← Chapters

နဂါးဘုရင်

Vol. 12 Ch. 167

နဂါးဘုရင်

Vol. 12 Ch. 167

Child of light (ကျန်းကုန်း)

Volume 6: Chapter 11 - Dragon King

ရှောင်ကျင်း စိုးရိမ်တကြီးနဲ့ ကျုပ်နားကပ်လာပြီး သူ့အမေကို စိတ်မချမ်းမသာနဲ့ အော်လိုက်တယ်။

“အာ… ယိုး… အမေ တမင်လုပ်တာ မဟုတ်ပါဘူး။ လာ လာ အမြန်သွားရအောင်”

နဂါး(၃)ကောင်နဲ့ လူတစ်ယောက် ရေကန်ကြီးအနက်ပိုင်းဆီကို မျဉ်း တစ်ကြောင်းလို ပျံသွားလိုက်ကြတယ်။

ရှေ့မှာ အပေါက်ကြီး တစ်ပေါက်ဗျ။ နဂါးဖြူကြီးက သူ့လက်သည်းတွေနဲ့ ကျုပ်ကိုကိုင်ထားတာ။ လောလောဆယ် ကျုပ်ခန္ဓာကိုယ်မှာ အလင်းရောင်တွေ ထွက်နေတာ ရပ်သွားပြီ။ သူ ရှောင်ကျင်းဘက် ခေါင်းလှည့်ပြီး..

“ဒါ ငါတို့ အိမ်လေ။ ရှောင်ချင်.. အာ.. ငါပြောချင်တာက ရှောင်ကျင်းရဲ့ ဦးလေးစိမ်း၊ နင် တံခါးမှာ စောင့်ပေးအုံး။ ငါတို့ အရင်သွားလိုက်အုံးမယ်။ ချစ်ခြင်းတွေ အပြည့်နဲ့ ပျော်စရာ ငါတို့ မိသားစု (၃)ယောက်ကို တခြားနဂါးတွေ လာနှောက်ယှက်ခွင့် မပေးနဲ့နော်”

သူပြောပြီးတာနဲ့ ရှောင်ကျင်းနဲ့ ကျုပ်ကို ဆွဲခေါ်သွားတော့တယ်။

ကျန်နေတဲ့ နဂါးစိမ်းကြီးကတော့ တဖြည်းဖြည်း ပျောက်သွားတဲ့ ကျုပ်တို့ ကျောပြင်ကို ကြည့်ရင်း နာနေတဲ့လက်တွေနဲ့ ခေါင်းကို ဖိရင်း..

“ငါ.. ငါ.. ငါက နဂါးမျိုးနွယ်ရဲ့ ကောင်းကင် နဂါး(၈)ကောင်ထဲက တစ်ကောင်လေ။ အခုကျ တံခါးစောင့် နဂါးတစ်ကောင် ဖြစ်သွားပြီ။ အစ်မကြီး အရမ်းတော်တာပဲ။ ဟမ်.. နေပါအုံး။ အဟား…။ ငါကနောက်မျိုးဆက် နဂါးမင်းရဲ့ ဦးလေးအရင်းလေ။ ဟား ဟား ဟား ဟား။ ဒါ တခြား နဂါးတွေ မရနိုင်တဲ့ ဂုဏ်ပုဒ်တစ်ခုလေ။ အဟိုး.. ဒါအရမ်းကောင်းတယ်။ အနာဂတ်မှာ ကြွားစရာ ရပြီကွ”

ရိုးသားလွန်းတဲ့ နဂါးစိမ်းကြီးကတော့ အပေါက်ဝမှာထိုင်ပြီး ပေးထားတဲ့ တာဝန် ပျက်ကွက်မှာစိုးလို့ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်နေလေရဲ့။ အဲ့နဂါးကြီး မွေးကတည်းက တောင်ကြားမှာပဲ အမြဲနေခဲ့ရတာလေ။ အချိန် မရေတွက်နိုင်အောင် ကြာလာခဲ့ပေမယ့် အခုအချိန်ထိ ကလေးတစ်ယောက်လိုပဲ။

ကျုပ်တစ်ကိုယ်လုံး တော်တော်နာနေတယ်။ နှလုံးပြဲသွားတဲ့အပြင် အဆုတ်ပါကွဲသွားတဲ့ပုံပဲ။ ဒါပေမယ့် သန့်ရှင်းသော ဓားစွမ်းအားက ကျုပ် ဦးနှောက်ကို ကာကွယ်ပေးထားတော့ မူးမေ့သွားတာတော့မဖြစ်ဘူး။ မဟုတ်ရင် ကျုပ်ရူးသွားနိုင်တယ်။ တစ်ကိုယ်လုံးမှာလဲ ချွေးတွေနဲ့ ရွှဲနေပြီလေ။

ရှောင်ကျင်း ကျုပ်နာကျင်နေတာတွေ ခံစားမိတော့ ကုသရေးမန္တန်တစ်ခု ချက်ချင်းသုံးလိုက်တယ်။

နဂါးဖြူကြီး အံ့ဩတကြီးနဲ့..

“သားလေး။ အလင်းမှော်ကို ဘယ်လိုသုံးရမယ်ဆိုတာ သိတယ်ပေါ့။ ဒါ မဆိုးဘူး။ ငါတို့ နဂါးတွေထဲမှာ မှော်ဒြပ်စင်ပညာကို သုံးနိုင်တဲ့သူ အရမ်းနည်းတယ်။ အများစုက သူတို့ကိုယ်ပိုင်မူ နဂါးထွက်သက်နဲ့ နဂါးမှော်ပညာ တွေပဲ အားကိုးနေကြတာ”

ရှောင်ကျင်း ခေါင်းညိတ်ပြီး ကျေနပ်တဲ့ အမူအရာနဲ့ အသံတစ်ချက် ပေးလိုက်တယ်။

နဂါးဖြူကြီး သူ့ကိုအံ့ဩတကြီး ကြည့်ပြီး ဘာသံမှတော့ ထွက်မလာဘူး။

အပေါက်က ပိုပို ကျယ်လာပြီး နောက်ဆုံးတော့ ရင်ပြင်တစ်ခုလိုနေရာကို ရောက်သွားတယ်။ နဂါးဖြူကြီး ရပ်လိုက်ပြီး တလေးတစားနဲ့..

“အရှင်နဂါးမင်း ကျွန်ုပ်တို့ ပြန်လာပါပြီ။ သားတော်လေးလဲ ပါလာပါတယ်”

ရှောင်ကျင်းလဲ အမှောင်ထုထဲကနေ ရုတ်တရက် လင်းထိန်းသွားတဲ့နေရာကို စူးစိုက်ကြည့်လိုက်တယ်။ အရမ်းလှတဲ့ ရွှေရောင်အလင်းတန်းကြီးတစ်ခု ဖြစ်သွားပြီး မျက်စိရှေ့မှာ ရွှေရောင်နဂါးကြီး တစ်ကောင် လာထိုင်နေတယ်။ နေရာမှာ ထိုင်နေတာဆိုပေမယ့် ပြင်းထန်တဲ့ ဖိအားက ဝင်ပေါက် တစ်ခုလုံးမှာ ပြည့်သွားတယ်။ ခုချိန်မှာ နဂါးဖြူကြီးတောင် ခေါင်းငုံ့ထားယုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ဘူး။

ရွှေနဂါးကြီး ခန္ဓာကိုယ်က မီတာ (၂၀၀)လောက်ကို ရှည်တာ။ အတောင်ပံကြီး တစ်စုံကိုလဲ သူ့ဘေးမှာ ချလို့။ တစ်ကိုယ်လုံးမှာလဲ ရွှေရောင် အကြေးခွံကြီးတွေနဲ့ အပြည့်ပဲ။ အရမ်းကြီးတဲ့ နဂါးလက်သည်း (၂)ချောင်းလဲ မြင်လိုက်ရတယ်။ သူ့ခန္ဓာကိုယ်ကို သေချာ ထောက်ပြီး ဧရာမ နဂါးမျက်လုံးကြီးတွေနဲ့ ရှောင်ကျင်းကို စိုက်ကြည့်နေလေရဲ့။

ရှောင်ကျင်းလဲ ကြောက်ကြောက်နဲ့ နဂါးဖြူကြီးနောက် ဝင်ပုန်းလိုက်ပြီး သူ့လက်သည်းတွေနဲ့ နဂါးဖြူကြီး အကြေးခွံတွေကို ဆွဲထားလေရဲ့။

နဂါးဖြူကြီးက..

“သားလေး မကြောက်နဲ့။ အဲ့ဒါ မင်းအဖေပေါ့…”

ဩဇာ အပြည့်နဲ့ အသံတစ်ခု ထွက်လာတယ်။

“သားလေး။ မင်းပြန်လာပြီပေါ့။ လာစမ်းပါအုံး အဖေ ကြည့်စမ်းချင်လို့ပါ..”

ရွှေရောင် အလင်းတန်းတစ်ခု ရှောင်ကျင်းကို လွှမ်းခြုံပြီး ဆွဲထုတ်သွားတယ်။ နဂါး ဘုရင်ကြီးနဲ့ နီးလေ ဖိအားတွေက ပိုများလေပဲဗျ။

နဂါးဖြူကြီး မနေသာတော့ဘဲ…

“အရှင် နဂါးမင်းကြီး။ နည်းနည်းလေး ညှင်သာလို့မရဘူးလား။ ကျွန်မတို့ သားတော်လေး ကြောက်သွားပါအုံးမယ်..”

“ဟား ဟား… နဂါးဘုရင် အမွေဆက်ခံသူဖြစ်တဲ့ ငါ့သားက ဘယ်လိုလုပ် သူရဲဘောကြောင်သူ ဖြစ်မှာတဲ့တုန်း”

နဂါးဘုရင် စကားကြားတော့ ရှောင်ကျင်းလဲ ခမ်းနားကြီးကျယ်တာတွေ ဂရုမစိုက်တော့ဘဲ ရင်ကော့ ခေါင်းမော့ထားလိုက်တော့တယ်။ သူ့ ခန္ဓာကိုယ်မှာလဲ ရွှေရောင် အလင်းစက်ဝိုင်တစ်ခု ပေါ်လာပြီး မျက်လုံးထဲကတောင် ရွှေရောင်တွေ တောက်နေသေးတယ်။

“ဟား ဟား ဟား ဟား.. ဒါပဲလေ။ ဒါမှ ငါ့သား ရတနာကွ။ ဟမ် တစ်ခုခု မှားနေတယ်။ သားလေး။ မင်းခန္ဓာကိုယ်က ဘာလို့ အားအရမ်းနည်းနေတာလဲ။ အာပိုင်.. မင်း တစ်ခုခု ယူလာသေးလား။ ငါ လူသားအနံ့ ရနေတယ်”

နဂါးဖြူကြီးလဲ အဖြူရောင်အလင်းတန်းတွေနဲ့ ဖုံးနေတဲ့ ကျုပ်ကို ထုတ်ပြလိုက်တယ်။ ပြီးတော့..

“ကျွန်ုပ်တို့ သာတော်လေးရဲ့ သခင်လို့ ပြောပါတယ်။ ရှောင်ချင်ကြောင့် သူဒဏ်ရာ ရသွားတာ။ ကြည့် ပေးပါအုံး”

နဂါးဘုရင် အိုကြီးကတော့ ထင်ထားတဲ့ အတိုင်းပဲ ဒေါသ လုံးဝထွက်မလာဘူး။

“သူ.. သူ.. နတ်ဘုရားဘုရင် မိန့်ထားတဲ့ အလင်းအမွေခံ၊ လောကကယ်တင်ရှင် အလင်း၏သားတော် ပါလား”

ရှောင်ကျင်းလဲ အသံကျယ်ကျယ်နဲ့ နဂါးဘုရင်ကြီးကို အတည်ပြုပေးလိုက်တယ်။ နဂါးဘုရင်ကြီး မျက်မှောင်ကြုတ်ပြီး ..

“ဒီရှောင်ချင်တော့လေ။ အသက်(၁၀၀၀၀)နီးပါးရှိတာတောင် အခုထိ ဒေါသက ကြီးနေတုန်းပဲ။ သူ့ဒဏ်ရာတွေ တော်တော်ပြင်းတယ်”

စကားပြောပြီးတာနဲ့ ဦးချိုကနေ ရွှေရောင်အလင်းတန်း တစ်ခု ထွက်လာပြီး ကျုပ်ကို ရစ်ပတ်လိုက်တယ်။ သူတို့ ပြောသမျှ အကုန်ကြားနေရပေမယ့် နာကျင်နေရလွန်းလို့ ဘာမှ ပြန်မပြောနိုင်တဲ့ ဘဝ။

နဂါးဘုရင်ဆီက ရွှေအလင်းတန်းက အရမ်းနွေးထွေးတာပဲ။ နွေးထွေးရာကနေ ပူလာပြီ။ အာ ကျုပ်ကို အရေဖျော်ချင်နေတာနဲ့ တူတယ်။ နာလွန်းတော့ အော်ပစ်တာပေါ့။

ရှောင်ကျင်း ကျုပ်ကို ကြည့်ပြီး စိုးရိမ်တကြီး အော်ဟစ်နေလေရဲ့။ နဂါးဖြူကြီးက သူ့ကို..

“သားလေး စိတ်မပူနဲ့။ အဲ့ဒါ မင်းအဖေ သူ့ကို ဆေးကုပေးနေတာ..”

နဂါးဘုရင် အိုကြီးကလဲ ရပ်မယ့်ပုံမပေါ်ဘူး။ ရွှေရောင် အလင်းတန်းတွေ ပြင်းသည်ထက်ပြင်းလာပြီး နောက်ဆုံး ပြင်းထန်လွန်း အားကြီးလာတော့ ကျုပ်လဲ မေ့မျောသွားရောပဲ။

**********

ကျုပ် သတိပြန်ရလာတော့ တခြားကျောက်ဂူကြီးတစ်ခုထဲမှာ။ ကျုပ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ နဂါးစိမ်းကြီး ကျုပ်ဘေးမှာထိုင်လို့။ ကျုပ် မျက်လုံး ပွင့်လာတာ မြင်တော့..

“လူသား မင်းနိုးလာပြီလား။ မင်းကို နဂါးဘုရင်နဲ့ တွေ့ဖို့ ငါခေါ်သွားမယ်..”

ကျုပ်ကို ဒဏ်ရာ အပြင်အထန် ရအောင်လုပ်ထားတဲ့ ဒီနဂါးမိုက်ကြီး အခုထိ မာနကြီးနေတုန်းပဲ။ အဲ့ဟာကြီး အသက်တော်တော်ကြီးနေပြီဟုတ်။ အသက်ကြီးပြီး အချိန်ကို မစီးဘူး။ ကျုပ်ခန္ဓာကိုယ်ကို စစ်ကြည့်လိုက်တော့ နည်းနည်း အားနည်းနေပေမယ့် အရိုးတွေ အကုန်ပြန်ချိတ်ဆက်သွားပြီ။ ကျုပ်ခန္ဓာကိုယ် နည်းနည်း လှုပ်ကြည့်လိုက်တယ်။ အကုန် ပုံမှန်ပဲ။ ပြီးတော့ ခန္ဓာကိုယ်လဲ နည်းနည်း ပိုပေါ့သွားသလို ခံစားရတယ်။

“နဂါးမိုက်။ မင်းငါ့ကို အလေးမထားဘဲ အလစ်ဝင်တိုက်တယ်ပေါ့လေ။ ပုံမှန်သာဆို မင်းအရည်အချင်းလောက်နဲ့ ဒီလိုအဖြေ ဘယ်လိုရမှာတုန်ုး”

နဂါးစိမ်းကြီး သူ့အတောင်ပံနဲ့ ကျုပ်ကို အသာတွန်းလိုက်တော့ ကျုပ်ယိုင်သွားတာပေါ့။ ကျုပ်လဲ ဒေါသတကြီးနဲ့..

“မင်းဘာလုပ်တာလဲ..”

“မင်း အစွမ်းအစလေးနဲ့ ငါ့ကို တိုက်ချင်နေတာလား။ ငါ့အမြင်အရတော့ မင်းဟာမင်း သေလမ်းရှာနေသလိုပဲ”

အဲ့စကား ပြောပြီးတာနဲ့ သူ့ရှေ့လက် နှစ်ချောင်းကို တပြိုင်တည်း လှုပ်ရှားလိုက်တာ အသံ ဖလံတွေတောင် ထွက်လာတယ်။

ကျုပ်လဲ အသံပြင်းပြင်းနဲ့…

“မင်း ငါ့ကို နဂါးဘုရင်ဆီ ခေါ်သွားမယ်ဆို။ ဘာလို့ ခုထိ မရောက်သေးတာလဲ…”

အဲ့ကျမှာ နဂါးစိမ်းကြီး သူ့မာနတွေ ပျောက်သွားပြီး နောက်ဆုတ်သွားတယ်။ ဘာမှမပြောဘဲ ရှေ့က ထွက်သွားရော။ ကျုပ် သူ့နောက် လိုက်ရာရင်းနဲ့ သူ့ဖင်ကြီးကို ခပ်ပြင်းပြင်း စောင့်ကန်ချင်လိုက်တာ။ အဲ့ကောင်ကြီး မာန်ကြွလွန်းနေတယ်။

ပထမ ရောက်ခဲ့ဘူးတဲ့ နေရာကိုပဲ ရောက်သွားတာပါလေ။ နဂါးဖြူကြီးနဲ့ ရှောင်ကျင်းတို့က နဂါးဘုရင်ကြီး တစ်ဖက်တစ်ချက်မှာ ထိုင်နေကြတယ်။ နဂါးဘုရင်အိုကြီး သိရဲ့နဲ့ ဟန်လုပ်ပြီး…..

“လူသား။ မင်းသတိရလာပြီလား..”

============= (*^*)=============

အပိုင်း( ၁၆၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters