← Chapters

စကားဝိုင်း ပျက်စီးသွားပြီ

Vol. 92 Ch. 1372

စကားဝိုင်း ပျက်စီးသွားပြီ

Vol. 92 Ch. 1372

ဟိုကျင်းထောက် ခါးသီးလျက်သာ ပြုံးလိုက်၏။

“ ငါ့အမြင်မှာတော့ သူက ဒီတိုင်း တောသား ငနုံ ငအ တစ်ကောင်ပဲ… ငါတို့က ဘယ်လိုလူတွေလဲဆိုတာကို ဒင်းက မသိဘူး… အဲ့တာကို ဟန်ကများလိုက်တာ…” စွန်းရိယင် ပြောလိုက်ပြီး “ သူတို့ ခေါင်းဆောင်ကလည်း တရားကို လွန်ပါတယ်.. ငါတို့ ဘယ်သူတွေလဲဆိုတာ ပြောမပြထားဘူး ထင်တယ်… ဒီနေရာ မဖွံ့ဖြိုးတာလည်း မဆန်းပါဘူး.. မဖွံ့ဖြိုးရတဲ့ အကြောင်းအရင်းတွေကလည်း ရှိနေတာကိုး..”

“ ကဲပါ.. အစ်မစွန်းရယ်… စိတ်ကလေး လျော့ပါ… ဟုတ်ပြီလား... အလုပ်စဖို့ အချိန်ကျတော့မယ်… သွားပြီး အင်တာဗျူးကြစို့… ကြန့်ကြာနေရင် ဥက္ကဌလင်းရဲ့ အင်တာဗျူးကို ရွေ့ဆိုင်းလိုက်ရတော့မှာနော်…”

“ သွားစို့.. ဥက္ကဌလင်းရဲ့ အင်တာဗျူးက အရေးအကြီးဆုံးပဲ… ငါတို့ ဂရုမစိုက် လုပ်လို့ မရဘူး…”

နှစ်ယောက်သားလုံး ကောင်တီ ရုံးခန်း အဆောက်အဦးထဲသို့ အင်တာဗျူးမည့် ပစ္စည်း ကိရိယာများနှင့် ဝင်ရောက်လာပြီး လင်းရီ၏ ရုံးခန်းရှေ့သို့ ရောက်ရှိလာသည်။

ဒေါက် ဒေါက် ဒေါက်….

ဟိုကျင်းထောက် တံခါး ခေါက်လိုက်၏။

“ ဝင်ခဲ့…”

လင်းရီ တုံ့ပြန်လိုက်ပြီး နှစ်ယောက်လည်း တံခါး တွန်းဖွင့် ဝင်လာသည်။

သို့သော် ရုံးခန်းထဲရှိ မြင်ကွင်းက သူတို့၏ မေးရိုးကြီးများကို ကြမ်းပြင်နှင့် ထိစပ်လုနီးပါး ဖြစ်သွားစေခဲ့၏။

အဘယ်ကြောင့်ဆိုသော် အလုပ်တွေ မတရား များနေမည်ဟု သူတို့ ထင်ထားခဲ့သည့် လင်းရီသည် ဆုံလည်ထိုင်ကို ကျောမှီပြီး စားပွဲပေါ် ခြေထောက်ဆင်းလျက် ဖုန်းဂိမ်းကစားနေသောကြောင့်ပင်။

သူတို့ နှစ်ယောက် ဝင်လာသည်ကို မြင်တော့ လင်းရီ ပြောလိုက်၏။

“ မင်းတို့ နှစ်ယောက် နေရာရှာပြီး အရင်ထိုင်လိုက်ကြ… ဒီပွဲက နောက်ငါးမိနစ်ဆို ပြီးပြီ…”

‘ အာ…. ‘

နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့ကြ၏။

သူက သူတို့ကို အောက်ဆင်းပြီး လာမကြိုပေးဘူး…

သူတို့ ထင်နေတာက အလုပ်တွေ ရှုပ်နေလို့ပေါ့… ဒါပေမယ့် ဂိမ်းက အဲ့လောက် အရေးကြီးနေမယ်လို့တော့ ဘယ်သူက ထင်ထားမှာလဲ…

“ အစ်မစွန်း…”

ဟိုကျင်းထောင် စွန်းရိယင်၏ လက်ကို တို့လိုက်ပြီး “ ပစ္စည်းတွေ စားပွဲပေါ် အရင် တင်ထားကြတာပေါ့…”

စွန်းရိယင်၏ မျက်နှာထားသည် အေးစက်နေပြီး ဘာမျှ မဆိုပေ။ သူမ ဟိုကျင်းထောက်နှင့် အတူ လုပ်ငန်းစလိုက်၏။

သူမ စကတည်းကရင် လင်းရီကို မကျေမနပ် ဖြစ်နေခဲ့သည်။ သူ၏ လက်ရှိ အပြုအမူနှင့်ပါ ပေါင်းစပ်သွားတော့ ရင်ဘက်ထဲရှိ အမြင်ကတ်မှုများက နက်ရှိုင်းသထက် နက်ရှိုင်းလို့လာသည်။

ယခင်ဆို သူမတို့တွေ အခြားသူများထံ အင်တာဗျူး သွားလုပ်ပါက ကောင်းကောင်းမွန်မွန် အကြိုဆိုခံရပြီး ကော်ဖီ လက်ဖက်ရည် မုန့်ကြွပ်တို့ဖြင့် ကျွေးမွေးပြုစုခြင်း ခံကြရသည်။ ပစ္စည်းများကိုလည်း ရုံးဝန်ထမ်းများအား ခေါ်၍ ဆင်ခိုင်းလေသည်။ သူမတို့က အခန့်သား ထိုင်ကြည့်နေရုံသာ ရှိသည်။

ယခုတော့ မည်သူ တစ်ဦးတစ်ယောက်ကမျှ လာပြီး မကြိုပေးသည့် အပြင် ပစ္စည်းများကိုလည်း ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်နေရ၏။

စိတ်တိုဖို့ ကောင်းလိုက်တာ… အမြင်မရှိလိုက်တဲ့ လူတွေ…

ဆယ်မိနစ် ကြာပြီးနောက် နှစ်ယောက်လုံးသည် အင်တာဗျူးတွင် လိုအပ်မည့် ကင်မရာများ ၊ ပစ္စည်းများကို ပြင်ဆင်လို့ ပြီးသွားခဲ့၏။ ဟိုကျင်းထောက် လင်းရီကို ကြည့်လိုက်ပြီး “ ဒါရိုက်တာလင်း… ကျွန်တော်တို့ အခု အင်တာဗျူး စလို့ ရပါပြီ…”

“ အိုး.. အိုကေ အိုကေ…”

လျန်ရူရွှယ်၏ ရုံးခန်းထဲ၌ ယခင်က အင်တာဗျူးတစ်ခု ဖြေဖူးသောကြောင့် ယခုတစ်ခါတွင်တော့ သူ့ဘက်က လုပ်ရိုးလုပ်စဉ်များနှင့် ရင်းနှီးနေခြင်းပင်။

“ ဒါရိုက်တာလင်း … ကျွန်မမှာ မေးစရာ မေးခွန်း တစ်ချို့ ရှိတယ်.. စိတ်လှုပ်ရှား စရာ မလိုဘူး.. အမှန်အတိုင်း ဖြေပေးရင် ရပြီ…” စွန်းရိယင်သည် အသံသွင်း မိုက်ခ်ကို ကိုင်ရင်း ပြောလိုက်၏။

“ ဒါပေါ့… မေးလေ…”

“ ကျွန်မ သိချင်တာ… အရင်တုန်းက ရှင် ဘာအလုပ်လုပ်ခဲ့တာလဲ.. ဘာလို့ တုံးစန်းကောင်တီလို နေရာမျိုးကို လာခဲ့ရတာလဲ…”

“ အရင်က အိမ်ခြံမြေ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတယ်…”

“ အဲ့ဒီနောက်ရော… ဘာလို့ ဒီကို ရောက်လာခဲ့တာလဲ…”

“ လူတွေကို ကောင်းစားစေချင်လို့လေ…”

စွန်းရိယင်နှင့် ဟိုကျင်းထောက်တို့ တစ်ယောက် မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြ၏။

ဒီ အဖြေက အစိုးရဆန်လိုက်တာ.. လုံးဝ အဖြေအတုပဲ ဖြစ်ရမယ်…

တကယ်လို့ ဒီလို အဖြေမျိုးကိုသာ ရေးတင်လိုက်မယ်ဆိုရင် အင်တာနက် သုံးစွဲသူတွေက လှောင်ပြောင်ကြပါလိမ့်မယ်… လုပ်ဇာတ်ကြီးဆိုပြီး….

“ ဒါရိုက်တာလင်း… ဒီခုက အစိုးရ မီဒီယာနဲ့ အင်တာဗျူးနေတာ ဆိုပေမယ့် အရမ်းကြီး ဘက်လိုက်ပြီးမှ ဖြေစရာ မလိုဘူး… ရှင့်စိတ်ထဲ ရှိသလို ဖြေလို့ရတယ်…” စွန်းရိယင် ပြောလိုက်၏။

“ ငါ့စိတ်ထဲရှိနေတာ အဲ့တာပဲလေ… ငါက လူတွေ ကောင်းစားတာ အလို မရှိရင် ဒီလို နေရာမျိုးကို လာပြီး ဘာလဲ လာလုပ်ရမှာ… အတွေ့အကြုံရဖို့ လုပ်နေရမှာလား…”

“ အစ်မစွန်း… နောက်မေးခွန်း ဆက်မေးမယ်လေ…”

စွန်းရိယင်ရဲ့ အမူအရာ မဟန်သည်ကို မြင်တော့ ဟိုကျင်းထောက်သည် အလျင်အမြန် သတိပေးလိုက်ရ၏။

စွန်းရိယင် သူမကိုယ်သူမ စိတ်လျော့လိုက်ကာ မေးခွန်းများ ဆက်ပြီး မေး၏။

“ ကျွန်မ သိသလောက်ဆို တုံးစန်းကောင်တီက တအား နွမ်းပါးတဲ့ နေရာဆိုပြီး နာမည်ကြီးတယ်… အရင်နှစ်တွေတုန်းက ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ.. ဒါပေမယ့် ရှင်ရောက်လာပြီးတော့ ဒီပြဿနာက ချက်ချင်းဆိုသလိုကို ပြေလည်သွားတယ်.. အဲ့ဒီ ရင်းနှီးမြုပ်နှံသူတွေကို ရှင်ဘယ်လိုများ ခေါ်လာလဲဆိုတာ ရှင်းပြပေးလို့ ရလား.. ဒီလိုလုပ်ဖို့ ရှင်ဘယ်လောက်များ အားထုတ်ခဲ့ရလဲ….”

လင်းရီ ခေါင်းကုတ်ရင်းဖြင့် ရင်းနှီးမြုပ်နှံမှု ဖြစ်စဉ် တစ်ရပ်လုံးကို ခေါင်းထဲ ပြန်ခေါ်ကြည့်လိုက်သည်။

“ ဟိုလို ထွေထူး ကြိုးစားခဲ့တာလည်း မဟုတ်ပါဘူး… ဒီတိုင်း တစ်လှမ်းခြင်း တစ်လှမ်းပဲ သွားခဲ့တာ… ဖုန်းတွေ ဟိုခေါ် ဒီခေါ်လုပ်ပြီး သက်ဆိုင်ရာ ဌာနက လူတွေနဲ့ မြေပြင် လေ့လာဆန်းစစ်တာတွေ လုပ်တယ်… အဲ့နောက် ရင်းနှီးမြုပ်နှံသူတွေကို ခေါ်တာ အောင်မြင်သွားတယ်…”

“ ဒါရိုက်တာလင်း.. ရှင်က တုံးစန်းကောင်တီရဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် အကျိုးပြုပေးခဲ့တဲ့သူဆိုတာ ကျွန်မတို့ သိတယ်… ဒါပေမယ့် ဒီအင်တာဗျူးကို လေးလေးနက်နက် ထားပြီးတော့ ကျွန်မတို့ရဲ့ အဆင့်အတန်းကို လေးစားပေးလို့ရမလား.. ကျွန်မတို့ရဲ့ မေးခွန်းတွေကို ကောင်းကောင်းဖြေပြီး ကျွန်မတို့နဲ့ ပူးပေါင်းပေးပါ…”

“ ဟင်.. အခုရော ငါက မပူးပေါင်းပေးလို့လား.. မင်းမေးသမျှ အကုန် ဖြေပေးနေတာပဲလေ.. ဘာပြဿနာမှ မရှိပါဘူး… ဟုတ်တယ်ဟုတ်…”

“ အရင်နှစ်တွေတုန်းက တုံးစန်းကောင်တီကနေပြီး ရင်းနှီးမြုပ်နှံမယ့်သူတွေ ရဖို့ကြိုးပမ်းခဲ့တာ မအောင်မြင်ဘူး…ရှင်လည်း အဲ့တာကို သိပြီး ဖြစ်မှာပါ.. ဒါပေမယ့် ရှင်က ဒီကိစ္စမှာ အောင်မြင်သွားခဲ့တယ်… ဒီလို အောင်မြင်ဖို့က လွယ်တယ်ဆိုတာ ကျွန်မ မယုံကြည်ဘူး…” ယွီစီရင် ပြောလိုက်၏။

“ ကျွန်မကတော့ ရှင့်ရဲ့ အစွမ်းအစကို ထင်ရှားအောင်လို့ ဒီလိုမျိုး ဟိတ်ဟန်များဖို့ မလိုဘူးလို့ ထင်တယ်… ကျွန်မ အင်တာဗျူးတွေ လုပ်နေတာ သုံးနှစ် ကျော်ခဲ့ပြီ.. မရေ မတွက်နိုင်တဲ့ လူတွေနဲ့လည်း အင်တာဗျူးခဲ့ဖူးတယ်… အဲ့ဒီထဲက ဘယ်သူမဆို ရှင့်ထက် အဆင့်အတန်း မြင့်ပြီးသား… ဒါပေမယ့် သူတို့ရဲ့ အပြုအမူ သဘောထားတွေက ရှင့်ထက်တောင် ပိုပြီး နှိမ့်ချနေသေးတယ်…”

“ မင်း ဘာစကားပြောချင်နေတာ… ငိုးတဲ့မှ မင်းက ငါ့ကို ကြွားနေတယ်လို့ ပြောနေတာလား…”

နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့ကြသည်။ လင်းရီ ထိုကဲ့သို့ ရိုင်းစိုင်း ကြမ်းတမ်းသည့် စကားလုံးများ ပြောထွက်လာလိမ့်မည်လို့ ထင်မထားခဲ့ကြပေ။

စွန်းရိယင် ယခုလို နှုတ်ကြမ်းသည့် လူတို့အား စက်ဆုပ်အထင်မြင်သေး၏။ သူမ လုံးဝ လက်မခံနိုင်ချေ။

“ ကျွန်မ အဲ့လို မပြောဘူး… ကျွန်မက ဒီတိုင်း ရှင် ကျွန်မတို့ရဲ့ အလုပ်မှာ ပူးပေါင်းပေးပြီး ဒီရဲ့ အင်တာဗျူးကို တတ်နိုင်သမျှ မြန်မြန် ပြီးဆုံးအောင် လုပ်ပေးဖို့ပဲ…”

လင်းရီ ပခုံးတွန့်လိုက်သည်။ “ ဒါပေမယ့် ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်တဲ့ ငါ့ရဲ့ လုပ်ငန်းစဉ်က အမှန်ကို အဲ့ဒီ အတိုင်းပဲ.. မင်းတို့ ထင်ထားသလို မီးတောင်ကိုကျော်ပြီး ဓားပင်လယ်ကို ဖြတ်နေရတာ မဟုတ်ဘူး…”

“ အစ်မစွန်း.. ဒါရိုက်တာလင်းက ပြောနေပြီဆိုမှတော့ နောက် မေးခွန်းတစ်ခုကို ဆက်မေးကြတာပေါ့…”

ဟိုကျင်းထောက် ကိုယ်၌က ရင်ထဲတွင် မကျေနပ်မှု တစ်ချို့ ရှိသော်လည်းပဲ အလုပ်သဘောအရ မျိုသိပ်ထား၏။

စွန်းရိယင်သည် လင်းရီကို စိုက်ကြည့်လိုက်၏။ သို့သော် သူမ အလုပ်အတွက်ကြောင့်နှင့် ဆက်ပြီး မေးရတော့၏။

“ ဒါဆို ရှင့်မှာ တုံးစန်းကောင်တီ ဆင်းရဲတွင်းကနေ လွတ်မြောက်ဖို့ အနာဂတ်အတွက် ဘာအစီအစဉ်တွေ ရှိထားလဲ… ဒါမှမဟုတ် ရှင် ရာထူး ဘယ်လောက် အမြင့်အထိ တက်လှမ်းချင်မိလဲ..”

“ ငါ ဒီမှာ ရေရှည် အလုပ်ဆက်လုပ်ဖြစ်မှာ မဟုတ်ဘူး.. အနာဂတ်က ဘာဖြစ်မလဲ ဆိုတာတော့ ငါ မင်းကို ဖြေလို့ မရဘူး…” လင်းရီ ပြောလိုက်သည်။

“ အား… တော်ပြီ… ငါ ဆက် မလုပ်နိုင်တော့ဘူးဟာ..”

စွန်းရိယင်၏ ရင်ဘက်ထဲတွင် ဒေါသများက ပြည့်နှက်နေနှင့်ပြီး လင်းရီ ပြောသည့် စကားလုံးများကိုလည်း ကြားတော့ ဗုံးစနက်တံကို မီးညှိလိုက်သလို ပေါက်ကွဲ ထွက်လာတော့သည်။

ဒီလူ ဘာတွေ လာပြီး ပြောနေတာလဲ…

နွမ်းပါးမှု တိုက်ဖျက်ရေးဌာနရဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ သူပြောသွားတာ သူက အနာဂတ်ကို ဂရုမစိုက်ဘူး ဟုတ်လား…

ဒါ အစိုးရ အရာရှိ တစ်ယောက် ပြောသင့်ပြောထိုက်တဲ့ စကားလုံးလား…

“ ဟင်… အင်တာဗျူးက ဒီလောက် အမြန်ကြီး ပြီးသွားတယ်ပေါ့…”

“ ဒီ မေးခွန်းလောက်ဆို လုံလောက်ပြီ.. ကျွန်မတို့ ဆက်ပြီး စကားပြောစရာ လိုမယ်မထင်ဘူး..” စွန်းရိယင် အေးစက်စွာ ပြောလိုက်၏။

“ ဒါဆိုလည်း မင်းတို့ကို လိုက်မပို့ပေးတော့ဘူး… ထွက်ရင် တံခါးစေ့သွားကြ…”

လင်းရီ သူ့ ခုံသို့ ပြန်၍ ဂိမ်းနောက်တစ်ပွဲ စတင်ရန် ဟင်ပြင်လိုက်သည်။

လင်းရီ မည်မျှ အေးဆေး တည်ငြိမ်နေသည်ကို မြင်တော့ စွန်းရိယင်၏ အမူအရာသည် ပို၍ပင် အကျည်းတန်လာခဲ့သည်။

သူ တကယ်ကြီး ဂိမ်းပြန်သွားဆော့နေတယ်ပေါ့လေ…

စွန်းရိယင် စိတ်ထဲ တွေးကြည့်လေလေ ၊ သူမ ပိုပြီး ဒေါသထွက်လာရလေလေပင်။

သူမ ဘာလို့များ ဒီလို လူစားမျိုးနဲ့ လာပြီး ဆုံရတာလဲ….

သူ့လိုလူကရော ဘယ်လိုလုပ်ပြီး နွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ တစ်ယောက် ဖြစ်လာရတာလဲ…

နှစ်ယောက်သား ပစ္စည်းများ သိမ်းဆည်းနေစဉ် လီချင်းခိုင်နှင့် လီစီကျင်းတို့ ရုံးခန်းထဲ ဝင်လာသည်။

စွန်းရိယင်နှင့် ဟိုကျင်းထောက်တို့ကို မြင်တော့ သူ ခဏမျှတော့ ကြက်သေသေသွားခဲ့သေးသည်။ ထို့နောက် လင်းရီကို အင်တာဗျူး လာလုပ်သည့် မီဒီယာ သတင်းထောက်များ ဖြစ်မည်ကို သတိပြုမိလိုက်သည်။

“ မင်းတို့က ဗဟိုနေ့စဉ် သတင်းစာက သတင်းထောက်တွေ ဖြစ်ရမယ်…”

“ ဟုတ်ပါတယ်..” ဟိုကျင်းထောက် ပြန်ပြောလိုက်၏။

“ အင်တာဗျူး ပြီးတာက မမြန်လွန်းဘူးလား… ကောင်တီထဲမှာ ဆေးဝါး ကမ်းလင့်ကူညီပေးနေတဲ့ လူတွေလည်း ရှိသေးတယ်နော်.. သူတို့အကုန်လုံးက ကျိုးဟိုင်ကနေ ဒါရိုက်တာလင်း ခေါ်ထားတဲ့ လူတွေချည်းပဲ.. မင်းတို့ သူ့ကို ဒီအကြောင်း မေးချင်လည်း မေးလို့ ရတာပေါ့…”

“ မလိုဘူး…” စွန်းရိယင် ပြတ်ပြတ်သားသား ပြောလိုက်၏။

All Chapters