နဂါးတောင်ကြားသို့ ပျံသန်းဝင်ရောက်ခြင်း
Vol. 11 Ch. 165
Child of light (ကျန်းကုန်း)
Volume 6: Chapter 9 - Flying into Dragon Valley
(၃)ရက်ကြာတော့ ဘုရားမြို့တော် အနောက်ဘက်ခြမ်းက နဂါးချိုင့်ဝှမ်းကို ရောက်လာခဲ့ပြီ။ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဟိုးဘက်က တောင်တန်းတွေကိုတောင် မြင်နေရတယ်။ ဒီနေရာက ကြည့်ရင် တိမ်တွေက တော်တော်တောင် နိမ့်နေသလိုပဲ။ တောင်တန်း တော်တော်များများကို အလယ်မှာထားပြီး ကောင်းကင်ထိအောင် ဖုံးနေသလိုပဲ။ ကြည့်ရတာ တော်တော်လှတာပဲ။ ဒေသခံတွေ ပြောတာတော့ တစ်နှစ်ပတ်လုံး ဘယ်ရာသီပဲဖြစ်ဖြစ် ဒီနေရာမှာ တိမ်တွေ ပျောက်မှာမဟုတ်ဘဲ အမြဲရှိနေလို့ တိမ်တောင်တန်းလို့ နာမည်ပေးထားတာတဲ့။
ကျုပ်လဲ ဘယ်လောက်ကြာမလဲ မသိနိုင်ဘူးဆိုတော့ ရက်(၂၀)စာလောက် ရေနဲ့ ရိက္ခာတွေ မြို့ထဲက ဝယ်ခဲ့လိုက်တယ်။
တိမ်တိုက်တွေ၊ မြူတွေနဲ့ တောင်ကြားထဲကို လှမ်းကြည့်လိုက်ယုံရှိသေး ကျုပ်ခန္ဓာကိုယ်ထဲမှာ အိပ်နေတဲ့ ရှောင်ကျင်းနိုးလာပြီး စိတ်မရှည်တော့တဲ့ ခံစားချက်တွေ ပေးနေတယ်။ ဒီကောင် အရင်က ဒီနေရာကို တစ်ခေါက်မှ မရောက်ဖူးပါဘူး။ သူ့အိမ်နဲ့ နီးနေပြီဆိုတာ ဘယ်လိုများသိပါလိမ့်။
သူ့ကို မကြာခင် အိမ်ပြန်ပို့ပေးမှာဆိုပြီး မနောနဲ့ပဲ ပြောပေးလိုက်တယ်။ ရှောင်ကျင်း သိသိသာသာကို စိတ်တွေ လှုပ်ရှားနေတာဗျ။ ပြီးတော့ သူ့စိတ်ထဲမှာ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေလဲ တွေ့ရတယ်။ ဒီနေရာက သူ့အနေနဲ့ တော်တော် ရင်းနှီးပြီး လွမ်းမောဖွယ်ကောင်းတယ်လို့တော့ ပြောတာပဲ။
တိမ်တောင်တန်းကြီးက တော်တော်လှတာပဲ။ မျက်စိတဆုံး တောင်တန်းတလျှောက်မှာ စိမ်းစိုနေရော။ လမ်းလျှောက်ရင်းနဲ့ တခါတရံ ကမ်းပါးရံတွေကနေ စမ်းရေစီးသံတွေတောင် ကြားရ မြင်ရသေးတယ်။ ဒီနေရာမှာ လူသူလေးပါး လှုပ်ရှားမှု ခြေရာလက်ရာ အရိပ်အယောင်တောင် မမြင်ရဘူး။
ရှောင်ကျင်းက အကောင်းဆုံး လမ်းပြ ဖြစ်လာတာပေါ့။ တောင်တန်း အတွင်းပိုင်းကို သူ့ခံစားချက်နောက်လိုက်ရင်း လှည့်ပတ် ဝင်လာခဲ့လိုက်တယ်။
အစပိုင်းတော့ ဖြတ်သွား ဖြတ်လာလူတွေရှိသေးတော့ သွားရလွယ်သေးတယ်။ ဒါပေမယ့် တစ်ရက်ပြီးတစ်ရက် လူသွားလမ်းတောင် မရှိတော့ဘဲ တောအုပ်ကြီး ဖြတ်လျှောက်ရတဲ့အထိပဲ။ ကျုပ်မှာ ခရီးတို နေရာရွှေပြောင်းနိုင်တယ်ဆိုပေမယ့် ဒီဒေသမှာ မိုးတော်တော် ကောင်းတယ်လေ။ ဒီတော့ မတော်လို့ ချောက်ကမ်းပါး ပေါ်များ မှားရွှေ့မိတာကနေ ကင်းဝေးအောင် လမ်းပဲလျှောက်တော့တယ်။
ကျုပ် အဝတ်အစားတွေလဲ ခြံနွယ်ပိတ်ပေါင်းတွေကြောင့် ပြဲစုတ်နေပြီ။ ကျုပ်တစ်ပတ်လည်မှာ အလွယ်သုံးလို့ရတယ် မှော်အကာအကွယ်မန္တန်ကို မဖြစ်မနေ သုံးခဲ့ရတော့တယ်။
သွားရလာရ ခက်ခဲကြမ်းတမ်းသလောက် ခံစားချက်တွေကတော့ အရမ်းတည်ငြိမ်နေတယ်။ ရှောင်ကျင်းနဲ့ ခွဲရမှာလဲ စိုးရိမ်မနေတော့ဘူး။ ဒီနေရာက လေတွေက အရမ်းလတ်ဆန်တယ်။ အသက်ပြင်းပြင်း ရှူလိုက်တိုင်း တစ်ကိုယ်လုံးကို ငြိမ်းသွားတဲ့အထိပဲ။
တောင်ပေါ်မှာ တိရစ္ဆာန်လေးတွေ ပေါပေမယ့် ကြမ်းကြမ်းတမ်းတမ်း သားရဲ တစ်ကောင်မှ မရှိဘူး။ ငှက်တွေမှ အမည်မဖော်နိုင်တဲ့ငှက်တွေရော၊ တခြား မသိတဲ့ တိရိစ္ဆာန်လေးတွေရော ရှိပ။ သူတို့လဲ ကျုပ်ကို အရေးမလုပ်ဘူး။ သူတို့ဟာသူတို့ ဝမ်းရေးအတွက် ဖြေရှင်းနေကြရတဲ့ပုံပဲ။ သဘာဝတရားကြီးနဲ့ ပေါင်းစပ်မိလိုက်သလိုပဲ။ ကျုပ် မျက်လုံးထဲမှာ အရာအားလုံး ပြီးပြည့်စုံနေတယ်။
.
ညရောက်တော့ သစ်ပင်မြင့်ကြီး တစ်ပင်ပေါ်မှာ အိပ်ပျော်သွားတယ်။ ကျုပ်နှလုံးသားမှာလဲ ငြိမ်းအေးပြီး ဒီနေရာ ရောက်လာလို့ အေးချမ်းနေသလို ခံစားလိုက်ရတယ်။
တောင်တန်းပေါ်မှာ (၅)ရက်လောက်ကြာတော့ ရှောင်ကျင်းဆီကနေ ခံစားချက်တွေ ပိုပြင်းထန်လာတယ်။ ရှောင်းကျင်းသာ လမ်းမပြရင် ကျုပ်တစ်သက်လုံး နဂါးတောင်ကြားရဲ့ အစစ်အမှန်တွေကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျုပ်မသိခဲ့မိဘူး။
တောအုပ်ကြီး တစ်ခုကို ဖြတ်ထွက်လာတော့ ကျုပ်မျက်လုံးထဲမှာ ရေကန်းကြီးတစ်ခု တွေ့လိုက်ရတယ်။ ကျုပ် တော်တော်ကို အမြင့်ပိုင်း တစ်နေရာ ရောက်နေတာပဲ။ အင်တုံ တစ်လုံး အရွယ်လောက်ပဲ လှမ်းမြင်နေရာတယ်။ ရေကန်နဲ့ ကျုပ်ခြေဖဝါးကြားမှာ တိမ်တွေ မြူခိုးတွေနဲ့။ ကြည့်ရတာ ကျုပ်ခရီးပန်းတိုင် ရောက်ပြီထင်တယ်။ ဒါ ဒဏ္ဍာရီလာ နဂါးတောင်ကြား ဆိုတာပေါ့လေ။
အောက်ဆင်းဖို့ လမ်းကြောင်းရှာရတာ တော်တော် ခက်တာပဲ။ အစကတော့ ပျံဆင်းမလို့ စိတ်ကူးလိုက်ပေမယ့် ကျုပ် တိုက်ပွဲစိတ်ဝိညာဉ်က ပြီးပြည့်စုံသေးတာ မဟုတ်ဘူးလေ။ အင်တုံလို ဖြစ်နေတဲ့ ချောက်ကမ်းပါးပေါ်ကနေ ဆင်းရင်းနဲ့ ကျုပ်တိုက်ပွဲစိတ်ဝိညာဉ် ကုန်သွားမယ်ဆိုရင် ကျုပ် အရိုးတွေ ကျေမွသွားမှာ မတွေးဝံ့စရာပဲ။
ရုတ်တရက် စိုးရိမ်စိတ်တွေနဲ့အတူ အပြင်ထွက်လာချင်တယ်ဆိုပြီး ရှောင်ကျင်း ကျုပ်ခန္ဓာကိုယ်ထဲကနေ လှမ်းပြောနေတယ်။
မတတ်သာတော့ဘဲ ရှောင်ကျင်းကို လွှတ်ပေးလိုက်ရတယ်။ သူ့ခန္ဓာကိုယ်ကြီးနဲ့ ကျုပ်ဘေးမှာ ရပ်နေလေရဲ့။ သူ့မျက်လုံးထဲမှာ အခိုးအငွေ့တွေ အပြည့်နဲ့ကို သတိမထားဘဲ ထူးခြားကျယ်လောင်တဲ့ နဂါးအော်သံ တစ်ခု ထွက်လာတယ်။ အဲ့အသံမှာ ဘုရင်တွေရဲ့ လွှမ်းမိုးမှုမျိုး အပြည့်ပဲ။
ပတ်ပတ်လည်က မြူခိုးတွေတောင် သူ့အသံကြောင့် မီတာ(၃၀)လောက် နောက်ဆုတ်သွားတယ်။ ကျင့်ကြံမှုကောင်းတဲ့ ကျုပ်တောင် နည်းနည်း ဟန်ချက်ပျက်သွားတယ်။ သူဘာတွေ လုပ်နေလဲသိချင်လိုက်တာ။ မရေတွက်နိုင်လောက်အောင် တုန့်ပြန်တဲ့ အသံတွေ ဟိုးအောက်က ရေကန်ထဲကနေ ကြားလိုက်ရတယ်။ ရှောင်ကျင်း ကျုပ်ကို သူ့ကျောပေါ် ထိုင်ခိုင်းနေတယ်။
ဒီကောင် ပျံဆင်းချင်နေပုံပဲ။ အရင်က ရှောင်ကျင်းကို တခါမှ မစီးဖူးသေးဘူး။ ဒါ ကျုပ်အတွက်တော့ ပထမဆုံး အခွင့်အရေးပဲ။ ကျုပ် အသာလေးပဲ သူ့ကျောပေါ် တက်ပြီး ထိုင်ချလိုက်တယ်။ ကျုပ်ကို မတ်မတ် ထိုင်ဖို့ သတိပေးပြီး သူ့ အတောင်ကြီး ခတ်လိုက်တော့တယ်။
ကျုပ်မှာြဖင့် သူ့ကျောပေါ်က ဆူးတောင်ကြီးကို အမြန်ကိုင်ပြီး စိတ်လှုပ်ရှားလိုက်တာဗျာ။
ရှောင်ကျင်းကတော့ ပိန်းပိတ်နေတဲ့ မြူခိုးတွေထဲကို ထိုးခွဲဝင်နေလေရဲ့။ ကျုပ်နားထဲမှာတော့ လေသံတွေ တဝီဝီနဲ့ ပြည့်နေရော။ သူကတော့ နဂါးဟိန်းသံအရှည်ကြီးကို ထပ်ခါထပ်ခါ အော်နေလေရဲ့။ သူပြန်လာပြီဆိုတာ သူ့မိသားစုကို အသိပေးနေသလိုပဲ။
နောက်ဆုံးတော့ ချိုင့်ဝှမ်းအောက်ခြေရောက်ပြီး မြေပြင်ရောက်တော့ ရှောင်ကျင်းလိုမျိုး တခြား နဂါးတွေရှိနေတာ တွေ့လိုက်ရတယ်။
ပထမတော့ နဂါးပြာနဲ့ နဂါးနီ (၂)ကောင် စော့နေတာ မြင်လိုက်ရတယ်။ သူ့တို့ ခေါင်းတွေလဲ ရှောင်ကျင်းလောက်ကို ရှိတာ။ ရှောင်ကျင်း ရောက်လာတာ မြင်တော့ တခြားနဂါးတွေနဲ့အတူ တိုင်ပင်စရာမလိုပဲ ခေါင်းတွေကို ပြိုင်တူငုံပြီး အသံတိုးတိုးပေးလိုက်ကြတယ်။
ပြီးတော့ အသံနက်ကြီးနဲ့ ပြင်းထန် အားကောင်းလွန်းတဲ့ အသံတစ်ခု ရောက်လာတယ်။
“နဂါးမျိုးနွယ်တို့ရဲ့ဘုရင်ကို ကြိုဆိုပါတယ်…”
အစိမ်းရောင် နဂါးခေါင်းကြီးတစ်လုံး ကျုပ်ရှေ့ပေါ်လာတယ်။ သူ့ခေါင်းနဲ့ ရှောင်ကျင်း ခေါင်း ယှဉ်ကြည့်မယ်ဆိုရင် လူကြီးနဲ့ ကလေးလေးလိုပဲ။ သူ့စကားသံအရဆို အသက်(၈၀၀၀)လောက် ရှိလောက်ပြီ။ စကားပြောနိုင်၊ တည်ငြိမ် ရင့်ကျက်တဲ့ အဆင့်တွေနဲ့ဆိုတော့ ဒီနဂါးကြီး ဟိုအရင်ခေတ်ကတည်းကဆိုတာ သိသာတယ်။
ရှောင်ကျင်းကတော့ ဒီလောက် စွမ်းအားပြင်းတဲ့ နဂါးစိမ်းကြီးကို နည်းနည်းမှ မကြောက်ဘဲ စိုက်ကြည့်နေလေရဲ့။
နဂါးစိမ်းကြီးက..
“ကလေး။ မင်းမိဘတွေ မင်းကို စောင့်နေတာ ဘယ်လောက်တောင် ကြာပြီဆိုတာ သိရဲ့လား။ အဲ့တုန်းကဆို မင်းပျောက်သွားလို့ သူသတို့တွေ အရမ်းစိတ်ပျက်သွားကြတာ်။ မင်းဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ”
ပြီးတော့ ရှောင်ကျင်း ကျောပေါ်ကို သတိထားမိသွားပြီး ချက်ချင်းဒေါသထွက်သွားတယ်။
“ငါတို့ နဂါးဘုရင်ရဲ့ ကျောပေါ် ထိုင်ရလောက်အောင် သတ္တိတွေ ကောင်းနေတယ်ပေါ့။ ငရဲကို သွားလိုက်တော့”
ရှောင်ကျင်း ပျော့ညံ့ရတဲ့ အဓိကတရာခံလို့ ထင်သွားတဲ့ပုံပဲ။ ဒါပေမယ့် ရှောင်ကျင်း ဘယ်လိုအားနည်းတယ်ဆိုတာ သိချင်လိုက်တာ။ အဲ့ကောင်ကြီး ရူးများနေလားမသိဘူး။
ကျုပ် ရှင်းပြချင်ပေမယ့် နဂါးစိမ်း အမြီးကြီးနဲ့ ကျုပ်ကို ရိုက်ပြီးပွတ်ဆွဲလိုက်တယ်။ ရှောင်ကျင်း စိတ်တိုသွားပြီး နဂါးအငွေ့အသက်တွေ ခပ်ပြင်းပြင်း ထုတ်ပြီး အဲ့ဟာကြီးကို ကာဖို့ ကြိုးစားလိုက်တယ်။
နဂါးစိမ်းကြီး မလှုပ်မယှက်နေပြီး ရှောင်ကျင်းရဲ့ အငွေ့အသက်တွေ သူ့ကို ထိသွားတာတောင် သူ့အမြီးက ကျုပ်ဆီ တည့်တည့်ဝင်လာနေတုန်းပဲ။
စဉ်းစားဖို့ အချိန်မရတော့တဲ့အတူတူ ကျုပ်လဲ အပြင်းထန်ဆုံး ခံစစ်မန္တန်ကို ချက်ချင်း ထုတ်သုံးလိုက်တယ်။ ကျုပ် နေရာရွှေ့ပြောင်းချင်ပေမယ့် နဂါးစိမ်းကြီး အမြီးရိုက်ချက်က ပတ်ဝန်းကျင် လေဟာနယ်တွေကို မာတောင့်သွားတဲ့အထိဆိုတော့ မလုပ်နိုင်တော့ဘူး။
နဂါးချင်းအတူတူ ဘာလို့များ ဒီလောက်တောင် ခွန်အားတွေ ကွာသွားပါလိမ့်။
============= (*^*)=============
အပိုင်း( ၁၆၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား