← Chapters

ကြိုတင်ပြင်ဆင်ထားရင် အာမခံချက်ရှိတယ်

Vol. 10 Ch. 142

ကြိုတင်ပြင်ဆင်ထားရင် အာမခံချက်ရှိတယ်

Vol. 10 Ch. 142

အခန်း (၁၄၂) ကြိုတင်ပြင်ဆင်ထားရင် အာမခံချက်ရှိတယ်

လင်ကျိုး လက်ဖဝါးကို ဖြန့်လိုက်သည်။

သူ၏လက်ဖဝါးထက်တွင် ပြိုးပြိုးပြက်ပြက်တောက်ပနေသည့် ကြက်ဥလုံးအရွယ် ခရမ်းရောင်အလုံးတစ်လုံး ရှိနေပြီး တောက်ပသည့်အလင်းရောင်များ လှည့်ပတ်နေသည်။

ခရမ်းရောင်အလုံးထဲမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အငွေ့အသက်တစ်ခု ထွက်ပေါ်နေပြီး ထိုအငွေ့အသက်က  လေထဲပျံတက်သွားကာ လင်ကျိုးကို လှည့်ပတ်နေသည်။

ထိုပစ္စည်းသည်ကား တာ့ပေဘိုးဘိုး ပိုင်ဆိုင်ခဲ့သည့် “အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ” ပင် ဖြစ်သည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက ခရမ်းရောင်အလုံးပုံစံဖြင့် ချုံ့ထားပြီး ပုံရိပ်ယောင်တစ်ခုနှင့် ဆင်တူသည်။

ကြေးမုံမှန်ထဲသို့ ကြည့်လိုက်သည့်အခါ အားဟူနှင့် ရန်ကျောက်ကဲတို့ကို မတွေ့ရတာ့ပေ။ နေရာတိုင်းတွင် ချော်ရည်ပူများ လျှံထွက်နေပြီး မီးတောက်များလွှမ်းခြုံနေသည့် ကမ္ဘာတစ်ခုသာ ရှိတော့သည်။

လင်ကျိုး‌ ရောက်ရှိနေသည့် ဝိညာဉ်စွမ်းအား ဗဟိုချက်သည်လည်း တဖြည်းဖြည်း ပြိုကျပျက်စီးတော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

တစ်ဖက်တွင် တောက်လောင်နေသည့် မီးတောက်များက ပိုမိုပြင်းထန်လာပြီး အခြားတစ်ဖက်မှ အေးခဲနေသော အအေးဓာတ်က မျှခြေကိုထိန်းထားရန် အစွမ်းကုန် ကြိုးစားနေသည်။

လင်ကျိုး၏ နှုတ်ခမ်းများထက် အပြုံးတစ်စ ထင်ဟပ်လာပြီး သူက အောက်ဘက်သို့ ခြေထောက်တစ်ချက် နင်းချလိုက်သည်။ သူ့ခြေထောက်က ဝိညာဉ်စွမ်းအားအစီအရင်၏ ဝိညာဉ်သင်္ကေတများထက်သို့ လေးလံစွာ ကျဆင်းသွားသည်။

ထိုအခါ ဝိညာဉ်အစီအရင်တစ်ခုလုံး မတည်မငြိမ်ဖြစ်လာပြီး အေးခဲနေသည့် အအေးဓာတ်က စတင်ပြိုကျလာကာ ဝိညာဉ်သင်္ကေတများ ကွဲအက်သွားပြီး အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုသို့အကျိုးသက်ရောက်မှုက တာ့ပေဘိုးဘိုး နေထိုင်ရာနေရာတစ်ခုလုံးသို့ ရိုက်ခတ်သွားသည်။ ခေါင်းတလားတည်ရှိရာ မြေအောက်ချော်ရည်ပင်လယ်ကြီးသည် ကော်းကင်ထက်သို့ ပျံတက်လာပြီး မြေကြီးတစ်ခုလုံးကို တုန်ခါသွားသည်။ ထိုအခါ အပေါ်ဘက်မှ ရေခဲခန်းမကြီးမှာ ပြိုကျစပြုလာ၏။

ရေခဲခန်းမ အပြင်ဘက်မှ အေးစိမ့်သည့် ရေခဲမြူခိုးများကတော့ ကန်ရေပြင်တစ်ခုအလား ဒေါသတကြီးဖြင့် လှိုင်းများထန်နေသည်။

ဂူသင်္ချိုင်းအတုဖြစ်သော ရေခဲခေါင်းတလားအတွင်းမှ လျှို့ဝှက်ယန္တရားများကို အသက်သွင်းသလို ဖြစ်သွားပြီး ရေခဲခေါင်းတလားကြီးက တဖျတ်ဖျတ်လင်းလက်လာကာ အဖျက်စွမ်းအားများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

မြေအောက်ချော်ရည်ပင်လယ်အတွင်းမှ ပြင်းထန်သောမီးတောက်များနှင့် အပေါ်ထပ်မှ ပြိုကျလာသည့် ရေခဲခန်းမကြီးမှ ပြင်းထန်သောပြောင်းလဲမှုများ ပေါင်းစည်းသွားပြီး နေရာတစ်ခုလုံး တုန်လှုပ်လာသည်။

တာ့ပေဘိုးဘိုး ချန်ထားခဲ့သည့် ဝိညာဉ်စွမ်းအား အစီအရင်တစ်ခုလုံး ပြိုကျလာပြီး ပြောင်းပြန်လှည့်ပတ်သွားကာ မူလက မူလက ချောမွေ့စွာစီးဆင်းနေသည့် တန်ခိုးစွမ်းအားများက ချက်ချင်းပင် ရိုင်းစိုင်းကြမ်းတမ်းလာပြီး ကြောက်မက်ဖွယ်ရာစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ရေခဲနှင့်မီးများ ပေါင်းစပ်သွားပြီး ငရဲခန်းတစ်ခု ဖြစ်ပေါ်လာသည့်အလား ထင်မှတ်ရသည်။

လင်ကျိုး ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ ဝိညာဉ်စွမ်းအားအစီအရင်ကို ထားရစ်ခဲ့ကာ ဥမင်တစ်ခုလုံး ပွင့်ထွက်ပြိုကျမသွားခင် ဆုတ်ခွာသွားတော့သည်။

မြေအောက်ချော်ရည်ကမ္ဘာတွင် ရန်ကျောက်ကဲနှင့်အားဟူ မတ်တတ်ရပ်နေသည့် ကြီးမားလှသော ကျောက်တုံးကြီးသည် ချော်ရည်မြစ်အတွင်းသို့ စတင်ပြိုကျပျက်စီးနေလေပြီ။

တောက်လောင်နေသည့် မီးတော်ကများက ပေါက်ကွဲထွက်နေပြီး ‌ချော်ရည်ကျောက်ခဲများ လွင့်ပျံလျှက် ကောင်းကင်ပြိုကျပြီး မြေကြီးလဲပြိုသွားသည့်အလား ထင်မှတ်ရသည်။

အားဟူမှာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ခဏမျှ စကားမပြောနိုင်ဖြစ်သည်။

အတန်ကြာမှ...

“ခေါင်းတလားကိုတောင် မထိရသေးဘူး ဘာလို့ဒီလိုဖြစ်ရတာလဲ ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို လင်ကျိုးယူသွားလို့ ဒီလိုမျိုးပြောင်းလဲမှုတွေ ဖြစ်သွားတာလား”

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း...

“ဝိညာဉ်စွမ်းအားအစီအရင်ရဲ့ ဗဟိုချက်ကနေ တစ်ယောက်ယောက်က တန်ခိုးစွမ်းအားစီးဆင်းမှုကို ပြောင်းပြန်လှန်လိုက်ရင် ဒီလို ဖြစ်သွားနိုင်တယ်”

အားဟူက မျက်နှာတစ်ခုလုံး ရှုံ့မဲ့ရင်း ဆိုသည်။

“ဒီလိုအန္တရယ်ကြီးတဲ့ စွမ်းအားကြီးကို သိုင်းဆရာသခင်တွေတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း...

“ရှေးလူကြီးတွေပြောတာ တကယ်မှန်တယ် ၊ ကြိုတင်ပြင်ဆင်ထားရင် အာမခံချက်ရှိတယ်တဲ့”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ၏ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ သူ၏ဘယ်ဘက်လက်ကောက်ဝတ်တွင် ကြိုးပါးပါးလေးတစ်ခုဖြင့် ချည်နှောင်ထားသည့် လွန်းပြန်ယာဉ်ပုံသဏ္ဍန် ကျောက်တုံးလေးတစ်တုံးရှိနေသည်။ ထိုကျောက်တုံးက သွေးနီရောင်မီးတောက်ပမာ တောက်ပနေပြီး လွန်းပြန်ယာဉ်လေးတစ်စင်းအလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲက ထိုကျောက်တုံးလေးကို ချွတ်လိုက်ပြီး သူ၏ကြယ်တာရာချီစွမ်းအားဖြင့် ပေါင်းစပ်လိုက်သည်။ သေးငယ်သည့်ကျောက်တုံးလေးက ချက်ချင်းပင် အရွယ်အစား တဟုန်ထိုးကြီးမားလာပြီး (၂)ပေအရှည် ၊ ထုထည်လက်မောင်းလုံးခန့် ရှိလာသည်။

ထိုအရာက ရန်ကျောက်ကဲကိုယ်တိုင်ပြုလုပ်ထားသည့် မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ် ဖြစ်သည်။

ရန်ကျောက်ကဲက လွန်းပြန်ယာဉ်လေးကို လက်ဖြင့်အသာပုတ်လိုက်ရင်း...

“ခုလိုအခြေအနေမျိုးမှာ ဟို မှော်ဝင်ပစ္စည်း (၂)ခုက ဘာမှ မကူညီနိုင်ပေမယ့် ဒါလေးကတော့ မတူဘူး ၊ အန္တရယ်များတဲ့ ရတနာပစ္စည်းတွေ ရှာဖွေစူးစမ်းတဲ့အခါ ဒါလေးက မရှိမဖြစ်လိုအပ်တဲ့ ကိရိယာလေးပဲ”

ရန်ကျောက်ကဲ လက်ဖြင့်ထိလိုက်သည်နှင့် (၂)ပေ ရှည်လျားသည့် လွန်းပြန်ငယ်သည် ထပ်မံကြီးထွားလာပြီး လှေငယ်အရွယ်အစား သလင်းလွန်းပြန်ယာဉ်တစ်စင်းအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

အားဟူ အံ့သြမှင်တက်နေစဉ်မှာပင် ရန်ကျောက်ကဲက အားဟူလက်ကို ဖမ်းဆွဲလိုက်ပြီး သူတို့နှစ်ယောက် မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်အတွင်းသို့ ခုန်ဝင်လိုက်ကြသည်။

ထို့နောက် မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်သည် တောက်လောင်နေသော အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချော်ရည်မြစ်ထဲသို့ တိုးဝင်သွားတော့၏။

လွန်းပြန်ယာဉ်ထဲရောက်မှ ပါးစပ်အဟောင်းသားဖြစ်နေသည့် အားဟူမှာ ပါးစပ်ပြန်စေ့သွားသည်။

သူက မျက်မြင်တွေ့ရသည်ကို မယုံကြည်နိုင်ဘဲ လွန်းပြန်ယာဉ်ကို လက်ဖြင့်ပွတ်သပ်ရင်း...

“သခင်လေး... ဒါက... ဒီမြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်က ဒီလိုမျိုး အသုံးပြုရတာလား”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးဖြင့်ပင်...

“မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်လေ... သူ့နာမည်အတိုင်းပဲပေါ့ ၊ တခြားဘာလုပ်လို့ရမယ်လို့ မင်းကထင်လို့လဲ”

အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...

“ဒါက လူတွေကို ခေါ်ဆောင်သွားနိုင်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး ၊ ကျွန်တော်က လမ်းကြောင်းရှာတာတို့ ၊ ကင်းထောက်လုပ်တာတို့မှာ အသုံးပြုတာလို့ ထင်ခဲ့တာ”

ရန်ကျောက်ကဲက...

“အင်း... လမ်းရှာဖွေဖို့ ၊ ကင်းထောက်လုပ်ဖို့ဆိုတာတွေကလည်း တကယ်တော့ မမှားပါဘူး”

ရန်ကျောက်ကဲက ခေါင်းမော့လိုက်ပြီး လွန်းပြန်ယာဉ်အပြင်ဘက်တွင် တောက်လောင်နေသည့် မီးတောက်များနှင့် လျှံထွက်လာသည့် ချော်ရည်ပူများကို ကြည့်လိုက်သည်။ ထိုအရာများက မြေအောက်ထိုးခွင်းလွန်းပျံယာဉ်ကို အချိန်မရွေး ပျက်စီးသွားစေနိုင်သည်။

ရန်ကျောက်ကဲ သူ့နှုတ်ခမ်းကို လက်ဖြင့်အသာထိကိုင်လိုက်ရင်း...

“ဒီနေရာက နည်းနည်းအန္တရယ်များတယ် ၊ ဒီလိုနေရာမှာ အချိန်နည်းနည်းကြာသွားတာနဲ့ မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ် တစ်စစီအက်ကွဲသွားလိမ့်မယ်”

ထိုစကားကြောင့် အားဟူ အံ့သြတုန်လှုပ်သွားပြီး “ထိုအချိန်‌ရောက်လျှင် ဘာလုပ်မည်လဲ” ဟု မေးရန် ဟန်ပြင်လိုက်စဉ် သလင်းလွန်းပြန်ယာဉ်က ချော်ရည်အလွှာကိုဖြတ်သန်းဖောက်ထွက်သွားသည်။ ခပ်မှိန်မှိန်လင်းနေသည့် အလင်းရောင် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားသည်။

နောက်ကိုလှည့်ကြည့်လိုက်တော့ ကြက်သွေး‌ရောင်တောက်နေသည့် မီးနှင့် ချော်ရည်များကို တွေ့မြင်ရဆဲ ဖြစ်သည်။

သို့သော် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်သည် ကျောက်လွှာအတွင်းပိုင်းသို့ နက်ရှိုင်းစွာထိုးဖောက်ဝင်‌ရောက်သွားပြီး မီးတောက်များနှင့် ‌ချော်ရည်ပူများကြားမှ လွတ်မြောက်သွားခဲ့သည်။

ရန်ကျောက်ကဲက...

“ကံကောင်းတာက အစကတည်းက ဒီလွန်းပြန်ယာဉ်က ခုခံဖို့မဟုတ်ဘဲ လွတ်မြောက်ထွက်ပြေးဖို့ ရည်ရွယ်ခဲ့တာပဲ”

“ဒါပေမဲ့ ဒီပုံအတိုင်းဆိုရင်တော့ ဒီမြေအောက်ထိုးခွင်းလွန်းပြန်ယာဉ် အသက်ဓာတ်စွမ်းအားတွေ အများကြီး ပျက်စီးသွားလိမ့်မယ် ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ ပြန်ပြုပြင်ရင်တောင်မှ လက်ရှိအခြေအနေပြန်ရောက်လာအောင် အချိန်အများကြီး စောင့်ဆိုင်းရလိမ့်မယ်”

စကားပြောနေရင်း ရန်ကျောက်ကဲက အနည်းငယ်မှင်တက်သွားပြီး အရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။

အားဟူကတော့ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

ဘေးကင်းစွာ လွတ်မြောက်ပြီဟု ခံစားရပြီးနောက် အားဟူက တစ်စုံတစ်ခုကို တွေးတောမိဟန်ဖြင့် အံကြိတ်လိုက်ရင်း...

“သခင်လေး... အဲဒီ လင်ကျိုးဆိုတဲ့ကောင် ကျွန်တော်တို့ကို တမင်သက်သက် လုပ်ကြံတာမဟုတ်လား”

ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ပြီး...

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစအတွက် တိုက်ခိုက်ကြတာပဲ ၊ ဘယ်နည်းလမ်းကိုမဆို ငါတို့တွေ အသုံးပြုလို့ရတယ်လေ”

သူက ဆက်ပြောသည်။

“ပုံမှန်ဆိုရင်တော့ သူက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ရသွားတာနဲ့ ပြန်ထွက်သွားမှာပဲ ၊ ထိပ်တိုက်မတွေ့ဘဲနဲ့ ရန်သူနဲ့ သူသေကိုယ်သေ တိုက်ခိုက်စရာမလိုသလို သတ်စရာလည်း အကြောင်းမရှိဘူးလေ”

“ဒါပေမဲ့ ငါ့အခြေအနေက နည်းနည်းထူးခြားတယ်ကွာ ၊ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက မဟာမိတ်ဆိုတာကိုလည်း မေ့ထားလို့မရဘူး ၊ ပြီးတော့ အဆုံးမဲ့တောင်တန်းဘက်က သတင်းနည်းနည်းပေါက်ကြားသွားတယ် ၊ အဆုံးမဲ့တောင်တန်းကို မိုးကြိုးဝိညာဉ်ကျောက်စိမ်းခိုးယူဖို့ ငါ အကြံပေးလိုက်တယ်ဆိုတာကို ဒီကောင်တွေသိသွားတော့ ငါ့ကို သေစေချင်ကြမှာပဲ”

“ဒီရက်တွေအတွင်း ကောင်းကင် ၊ ရေ ၊ တောင်တန်း မဟာမိတ် (၃)ဖွဲ့နဲ့ မိုးကြိုး ၊ မီး မဟာတ်မိတ်တွေ မျက်နှာပျက်စရာကိစ္စတွေ အများကြီးဖြစ်ခဲ့တယ် ၊ ကောင်းကင်မိုးကြိုးခန်းမက တိုက်ရိုက်ပင်မတပည့်တစ်ယောက်အနေနဲ့ ငါ့ကိုသတ်လိုက်မယ်ဆိုရင် သူ့အနေနဲ့ ဆုလာဘ်တွေ အများကြီးရမှာလေ”

ရန်ကျောက်ကဲ၏ မျက်ဝန်းများထဲ အလင်းရောင်တစ်ချက် တောက်ပသွားပြီး သူက ခပ်တိုးတိုးလေသံဖြင့်...

“သူ့မှာ ငါ့ကိုရှင်းပစ်ချင်နေတဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတစ်ခုလည်း ရှိကောင်းရှိနေနိုင်တာပေါ့ကွာ”

အားဟူ၏ မျက်နှာက ရှုံ့မဲ့သွားပြီး...

“ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်ရတာလဲ ၊ သူ့ကို အစအဆုံး မတွေ့လိုက်ရပေမယ့် ဝိညာဉ်စွမ်းအားအစီအရင်ထဲကို ကျွန်တော်တို့ ဝင်လာလည်း အရမ်းနောက်မကျပါဘူး”

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်ရင်း...

“သူ့ထက်သူလူစွမ်းကောင်း ၊ ကောင်းကင်ထက်မြင့်တဲ့ ကောင်းကင်ပေါ့ကွာ”

ထို့နောက် ရန်ကျောက်ကဲက လက်များကို ဆန့်ထုတ်လိုက်ပြီး မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်၏ နံရံပေါ်သို့ ဖိနှိပ်လိုက်ကာ ကြယ်တာရာချီစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ထိုအခါ လွန်းပြန်ယာဉ်၏ ဦးတည်ရာက အနည်းငယ် ပြောင်းလဲသွားသည်။

အားဟူက စိတ်ဝင်တစားဖြင့်...

“သခင်လေး... ဘာလုပ်လိုက်တာလဲ”

ရန်ကျောက်ကဲက မျက်လုံးများမှေးမှိတ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားများကို အထွတ်ထိပ်အဆင့် မြှင့်တင်လိုက်သည်။

“တာ့ပေဘိုးဘိုးက လျှို့ဝှက်နေထိုင်ဖို့အတွက် အရှေ့နှင်းတောင်တန်းတွေကိုရွေးချယ်တာ တခြားအကြောင်း မရှိနိင်ဘူး ၊ အချိန်တွေကြာတာတောင်မှ ကျောက်ခေါင်းတလားပေါ်က မီးတောက်စာလုံးတွေ ပျက်စီးမသွားသေးတာ မင်း တွေ့တယ်မလား”

အားဟူက...

“ဟုတ်ကဲ့... ‘အလွန်တရာဝမ်းနည်းခြင်း’ လို့ ရေးသွားတာကိုကြည့်ရရင် သူ အတော်လေးများ နောင်တနဲ့ပူဆွေးခြင်းတွေ ခံစားခဲ့ရတာလား မသိဘူး”

ရန်ကျောက်ကဲက...

“တာ့ပေဘိုးဘိုးမသေခင် ဘာလို့ ဒီလောက်ဝမ်းနည်းပူဆွေးဖြစ်ခဲ့ရတယ်လို့ မင်းထင်သလဲ”

အားဟူက မဝံ့မရဲဖြင့် ခေါင်းကုတ်ရင်း ဖြေသည်။

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစရခဲ့တာကို သူ နောင်တရနေတာလား ၊ အဲဒီပစ္စည်းကြောင့် တစ်လျှောက်လုံး လူ့လောကထဲမလာဘဲ ပုန်းအောင်းနေရလို့လေ”

ရန်ကျောက်ကဲက မျက်လုံးများကို မှိတ်ထားရင်း လက်တစ်ဖက်ကို ပင့်မြှောက်ကာ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ထက်တွင် လျှင်မြန်စွာ သင်္ကေတများ ရေးသားလိုက်သည်။ ထို သင်္ကေတများမှာ တာ့ပေဘိုးဘိုး၏ ဝိညာဉ်စွမ်းအားအစီအရင်မှ သင်္ကေတများနှင့် ဆင်တူသည်။

“မင်းပြောတာ ဖြစ်နိုင်ခြေရှိတယ် ၊ ဒါပေမယ့် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်”

ရန်ကျောက်ကဲက ဖြည်းညင်းစွာ ဆက်ပြောသည်။

“တာ့ပေဘိုးဘိုးက သူ ဖြစ်ချင်တဲ့ဆန္ဒတွေ မဖြစ်ရလို့ နောင်တရတာလည်း ဖြစ်နိုင်တယ် ၊ သူ့အစီအစဉ်တွေ မအောင်မြင်ခင် အသက်ရှည်ခြင်းလမ်းစဉ်ကို မလျှောက်လှမ်းနိုင်ဘဲ သေဆုံးရတော့မှာဖြစ်လို့ နောင်တရပြီး ကြေကွဲဝမ်းနည်းတာမျိုးပေါ့”

ဝိညာဉ်သင်္ကေတများထွက်ပေါ်လာသည်နှင့် မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်၏ ဦးတည်ချက် ထပ်မံပြောင်းလဲသွားကာ အရှေ့ဆီသို့အဆက်မပြတ် ရွေ့လျားနေသည်။

ခဏအကြာတွင် ရန်ကျောက်ကဲနှင့် အားဟူတို့မျက်လုံးရှေ့တွင် ရုတ်တရက် တောက်ပလင်းလက်သည့် အလင်းရောင်များ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရပြီး မြေအောက်ကမ္ဘာသည် ရုတ်ချည်းပင် အလင်းတန်းများဖြင့် ပေါက်ကွဲထွက်သွားလေ၏။

All Chapters