← Chapters

အဆုံးစွန်သော သစ္စာတရာဖြင့် ချစ်ခြင်းမေတ္တာ

Vol. 11 Ch. 157

အဆုံးစွန်သော သစ္စာတရာဖြင့် ချစ်ခြင်းမေတ္တာ

Vol. 11 Ch. 157

Child of light (ကျန်းကုန်း)

Volume 6: Chapter 1 - A Love Faithful to the End

အချိန်တွေ တဖြတ်ဖြတ်နဲ့ (၂)လကုန်သွားတယ်။ ကျုပ် ခန္ဓာကိုယ်ထဲက ရွှေအမြူတွေ (၂)ခုက လုံးဝ ကြည်လင်တဲ့အထိ မဟုတ်ပေမယ့် မှော်စွမ်းအားမှာ အောင်မြင်မှုတစ်ခုထိ ရောက်နေပြီဆိုတာ သေချာခံစားနေရတော့ အောင်မြင်ဖို့ သိပ်မဝေးတော့ဘူးပေါ့ဗျာ။ စာသင်နှစ်ကုန်ဖို့ကလဲ တဖြည်းဖြည်းနီးလာပြီ။ မာခယ်နဲ့ ဟိုင်ယွဲ့တို့ကတော့ ပေါ်ပေါ်တင်တင် တွဲနေကြပြီ။ နှစ်ယောက်သား နေ့တိုင်း အတူသွား အတူလာပေါ့ဗျာ။ မူကျီနဲ့ ကျုပ်တို့နဲ့ယှဉ်လိုက်ရင် တော်တော်ကွာတာ။ ကျုပ်အပေါ်မှာထားတဲ့ သူ့ခံစားချက်တွေကို သေသေချာချာ ခံစားနိုင်ပေမယ့် နှစ်ယောက်သား ဝေးနေရတုန်းပဲလို့ ခံစားနေရတယ်။ ကျုပ်တို့ကြားမှာ ဖြိုခွင်းလို့မရတဲ့ တံတိုင်းကြီးတစ်ခု ရှိနေသလိုပဲ။

ကျုပ်ဒီနေ့ သူ့ကို (၁၀၀)မြောက် ရီးစားစာ ပေးရမှာ။ ဘာတွေရေးရရင်ကောင်းမလဲ။ အခုထိ သူ့အပေါ်ထားတဲ့ ကျုပ်ခံစားချက် အနှစ်ချုပ်၊ ဒါမှမဟုတ် နောင်ရေးအစီအစဉ်တွေ ရေးသင့်လား။ မဟုတ်သေးပါဘူး။ မကောင်းလောက်ဘူး။ ကျုပ်ခေါင်းတော်တော် ခြောက်ပြီးမှ ကျုပ်ရောက်ခဲ့ဘူးတဲ့ ရွာလေးတစ်ရွာက ပုံပြင်လေးတစ်ခု သွားသတိရမိလိုက်တယ်။ ဟုတ်တာပေါ့။ ကျုပ်မူကျီကို ပေးရမယ့် အစောင် (၁၀၀)မြောက် ရီးစားစာမှာ ဒီပုံပြင်လေး အသုံးချရမယ်။

အတန်းချိန်စတော့ မူကျီရဲ့ ပုံမှန်ဖြစ်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး ချစ်စရာ မျက်နှာလေးက ကျုပ်အဖို့ ဆွဲလမ်းစရာပဲပေါ့။ သူ့အပေါ် ချစ်စိတ်တွေ တရိပ်ရိပ်တက်လာပြီး စာရွက်ထုတ်၊ စောင်ရေ (၁၀၀)မြောက် ရီးစားစာ စရေးတော့တာပေါ့။

……

‘ဒီ (၁၀၀)မြောက် ရီးစားစာမှာ ပျားသကာလိုစကားလုံးတွေ မပြောတော့ဘူး။ ပုံပြင်လေး တစ်ပုဒ် ပြောချင်တာ။

ပုံပြင်လေးက ဒီလို။ ဝေးလံခေါင်သီတဲ့ ဒေသလေးတစ်ခုမှာ နေတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ နေ့စဉ်မြင်တွေ့ ချစ်နေရတဲ့ ကောင်မလေး တစ်ယောက် အကြောင်းပေါ့။ တစ်ရက်ကျ ကောင်လေးလဲ ရှိစုမဲ့စု သတ္တိလေးနဲ့ ပင်လယ်ကမ်းစပ်ကို လာဖို့ ခေါ်တဲ့ ပထမဆုံး ရီးစားစာလေးတစ်စောင်ရေးလိုက်တယ်။ ကောင်မလေးလက်ထဲ ထည့်ပေးပြီးတာနဲ့ အရှက်သည်းပြီး ချက်ချင်းကို လှည့်ထွက်ပြေးတော့တာ။

ချိန်းထားတဲ့နေ့ရောက်တော့ ချိန်းထားတဲ့နေရာကို ကောင်မလေး လာမယ်မလာဘူး မသိပေမယ့် ကောင်လေးက စိတ်ဓတ်တွေ တက်တက်ကြွကြွနဲ့ ကြိုသွားစောင့်နေလိုက်တယ်။ ကောင်မလေး ရောက်လာပြီး တနေကုန် နှစ်ယောက်သား ပျော်ပါးကြတာပေါ့။

ညရောက်တော့ ကောင်မလေးနဲ့အတူ ပြန်လာရင်း သူတို့နှစ်ယောက် အကြောင်း အားလုံးကို အသိပေးရမလားဆိုပြီး ကောင်လေးက မေးလိုက်တယ်။ ကောင်မလေးကတော့ “ကံကြုံရင်ပေါ့…” လို့ပဲပြောပြီး စာအိတ်လေးတစ်လုံးပေးရင်း ပြေးသွားလေရော။

ကောင်လေးက စာအိတ်ဖွင့်ကြည့်လိုက်တော့ ထွက်လာတာက စာရွက် အလွတ်လေးတစ်ရွက်။ သူလဲ အံ့ဩပြီး ဘယ်လိုပဲ တွေးတွေး အဖြေမထွက်နိုင်ဘူး။

နည်းနည်းရက်ကြာတော့ ကောင်လေးက ပထမနည်းအတိုင်းပဲ ကောင်မလေးကို ထပ်ပြီးချိန်းတယ်။ ချိန်းထားတဲ့ အချိန်ကျ ကောင်မလေးရောက်လာပြီး အချိန်တွေကို ပျော်ပျော်ကြီး ဖြတ်သန်းကြတာပေါ့။ အချိန်ပြည့်လို့ လမ်းခွဲကာနီးကျ ကောင်မလေးက ပထမ အခေါက်ကလိုပဲ “ကံကြုံရင်ပေါ့…” လို့ပြောရင်း ဒုတိယမြောက် စာအိတ်လေးတစ်အိတ် ပေးခဲ့တယ်။

ဒီလို ဒီလိုနဲ့ ကောင်လေက ကောင်မလေးနဲ့တွေဖို့ ရီးစားစာတွေပဲ သုံးခဲ့တာပေါ့။

နှစ်တွေ နည်းနည်းကြာလာတော့ သူတို့ ချိန်းတွေ့တာ (၉၉)ကြိမ် ဖြစ်သွားပြီ။ ကောင်မလေးကို ရီးစားစာ (၉၉)စောင် ပေးထားပြီးသလို ကောင်မလေးကလဲ “ကံကြုံရင်ပေါ့…” ပြောမြဲပြောရင်း စာအိတ်လေးတွေ ပြန်ပြန်ပေးလိုက်တာပေါ့။ အဲ့ဒီမှာ နောက်ပိုင်းစာတွေကျတော့ ကောင်လေးက စိတ်ဆိုးပြီး စာတွေ ဖွင့်မကြည့်ဖြစ်တော့ဘူး။ စာရွက်အလွတ်တွေပဲ လို့ တရားသေတွက်ထားပြီးသားကိုး။ သူ့နှလုံးသားကို မရနိုင်တော့ဘူးထင်ပြီး (၉၉)ကြိမ်မြောက် စာအိတ်လေး ပြန်ရပြီးတဲ့ခါ သူ့ကို ကြိုက်နေတဲ့ တခြားကောင်မလေးတစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

မင်္ဂလာဦးညကျ သူ့မိန်းမအပေါ်မှာ သစ္စာရှိကြောင်း ပြဖို့အတွက် ကောင်မလေး ပေးထားတဲ့ စာအိတ်တွေအကုန် ထုတ်ပြပြီး သူ့မိန်းမကို ဖွင့်ပြောပြလိုက်တယ်။

သူ့မိန်းမက စာအိတ်တွေ တစ်စောင်ပြီးတစ်စောင် ဖွင့်ကြည့်လိုက်တယ်။ စာအိတ်တွေ ကုန်လုနီးတဲ့အထိအောင် မဖောက်ရသေးတာမြင်တော့ ဘာလို့လဲ မေးကြည့်လိုက်တယ်။

ကောင်လေးက စာအိတ်ထဲမှာ စာရွက်အလွတ်တွေပဲမို့ ဖွင့်ကြည့်လဲ မထူးဘူးလေတဲ့။

သူ့မိန်းမက ခွင့်ပြုချက်ရတာနဲ့ စာအိတ် နည်းနည်း ဖောက်ကြည့်လိုက်တယ်။ (၉၉)ကြိမ်မြောက် စာအိတ်လေး ဖွင့်ကြည့်လိုက်တော့ စာတစ်ကြောင်းတွေ့လို့ ကောင်လေးကို အသာပေးလိုက်တယ်။

ကောင်လေး စာကို ယူပြီး ဖတ်ကြည့်လိုက်တဲ့အခါ (၉၉)ကြိမ်မြောက်စာမှာ… “ငါ မင်္ဂလာဝတ်စုံ ပြင်ထားပြီးပြီ။ နင်ငါ့ကို အကြိမ်(၁၀၀)မြောက် စာပေးတဲ့အခါ နင့်ဇနီး ဖြစ်စေရမယ်” တဲ့။

ကောင်လေး စာကို ကြည့်ပြီး အံ့ဩထိတ်လန့်သွားတယ်။ ဒါကို ဘယ်လိုမှ မယုံနိုင်ဘူးလေ။ (၉၉)ကြိမ်မြောက်စာကို ယူပြီး အရိုးခဲမတတ်အေးတဲ့ နှင်းပြင်ထဲထွက်လာပြီး စာနဲ့အတူ သူ့နှလုံးသားကိုပါ လေကြမ်းကြီးနဲ့ အဝေးဆုံးကို ပါသွားလိုက်ပြီ။

ပုံပြင်လေးကတော့ ဒီလောက်ပဲ။ ပုံပြင်လေးထဲမှာ ကောင်မလေး စမ်းသပ်တဲ့ နည်းလမ်းက တစ်ဖက်စွန်းရောက်တယ် ဆိုပေမယ့် သူ့အပေါ်ထားတဲ့ ကောင်လေးရဲ့ ခံစားချက်က အဆုံးစွန်ထိ သစ္စာမတည်တာ သက်သေပြပြီးသား ဖြစ်သွားတယ်။

မူကျီရေ။ နှင့် စိတ်ဝိညာဉ်နဲ့ နှလုံးသားကို ငါ့ကို ပေးတဲ့အထိဆို ငါနင့်ကို ရီးစားစာ ဘယ်နှစောင်လောက် ပေးရမလဲ ငါမသိတော့ဘူး။ မာခယ်နဲ့ ဟိုင်ယွဲ့တို့ကတော့ အောင်မြင်သွားပြီ။ နင့်နှလုံးသားကို ဘယ်တော့များမှ ငါအောင်အောင်မြင်မြင် ရမလဲမသိဘူး။ ဟိုင်ယွဲ့အချစ်ကိုရဖို့ မာခယ့်လို အသက်နဲ့ရင်းရမယ်‌ဆိုလဲ ငါနောက်တွန့်နေမှာ မဟုတ်ဘူး။ ဘာဖြစ်ဖြစ် နင့်အပေါ်ထားတဲ့ ငါ့အချစ်တွေက ဘယ်တော့မှ မပျက်စီးသွားနိုင်တဲ့ ထာဝရသစ္စာပဲ။

ထာဝရ ချစ်မြတ်နိုးနေမယ့် *ကျန်းကုန်း*’

………….

ခံစားချက်တွေ အပြည့်နဲ့ သေချာရေးပြီး မူကျီကို ပေးလိုက်တယ်။

ထုံးစံအတိုင် မူကျီ စာယူပြီး အမြန်ပြီးအောင် ဖတ်လိုက်တယ်။ သူခေါင်းမော့လာပြီး ကျုပ်ကို စူးစိုက်ကြည့်နေတယ်။ ကျုပ် မျှော်လင့်မထားမိဘဲ အဓိပ္ပါယ်တွေနဲ့ ပြည့်နေတဲ့ သူ့မျက်ဝန်းထဲမှာ အရမ်းကို ရှုတ်ထွေးလွန်းနေတယ်။ သက်ပြင်းချ၊ စာလေးကို အောက်ပြန်ချ၊ ပြီးတော့ ကျုပ်ဘက် လုံးဝမကြည့်တော့ဘဲ အဖြူရောင်ကျောက်သင်ပုန်းကြီးကိုပဲ သူအာရုံစိုက်ထားတော့တယ်။

ကျုပ်မှာ ရင်ဝစောင့်ကန်ခံလိုက်ရသလို အရမ်းကို ခါးသီးလွန်းသွားတယ်။ မူကျီရယ် ငါ့ကို ဘာလို့များ ဖွင့်မပြောနိုင်ရတာလဲ။ ငါကပဲ နင့်အချစ်နဲ့ မထိုက်တန်လွန်းလို့များလားဟာ။

ကျုပ် ခေါင်းခါရင်း ကိုယ့်ကိုကိုယ်ပဲ လှောင်ရယ် ရယ်လိုက်မိတယ်။ နောက်ဆုံး ခုံလေးပေါ် မှောက်ချပြီး သစ်ပင်ပေါ်ကနေ တစ်ရွက်ချင်းကျနေတဲ့ သစ်ရွက်လေးတွေကို ရေတွက်ရင် စိတ်ဓါတ်ကျနေတာတွေ ကြိုးစားဖျောက်နေရတော့တယ်။

ဒီလိုနဲ့ အတန်းချိန်ပြီးသွားပြီ။ ခါတိုင်းလို မူကျီနဲ့အတူမဟုတ်ဘဲ တစ်ယောက်တည်း ထွက်လာပြီး ကျောင်ထောင့် တစ်နေရာကို စိတ်မောမောနဲ့ သွားလိုက်တယ်။

လူနှစ်ယောက်ဖက်လောက် ပင်စည်ကြီးနဲ့ သစ်ပင်ကို မှီထိုင်လိုက်တယ်။ ကျုပ်စိတ်တွေ ယောက်ယက်ခတ်ပြီး ရှေ့တည့်တည့်ကိုပဲ မှုန်ကုတ်ကုတ်နဲ့ ကြည့်နေလိုက်မိတဘ်။

“ကျန်းကုန်း…..”

ကျုပ်ပုခုံးကို လက်နဲ့ပုတ်ရင်း ခေါ်သံတစ်ခု။ ကျုပ်လန့်ပြီး ကြည့်လိုက်တော့ မတွေ့ရတာကြာပြီဖြစ်တဲ့ ဟိုင်ရှင်းဗျ။ ပြိုင်ပွဲက ပြန်လာကတည်းက သူ့ကို ရှောင်နေခဲ့လိုက်တာ။ ဒီနေ့ သူ့ကို တွေ့ရတာ ပထမဆုံးပဲ။

“ငါတို့ မတွေ့ရတာကြာပြီပဲ။ ကျန်းကုန် နင်ဘာလို့ ဒီမှာ တစ်ယောက်တည်းထိုင်နေတာလဲ။ ငါ ဒီလောက် ခေါ်နေတာတောင် မကြားဘူး”

ဟိုင်ရှင်း အရင်ကထက် အများကြီး ပိန်သွားတာပဲ။ အစပိုင်း သူ့မျက်နှာမှာ နီရဲနေပေမယ့် တဖြည်းဖြည်း ပျောက်သွားတယ်။ ကျုပ် ကို့ရို့ကားယား ပြန်ပြုံးပြရင်း..

“ဟုတ်တယ်။ မတွေ့ဖြစ်တာ တော်တော်ကြာပြီ။ ဒီအတောအတွင်း နင်ရောဘယ်နှလဲ”

“ဒါတွေ ထားလိုက်ပါတော့။ ပြိုင်ပွဲမှာတုန်းက နင်များကြီး အနစ်နာခံခဲ့ရတယ်လို့ ငါ့အမ ပြောတယ်ဟ”

“အင်း။ အဲ့ပြိုင်ပွဲက ပုံမှန်မဟုတ်တဲ့ ပြိုင်ပွဲလို့ ဘယ်သူထင်မှာလဲ။ ဒါပေမယ့် နောက်ဆုံးတော့ နင့်အစ်မနဲ့ မာခယ်တို့နှစ်ယောက် အဆင်ပြေသွားခဲ့ရတယ်ဆိုတော့ အနည်းဆုံး တစ်ခုခုတော့ ရခဲ့သေးတာပေါ့ဟာ”

“ငါလေ သူတို့ကို အရမ်းကို မနာလို ဖြစ်မိတယ်။ ဟုတ်သားပဲ။ နင်နဲ့ ညီမလေး မူကျီရော ဘယ်နှယ့်လဲ..”

============= (*^*)=============

အပိုင်း( ၁၅၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters