ရူးလောက်အောင် ဂိုက်ဖမ်းခြင်း
Vol. 92 Ch. 1379
“ အဟဲဟဲ… တကယ်တမ်း လက်တွေ့ကျ ယွမ်သန်းဆယ်ချီဆိုတာ အဲ့လောက်ကြီးလည်း မများပါဘူး…” ဝမ်ကွမ်းလုံ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါက အခု နောက်ထပ် စက်ရုံခွဲ တစ်ခု တည်ဆောက်ဖို့ နေရာရှာနေတာလေ.. နောက် ငါးနှစ် အတွင်းမှာပဲ ဘီလီယမ်နာတွေရဲ့ အဆင့်သတ်မှတ်ချက်ထဲ ဝင်ဖို့ ကြိုးပမ်းနေတာ…”
ယခုလို လေလုံးထွားနေသော်လည်းပဲ ဝမ်ကွမ်းလုံ၏ ကြွယ်ဝမှုများ စုပေါင်းလိုက်၍ ယွမ် သန်း အနည်းငယ်သာလျှင် ရှိသည်။ ယွမ်သန်း ဆယ်ချီဆိုပြီး ပြောလိုက်သည်က လီချူးဟန်ဆီကနေ အတန်းရှင်း လိုချင်၍ ဖြစ်လေသည်။
“ ဝေါင်း.. အရမ်း အံ့ဩဖို့ ကောင်းတာပဲ… ကျွန်မတော့ ကိုယ်လူချောလို အောင်မြင်နေတဲ့လူတွေကို သိပ်လေးစားတာပဲ သိလား…”
“ မခံယူဝံ့ပါဘူး.. မခံယူဝံ့ပါဘူး…”
ဝမ်ကွမ်းလုံသည် ချောင်ရှင်းကြောင့် အနည်းငယ်ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရ၏။
ဒီဟာမလေးကတော့… သူတောင် ငါးစာ မချရသေးဘူး.. ဇွတ်အတင်းတွေ ချိတ်မိနေတော့တာပဲ…
ဤသည်ကတော့ ပျော်ဖို့ကောင်းသည့် စပရိုက်လေးပင်။
“ ငါ တခြား လုပ်စရာ ကိစ္စလေးတွေ ရှိလို့ စကား ဆက်မပြောနိုင်တော့ဘူး.. တကယ်လို့ ပိုက်ဆံ လိုချင်တာ ဒါမှမဟုတ် အနာဂတ်ကို ပြောင်းလဲချင်တာတို့ရှိရင် အချိန်မရွေး ဆက်သွယ်လိုက်လို့ရတယ်.. ငါ့ဘက်က သင်ပြပေးဖို့ မတွန့်တိုတတ်ပါဘူး..”
“ ကောင်းပြီ… အတည်နော်…”
“ဒါပေါ့… ငါ့စကားနဲ့ငါပဲ…”
ဝံ့ဝံ့ကြွားကြွား စကားပြန်ပြောပြီးနောက် ဝမ်ကွမ်းလုံသည် ထပြီး ထွက်ခွာသွားတော့၏။
သူ၏ အကွက်က ပြီးပြည့်စုံသည်ဟူ၍ ခံစားနေရလေသည်။
အခြေအနေက ကောင်းသော်လည်းပဲ သူ ဆက်ပြီး စကားမပြောခဲ့ချေ။ ဤသို့ဖြင့် သူ့ဘက်က ပိုပြီး ဆွဲဆောင်မှု ရှိသည့် အသွင်ကို ဖြစ်ပေါ်စေလိမ့်မည်။
“ ခု သူတို့ဘက်ကနေပြီး ငါ့ဆီ အရင်ဆုံး ဆက်သွယ်လာကြလိမ့်မယ်… အဲ့လိုဆိုရင် ငါတို့ဘက်က အသာစီးရပြီ…”
“ ကျစ် ကျစ် ကျစ်.. အစ်မလီ… ဒီ တစ်နပ်လည်း ဂုန်းဆင်းရဖို့ သေချာနေပြီပဲ..” ချောင်ရှင်း ပြောလိုက်ပြီး “ အစ်မလီရဲ့ အာရုံကို ဖမ်းစားနိုင်အောင်ဆိုပြီး အဲ့ဖက်တီးကြီးက သေချာပေါက်ကို လာပြီး ဘေလ်ရှင်းပေးဖို့ များတယ်..”
“ လင်းရီ မတတ်နိုင်နေတာမှ မဟုတ်တာ..”
“ တကယ်လို့ အစ်ကိုရီ ရှင်းလိုက်မယ်ဆိုရင် သူ့ကိုယ်ပိုင် ပိုက်ဆံကို သုံးလိုက်ရသလို ဖြစ်မသွားဘူးလား..” ချောင်ရှင်း ပြောလိုက်ပြီး “ အခုက မတရားတွေ ရှင်းပေးချင်နေတဲ့လူ ရှိနေမှတော့ ပိုက်ဆံ ချွေတာလို့ ရတယ်လေ..”
“ ငါတော့ နင့်ကို ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး..”
ကလင် ကလင် ကလင်…
လီချူးဟန် စကားဆုံးသည်နှင့် သူမ အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။
“ ဒါရိုက်တာမြောင်နဲ့ တခြားသူတွေ ရောက်လာပြီတဲ့… သူတို့ကို သွားကြိုဖို့ ငါနဲ့လိုက်ခဲ့…”
“ မြန်မြန် မြန်မြန်… အခုပဲ သွားကြစို့… ညီမလည်း နောင်ကျ ရာထူးတိုးချင်တယ်လေ…”
နှစ်ယောက်သား ဆိုင်ထဲမှ အတူထွက်လာခဲ့ကြပြီး မြောင်ကော်ဖုန်းနှင့် ကျန်သူများကို ဤနေရာသို့ ခေါ်လာခဲ့ကြသည်။
“ ဒီအနီးနားလေးမှာ ဒီလောက်လှတဲ့ နေရာမျိုး ရှိလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး… “ မြောင်ကော်ဖုန်း အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ဒါ အကုန်မဟုတ်သေးဘူး…” ချောင်ရှင်း ပြောလိုက်ပြီး “ အစ်ကိုရီက ရေလှောင်တမံထဲကနေ ငါးတွေ အများကြီး ဖမ်းမိခဲ့သေးတယ်.. ခု မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတာ.. ခဏဆိုရင် အဆင်သင့်ဖြစ်ပြီ..”
“ ဟားဟား.. ဒါဆိုလည်း ငါတို့ အားနာမနေတော့ဘူးနော်…”
အခြားတစ်ဖက်တွင်တော့ ဝမ်ကွမ်းလုံနှင့် ကျားဟူတို့သည် လီချူးဟန်တို့ကို ဘေးမှနေပြီး အရိပ်တကြည့်ကြည့်နှင့် လုပ်နေကြ၏။
ဖက်တီးက ...
“ ဒီ အဘိုးကြီးတွေက ဘယ်ကတွေတုန်း… သူတို့ ကြည့်ရတာ တော်တော်လေး ရင်းနှီးကြတဲ့ပုံပဲ…”
“ သူတို့ မိသားစုက အကြီးအကဲတွေ ဖြစ်ရင်ဖြစ်မှာပေါ့… ဒီလာပြီး ညစာ စားကြလားမှ မသိတာ…”
ကျားဟူ ဆေးလိပ်တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီး “ အစ်ကိုဝမ်… ငါတော့ ဒါက အခွင့်အရေးကောင်းလို့ ထင်တယ်.. ငါတို့ ဒီဥစ္စာကို သေချာလေး အသုံးချရမယ်…”
“ မင်း ပြောချင်တာက…………”
“ တွေးကြည့်လေ… ဒီ သက်ကျားအိုကြီးတွေက အဲ့ကောင်မရဲ့ ဆွေမျိုးတွေ ဖြစ်တယ်ဆိုရင် သူတို့ ကလေးတွေ အနာဂတ်ကျ ကောင်းစားမှာကိုပဲ အလိုရှိမှာမလား… ခဏနေကျရင် အခွင့်အရေးကောင်း တစ်ခု ရှာပြီး သူ့မိသားစုရဲ့ အကြီးအကဲတွေရှေ့မှာ အစ်ကိုဝမ် ဘယ်လောက် ချမ်းသာလဲဆိုတာ သိအောင် ကြွားပြလိုက်… အဲ့လိုဆိုရင် သူတို့စိတ်ထဲမှာ အစ်ကိုလုံနဲ့ မီးဖိုချောင်ထဲက ငဝိလေးကို အလိုအလျောက် နှိုင်းယှဉ်နေကြလောက်တယ်.. သူတို့ ပြန်သွားတဲ့ အခါကျရင် အားမလို အားမရတွေ ဖြစ်ပြီး အဲ့ကောင်မလေးကို နားချကြမယ်… ဒီလိုဆိုရင် သူ့ကို သိမ်းပိုက်ဖို့ ပိုလွယ်သွားပြီ…”
ဝမ်ကွမ်းလုံ၏ မျက်လုံးများ လက်ခနဲ ဖြစ်လာခဲ့သည်။ ကျားဟူ ပြောသည်က အဓိပ္ပာယ်ရှိသည်ဟု သူခံစားနေရသည်။
“ ဒီလို အကြံမျိုးတောင် စဉ်းစားထွက်လာတယ်ဆိုတော့ မင်းက ငါနိုးကျလောက်တဲ့ ဉာဏ်ကြီးရှင်ပဲကွ…”
ကျားဟူ ရယ်မောလိုက်သည်။ “ ပါမွှားလေးပါ.. ဒီလို ကိစ္စမျိုးတွေ လုပ်ပါများရင် အိုင်ဒီယာတွေဆိုတာ သူ့အလိုလိုကို ထွက်လာခဲ့တာ… စဉ်းစားနေစရာတောင် မလိုဘူး.. အစ်ကိုဝမ်သာ ငါပြောသလို လိုက်လုပ်သရွေ့ အောင်ပွဲက ငါတို့လက်ထဲမှာပဲ…”
“ ကောင်းတယ်…”
နာရီဝက်ကြာပြီးနောက် လင်းရီ၏ ဟင်းလျာများကို စားပွဲထိုးကနေပြီး သယ်လာခဲ့ပေး၏။ ထို့ပြင် အခြားသော အရန်ဟင်းလျာများလည်း ပါဝင်ပေသည်။ စုစုပေါင်း ဟင်းပွဲ ဆယ့်နှစ်မျိုးဖြင့် အတော်လေး ခမ်းနားသည့် ထမင်း တစ်နပ် ဖြစ်၏။
“ အိုး… ဒါရိုက်တာလင်းကိုယ်တိုင် ချက်ထားတာလား… ကျုပ်တို့တော့ ဒီနေ့ ကောင်းကောင်းစားရမယ်ဟေ့…” ပြည်ထောင်စု ကောလိပ် ဆေးရုံရဲ့ ဒါရိုက်တာ မာရန်ပေါ်ကနေပြီး ပြောလိုက်သည်။
“ ခင်များတို့က ကျွန်တော့်ကို ဒီလောက် အကူအညီပေးထားတာ ကျွန်တော့်ဘက်က ကျေးဇူးတင်မှုကို ဖော်ပြဖို့ အခွင့်အရေး မရခဲ့ဘူးလေ… ဒီ ထမင်းတစ်နပ်ကို ကျေးဇူးတင်တဲ့ အနေနဲ့ သဘောထားလိုက်ပါ…” လင်းရီ ပြုံးလိုက်သည်။
“ နောက်ကျရင် သုံးလေးခွက်လောက် သောက်ကြတာပေါ့… ပျော်တယ်ဆိုမှတော့ အသောက်ကလေးတော့ မပါမဖြစ်ဘဲ ဟုတ်တယ်မလား..”
“ ဒါရိုက်တာလင်းက ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးတာကို မြည်းစမ်းဖို့က အရမ်းရှားတဲ့ အခွင့်အရေးပဲ.. ဒါပေါ့… သုံးလေးခွက်နဲ့ ဘယ်လုံလောက်မှာ ပုလင်းတွေ အများကြီး သောက်မှကို ဖြစ်မှာ..”
‘ မင်းငါ့ကို တစ်လက်မပေးရင် ၊ ငါကမင်းကို တစ်ကိုက် ပြန်ပေးမယ် ‘ ဆိုတဲ့ စကားအတိုင်း လင်းရီ၏ ဟွာရှတွင် ရှိသည့် အဆင့်အတန်းဖြင့်ဆိုပါက ဆေးရုံ ဒါရိုက်တာ လေးယောက်ကို ယဉ်ယဉ်ကျေးကျေး ပြောနေသည်ကပင် သူတို့အားလုံးကို စိတ်အခြေအနေ အမြင့်ဆုံးထိသို့ ရောက်ရှိသွားစေသည်။ ထမင်းစား စားပွဲရှိ လေထုသည်လည်း သဟဇာတ ဖြစ်လာခဲ့တော့၏။
သို့သော် ထိုအချိန်တွင် ဝမ်ကွမ်းလုံနှင့် ကျားဟူတို့သည် လင်းရီအနား လျှောက်လှမ်းလာခဲ့ကြပြီး “ ညီကို… ငါ့အထင်တော့ မင်းရဲ့ ငါးက တော်တော်ကြီး မဆိုးဘူးပဲ… မင်းဘာမင်း ချက်ထားတာလား…”
“ ဘာလို့… မင်း တစ်ခုခု လိုလို့လား…”
“ ထွေထူး မဟုတ်ပါဘူးကွာ.. ငါ့အထင် ဒီငါးတွေက တော်တော်လေး ကောင်းတယ်လို့ ထင်တယ်.. ဒီလို လုပ်ရင်ကော… ငါ မင်းကို ပိုက်ဆံပေးမယ်… မင်း ငါ့ကို ဒါမျိုး ချက်ပေးမလား…”
ဒါရိုက်တာ လေးယောက်လုံး ဝမ်ကွမ်းလုံကို တညီတညွှတ်တည်း ကြည့်လိုက်ကြပြီး ထူးဆန်းသည့် အကြည့်တို့ဖြင့် ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်ကြသည်။
အတည်ကြီးလား ... သူက လင်းရီကို သူစားဖို့ ချက်ခိုင်းနေတယ်ပေါ့လေ.. ပြီးတော့ ပိုက်ဆံတောင် ပေးဦးမယ်ပေါ့… ဒီဖက်တီးက သူ့ကိုယ်သူ ဘာကောင်လို့ ထင်နေတာပါလိမ့်…
“ ငါ့ကို အားနေတဲ့ ကောင်လို့များ မင်းထင်နေတာလား…”
“ မင်းရဲ့ အချိန်တွေက အဖိုးတန်တယ်ဆိုတာ ငါသိတယ်.. ဒါပေမယ့် ငါမင်းကို ပိုက်ဆံပေးပြီး ချက်ခိုင်းမှာလေ… မဟုတ်လို့လား…” ဝမ်ကွမ်းလုံ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ အမယ်တွေအတွက်လည်း ပိုက်ဆံပေးမယ်… မင်း လုပ်ဖို့လိုတာက ဒါမျိုးဟင်း နောက်တစ်ခွက်ပဲ… တစ်ခွက်ကို ယွမ် ၁,၀၀၀ … မင်းငါ့ကို လေးခွက်ချက်ပေး… ဘယ်လိုလဲ…”
ပြောပြီးနောက် ဝမ်ကွမ်းလုံသည် သူ့အိတ်ထဲကနေ ယွမ်ရာတန် တစ်ထပ်လိုက်ကြီး ထုတ်၍ လင်းရီရှေ့ ချလိုက်၏။ ဘယ်လောက်ရှိမလဲတော့ သူမသိပေ။ သို့သော် အနည်းဆုံး ယွမ် ၅,၀၀၀ လောက်တော့ ရှိ၏။
“ ညီကို… အတိအကျတွေ တွက်ချက်မနေနဲ့… ဒီတစ်ထပ်က ယွမ် ၄,၀၀၀ ကျော်တာတော့ ကျိန်းသေတယ်.. ပိုတာ ပြန်မပေးနဲ့… မင်းရဲ့ လုပ်အားခလို့ပဲ သဘောထားလိုက်..”
“ ဘုရား ဘုရား…”
ဝမ်ကွမ်းလုံ လက်ထဲရှိ ယွမ် ရာတန် အထပ်လိုက်ကြီးကို မြင်တော့ အနီးနား စားပွဲဝိုင်းရှိ လူများ မနာလိုမျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြ၏။
“ ယွမ်သန်းဆယ်ချီ ချမ်းသာတဲ့ တိုင်ကွန်းကတော့ ထင်ထားတဲ့အတိုင်းပဲ.. သူများကို ပိုက်ဆံတွေ အများကြီးပေးပြီးမှ ဟင်းချက်ခိုင်းနေတယ်.. ချမ်းသာသူတွေရဲ့ ကမ္ဘာက တကယ်ကြီး ငါတို့လို သာမန်လူတွေ စိတ်ကူးယဉ်လို့ရတဲ့ အရာ မဟုတ်ဘူးပဲ…”
“ ငါတော့ သူ ဒီလိုတွေ လုပ်နေတာ အကြောင်းပြချက်နဲ့လို့ ထင်တယ်… သူ့ရဲ့ ကြွယ်ဝမှုတွေ ထုတ်ပြပြီး ဟိုကောင်လေးရဲ့ စော်ကို ချိန်နေတာပဲ ဖြစ်ရမယ်…”
“ ငါကတော့ အဲ့ဖက်တီး သူ့ရည်မှန်းချက် ပြည့်ဝတော့မယ်လို့ ထင်နေတယ်ဝေ့… ဒီလို ကောင်တီသေးသေးလေးမှာ ဒီလောက် ငွေ အများကြီးက သုံးလစာ လုပ်အားခနဲ့ ညီမျှတယ်…”
“ ချမ်းသာရတာ ကောင်းလိုက်တာ… ရုပ်ဆိုးနေလည်း ပြဿနာ မရှိဘူး…. မကြွေမချင်း ငွေနဲ့ ပစ်ပေါက်လို့ရတယ်…”
“ ငါတော့ ဟိုအချောလေးကိုပဲ သနားမိတယ်.. သူ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ ၊ ကောင်မလေးတွေရှေ့မှာ အနိုင်ကျင့်ခံ နေရရှာတာ… ကျွတ် ကျွတ် ကျွတ်… ငါသာဆိုလို့ကတော့ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး… “
လူတိုင်း အပူတပြင်း ဆွေးနွေးနေစဉ် လင်းရီသည် ဝမ်ကွမ်းလုံကို တစ်ချက်ကြည့်လိုက်သည်။
“ မင်း အိတ်ထောင်ထဲရှိတဲ့ ငွေနည်းနည်းလေးနဲ့ မင်းဘာမင်းပဲ ပြန်သိမ်းထားလိုက်… ငါ ထမင်းစားနေတာကို လာ မနှောင့်ယှက်နဲ့… မင်း ထွက်သွားလိုက်တော့…”
ဝမ်ကွမ်းလုံနှင့် ကျားဟူတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ တစ်ယောက်မျှ ဒေါသ မထွက်သွားကြချေ။ လင်းရီ၏ စကားလုံးတို့က သူတို့ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း ရှိလေသည်။
သူ့ဘက်က ယခုလို စကားလုံးများ ပြောပြီးသည့်တိုင် တစ်ဖက်သူက အင်းမလုပ် အဲ မလုပ်ဆိုပါက ဒင်းကို ဘောနှစ်လုံးနှင့် ယောက်ျားဟူ၍ ခေါ်နိုင်ပါဦးမည်လော။
“ အစ်ကိုဝမ်… ငါတို့ နောက်ဆုံး အသေသတ်အကွက် ထုတ်ဖို့ အချိန်ပဲ.. လုပ်လိုက်တော့.. ငါတို့ ကျိန်းသေပေါက် အောင်မြင်လိမ့်မယ်..” ကျားဟူ ကပ်တိုးလေး ပြောလိုက်၏။
ဝမ်ကွမ်းလုံ ခေါင်းညိမ့်လိုက်ပြီး သူ၏ အိတ်ထဲ လှန်လောလိုက်၏။ ထို့နောက် ယွမ် တစ်သောင်းအုပ်ကို လင်းရီ ကိုယ်ပေါ် ပစ်ပေါက်လိုက်သည်။ ထို ပိုက်ဆံများကို လင်းရီအား ပြန်လိုက်ကောက်စေချင်ပြီး အရှက်ခွဲရန် ရည်ရွယ်ထား၏။
သို့သော် ထိုအခိုက်အတန့်တွင်ပဲ ဝမ်ကွမ်းလုံသည် သက်လတ်ပိုင်းလူနှစ်ယောက် အပြင်ဘက်မှ ဝင်ရောက်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။ သူ၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့တော့၏။
“ ဘာတွေ ဖြစ်နေတာလဲ… ဘာလို့ အတွင်းရေးမှူးကျောက်က ဒီကို ရောက်လာခဲ့တာလဲ…”