လှည့်စားခံရပြီ
Vol. 92 Ch. 1375
“ စီအီးအိုဝမ်… ငါစဉ်းစားသလို မင်းလည်း စဉ်းစားနေတယ်မလား…”
ကျားဟူ ပြီတီတီ အပြုံးဖြင့် ကြည့်ပြီး မေးလိုက်သည်။
“ ဒီလောက်လှတဲ့ မိန်းကလေးကို မြင်ပြီးမှတော့ ဘာမှမတွေးမိလို့ ဘယ်လိုဖြစ်နိုင်မှာလဲ…” ဝမ်ကွမ်းလုံ ပြောလိုက်ပြီး “ ငါသာ သူ့ကို အိပ်ရာပေါ် ခေါ်တင်နိုင်လို့ကတော့ နည်းမျိုးစုံနဲ့ သေတဲ့အထိ ကစားပစ်လိုက်မယ်…”
“ နင်တို့ကတော့ စကားသုံးခွန်းတိုင်းကို မိန်းကလေး အသစ်တစ်ယောက် အကြောင်း ပြောလိုက်ရမှ … တကယ်တည်း…” ဆံပင်အရှည်နှင့် အမျိုးသမီး တစ်ယောက်မှ ပြောလိုက်၏။
သူမ နာမည်က ကျန်းရာကျွမ်း ဖြစ်ပြီး သူမက ဝမ်ကွမ်းလုံ၏ အတန်းဖော်လည်း ဖြစ်သည်။
သူတို့နှစ်ယောက်က အတန်း မိတ်ဆုံစားပွဲတစ်ခုတွင် ချိတ်မိသွားကြပြီး မျက်လုံးကောင်းသည့် လူတိုင်း သူတို့နှစ်ယောက်၏ ပတ်သက်မှုက ဟိုလိုလို ဒီလိုလို ဆက်ဆံရေး ဖြစ်ကြောင်းကို တပ်အပ် ပြောနိုင်သည်။
“ ယောက်ျားတစ်ယောက်က ရာဂစိတ် မသန်ရင် ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်လို့ ခေါ်နိုင်တော့မှာလဲ .. “ ဝမ်ကွမ်းလုံ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါ လူ့သဘာဝပဲလေ…”
“ အဟုတ်ပဲ.. ဒီလို အလှလေးတွေက အစ်ကိုဝမ်လို အောင်မြင်တဲ့လူတွေရဲ့ ကယ်တင်ခြင်းကို ခံရသင့်တာ.. ဝူလင်းဟုန်ကွမ်းပဲ စီးနိုင်တဲ့ အရှုံးသမားက သူ့လို အလှလေးကို ပိုင်ဆိုင်ဖို့ ဘယ်လို အရည်အချင်းမှီမှာ…”
ကျားဟူက ကျင်းရွှေနယ်သား။ ဝမ်ကွမ်းလုံက ထိုနေရာ၌ စက်ရုံခွဲ တစ်ခု ဖွင့်လှစ်ချင်နေကြောင်း သိတော့ သူ့ဘက်ကနေ အရင်ဆက်သွယ်ပြီး ရင်းနှီးမြုပ်နှံရန် ကြံရွှယ်ထားသည်။ ထို့ကြောင့် ဤနေရာ၌ သူ ရောက်ရှိနေရခြင်း ဖြစ်၏။
“ ဒါပေမယ့် နှမြောဖို့ကောင်းတာ ပန်းကလေးက ခြွေပြီးသား ဖြစ်နေတယ်…”
“ အဲ့လိုပြောလို့တော့ ဘယ်ရမှာ..” ကျားဟူ ပြောလိုက်ပြီး “ အဲ့ကောင်မကို သေချာ အကဲခတ်ကြည့်… တိတ်ဆိတ်ပြီး အနေအေးတဲ့ ပုံစံနဲ့… တစ်ချက်ကြည့်လိုက်တာနဲ့ အတွေ့အကြုံမရှိ ၊ အင်နိုးစန့်လေး ဆိုတာ သိတာတယ်… နည်းနည်းပါးပါး ကလိပေးလိုက်ရင် ငါးစာကို ဟပ်မှာ သေချာပေါက်ပဲ…”
“ မင်းသေချာလား…”
“ ဒါပေါ့… သိပ်သေချာတာပေါ့…” ကျားဟူ ပြောလိုက်ပြီး “ လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက ငါ ကောင်တီမှာ စူပါမားကတ်တစ်ခု run နေတုန်း ဘဏ္ဍာရေး မန်နေဂျာတစ်ယောက် အလုပ်ဝင်လာတယ်.. သူက လက်ထပ်ပြီးတာ မကြာသေးတဲ့ ကောင်မလေး… တကယ်နော် သောက်ရမ်းလှတာ… ခု ရှေ့က မိန်းကလေးလောက်တော့ မလှဘူးဆိုပေမယ့် လှတဲ့ထဲ ပါနေတုန်းပဲ… သူ့ယောက်ျားက ကောင်တီထဲမှာ ကားငှားတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်တာလေ.. အဆုံးကျ ဘာဖြစ်သွားလဲ မှန်းကြည့်ကြည့်…”
ဝမ်ကွမ်းလုံသည် စပ်စုချင်စိတ် ပြင်းပြနေသည့် ဘီလုံးငှက်ကဲ့သို့ ဖြစ်နေပြီး “ အဲ့တော့မင်း နှိုက်စားလိုက်ရောလား…”
“ အဲ့လောက်ကြီးတော့ တည့်တိုးဆန်ပါ့မလားဟ မင်းကလည်း…” ကျားဟူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း “ အရင်ဆုံး ငါသူ့ကို လစာ ယွမ် ၂၀၀ တိုးပေးလိုက်တယ်… အဲ့နောက် ငါ သူ့ကို iphone ပေးလိုက်တယ်… တစ်ပတ်တောင် မကြာလိုက်ပါဘူး… ကုတင်ပေါ်မှာ နာနာခံခံနဲ့ ချစ်စရာလေး… ကိုယ်ဝန်နှစ်ခါ ဖျက်ချလိုက်ရတယ်.. ဟီးဟီး သူ့ယောက်ျားကြီးကတော့ အဲ့အကြောင်းတွေ မသိပါဘူး… ငါတို့ ခုထိ အတူနေကြတုန်းပဲ…”
“ ဝိုး… မင်း တကယ်ဆိုးတဲ့ ကောင်ပါလားကွ…”
“ အဲ့လောက်လည်း မဆိုးပါဘူးကွာ..” ကျားဟူ ရယ်မောလိုက်ပြီး “ ဒီလိုမျိုး အတွေ့အကြုံ မရင့်ကျက်သေးတဲ့ ကောင်မလေးတွေကို ကိုင်တွယ်တဲ့ နေရာမှာ ငါက အတော်ဆုံးပဲ.. ဈေးကြီးတဲ့ ပစ္စည်းလေးတွေ နည်းနည်းပါးပါး ပေးလိုက်တာနဲ့ ငါးစာဟပ်ပြီးသား.. ခဏနေကျရင် ငါမင်းကို ကူညီပေးမယ်… “
ဝမ်ကွမ်းလုံ သွားရည်များကို လျှာဖြင့် သပ်လိုက်၏။ “ မင်းသူ့ကို ရအောင် လုပ်ပေးရင် ရင်းနှီးမြုပ်နှံမှု ကိစ္စ ပြီးပြီလို့သာ သတ်မှတ်လိုက်တော့…”
ကျားဟူ မျက်လုံး အရောင်လက်ခနဲ ဖြစ်လာခဲ့၏။
“ အစ်ကိုဝမ်.. မင်း စိတ်ချထားလိုက်.. ငါ ဒီကိစ္စ မင်းအတွက် အဆင်ချောအောင် ဖန်တီးပေးမယ်…”
********
တစ်ချိန်တည်းတွင် သုံးယောက်သားသည် အဝတ်အစားများ သပ်ရပ်အောင် ပြုပြင်၍ တံငါရွာလေးထံ ချဉ်းကပ်လာသည်။
“ အစ်ကိုရီ… မြန်မြန်သွားကြစို့.. ဟိုမှာ ညီမတို့ကို မုန်းစရာ ကောင်းတဲ့ လူတွေ ကြည့်နေကြတာ အကြာကြီးပဲ.. သူတို့ ဦးနှောက်တွေက မကောင်းတဲ့ဟာတွေနဲ့ပဲ ပြည့်နေလောက်တယ်… ရွံစရာကောင်းချက်ပဲ…” ချောင်ရှင်း အထင်သေးမှု အပြည့်ဖြင့် ပြောလိုက်၏။
လင်းရီ ခေါင်းတစ်ချက် ငဲ့၍ ထိုသူများကို ကြည့်လိုက်သည်။ ထို့နောက် လျစ်လျူရှုထားလိုက်သည်။ မည်သို့ပင်ဆိုစေ သူတို့က သူ့ကို လာရောက် စော်ကားနေသည်လည်း မဟုတ်ချေ။
လီချူးဟန်လည်း ဘာမျှဝင်မပြောပေ။ လင်းရီ သူမအနားတွင် ရှိနေမှတော့ ယခုလို ကိစ္စများအား စိတ်ပူနေရန် မလိုချေ။
တံငါရွာထဲရှိ အပြင်အဆင်များက အတော်လေးကို ရိုးရှင်းသေသပ်လှပြီး ပထမ တစ်ချက်ကြည့်လိုက်သည်တွင် မဆိုးဘူးဟူ၍ ခံစားရစေသည်။ သို့သော် အနီးကပ် သေချာကြည့်မည်ဆိုလျှင်တော့ ယိုယွင်းနေသည့် နေရာတစ်ချို့ ရှိပြီး ထူးကဲသည်ဟူသည့် စံသတ်မှတ်ချက်နှင့် ဝေးကွာနေဆဲပင်။
သို့သော် သူတို့ သုံးယောက်လုံးက ထိုမျှ အသေးစိတ် လိုက်တွက်ချက် မနေကြချေ။ ကောင်တီမြို့တွင် စိတ်အပမ်းဖြေစရာ နေရာတစ်ခု ရှိသည်ကပင် အခွင့်အရေးကောင်းဖြစ်ပြီး ထိုမျှ ဂျေးများနေစရာ မလိုချေ။
“ တောင်တက်ပြီး ငါးတွေ ဖမ်းကြစို့…”
“ အွန်း.. သွားကြစို့…”
တောင်ဟု ခေါ်သည့် အရာကတော့ မီတာ တစ်ရာ လောက်သာ မြင့်သည့် ကုန်းမြင့် တစ်ခုပင်။ တောင်လို့ ခေါ်မည်ဆိုလျှင်တော့ နည်းနည်းလေး မြှောက်ပင့်ရာကျ၏။
ထိုအရာကိုလည်း ယခုနေရာကို လူစည်ကားအောင် ပြုလုပ်နေသည့်လူများက သတိပြုမိသည့်ဟန်ပင်။ ထို့ကြောင့် တောင်ထိပ်တွင် သီးနှံပင်များ အနည်းငယ် စိုက်ပျိုးထားပြီး ခရီးသွားဧည့်သည်များက ခူးဆွတ်၍ရ၏။ ပျော်စရာ တစ်ခု တိုးသည်ပင်။
တောင်တက်လမ်းက မတ်စောက်မှုတော့ မရှိ။ နာရီဝက်မျှကြာအောင် လမ်းလျှောက်ပြီးနောက် သူတို့တတွေ တောင်ထိပ်ကို ရောက်လာကြသည်။
မမြင့်မားသော်လည်း အပေါ်သို့တက်ပြီး အောက်သို့ ငုံ့ကြည့်သော် ကြီးမားကျယ်ပြန့်သည့် ကုန်းပြန့်မြေများအား ရင်သပ်ရှုမောဖွယ် မြင်နိုင်ပေသည်။
ထို့ပြင် တောင်ထိပ်၌ ကြီးမားသည့် မြေနေရာ၌ အင်္ဂါရပ်အမျိုးမျိုးတို့လည်း တည်ရှိလေသည်။
ကလေးများ ဆော့ကစားရန်အတွက် ထရန်ပိုလိုင်းများ(ခုန်ဆွခုန်ဆွဆော့လို့ရသည့် အရာ)၊ လှုပ်မြင်းရုပ်များ ရှိသည်။ လူကြီးများ ကစားရန်အတွက်လည်း မီးပုံးပျံ စီးခြင်းနှင့် ring hoops များ ရှိ၏။ သို့သော် နည်းနည်းလေးတော့ အဆင့်နိမ့်လှ၏။
“ အစ်မလီ.. ဟိုနားမှာ ပန်းသီးပင်တွေ ရှိတယ်… နည်းနည်းလာက် သွားခူးရအောင်လား..” ချောင်ရှင်း ပြောလိုက်ပြီး “ ဈေးမှာရောင်းတဲ့ ပန်းသီးတွေထက်တောင် စားလို့ ကောင်းလောက်မယ် ထင်တယ်..”
လီချူးဟန် ခေါင်းညိမ့်ပြီး လင်းရီကို ကြည့်လိုက်၏။
“ နင်ရော..”
“ အတူသွားကြတာပေါ့.. ငါလည်း ဘာမှလုပ်စရာမှ မရှိတာ..”
စိတ်ဆုံးဖြတ်ကြပြီးနောက် သုံးယောက်သားလုံး တောင်၏ ဘေးပတ်လမ်းအတိုင်း လမ်းလျှောက်လာကြသည်။
ပန်းသီးပင်များသာမက အထဲတွင် သီးနှံပင်များနှင့် ပြည့်နှက်နေသည့် ဖန်လုံအိမ် နှစ်ခုလည်း ရှိနေကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။
တင်းနစ် ဘောလုံး အရွယ်လောက်ရှိသည့် ခရမ်းချဉ်သီးများ၊ စတော်ဘယ်ရီသီး၊ ချယ်ရီသီးနှင့် သာမန် သီးနှံမျိုးစုံကို ဤအထဲတွင် မြင်တွေ့နိုင်သည်။
လင်းရီကတော့ ဟွမ်ရှီးကျေးရွာ၌ ကိုယ်ပိုင်ခြံနှင့် စိုက်ပျိုးဖူးသောကြောင့် ယခုလို အရာမျိုးက သူ့အတွက် စိတ်ဝင်စားဖို့ မကောင်းတော့ချေ။ အသီးများ ဆွတ်၍ ရောင်းဖို့ဆိုလျှင်လည်း သူ့မှာ မနက်စောစောထ၍ နှစ်နာရီ သုံးနာရီဆက်တိုက် အသီးလိုက်ခူးရသေးလေသည်။
သို့သော် လီချူးဟန်နှင့် ချောင်ရှင်းတို့ကတော့ အသီးများခူးရင်း ပျော်ရွှင်နေကြ၏။ ကျိုးဟိုင်က မြို့ကြီးပြကြီး တစ်ခု ဖြစ်သည့် အပြင် အမြဲတမ်း အလုပ်ရှုပ်နေသည်ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသဖြင့် ယခင်တုန်းက ယခုလို အတွေ့အကြုံမျိုး မရခဲ့ဖူးကြချေ။ ထို့ကြောင့် ဆန်းသစ်နေပြီး ပျော်ရွှင်ကြည်နူးနေမိကြ၏။
အခြားတစ်ဖက်တွင်ရှိ လင်းရီကတော့ ဘေးတွင် ထိုင်နေပြီး ကျီချင်းရန်နှင့် စကားပြောနေသည်။
တစ်ချိန်တည်းတွင် ဝမ်ကွမ်းလုံ၊ ကျားဟူနှင့် ကျန်များလည်း ရောက်ရှိလာကြ၏။
သူတို့က တမင်သပ်သပ် နောက်ယောင်ခံလိုက်လာကြခြင်းတော့မဟုတ်။ လူအများစုအတွက် ယခုလို နေရာမျိုးသည် ရောက်ဖြစ်လျှင် လာကိုလာသင့်သည့် နေရာမျိုးဖြစ်သည်။
“ ကျားကြီး.. မင်း စဉ်းစားမိပြီလား..” ဝမ်ကွမ်းလုံသည် လီချူးဟန်ကို သွားရည်ယိုလျက် ကြည့်ရင်း ထပ်မစောင့်နိုင်တော့ပေ။
ကျားဟူ ရယ်မောလိုက်လေသည်။ “ ငါ တွေးပြီးသာ ကြာပေါ့ အစ်ကိုဝမ်ရာ… မင်း စောင့်သာ ကြည့်စမ်းပါ…”
“ ဘယ်လိုနည်းလမ်းလဲ.. ငါ့ကို မြန်မြန်ပြောစမ်းပါ…”
ကျားဟူလည်း မချင့်မရဲ ဖြစ်အောင် လုပ်မနေဘဲ ဝမ်ကွမ်းလုံ၏ နားအတွင်းသို့ စကားလုံးတချို့ တီးတိုးပြောပြလိုက်၏။ တစ်ဖက်ငနဲသားကလည်း မျက်လုံးများ လက်ခနဲ ဖြစ်လာခဲ့ပြီး ဉာဏ်အလင်း ပွင့်လာသယောင်ပင်။
“ မင်း ပြောတဲ့အတိုင်းပဲ လုပ်မယ်..”
တစ်နာရီကျော်ကြာပြီးနောက် လီချူးဟန်တို့ နှစ်ယောက်သည် နောက်ဆုံးတော့ အသီးများခူးလို့ ဝသွားခဲ့ကြ၏။
နှစ်ယောက်လုံးက အသီးတွေ အများအပြား ခူးခဲ့ကြပြီး ပစ္စည်းသယ်ပေးရသည့် တာဝန်ကတော့ သဘာဝအလျောက် လင်းရီလက်ထဲ ရောက်လို့လာလေသည်။
“ အစ်ကိုရီ.. ဒီနေ့တော့ အစ်ကို့ကို ပိုက်ဆံ ရှင်းခွင့်ပေးလိုက်မယ်…”
လင်းရီနဲ့ မကြာခဏဆိုသလို အပြင်ထွက်စပြုပြီးနောက် ချောင်ရှင်းသည် ပိုက်ဆံရှင်းသည့် အလေ့အထ မရှိတော့ချေ။
“ မင်းပြောလိုက်ပုံက မင်းကပဲ ခဏခဏ ရှင်းပေးနေရတဲ့ ပုံစံနဲ့… ဟမ်… ”
“ အိုက်ယား.. ညီမတို့က အချင်းချင်းတွေဆိုပေမယ့် ယဉ်ကျေးရဦးမယ်လေ… “
လီချူးဟန်လည်း ပြုံးလိုက်ပြီး သူမလည်း အင်မတန် ပျော်ရွှင်နေလျက်ရှိ၏။
ဤသို့ဖြင့် သူတို့ သုံးယောက်လုံး ဖန်လုံအိမ်ထဲမှ ထွက်လာခဲ့ကြသည်။ သစ်သီးခြံ အပြင်ဘက်တွင် ခူးလာခဲ့သည့် အသီးများအား ပိုက်ဆံရှင်းရမည့် နေရာတစ်ခု ရှိ၏။ ပစ္စည်းများကို ပိုက်ဆံပေးပြီးမှသာ ထွက်သွား၍ ရသည်။
“ စတော်ဘယ်ရီက ၁.၅ ကီလို၊ ချယ်ရီက ၁.၅ ကီလို ၊ ပန်းသီးက ….. ၁.၅ ကီလို ၊ ဇီးသီး အသေးက တစ်ပေါင်၊ စူကာသီးက ၁.၇ ကီလို… စုစုပေါင်း ၂၅၈၉ ယွမ် ကျမယ်.. ငွေသားနဲ့ ပေးမလား … ကျူအာပေးနဲ့လား… “ သစ်သီးများ ချိန်တွယ်ခြင်းနှင့် ပိုက်ဆံကိုင်သည့် အမျိုးသားကနေပြီး ပြောလိုက်သည်။
“ ဟင်…”
ဤဈေးနှုန်းကို ကြားတော့ အမျိုးသမီးနှစ်ယောက်လုံး ကြက်သေသေသွားခဲ့ကြ၏။ သူတို့ စိတ်ထဲ ထင်ထားကြသည်မှာ အနည်းငယ် ဈေးပိုကြီးခဲ့လျှင်ပင် အလွန်ဆုံးပေးရ စုစုပေါင်း ယွမ် ၅၀၀ ဟု တွက်ချက်ထားကြ၏။
သို့သော် တကယ့်တကယ် လက်တွေ့ကျ ယွမ် ၂,၅၀၀ ပင်ကျော်နေသည်။
ထို့ပြင် ဤသည်က ကျပန်း ကောင်တီတစ်ခုရှိ ဈေးနှုန်းဖြစ်၏။
ကျိုးဟိုင်ရှိ စူပါမားကတ်များ၌ တင်သွင်းသည့် နိုင်ငံခြားက အသီးများပင် ထိုမျှ ဈေးတင်၍ မရောင်းချကြချေ။
“ ရှင် အတွက်များ မှားနေတာလား… ကျွန်မတို့ ခူးခဲ့တဲ့ အသီးတွေက အလွန်ဆုံး ယွမ် ၅၀၀ ဆိုရင်တောင်မှ အတော်လေး များလှပြီနော်.. ဘာလို့ ယွမ် ၂,၅၀၀ ကျော်တောင် တောင်းနေရတာလဲ..” ချောင်ရှင်း ပြန်ငြင်းလိုက်၏။
“ ဘာလို့ဆို နင်တို့ ကောက်ခဲ့တဲ့ အသီးတွေက အရည်အသွေး အကောင်းဆုံးတွေမို့လို့လေ.. ပြီးတော့ စူကာသီးဆိုတာ ငါတို့ ခန်းလိုင်ကောင်တီရဲ့ အထူးသဘာဝထွက်ကုန်၊ တခြားနေရာမှာ ရှိတာမဟုတ်ဘူး… ဒီတော့ ဈေးကြီးတာ သဘာဝပဲလေ… ဒါပေမယ့် အကုန်လုံးက အော်ဂဲနစ် စစ်စစ်တွေချည်းပါပဲ.. ဒီလိုမျိုး ဈေးကြီးကြီးနဲ့ ရောင်းတာကလည်း သဘာဝပဲ မဟုတ်ဘူးလား…”