လင်းရီနဲ့ ရင်းနှီးနိုင်မယ့် အခွင့်အရေး တစ်ခု
Vol. 92 Ch. 1371
နောက်တစ်နေ့ နံနက်ခင်းတွင် လီချူးဟန်သည် စောစီးစွာ အိပ်ရာနိုးလာခဲ့၏။
“ နည်းနည်း ဆက်အိပ်လိုက်ဦး… ကောင်တီ ဆေးရုံက ဒီနဲ့ ဝေးတာမဟုတ်ဘူး.. ငါ ရှင်းရှင်းနဲ့ သွားလိုက်မယ်…” အိပ်ချင်မူးတူး ဖြစ်နေသည့် လင်းရီကို ကြည့်ပြီး လီချူးဟန် ပြောလိုက်၏။
“ ငါ လိုက်ပို့ပေးပါ့မယ်… ငါလည်း လုပ်စရာလေး ရှိလို့ ရုံးကို သွားရမှာက သွားရမှာပဲ… မင်းတို့နဲ့ တခါတည်း အတူသွားလိုက်မယ်…”
“ ဒါဆိုလည်း ငါနင့်ဖို့ အဝတ်တွေ ထုတ်ထားပေးမယ်… ထပြီး မျက်နှာသစ်တော့…”
“ အင်း..”
မျက်နှာသစ်ပြီးနောက် သုံးယောက်သား တွေ့ဆုံ၍ မနက်စာ အတူစားကြ၏။
လင်းရီ သူတို့ နှစ်ယောက်ကို ဆေးရုံသို့ လိုက်ပို့ပေးပြီး ရုံးခန်းသို့ ပြန်လာသည်။ ထို့နောက် အင်တာဗျူးလာလုပ်မည့် သူများအား စောင့်ဆိုင်းနေလိုက်၏။
တစ်ချိန်တည်းတွင် တီကွမ် SUV တစ်စင်းသည် တုံးစန်းကောင်တီသို့ ဦးတည်မောင်းနှင်လာနေသည်။
ကားထဲတွင် လူနှစ်ယောက် ထိုင်နေပြီး နှစ်ယောက်လုံးကလည်း ငယ်ရွယ်နေလျက် ရှိကာ အသက် သုံးဆယ်မျှသာ ရှိကြဦးမည်။
ကားမောင်းနေသည့်လူကတော့ အားကစား လုပ်မည့် ပုံစံ ဝတ်ဆင်ထား၏။ သူက ဆံပင်အတိုနှင့် အသားနည်းနည်းညိုသည်။ ပြုံးလိုက်သည့် အခါတွင် အင်မတန် ရိုးရှင်းပြီး ခင်ဖို့ ကောင်းသည့် လူတစ်ယောက်ဖြစ်၏။
ရှေ့ခန်း ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသမီးကတော့ ပိုမို၍ ဖက်ရှင် ကျနစွာ ဝတ်ဆင်ထားသည်။ သူမက အနီရောင် ဂါဝန် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် ဆံနွယ်တို့ကိုတော့ အနောက်တွင် စု၍ ချည်ထား၏။ ဖြူဖွေးနေသည့် အသားအရေ ဆိုသည်မှာလည်း ကျောက်ကျောတုံးကဲ့သို့ စားချင်စဖွယ်ပင်။ လမ်းမထက်တွင် ထွက်ပေါ်လာမည်ဆိုပါက လူတို့ သမင်လည်ပြန် သုံးလေးခေါက်လောက် ကြည့်ရမည့် အနေအထားမျိုး ဖြစ်၏။
ကားမောင်းနေသည့် လူကိုတော့ ဟိုကျင်းထောက်ဟု ခေါ်သည်။ အမျိုးသမီး၏ နာမည်ကတော့ စွန်းရိယင်ဖြစ်၏။ နှစ်ယောက်လုံးက လင်းရီကို မနေ့က အသီးသီး ဖုန်းဆက်ခဲ့ကြသူများပင်။
သို့သော် သူတို့ မျက်လုံးထဲတွင်တော့ မနေ့က သူတို့ ဖုန်းခေါ်ခဲ့ကြသည့် လူနှစ်ယောက်က တစ်ယောက်တည်း ဖြစ်နေသည်ကိုတော့ မသိရှိကြသေးချေ။
တိုက်ဆိုင်သည်ဟုပဲ မြင်နေကြ၏။ နာမည်တို့ကလည်း တူညီစွာပင်။ သို့သော် ကောင်တီငယ်လေး၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာနှင့် ကျိုးဟိုင်မြို့ရှိ အကောင်ထွားထွား ယွမ်ဘီလီယမ် ရာချီ ကြွယ်ဝသည့် လင်းယွင်အုပ်စုကြီး၏ ဥက္ကဌတို့ကို သူတို့ မဆက်စပ်မိကြချေ။ ဆက်စပ်ကြည့်လျှင်လည်း ဖြစ်နိုင်မည်လို့ မထင်ဖို့က များ၏။
“ အစ်မစွန်း… ပြင်ထားဆင်ထားတာ အခြေအနေ ဘယ်လို ရှိလဲ…” ကားမောင်းနေသည့် ဟိုကျင်းထောက်ကနေပြီး မေးလိုက်သည်။
“ ငါ နည်းနည်းတော့ စိတ်တွေ လှုပ်ရှားနေတုန်းပဲ… တစ်ဖက်လူက တိုက်ပွဲပေါင်း ရာချီကို ဖြတ်ကျော်ခဲ့ဖူးတဲ့ ဘီလီယမ်နာကြီးလေ… ဟိုး အောက်ခြေကနေ စခဲ့တဲ့သူတင်မကသေးဘူး.. ငယ်လေး အရမ်းငယ်တယ်.. တစ်ခုခု မှားယွင်းသွားခဲ့ရင် သူ့ကို စိတ်ညိုညင်အောင် လုပ်မိဖို့ အရမ်းလွယ်တယ်….”
“ ဒါက တော်တော်လေး အရေးကြီးတာတော့ အမှန်ပဲ.. ပြီးတော့ ဒီခု ဥစ္စာက အထက် ခေါင်းဆောင်ကြီးတွေ တာဝန်ပေးလာတာဆိုတော့ တစ်ခုခု မှားယွင်းသွားခဲ့ရင် ခေါင်းဆောင်ကြီးတွေလည်း ကျွန်တော်တို့ကို ဝေဖန်မောင်းမဲကြမှာပဲ…”
“ အဟုတ်ပဲ…” စွန်းရိယင် ပြောလိုက်သည်။
“ ဒါရိုက်တာလင်းရော ဘယ်လိုရှိလဲ.. အဲ့အတွက် ပြင်ဆင်ထားတာရော အဆင်ပြေလား…”
“ သူနဲ့ တွေ့ဖို့တော့ ထွေထူး ဘာမှ သိပ်မပြင်ထားဘူး… ဘာပဲဆိုဆို ငါက ဒီနယ်ပယ်မှာ အလုပ်လုပ်နေတာ သုံးနှစ်ကျော်နေပြီလေ… အင်တာဗျူးကို နေရာမှာတင် ကောက်လုပ်လိုက်လို့ရတယ်…”
“ လေးလေးနက်နက် ထားတော့ ပိုကောင်းတာပေါ့ ဗျာ… ဘာပဲဆိုဆို သူလည်း ဒါရိုက်တာ တစ်ယောက်ပဲလေ… ပြီးတော့ တုံးစန်းကောင်တီ ခုလို ရင်းနှီးမြုပ်နှံမှုတွေ အများကြီး ရလာတယ်ဆိုတာ သူ့ကို ကျေးဇူးတင်ရမှာပဲ… သူက ဒီအင်တာဗျူးထဲမှာ အာရုံစိုက်ထားရမယ့် တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမှီတယ်….”
“ နင်က ဒီမှာ အသစ်… ဒီအကြောင်း ဘာမှသိသေးတာ မဟုတ်ဘူး… ဒီတော့ ငါ ပြောတာကို နားထောင်လို့ ပြဿနာ မရှိစေရဘူး…”
“ ဒါပေမယ့် ကျွန်တော့်အမှားပါ… တကယ်လို့ အစောကြီးကတည်းကသိရင် ဒါရိုက်တာလင်းနဲ့ အင်တာဗျူးကို နေ့လည် ချိန်းလိုက်ပါတယ်… ဥက္ကဌလင်းလို အရေးကြီးတဲ့ တစ်စုံတစ်ယောက်ကို မနက်ပိုင်းမှာ အင်တာဗျူးသင့်တာ… အဲ့တာမှ သူ ဘယ်လောက် အရေးကြီးလဲဆိုတာ ကျွန်တော်တို့ ပြလို့ ရမှာလေ…”
“ အဆင်ပြေမှာပါ… တစ်ဖက်လူက သူ့ကုမ္ပဏီကို ဒီလောက် အောင်မြင်တဲ့ အထိ ပျိုးထောင်နိုင်မှတော့ အလုပ်မအားဖို့က ပိုများတယ်.. အဲ့လို အရာတွေ ဂရုစိုက်နေဖို့တောင် အချိန်ရှိမှာ မဟုတ်ဘူး…” စွန်းရိယင် ပြောလိုက်၏။
“ တစ်ခု နှမြောဖို့ ကောင်းတာ သူက ဒီကို ဆောက်လုပ်ရေး အခြေအနေ လာကြည့်နေလို့ပဲ.. တကယ်လို့ ကျိုးဟိုင်မှာသာဆို ငါတို့တွေ သူ့ကုမ္ပဏီကို သွားကြည့်လို့ရတယ်…”
“ အရှုံးနဲ့ အမြတ်ထေလိုက်တာပေါ့… ကျွန်တော်တို့ ဒီနေ့ သူတို့ကို အတူ အင်တာဗျူးလိုက်မယ်.. ဒီလိုဆို အချိန်အများကြီး ချွေတာရာလည်း ရောက်တယ်…”
ဟိုကျင်းထောင်သည် စွန်းရိယင်လောက် အတွေးမများချေ။ သူ့အတွေးတို့က တာဝန်ကို မြန်နိုင်သမျှ မြန်မြန် အပြီးသတ်ပြီး အိမ်သို့ ပြန်ချင်တာပဲ သိ၏။
“ အွန်း… ဟုတ်တယ်…”
အဲ့တာက အမှန်ပင်။ သို့သော် စွန်းရိယင်ကတော့ ထိုသို့ မထင်။
သူမ လင်းရီကို မနေ့ညက ဖုန်းခေါ်လိုက်ရခြင်း အကြောင်းအရင်းက ဘာကြောင့်လဲဆိုတော့ ဟိုကျင်းထောက်က ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဌာန၏ ဒါရိုက်တာလင်းကို မနက်ပိုင်း အင်တာဗျူးအတွက် ဆက်သွယ်ထားပြီး ဖြစ်သည်ကို သူမ သိနေသောကြောင့်ပင်။
သူမ၏ အစီအစဉ်က ရိုးရှင်းသည်။ မနက်ခင်းပိုင်း ဒါရိုက်တာလင်းကို အင်တာဗျူးပြီးပါက နေ့လည်နေ့ခင်းဘက်လောက် သွားကျလိမ့်မည်။ ထို့နောက် သူမ လင်းယွင်အုပ်စု၏ ဥက္ကဌလင်းကို အင်တာသွားဗျူးပေမည်။ ဤသည်ကလည်း နေ့လည်စာ စားသည့် အချိန်ဝန်းကျင်လောက် ဖြစ်လိမ့်မည်။
ဤသို့ဖြင့် တစ်ဖက်သူက လောကွတ်ချော်ပြီး နေ့လည်စာ အတူစားရင်းဖြင့် ကောင်းကောင်းမွန်မွန် စကားပြောလို့လည်း အဆင်ပြေသွားလိမ့်မည်။
“ အစ်မစွန်း… ကျွန်တော်တို့ရဲ့ အယ်ဒီတာချုပ်ပြောတာတော့ လင်းယွင်အုပ်စုရဲ့ ဥက္ကဌက အတော် ချောတာတဲ့နော်.. ကျွန်တော်တော့ သူ ဘယ်လောက် ချောလဲ သိချင်စမ်းပါဘိ…ဟီးဟီး...”
“ အယ်ဒီတာချုပ်က အချစ်ရူးမကြီး.. ငါသူ့ကို ကောင်းကောင်းသိပြီးသား…” စွန်းရိယင် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ နောက်ပြီးတော့ အဲ့ဒီ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေ အကြောင်း တွေးကြည့်လိုက်လေ… နည်းနည်းလေး ဝတ်စားလိုက်တာနဲ့ ကြည့်မကောင်းတဲ့လူ ဘယ်သူရှိလို့…”
“ အစ်မလည်း စင်ဂယ်ဖြစ်နေတာ နှစ်တွေ မနည်းတော့ဘူးမလား.. ပြီးတော့ ဖူတန်ကနေ သတင်းစာ မာစတာ ဒီဂရီတောင် ရထားသေးတယ်.. အစ်မ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဥက္ကဌလင်းအပေါ် ဟိုအတွေး ဒီအတွေးတွေရော မရှိဘူးလား…”
“ အဲ့တာကတော့ ကံကြမ္မာပေါ် မူတည်တယ်လေ..” စွန်းရိယင် တည်ငြိမ်ချင်ယောင် ဆောင်လိုက်ပြီး ဆက်ပြော၏။
“ ငါက ပါရမီရှိတဲ့ ကောင်လေးတွေကို ပိုပြီးသဘောကျတာ.. သူက ငါကြိုက်တဲ့ type လားဆိုတာ တွေ့ရင် သိမှာပေါ့…”
“ နေ့လည်ကျ မြင်ရမှာပါ… ဟားဟား…”
စွန်းရိယင် စစချင်းတုန်းကတော့ အတော်လေး တည်ငြိမ်နေသေးသည်။ သို့သော် လင်းရီ အကြောင်း စဉ်းစားမိတော့ ရင်ဘက်ကြီး တစ်ခုလုံးက လှုပ်ခါလာလေသည်။
ဘာကြောင့်လဲဆိုတော့ ဤသည်က အခွင့်အရေး တစ်ရပ်ဟု သူမ မြင်မိသောကြောင့်ပင်။
အကယ်လို့ သူမလို သတင်းထောက် တစ်ယောက်ကသာ ယွမ်ဘီလီယမ် ရာချီ ကြွယ်ဝသည့် ကုမ္ပဏီ ဥက္ကဌအငယ်လေးနှင့် သမီးရည်းစား ဆက်ဆံရေး တစ်ခု ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်မည်ဆိုပါက သူမ၏ လက်ကျန် ဘဝကြီး တစ်လျှောက်လုံး အေးဆေး အငြိမ်းစား ဖြစ်သွားလိမ့်မည်။ သူမကိုယ်တိုင်လည်း ဤသတင်းထောက် အလုပ်အကိုင်ကို ဆက်လုပ်စရာ လိုတော့မည် မဟုတ်ချေ။
ထို့ကြောင့်ပဲ လင်းရီကို မနေ့ညက ဖုန်းဆက်၍ တစ်ဖက်သူ၏ စိတ်အတွင်းသို့ သူမ၏ ပုံရိပ်ကို မသိမသာ သွတ်သွင်းပေးနေခြင်းပင်။
ထို့ပြင် တစ်ဖက်သူ၏ အထင်အမြင်ကောင်းများ ရရှိရန်အတွက် ယခုလို နေ့မျိုး၌ သူမ အထူးတလှယ် မိတ်ကပ်များ လိမ်းခြယ်ထားခဲ့သေးသည်။ မဟုတ်ပါက ရင်းနှီးမှု ရလွယ်သည့် နေ့လည်စာ စားသည့် အချိန်အနီးနားတွင် အင်တာဗျူး လုပ်ရန် စီစဉ်ထားခဲ့မည် မဟုတ်ချေ။
ထိုအတွေးနှင့် ဟုတ်နေစဉ် သူမ မိတ်ကပ်အိတ်ကို ထုတ်၍ မိတ်ကပ် ပါးပါး ပြန်ပုတ်လိုက်၏။ ထို့နောက် နှုတ်ခမ်းနီး ထပ်ဆိုးရင်း ပြစ်ချက် မရှိအောင် ပြင်ဆင်နေသည်။
မကြာမီ သူတို့ နှစ်ယောက်လုံး ကောင်တီသို့ ရောက်လာခဲ့ပြီး စွန်းရိယင်သည် ဘေးဘီကို လှည့်ပတ်ကြည့်ရှုလိုက်၏။
“ ဒါ တုံးစန်းကောင်တီဆိုတာ သေချာပါတယ်နော်… ငါတို့ နေရာမှားပြီး ရောက်လာတာတော့ မဟုတ်ဘူးမလား…”
“ ဘယ်လိုလုပ်ပြီး မှားနိုင်မှာ… မြေပုံက ပြတဲ့ အတိုင်း မောင်းလာခဲ့တာကို … ကျွန်တော့်အထင် ဆယ်မိနစ်လောက်ဆို ကောင်တီ အဆောက်အဦးဆို ရောက်မယ် ထင်တာပဲ…”
“ ဒါကြီးက စုတ်ပြတ်မနေလွန်းဘူးလား.. လမ်းနှစ်ဖက်စီလည်း ကြည့်စမ်းပါဦး… ဘာတွေမှန်းကို မသိဘူး… နံရံက ဆေးတွေဆိုလည်း ကွာကျလို့ ကျနဲ့… ဟိုလူတွေကလည်း မြည်းဆွဲတဲ့ လှည်းနဲ့ အသီးတွေ ဝယ်ရောင်း လုပ်နေကြတယ်… အွက်… ရွံဖို့ ကောင်းလိုက်တာ…” စွန်းရိယင် အထင်သေးမှု အပြည့်ဖြင့် ပြောလိုက်၏။
“ အဲ့တာတော့ ကျွန်တော်တို့လည်း ဘယ်တတ်နိုင်မှာ.. “ ဟိုကျင်းထောက် ပြောလိုက်ပြီး “ တုံးစန်းကောင်တီဆိုတာ စကတည်းကနေ စုတ်ချာလွန်းလို့ နာမည်ကြီးတဲ့ နေရာလေ… ဒီလောက်ကတော့ ပုံမှန်ပါပဲ…”
“ ခဏကျလို့ အင်တာဗျူး လုပ်ရင် မြန်မြန်လေး လုပ်မှ.. ငါတော့ ဒီနေရာက လူတွေ နေသင့်တဲ့ နေရာလို့ကို မထင်တာ…’
ဟိုကျင်းထောက် ပြုံးလိုက်ပြီး ဘာမျှ မပြောပေ။ သူမက ကျေးလက်တချို့ကို မရောက်ဖူးသောကြောင့် ယခုလို မြင်ကွင်းမျိုးကို သည်းမခံနိုင်တာ သဘာဝပင်။
ဆယ်မိနစ် ကြာပြီးနောက် ဟိုကျင်းထောက် ကားကို ကောင်တီ အဆောက်အဦး ဝင်ပေါက်ဝသို့ မောင်းနှင်လာခဲ့ပြီး လင်းရီထံ ဖုန်းခေါ်လိုက်၏။
“ ဟယ်လို ဒါရိုက်တာလင်း… ကျွန်တော် ဟိုကျင်းထောက်လေ… ကျွန်တော်တို့ မနေ့တုန်းကတောင် ဖုန်းပြောခဲ့ကြသေးတယ်… ခု အောက်ထပ်မှာ ရောက်နေပြီ.. “
“ တက်ခဲ့လိုက်… ငါက အခန်း (၃၀၉) မှာ…”
“ အိုကေ…”
ခေါ်ဆိုမှုက တိုတောင်းသည်။ ဟိုကျင်းထောက် ဖုန်းချ၍ ထိုင်ခုံ ခါးပတ် ဖြုတ်လိုက်၏။
“ ဒါရိုက်တာလင်း အခန်း ၃၀၉ မှာ… ငါတို့ကို တက်လာခဲ့လိုက်တဲ့…”
“ ဟင်… သူက လာမကြိုပေးဘူးပေါ့…”
ဟိုကျင်းထောက် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး “ သူ့မှာ အဲ့လို လုပ်ဖို့ ရည်ရွယ်ချက် ရှိတယ် မထင်မိဘူး… သူက ကျွန်တော်တို့ကို ဒီတိုင်း တက်လာခဲ့လိုက်လို့ပဲ ပြောတာ…”
“ သူက ဗဟို နေ့စဉ် သတင်းစာရဲ့ သဘောသဘာဝကို နားမလည်တာလား .. မသိတာလား .. ဘာလား… ငါတို့က ပြည်နယ် အစိုးရကို ကိုယ်စားပြုနေတဲ့ မီဒီယာလေ… ဒီလို နေရာမျိုးကို လာပြီး အင်တာဗျူးပေးတာတောင် သူက ထွက်ပြီး လာမကြိုပေးချင်ဘူးပေါ့.. လွန်လိုက်တာ…”
“ သူက အခု တုံးစန်းကောင်တီရဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် အကျိုးပြုထားတဲ့လူလေ… အလုပ်တွေ ရှုပ်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့… အောက်ဆင်းပြီး ကျွန်တော်တို့ကို လာကြိုဖို့ အချိန်မရှိဘူးဆိုတာ နားလည်ပေးလို့ ရပါတယ်…”