← Chapters

ရှောင်ကျင်း၏ ဌာနေသို့

Vol. 11 Ch. 159

ရှောင်ကျင်း၏ ဌာနေသို့

Vol. 11 Ch. 159

Child of light (ကျန်းကုန်း)

Volume 6: Chapter 3 - Returning to Xiao Jin’s Home

ရှောင်ကျင်းကို ကျုပ်ပြန်ခေါ်မသွားချင်ဘူး။ ရှောင်ကျင်းသာ ပြန်ရောက်သွားရင် ကျုပ်နဲ့ ခွဲသွားမှာလားမသိဘူး။ ရှောင်ကျင်းအပေါ် ကျုပ်ခံစားချက်တွေက အရမ်းနက်ရှိုင်းတယ်လေ။ ကျုပ်အနားမှာသာ သူမရှိရင် ဘယ်လိုမှ နေတတ်မှာ မဟုတ်တော့ဘူး။

“တကယ်ကြီး ပြန်ပို့ပေးရမျာလား”

“မှန်တယ်။ မင်း သူ့ကို အိမ်ပြန်ပို့မှရမယ်။ တကယ်တမ်းကျ ဒီလို လုပ်ခြင်းအားဖြင့် မကောင်းတာတော့ မဟုတ်ပါဘူးလေ။ နဂါးဘုရင်သာ သူ့သားနဲ့ ပြန်တွေ့ရပြီဆိုရင် နောက်နောင် မွန်းစတားဘုရင်နဲ့ တိုက်ပွဲကျ မင်းရဲ့ ကြိုးစားမှုကြောင့် အဘိုးတန် စစ်ကူရနိုင်လိမ့်မယ်”

မကျေနပ်စိတ်တွေ တဖွားဖွားပေါ်လာတယ်။

“ကျွန်တော် ရှောင်ကျင်းနဲ့ မခွဲနိုင်ဘူး..”

ဆရာတိ အသံတွေ မာလာပြီး..

“ကျန်းကုန်း မင်းဘယ်လိုဖြစ်နေတာလဲ။ မင်း တော်တော် တကိုယ်ကောင်းဆန်နေတယ် မထင်ဘူးလား။ ပြီးတော့ မင်းသာ ရှောင်ကျင်းရဲ့ အစွမ်းတွေကို မှီခိုလွန်းအားကြီးနေရင် မင်းအနာဂတ် တိုးတက်ဖို့အတွက် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို အိမ်ပြန်ပို့ရမယ်”

ကျုပ် ခေါင်းငုံ့ပြီး အတွေးနွံထဲ မျောသွားတယ်။ ကျုပ်ဘေးမှာ အမြဲရှိနေပေးခဲ့တဲ့ ရှောင်ကျင်းတောင် ကျုပ်ကို ခွဲသွားတော့မှာတဲ့လား။ မင်းကို ငါဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူး။ ရှောင်ကျင်းဆိုတာ အစွမ်းထက်တဲ့ ရဲဘော်ရဲဘက်ဆိုတာထက် ကျုပ်သူ့ပေါ်ထားတဲ့ သံယောဇဉ်တွေက ခွန်အားနဲ့မဆိုင်ဘူးလေ။ ရှောင်ကျင်း မွေးစက နှစ်တွေကို ပြန်မြင်ရောင်ပြီး သူ့ကို ပြန်ပို့ဖို့ ဘယ်တုန်းကမှကို မတွေးမိခဲ့တာ။ ကျုပ်.. ကျုပ်…။

“ဒါ မင်းအတွက် တော်တော် ခက်ခဲမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းစဉ်းစားကြည့်အုံး။ ရှောင်ကျင်းသာ မင်းနောက်ကို ဆက်လိုက်နေမယ်ဆိုရင် သူလဲ နောက်ထပ် အနှစ်(၆၀)လောက်ပဲ အသက်ရှင်နိုင်မှာ။ နဂါးမျိုးနွယ်က နှစ်ထောင်ချီအသက်ရှင်နိုင်ကြတယ်လေ။ မင်း တွန့်ဆုတ်နေလို့ သူ့အသက်ရှင်ခွင့်ကို ကြီးကြီးမားမား ထိခိုက်မှာကို မလိုလားဘူးမို့လား”

“ဆရာတိ… ဆရာပြောချင်တာက…”

“ငါသာ အတွေးမမှားရင် ရှောင်ကျင်းအဖေ သူ့ကို မူလသက်တမ်းပြန်ရအောင် လုပ်နိုင်လောက်တယ်”

ကျုပ် အံကြိတ်ပြီး..

“ကောင်းပြီ။ ရှောင်ကျင်း အနာဂတ်အတွက် ကျုပ်သူ့ကို ပြန်ပို့ဖို့ သဘောတူတယ်”

“ဒါမှ ငါ့တပည့်ကွ။ ရှောင်ကျင်း မင်းနောက်ကို လိုက်ဖို့ ထိုက်တန်ပါတယ်ကွာ။ အစကတော့ မင်းအထက်တန်းကျောင်းပြီးတဲ့အထိ စောင့်တာ အကောင်းဆုံးဖြစ်မယ်ထင်ထားခဲ့တာ။ ဒါပေမယ့် မင်းရဲ့ လက်ရှိ စွမ်းဆောင်ရည်တွေက ငါမျှော်လင့်ထားတာထက် ကျော်နေပြီ။ ဒါတင်မကဘူး သိပ်မကြာခင်မှာပဲ မွန်းစတားဘုရင်ရဲ့ ခြိမ်း‌ခြောက်မှု ရှိနေသေးတာဆိုတော့ မင်းကို နဂါးမျိုးနွယ်စုဆီ စောစောလွှတ်ဖို့ ဆုံးဖြတ်လိုက်ရတာပဲ။ ငါမင်းကို ပေးခဲ့တဲ့ နဂါးများအကြောင်း စာအုပ် ရှိသေးတယ်မို့လား။ မြေပုံညွှန်းက နောက်ဆုံး စာမျက်နှာမှာ ရှိတယ်။ ကျောင်းပိတ်ပြီဆိုတာနဲ့ မင်းသွားသင့်တယ်။ ရှောင်ကျင်းကို ပြန်ပို့ပြီးမှ မင်းအိမ်ပြန်လိုက်ပေါ့။ ဒီကိစ္စတွေ ပြီးဖို့ အချိန်လောက် လောက်ပါတယ်”

“အဲဒါ စစ်မှန်သော နဂါးဘုရင် စာအုပ်မို့လား။ ကျွန်တော် ဖတ်ပြီးပါပြီ။ နဂါးချိုင့်ဝှမ်းက အိုက်ရှားနယ်မြေထဲက ကောင်ကင်ပြည်နယ်ရဲ့ တောင်ကြားတစ်ခုမှာလေ”

“နေရာအတိအကျကိုတော့ မင်းကိုယ်တိုင်ရှာရလိမ့်မယ်။ အန္တရာယ် ကင်းဖို့လဲ သတိထားအုံး။ အရင်တစ်ခေါက် ခရီးထွက်တုန်းက ပေးထားတဲ့ ပို့ဆောင်ရေး ဝင်္ကပါကို အရေးအကြောင်းရှိရင် သုံးဖို့ မမေ့နဲ့အုံး”

“ဟုတ်ကဲ့။ အေးအေးဆေးဆေးနေပါ။ အန္တရာယ် အထပ်ထပ် ကြုံပြီးမှတော့ ဒီလိုမျိုး ရည်ရွယ်ချက်ကောင်းနဲ့ ခရီးတစ်ခု သွားရမှာဆိုတော့ ဘာအန္တရာယ်မှ မရှိလောက်ပါဘူး”

“ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိဘူး။ ညစာ စားပြီးမှ ပြန်တော့”

ဆရာတိနဲ့ ညစာစားပြီးမှ တော်ဝင် မှော်ပညာ အထက်တန်းကျောင်းကို ပြန်လာခဲ့လိုက်တယ်။

အဆောင်ရောက်တော့ ကုတင်ပေါ် ပက်လက်လှန်ရင်း ကျုပ် ရှောင်ကျင်းနဲ့ ခွဲရတော့မယ်လို့ တွေးနေမိလိုက်တယ်။ နဂါးတောင်ကြားကို သွားရမယ့် ခရီးမှာ ဘာတွေ ဖြစ်အုံးမလဲ မသိဘူး။ ကျုပ်နဲ့ နှစ်ပေါင်းများစွာ နေလာတဲ့ ရှောင်ကျင်းနဲ့ ခွဲရမယ့်အရေး ကျုပ်အရမ်းဝန်လေးနေမိတယ်။

နောက်နေ့ အတန်းသွားတက်တယ်။ ကျုပ် စာရွက်တစ်ရွက်ပေါ်မှာ စာကောက်ရေးလိုက်တယ်။

“မကြာခင် ကျောင်းပိတ်တော့မယ်။ နင့် အစီအစဉ်က ဘာလဲ”

“အိမ်ပြန်မယ်လေ။ နင်ကရော..”

“ငါနဲ့ အတူတူ ပြန်ရအောင်လေ”

နည်းနည်း သွေးတိုးစမ်းကြည့်လိုက်တယ်။

“အဆင်မပြေဘူး။ ငါ့အိမ်က အရမ်းစည်းကမ်းကြီးတယ်။ ကိုယ့်ဟာကိုယ်ပဲ ပြန်ကြတာ ပိုကောင်းပါတယ်”

သူပြန်ဖြေလိုက်မှ ကျုပ်စိတ်တွေ ထိုင်းမှိုင်းသွားတော့တယ်။

“ဒါဆိုလဲ မေ့လိုက်တော့မယ်။ နင် ငါ့ကို လိုက်မပို့စေချင်ဘူးဆိုမှတော့ ငါလဲ ဖြေရှင်းစရာတစ်ခုရှိတဲ့အတူတူ တစ်နေရာ သွားရအုံးမှာပေါ့”

“ဘယ်ကိုလဲ။ ဘာသွားလုပ်မှာလဲ”

“ရှောင်ကျင်းကို သူ့မိသားစုနဲ့ စုံနိုင်အောင် နဂါးတောင်ကြားကို ပြန်ပို့ရမှာ”

“နဂါးတောင်ကြားက အန္တရာယ်အရမ်းများတယ်။ မာခယ့်ကို လိုက်ပို့ခိုင်းရင် ပိုကောင်းမယ်။ ရှောင်ကျင်း နေခဲ့ရင် နင့်မှာ မှော်သားရဲ ရှိမှာ မဟုတ်တော့ဘူး”

“ပြဿနာမရှိပါဘူး။ ရှောင်ကျင်း သူ့မိသားစုနဲ့ စုံနိုင်ဖို့ပဲ အရေးကြီးပါတယ်။ လောလောဆယ် မာခယ်လဲ အလုပ်ရှုပ်နေတာဆိုတော့ သူ့ကို အနှောက်အယှက် မပေးချင်ဘူး။ ဒီတစ်ခေါက် ခရီးက အန္တရာယ်မဖြစ်နိုင်လောက်ဘူး ဆိုတော့ တစ်ယောက်တည်းပဲ သွားတော့မယ်”

“နင် စိတ်ညစ်နေတာလား”

“မဟုတ်ပါဘူး။ ဘာကြောင့် ညစ်ရမှာလဲ”

“ဒါဆို ဒီရက်ပိုင်း ဘာလို့ ငါ့ကို ပစ်ထားတာလဲ”

“ဘာကြောင့်လဲဆိုတာ နင်မသိဘူးလား။ နင်ဖွင့်ပြောလို့ မရနိုင်သေးတာတွေ မပြောချင်ရင်တောင် အစစ်အမှန် ခံစားချက်ကိုတော့ ပြောပြသင့်ပါတယ်”

ဒီတစ်ခါတော့ မူကျီ ခနငြိမ်နေပြီးမှ စာပြန်တယ်..

“ကျန်းကုန်း။ ငါတကယ်ကို ဘေးကြပ်နံကြပ်ဖြစ်နေတယ်။ ကျေးဇူးပြုပြီး ထပ်မမေးပါနဲ့တော့ဟာ။ ကောင်ကင်ဘုံက ငါတို့နှစ်ယောက် အတူတူနေရဖို့ စီစဉ်ထားရင် နင်နဲ့ ဆုံရမှာပဲလေ။ နင်ငါ့ကိုပေးခဲ့တဲ့ အစောင်(၁၀၀)မြောက် ရီးစားစာထဲက ပုံပြင်လေး မှတ်မိသေးလား။ တကယ်တမ်းကျ ငါလဲ အဲ့ဇာတ်လမ်းထဲက ကောင်မလေးနဲ့ တူနေတဲ့အပြင် နင့်ကိုငါ အကြွင်းမဲ့ ချစ်တယ်။ နင်ငါ့ကို စောင့်နိုင်မှာလား”

မူကျီနဲ့ ကျုပ်ကြားမှာ ပထမဆုံးအကြိမ် နှလုံးသားချင်းနီးသွားသလို ခံစားရတယ်။ ဝမ်းသာလိုက်တာဗျာ။

“ဒါပေါ့။ ငါ ကျေနပ်တယ်။ ငါနင့်ကို မယိမ်းယိုင်တဲ့ စိတ်နဲ့ စောင့်နေမှာ သေချာတယ်။ ငါနင့်ကို ဖက်ဖို့တောင် အားမရှိတော့တဲ့ အရွယ်ထိ မစောင့်ခိုင်းဖို့ပဲ မျှော်လင့်ရမှာပေါ့”

ကျုပ် ပြန်ဖြေလိုက်တော့ မူကျီ မျက်နှာနီရဲသွားပြီးမှ ကျုပ်ကို ကြည့်ပြီး ရီတော့တာ။

“နင် တော်တော် စိတ်တိုနေတယ်ပေါ့လေ။ နေ့လည်စာ အတူတူသွားစားကြမယ်လေ”

ကျုပ် ခေါင်းညိတ်ပြလိုက်ပေမယ့် ဘာမှ မရေးဖြစ်လိုက်ဘူး။ မူကျီနဲ့ နှလုံးသားချင်း နီးသွားသလို ခံစားရလို့ ကျုပ်စိတ်တွေ လန်းနေတယ်။

“တကယ်ဆို ဟိုင်ရှင်းက နင်နဲ့ အရမ်းလိုက်ဖက်တာ။ နင် သူ့ကို နာကျင်အောင် ဆက်မလုပ်သင်ဘူး”

ဒီတခါတော့ စာနဲ့မဖြေပဲ တိုးတိုးလေး ကပ်ပြောလိုက်တယ်။

“ငါသူ့ကို မထိခိုက်စေချင်ရင် ငါနာကျင်ရမှာပေါ့”

“ငါက အေးဆေးပါ။ ငါ့မွေးရပ်မြေမှာဆို မိန်မတွေတစ်ယောက်မက ယူတယ်ဆိုတာ ယောက်ျားလေးတွေအတွက် ပုံမှန်ပဲ။

“လူတစ်ယောက် တကယ်ကိုပဲ အချစ်တွေ မျှဝေပေးနိုင်တာလား။ ငါ့နှလုံးသားက နင့်တစ်ယောက်တည်းအတွက် ဖြစ်နေတာဆိုတော့ တခြားသူကို ပေးဖို့ မဖြစ်နိုင်တော့ဘူး။ ငါ့အချစ်တွေအားလုံး နင့်အပေါ် ပုံအောထားတာ မကောင်းလို့လား”

သူ ဘယ်လိုတွေးနေတယ်ဆိုတာ ကျုပ်ဖြင့် နားကိုမလည်တော့ဘူး။ အချစ်ကို ဝေစားမျှစား လုပ်ဖို့ စဉ်းစားနေတဲ့ပုံပဲ။

============= (*^*)=============

အပိုင်း( ၁၆၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters