အဆင့်မြင့်မြင့် မိမိုက်ဟန် ဆောင်သည့် စကေး
Vol. 92 Ch. 1377
“ ကောင်းတာပေါ့… ကျွန်မတို့လည်း အဲ့လို လုပ်မလို့ပဲလေ…”
ချောင်ရှင်းလည်း ပျင်းပျင်းရိရိနှင့် ဖက်တီးလေးအား စတင် ဆော့ကစားတော့၏။
ချောင်ရှင်း၏ စကားလုံးကို ကြားတော့ ဝမ်ကွမ်းလုံသည် ယုံကြည်ချက် အပြည့်နှင့် ဖြစ်သွားခဲ့တော့သည်။ လီချူးဟန်သည် သူ့အိတ်ကပ်ထဲ ရောက်နေပြီဟု မြင်မိ၏။
“ ခဏနေကျရင် အတူလာစားပါလား… ပြီးရင် လျှောက်လည်ကြဦးမှာ.. လူများတော့ ပိုပြီး ပျော်စရာကောင်းတာပေါ့…”
“ တော်ပါ… ရှင်တို့က လူတို့အများကြီးပဲ.. ပြီးတော့ ကျွန်မတို့ချင်းက ရင်းနှီးတာလည်း မဟုတ်ဘူး.. ကိုယ့်ဟာနဲ့ကိုယ် စားတာပဲ ကောင်းတယ်လို့ ထင်တယ်…”
“ အာ… ဘာမှ မဖြစ်ဘူး.. အကုန်လုံးက……”
“ အစ်ကိုဝမ်…”
ဝမ်ကွမ်းလုံသည် နောက်ထပ် မြားတစ်စင်းကို ထပ်မံပစ်လွှတ်လိုက်ချင်သော်လည်း ကျားဟူ၏ တားဆီးခြင်းကို ခံလိုက်ရ၏။
“ အစ်ကိုဝမ်.. သံပူပြီဆိုတာနဲ့ပဲ မင်း တန်းမထုနဲ့လေ.. တစ်ဆင့်ခြင်း တစ်လှမ်းခြင်း သွားဦးမှပေါ့… အလျင်စလို လုပ်တာက ဘယ်ဟာမှ မကောင်းဘူး…”
“ မင်းမှန်တယ်…”
“ ငါတို့ အခု လုပ်ဖို့ လိုအပ်တာက ကိုယ် ဘယ်လောက် ချမ်းသာကြောင်း ပြပြီး ငါးစာကို ဖြည်းဖြည်းချင်း ဟပ်စေဖို့ပဲ… တအားကြီး မသိသာစေနဲ့…”
“ ကောင်းပြီ… ငါနားလည်ပြီ…”
ဝမ်ကွမ်းလုံသည် တည်ငြိမ်ချင်ယောင်ဆောင်၍ ခွေးခြေခုံ တစ်ခုကို ထုတ်လိုက်ပြီး နေကာထီး တစ်ခုကိုလည်း ထုတ်လိုက်သည်။ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဘေးချိတ်ထားမည်ဆိုပါက သူ့တွင် လက်နက် ကိရိယာကတော့ အပြည့်ရှိသည်။
“ အစ်ကိုဝမ်… မင်းရဲ့ ငါးမျှားတံက တော်တော်လေးကောင်းမယ့်ပုံပဲနော်.. ဘယ်မှာဝယ်ခဲ့တာလဲတဲ့… ငါ ဒီဘရန်းမျိုး ဘယ်မှာမှ မတွေ့ဖူးလို့… “ ကျားဟူ အပြုံးလေးဖြင့် လီချူးဟန်တို့ ကြားအောင် မေးလိုက်သည်။
“ ဒီကောင်လား… ဒါမျိုး ဟွာရှမှာ ဝယ်လို့ မရဘူး.. အမေရိကန်က ငါ့ဘော်ဒါတစ်ယောက်ဆီ ဝယ်ပေးဖို့ တကူးတက လှမ်းမှာ ထားရတာ… ယွမ် ၈၀,၀၀၀ ကျော်ပေးရတယ်… ဒီနေ့မှ ထုတ်စမ်းကြည့်ရတာပဲ…”
“ ငါးမျှားတံ တစ်ချောင်းလေးကို ယွမ် ရှစ်သောင်းကျော် ပေးရတယ်ပေါ့… ဘုရားရေ…”
ဝမ်ကွမ်းလုံ ကိုင်နေသည် ငါးမျှားတံ၏ ဈေးနှုန်းကို ကြားပြီးနောက် အနီးနားရှိ လူများသည် အံ့ဩဘနန်းတွေ ဖြစ်ကုန်ကြ၏။
သူတို့ထဲတွင် အကောင်းဆုံးသော ငါးမျှားတံက ဤနေရာတွင် ရောင်းသည့် ဈေးကြီးပေ့ ဆိုသည့် ယွမ် ၁,၀၀၀ တန် ဖြစ်သည်။ သို့သော် ထိုလူက အတည်ကြီး ယွမ် ရှစ်သောင်းတန် ငါးမျှားတံကို အသုံးပြုနေသည်လော။
ဒီလူ တကယ် ချမ်းသာလို့ပဲ ဖြစ်ရမယ်…
မနာလို အားကျနေသည့် အကြည့်များကို လက်ခံရရှိလိုက်တော့ ဝမ်ကွမ်းလုံသည် အင်မတန် နှစ်ထောင်းအားရ ဖြစ်သွားခဲ့၏။ သူ ကျောကို ဖြောင့်စင်းနေအောင် မတ်၍ လင်းရီကို စောင်းငဲ့ကာ တစ်ချက်ကြည့်လိုက်သည်။ အထင်သေးမှု အပြည့်နှင့်ပင်။
“ ညီကို … မင်းရဲ့ ငါးမျှားတံကလည်း မဆိုးဘူးပဲ.. ဘယ်ကနေ ဝယ်ခဲ့တာ…”
“ မွန်ဂိုလီးယားက သူငယ်ချင်းကို မှာလိုက်တာလေ…”
“ မွန်ဂိုလီးယားကနေ ငါးမျှားတံ ဝယ်တယ်ပေါ့… “ ဝမ်ကွမ်းလုံ ကြက်သေသေသွားခဲ့ပြီး “ မွန်ဂိုလီးယားမှာ ပင်လယ်ရှိလို့လား…”
“ သူတို့မှာ ရေတပ်တောင်ရှိတာ ငါးမျှားတံရော ရှိလို့ မရဘူးလား…”
“ ဟားဟား …”
ဝမ်ကွမ်းလုံသည် တဟားဟား ရယ်မောလိုက်ပြီး ဟိတ်ဟန် အပြည့်ဖြင့် “ မင်း အလိမ်ခံလိုက်ရပြီဆိုတာ သေချာတယ် … အရည်အသွေးက ကြည့်ရတာ သာမန်လိုပဲ.. ငါမင်းကို ပိုတဲ့ တစ်ခု ပေးလိုက်မယ်.. ဒီကောင်ကလည်း ယွမ် ငါးထောင်လောက် ပေးရတဲ့ဟာပဲ.. အရည်အသွေးက မင်းလက်ထဲ ကိုင်ထားတာထက်တော့ ပိုကောင်းမှာ သေချာတယ်…”
ထိုသို့ ပြောပြီးနောက် ဝမ်ကွမ်းလုံသည် လီချူးဟန်ဘက် မသိမသာလှည့်၍ တစ်ချက်ရှိုးလိုက်၏။ သူ၏ အိုက်တင်နှင့် ပတ်သက်၍ အလွန်အမင်း ကျေနပ်အားရနေသည်။
“ ငါးမျှားတယ်ဆိုတာ အရည်အချင်းနဲ့ပဲ ဆိုင်တယ်… ပစ္စည်းတွေနဲ့ မဆိုင်ဘူး… မင်းဘာမင်းပဲ သိမ်းထားလိုက်…”
“ မင်း လေသံ နားထောင်လိုက်တာနဲ့ မရင့်ကျက်သေးဘူးဆိုတာ ပြောနိုင်တယ်… ဆိုရိုးတောင် ရှိသေးတယ်မလား.. တစ်နာရီ ထင်းခုတ်မယ်ဆို လေးဆယ့်ငါးမိနစ်ကို ပုဆိန်သွေးမှ… မင်းမှာ ငါးမျှားတံကောင်းကောင်းမှ မရှိဘူးဆိုရင် ငါးကြီးကြီး မိဖို့ မတရားခက်တယ်…”
ဝမ်ကွမ်းလုံသည် အတွေ့အကြုံ ကြွယ်ဝနေသည့် အမူအရာကို ပြသထားပြီး လင်းရီကို ညွှန်ပြလိုက်၏။
“ ပြီးတော့ မင်း သုံးနေတဲ့ ငါးစာ ဆိုတာလည်း ဘာ အနံ့မှ မရှိဘူး… ဒီလိုပုံစံနဲ့ဆို ငါးကြီးကြီးမိဖို့ တအား ခက်တာ.. မယုံဘူးဆို ငါ့ငါးစာကို မင်း နည်းနည်း စမ်းသုံးကြည့်လိုက်… ဒါ တစ်ကီလိုကို ယွမ် ၈,၀၀ ပေးရတာနော်… ရလဒ်က ကွဲပြားစေရမယ်ဆိုတာ ငါ ရဲရဲကြီး အာမခံတယ်..”
ဝမ်ကွမ်းလုံ၏ စကားကြောင့် လူတိုင်း တစ်ဖန် ရှော့ခ်ရသွားခဲ့ရပြန်သည်။
ယွမ် ရှစ်သောင်းကျော် ပေးရတဲ့ နိုင်ငံခြားက ငါးမျှားတံနဲ့ တစ်ကီလိုကို ယွမ် ၈၀၀ ပေးရတဲ့ ငါးစာ… ဒီလူ ဘယ်ကနေ လာခဲ့တာပါလိမ့်… သောက်ရမ်း ချမ်းသာလွန်းပါတယ်…
တကယ်လို့ သူတို့သာ အဲ့လို ငါးစားမျိုး ရနိုင်မယ်ဆိုရင် ငါး အကြီးကြီး သုံးလေးကောင်လောက်တော့ ဖမ်းမိနိုင်မှာပဲ…
“ ငါ ပြောပြီးပြီပဲ… ငါးမျှားတာက အရည်အချင်းပေါ်ပဲ မူတည်တယ်.. ငါးမျှားတံနဲ့ ဘာမှမဆိုင်ဘူး… မင်းတို့လို ချမ်းသာပြီး ပိန်းတဲ့လူတွေပဲ အဲ့လို အသုံးမဝင်တဲ့ အရာတွေအပေါ် လိုက်ပြီး ဂရုစိုက်နေကြတာ…”
လင်းရီက သူ့ကို ချမ်းသာပြီး ပိန်းတဲ့လူဟု ပြောသံကြားတော့ ဝမ်ကွမ်းလုံ၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။ သို့သော် ၎င်းက အလျင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့သည်။
အလှလေးက သူ့ကို အကဲခတ်နေတာလေ… ဒါကို သူက ကြမ်းတမ်းတမ်းတွေ လုပ်နေလို့ ဘယ်ဖြစ်မှာ.. လူကြီးလူကောင်းနဲ့ သဘောထားကြီးမြတ်တဲ့ ပုံစံ ပေါ်နေမှ ရမှာပေါ့…
“ ဟားဟား… ဒါဆိုလည်း ကံကောင်းပါစေ.. မင်းရဲ့ ငါးမျှားတံ အစုတ်အပြတ်နဲ့ ငါးကြီးကြီး ဖမ်းမိမှနော်… မဟုတ်ရင် မင်းနောက်က အလှလေး နှစ်ယောက်က ဗိုက်ဆာနေလိမ့်မယ်…"
ဝှစ် ဝှစ်…
ဝမ်ကွမ်းလုံ စကားဆုံးသည်နှင့် လင်းရီသည် သူ၏ ငါးမျှားတံကို ဆွဲတင်လိုက်သည်အား မြင်တွေ့လိုက်ရ၏။
မီတာဝက်လောက် ရှိမည့် ငါးကြင်းကြီးတစ်ကောင် ရေထဲမှ ထွက်ပေါ်လာသည်။
“ ဘုရားရေ… ငါးအကြီးကြီးဟ…”
လင်းရီ ဖမ်းမိထားသည့် ငါးကို မြင်သည်တွင် ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားတကြီးတွေ ဖြစ်ကုန်ကြသည်။
သူတို့အားလုံးက ဤနေရာတွင် ပုံမှန် ငါးမျှားသူများ ဖြစ်ကြပြီး ယခုလို တစ်စုံတစ်ယောက်က ငါးအကြီးစား ဖမ်းမိသွားသည်ကို မြင်တွေ့သည်ကတော့ ပထမဆုံးအကြိမ်ပင်။
“ မင်း ဒီငါးကို ဘယ်လိုထင်လဲ…”
လင်းရီ ဝမ်ကွမ်းလုံကို ကြည့်ပြီး ပြောလိုက်၏။
“ မင်း… မင်းရဲ့ ကံက အတော်လေး ကောင်းသားပဲ…”
လင်းရီ ပြုံးလိုက်ပြီး ငါးကို ရေလှောင်တမံထဲ ပြန်လွှတ်ပေးလိုက်သည်။
“ ညီကို … မင်းအဲ့တာ ဘာလုပ်နေတာလဲ… မင်းဖို့ ဒီလောက်ကြီးတဲ့ ငါးမျိုး ရဖို့ မလွယ်ကူတာကို ဘာလို့ ပြန်လွှတ်ပေးလိုက်တာလဲ…”
“ တစ်ချက်ကြည့်လိုက်တာနဲ့ အဲ့ငါးက အိုနေပြီဆိုတာ ပြောလိုက်ရတယ်… ချက်စားလို့ ကောင်းမှာ မဟုတ်ဘူး… ပိုသေးတဲ့ တစ်ကောင်ကို သုံးမှ ကောင်းမှာ…”
စနစ်က သူ့ကို မာစတာ အဆင့် ဟင်းချက် စကေး ချီးမြင့်ပေးထားသဖြင့် လင်းရီတွင် ပါဝင်ပစ္စည်းများနှင့် ပတ်သက်ပြီး နက်ရှိုင်းသည့် နားလည်သဘောပေါက်ထားမှုတို့ ရှိသည်။
ငါးက အသက်ကြီးလေ ၊ အသားကလည်း ရွဲလေဖြစ်ပြီး အရသာနှင့် အထိအတွေ့မှာ ဆိုးရွားလိမ့်မည်။
ထို့ကြောင့်ပဲ နို့စို့အရွယ် ဝက်ပေါက်ကင်လေးများအား တစ်ကောင်ကို ယွမ်သောင်းချီနှင့် ရောင်းချနေကြခြင်းပင်။
“ ဆိုတော့ မင်းတွေးနေတာ အဲ့တာမျိုးကိုး… ငယ်ငယ်ရွယ်ရွယ်နဲ့ အဲ့လောက် အရသာခံတတ်လိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားဘူး.. တစ်ချက်ကြည့်လိုက်တာနဲ့ မင်းက စားဘဲကြီးဆိုတာ ပြောနိုင်တယ်…”
“ အင်း.. ဟုတ်တယ်… “
လင်းရီ ထွေထူး အာရုံ ထားမနေဘဲ ငါးဆက်မျှားနေလိုက်၏။
သို့သော် ဝမ်ကွမ်းလုံသည် အေးစက်စက်နှာမှုတ်၍ သူ့ဘာသူ ရေရွတ်လိုက်၏။
' လေပေးကတော့ ဖြောင့်နေတာပဲ.. ဟမ့်... တကယ့်တကယ် အကြောင်းပြချက်ကျတော့ မင်း အဲ့လောက် ငါးအကြီးကို ပိုက်ဆံ မတတ်နိုင်လို့မလား…’
ဝမ်ကွမ်းလုံ၏ အမြင်တွင် ထိုမျှ ငါးအကြီးစားကြီးက ရေလှောင်တမံ ဧရိယာ၌ အနည်းဆုံး ယွမ် ၂၀၀ တန်ကြေး ရှိလိမ့်မည်။ လင်းရီလို ဝူလင်းဟုန်ကွမ်းမောင်းပြီး ပိုက်ဆံ ချွေတာနေရသည့် သူဆင်းရဲလေး တစ်ယောက်က ထိုမျှ ငွေပမာဏကို ကျိန်းသေပေါက် တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပြန်လွှတ်ပေးရန်သာ ဆုံးဖြတ်ပြီး ငါးသေးသေးလေးကိုသာ ဖမ်းမိဖို့ ဆက်လက် ကြိုးစားလိုက်၏။
ထိုအကြောင်း တွေးတောမိတော့ ဝမ်ကွမ်းလုံသည် နဂိုကထက် ယုံကြည်မှု နှစ်ဆ ဖြစ်သွားခဲ့၏။
အဲ့လိုကောင်ကများ ငါနဲ့ လာပြိုင်ချင်သေးတယ်ပေါ့..
ဟာသပဲ…
“ ညီကို.. မင်း ခုလေးတင် လွှတ်ပေးလိုက်တဲ့ ငါးက အကြီးကြီးပဲကွာ.. နှမြောစရာကြီးပဲ…” ဝမ်ကွမ်းလုံသည် နောင်တရဟန် ဆောင်လျက် ပြောလိုက်ပြီး “ နည်းနည်းလေး ဈေးကြီးတယ်ဆိုပေမယ့် မင်းငါ့ကို ပေးလို့လည်း စိတ်မဆိုးပါဘူး.. ငါတတ်နိုင်ပါတယ်…”
“ မင်းမှာ ယွမ် ရှစ်သောင်းကျော် ငါးမျှားတံနဲ့ ယွမ် ရှစ်ရာတန် ငါးစာတွေ ရှိနေပြီပဲ မဟုတ်ဘူးလား… ကိုယ့်ဘာကိုယ် ရအောင် ဖမ်းပေါ့…”
ထိုသို့ အပြောခံလိုက်ရတော့ ဝမ်ကွမ်းလုံ၏ မျက်နှာသည် ကွက်ခနဲ ပျက်သွားခဲ့သည်။ သို့သော် ကျားဟူက အချိန်မီ သူ့ကို ဝင်ဆွဲပေ၍ပင်။
“ အစ်ကိုဝမ်.. အဲ့ကောင်ကို စိတ်တိုနေစရာ မလိုပါဘူး..” ကျားဟူ ပြောလိုက်ပြီး “ သူ့ စကေးတွေက ကောင်းရင်တောင် အလကားပဲ… ဒါက လက်တွေ့ဆန်တဲ့ လူ့အဖွဲ့အစည်း… ကိုယ့်မှာ ငွေသာရှိရင် ကမ္ဘာပတ်လို့ရတယ်.. ငွေမရှိရင်တော့ တစ်လက်မတောင် ရွေ့လို့ရမှာ မဟုတ်ဘူး.. မင်း အခု လုပ်ဖို့ လိုအပ်တာက ကိုယ့်မှာ ပစ္စည်းဥစ္စာတွေ ဘယ်လောက်တောင် ပေါကြွယ်ဝပြီး ဘယ်လိုကြီးပြင်းလာခဲ့လဲဆိုတာ အဲ့ကောင်မ မြင်အောင် ပြဖို့ပဲ… ဘာပဲဆိုဆို မိန်းမတိုင်းက ပညာတတ်ပြီး လူကြီးလူကောင်းဆန်တဲ့ လူတွေကို သဘောကျတတ်ကြတယ်လေ…”
ဝမ်ကွမ်းလုံ မသိစိတ်အလျောက် ခေါင်းတဆတ်ဆတ် ညိမ့်လိုက်၏။
“ မင်းပြောတာ မှန်တယ်.. သူ ငါ့အပေါ် ရိုင်းပြလေလေ … ငါ့ဘက်က ဒေါသ နည်းလေလေ ဖြစ်ဖို့လိုတယ်… အဲ့တာ ငါ့ရဲ့ သဘောထားကြီးမြတ်မှုကို ပြဖို့ အခွင့်ကောင်းပဲ..”
“ ဟုတ်တယ် ဟုတ်တယ်… ငါ ဆိုလိုချင်တာ အဲ့တာ… အစ်ကိုဝမ်က အသာစီးကနေဆိုတာ အသိသာကြီးကို ခုလောက်ဆို ဟိုကောင်မ အစ်ကိုဝမ်ကို ကြွေရင် ကြွေနေလောက်မှာ ပြောမရဘူး…”
“ ငါ သိပြီ… "
“ ဒါကြောင့်မို့ အခု လေးလေးနက်နက်နဲ့ ငါးမျှားလိုက်… တကယ်လို့ အခွင့်အရေး ရှိလာရင် သူ့ကို ဝေဖန်လိုက်… သူ့လို သွေးဆူလွယ်တဲ့ လူငယ်လေးက ငါးစာဟပ်မှာ သေချာပေါက်ပဲ… ဒါက အစ်ကိုဝမ်ဖို့ ပိုတောင် အကျိုးရှိစေဦးမယ်…”
ဝမ်ကွမ်းလုံသည် အပြုံးလေးဖြင့် ဆေးလိပ်မီးညှိလိုက်၏။ ယုံကြည်ချက်တို့ ပြည့်လျှံလွန်းနေချေပြီ။
“ ငါ ဘာလုပ်ရမလဲ သိတယ်… ဒါပေမယ့် စိတ်မပူနဲ့.. ငါ မင်းကို ဆိုးဆိုးရွားရွားကြီး မဆက်ဆံပါဘူး… ငါမင်းကို စက်ရုံ အသစ်မှာ ရင်းနှီးမြုပ်နှံခွင့် ပေးရုံတင် မကဘူး.. ငါပြီးရင် ဒီကောင်မကို မင်းပျော်ဖို့ပါ ငှားမယ်…”
“ ဟားဟား… ကျေးဇူးပါ အစ်ကိုဝမ်…”