင့်နိုင်ခြင်းမှာ မည်မျှခက်ခဲကြောင်း စာဖတ်သူများအနေဖြင့် ခန့်မှန်းမိပြီး ဖြစ်ကြပါလိမ့်မည်။)

ဆရာကျန်း ပေးလိုက်တဲ့ မှော်ဝတ်ရုံကို သေချာကြည့်ပြီး အဲ့အဘိုးကြီး သူ့ကိုယ်ပိုင်ငွေ ဝယ်ထားတာဆိုတော့ ကျုပ် သေချာသုံးမှရမယ်။ မှော်ဝတ်ရုံက အပြာနုရောင်လေးနဲ့ ထူးထူးခြားခြားကို နူးညံ့လွန်းတယ်ဗျ။ ဝတ်ရုံ မျက်နှာပြင်တစ်ခုလုံးမှာလဲ မှော်သလင်းကျောက်တွေ မရေတွက်နိုင်လောက်အောင်ကို မြှုပ်ထားတာ။ ဆရာကျန်း ပြောပုံအရဆိုရင် ဒီဝတ်ရုံကို သူကိုယ်တိုင် ပုံစံဒီဇိုင်းဆွဲထားတာလို့ပြောတာပဲ။ ‘ချီ’ လို့ခေါ်တဲ့ ရှားပါးသတ္တဝါတစ်ကောင်ရဲ အရေခွံနဲ့ လုပ်ထားတာ။ တာရှည်ခံပြီး မာကျောတဲ့အပြင် မှော်စွမ်းအား သုံးတဲ့နေရာမှာလဲ ပိုပြီး ချောချောမွေ့မွေ့ အသုံးချနိုင်စွမ်းရှိတယ်။ ဒီဝတ်ရုံမှာ အပြာရောင် မှော်သလင်းကျောက် (၁၀၈)လုံး၊ အနီရောင် မှော်သလင်းကျောက်(၃၆)လုံး၊ ခရမ်းရောင် မှော်သလင်းကျောက် (၃)လုံးပါတယ်။ ပြီးတော့ ခံစစ်ဝင်္ကပါ ခင်းဖို့အတွက် ပုံဆောင်ခဲ (၁၄၇)ခု သုံးထားသေးတယ်။ အကာအကွယ် ဝင်္ကပါ အသက်သွင်းဖို့အတွက် ရင်ဘတ်အလယ်မှာရှိတဲ့ ခရမ်းရောင် မှော်သလင်းကျောက်ထဲကို မှော်စွမ်းအားတွေ ထည့်သွင်းပေးဖို့ပဲလိုတယ်။ ဆရာကျန်းကတော့ ဒီခံစစ်စွမ်းအားတွေက အဆင့်မြင့် ခံစစ်မန္တန်တွေနဲ့ တန်းတူပဲလို့ ပြောတယ်။ ဒါပေမယ့် မူလတန်းအဆင့် မန္တန်တွေအတွက် သုံးရတဲ့ မှော်စွမ်းအား လောက်ပဲ ထည့်ပေးဖို့ လိုတာဆိုပဲ။

တကယ်ကြီး ရတနာ တစ်ခုရခဲ့တာပဲ။ ဒါ တော်တော်ကောင်းတယ်။ ဒါပေမယ့် မှော်ဝတ်ရုံမှာ ချွတ်ယွင်းချက် တစ်ခုရှိနေတယ်။ အထူးသဖြင့် နေ့လည်ဘက်တွေဆို စွဲမက်စရာ ကောင်းလွန်းနေတယ်။ ဒါကို ဝတ်ပြီး လမ်းမကြီးတွေပေါ် လျှောက်သွားနေမိလိုက်ရင် အလင်းတန်းတွေနဲ့ အဆက်မပြတ် တောက်ပနေမှာဗျ။

အဲ့ပြဿနာအကြောင်း ဆရာကျန်းကို ပြောပြတော့ တခစ်ခစ်ရယ်ပြီး..

“ဘာဖြစ်လို့တုန်းဟ။ မင်းမလိုချင်ဘူးလား။ မလိုချင် ပြန်ပေးလို့ရတယ်နော်။ ငါ ဒီကောင်ကြီးကို ခွဲနိုင်တာ မဟုတ်ဘူးနော်”

ဟွင့်.. ဒီလောက်ကောင်းတဲ့ ရတနာတစ်ခုကို ကျုပ်က လက်လွှတ်စရာလား။ ကျုပ်ရဲ့ လေဟာနယ် ကမ္ဘာကြီးထဲမှာ (၇)ခုမြောက် ကြယ် အိပ်ပျော်နေလို့နော်။ မဟုတ်လို့ကတော့ ကျုပ်ရဲ့ မှော်သခင်ကြီး အဆင့်အတန်းနဲ့ လိုက်ဖက်အောင် မှော်ဝတ်ရုံမှာ သတ္တမမြောက် ကြယ်တစ်လုံး ကောက်တပ်ပစ်လိုက်မှာဗျ။

စာသင်ခန်းထဲရောက်တော့ အားလုံး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်။ သနားစရာကောင်းတာက ကျုပ်ကို အနည်းစုပဲ နှုတ်ဆက်ကြတာဗျ။ ကျုပ် ခုံမှာ ဝင်ထိုင်ပြီး မူကျီကို..

“နေကောင်းသွားပြီလား။ ကောင်းကောင်းရော အနားယူခဲ့ရဲ့လား”

“အင်း.. ငါ ကောင်းကောင်း အနားယူလိုက်တယ်။ နင်ရော..”

“ငါ အဆင်ပြေပါတယ်။ ကိုယ်တို့တွေ (၂)ရက်ကြီးတောင် ဝေးနေကြတာ။ ကိုယ်ကို မလွမ်းဘူးလား”

“နင့်ကို ဘယ်သူက လွမ်းနေမှာမို့လဲ။ ဒါနဲ့ မာခယ်ရော အခြေအနေ ဘယ်လိုရှိလဲ မသိဘူး”

“အမှန်ပေါ့။ ဒီအခက်အခဲကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ရတာပဲ။ အာ .. ဟုတ်သားပဲ။ ဆရာကျန်း ငါ့ကို အခမဲ့ စားသောက်ခွင့် လက်မှတ်တွေ ပေးထားတယ်။ ငါတို့တွေ နေ့လည်စာ သွားစားရင် ဘယ့်နှယ့်လဲ..”

မူကျီ မျက်လုံးတွေ အရောင်လက်သွားပြီးတော့..

“ဒါ အကောင်းဆုံးပဲ။ အခုတောင်ဗိုက်က ဆာလာပြီ နေ့လည် ရောက်နိုင်သေးဘူးလား”

“တိုးတက်သော ကျောက်စိမ်း ဒီရေ က ဆရာကျန်းကို (၅၀)ရာခိုင်နှုန်း လျှော့ဈေးနဲ့ ပေးတာဆိုတော့ တကယ်ကို မျက်နှာသာ ပေးထားတာပဲ။ အဲ့အဘိုးကြီးအတွက် ထိန်းထားစရာ မလိုတော့ဘူး”

“အဲ့အဘိုးကြီး မွဲပြာကျအောင် လုပ်လိုက်ကြစို့”

ပြီးတော့ နှစ်ယောက်သား ပြိုင်တူ ရယ်လိုက်မိကြတယ်.

အဲ့အချိန် ဒေါသတကြီးအသံနဲ့..

“ကျန်းကုန်းဝေ… မူကျီ… မင်းတို့(၂)ယောက်ရဲ့ အကျဉ်းကျ ကာလ ပြီးသွားပြီဆိုတော့ အတန်းထဲမှာ ထပ်ပြီး အနှောက်အယှက် ပေးကြပြန်ပြီလား”

အ…. ကျုပ်တို့ အတန်းစတက်တာနဲ့ ကျုပ်ကို အချုပ်ကျအောင်လုပ်တဲ့ဆရာနဲ့မှ တည့်တည့်တိုးတာပဲ။ ကျုပ် အမြန်ရပ်ပြီး..

“ကျွန်တော် တောင်းပန်ပါတယ် ဆရာ”

ဆရာ ကျုပ် ယဉ်ယဉ်ကျေးကျေး ပြန်ဖြေတော့ အံ့ဩသွားတယ်။

“ထားလိုက်တော့… အတန်းထဲမှာ သေချာ နားထောင်”

မူကျီ လျှာထုတ်ပြပေမယ့် ဘာမှ ဆက်မပြောတော့ဘူး။ ဆရာကျန်း ဂွင်ထဲ ထပ်ပြီး အရောက်မခံချင်တော့ဘူးလေ။ ကျုပ်ဘာလုပ်ရင်ကောင်းမလဲ။ မူကျီအတွက် ရီးစားစာရေးမှာပေါ့။ အဟီး။ မူကျီ နှလုံးသားးကို အပိုင်ဆုပ်ကိုင်နိုင်ဖို့အတွက် အနှိုင်းမဲ့ နူးညံ့ခြင်းတွေ အသုံးချရအုံးမှာပေါ့။

ဒီလိုနဲ့ (၇)တစ်ပတ်လောက် အချိန်တွေ ကုန်သွားပါလေရော။

ဒီနေ့ စာသင်ခန်းထဲ ဝင်လိုက်တာနဲ့ မူကျီ စိတ်လှုပ်ရှားတကြီးနဲ့ ပြေးလာတယ်။ ကျုပ်တောင် နည်းနည်း လန့်သွားတယ်။

“ဘာလို့ နင်အဲလောက် ပျော်နေရတာတုန်း”

“ကျန်းကုန်း.. လာလာ သွားကြည့်ရအောင်။ မာခယ် ကျောင်းပြန်တက်နေပြီတဲ့..”

“တကယ်ကြီးလား။ အရမ်းကောင်းတယ်။ သူအဆင်ပြေသွားပြီပေါ့။ လာ အမြန်သွားတွေ့ရအောင်”

မူကျီ လက်ဆွဲရင် မာခယ့်အခန်းကို အပြေးသွားလိုက်တယ်။ အတန်းချိန် မစသေးဘူးဆိုတော့ စာသင်ခန်းထဲမှာ ရှုတ်ရှက်ခတ်နေသေးတာပေါ့။ မာခယ့် ခုံမှာ လူတွေ ဝိုင်းအုံနေတာပဲ။

“မာခယ်.. မာခယ်”

အုံနေတဲ့ လူတွေ ဘေးဖယ်သွားမှ မာခယ့်ရုပ် ပေါ်လာတယ်။ ကျုပ်သူဆီ တည်နေရာရွှေ့ပြီး ချက်ချင်းသွား ဖက်ထားလိုက်တယ်။ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တွေတောင် ကျလာမိတဲ့အထိပဲ။

မာခယ််လဲ ကျုပ်ကို ပြန်ဖက််ပြီး…

“အစ်ကိုကြီး။ အစ်ကိုကြီး။ ငါပြန်လာပြီ”

ကျုပ် သူ့ကို လွှပြီး စေ့စေ့စပ်စပ်ကြည့်လိုက်တယ်။ မာခယ် နည်းနည်းပိန်သွားပေမယ့် သန်သန်မာမာပဲဗျ။ ဒီကောင် ပြန်ကောင်းလာပြီဆိုတာ သိသာတယ်။ ကျုပ် လက်သီးဖွဖွနဲ့ ထိုးပြီး..

“မင်းတကယ် နေကောင်းသွားးပြီပေါ့”

“အစ်ကိုကြီး။ ကျေးဇူးတင်တယ်။ တကယ်ကို ကျေးဇူးအရမ်းတင်တာ။ ပြီးခဲ့တဲ့ (၃)ရက်လောက်က စကောင်းလာတာကွ။ အိမ်မှာ ဆက်နေရတာ အရမ်းပျင်းဖို့ကောင်းလွန်းလို့ ကျောင်းလာခဲ့တာ။ အစ်ကိုကြီး … နောက်ဆုံးတော့ ဟိုင်ယွဲ့ ငါ့ကို လက်ခံလိုက်ပြီကွ သိလား”

============= (*^*)=============

အပိုင်း( ၁၅၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters