← Chapters

ရှောင်းကျင်း မိသားစု

Vol. 12 Ch. 168

ရှောင်းကျင်း မိသားစု

Vol. 12 Ch. 168

Child of light (ကျန်းကုန်း)

Volume 6: Chapter 12 - Xiao Jin’s Family

ကမ္ဘာပေါ်မှာ အသန်မာဆုံးဖြစ်တဲ့ နဂါးဘုရင်နဲ့ တွေ့ရတာဆိုတော့ ကျုပ်လဲ ဗရုတ်မကျရဲတော့ဘူး။ သူ့ကို ဦးညွှတ်ပြီး..

“အရှင် နဂါးမင်း ကျုပ်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ငါလဲ အားမစိုက်လိုက်ရပါဘူးလေ။ မင်းက ငါ့မျိုးနွယ်ဝင်ကြောင့် ဒဏ်ရာရခဲ့တာဆိုတော့လဲ မဖြစ်မနေ ကယ်ပေးရမှာပဲလေ။ မင်း ငါ့သားကို တစ်ချိန်လုံး စောင့်ရှောက်ထားတယ်လို့ သူပြောတယ်.. ဟုတ်လား”

“ကျုပ် သူ့ကို အထူးဂရုစိုက်တယ်လို့ ပြောလို့မရပါဘူး။ ရှောင်ကျင်းက ကျုပ်အတွက်တော့ အချစ်ဆုံး ငယ်ပေါင်းကြီးဖော်ပဲ။ သူနဲ့ ကျုပ် သေခြင်းရှင်ခြင်း အန္တရာယ်တွေ အတူရင်ဆိုင်ခဲ့ရဖူးတယ်လေ။ သူသာမရှိရင် ကျုပ်သေတာ ကြာပေါ့”

“ငါ့သား အသက်စွမ်းအားတွေ ဘာလို့ ဒီလောက်အားနည်းနေတယ်တိုတာ ရှင်းပြစမ်းပါအုံး”

ကျုပ် သက်ပြင်းချရင်း..

“အမှန်အတိုင်း ပြောရရင် အဲ့ဒါ ကျုပ်အပြစ်ပါ…”

ကျုပ်လဲ အဖြစ်အပျက် အလုံးစုံ ပြောပြလိုက်တော့တယ်။

နဂါးဖြူကြီးနဲ့ နဂါးစိမ်းကြီး ကျုပ်ကို မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်နေလိုက်ကြတာများ ရှောင်ကျင်းကို ကယ်ဖို့ ကျုပ်အသက်စွမ်းအားကို သုံးလိုက်တယ်ဆိုတာကြားမှ အကြည့်ရပ်ပြီး ငြိမ်သွားကြတယ်။ နဂါးဘုရင်ကြီး တစ်ယောက်ပဲ ကျုပ်ပြောသမျှကို မတုန်မလှုပ်နဲ့ နားထောင်နေတာ။

“.*+-. *+-. အဲ့လိုကြောင့် ရှောင်ကျင်း အသက်စွမ်းအားတွေ အားနည်းသွားတာ။ အခု ဒီကို ပြန်လာပို့တယ်ဆိုတာလဲ သူ့အသက်စွမ်းအား ပြန်ရဖို့ နည်းလမ်းရှာနိုင်လောက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ”

ရှောင်ကျင်း ကျုပ်နဲ့ မခွဲချင်ဘူးဆိုပြီး အော်ဟစ်နေလေရဲ့။

ကျုပ် သူ့ကို ကြင်နာစွာနဲ့ ကြည့်ရင်း..

“ရှောင်ကျင်း… ဒါ မင်းအိပ်မက်ပဲလေ။ အခုအချိန်ကစလို့ မင်းမိဘတွေစကား နားထောင်ပြီး နဂါးဘုရင်ဖြစ်ဖို့ အရည်အချင်းပြည့်မှီအောင် လုပ်ရမယ်နော်..”

ရှောင်ကျင်း ခေါင်းဆတ်ဆန်ခါရင်း..

“မင်းနောက်ကိုပဲ ငါလိုက်ချင်တယ်။ ငါဒီမှာ မနေချင်ဘူး..”

နှစ်တွေကြာအောင် အတူနေပြီးမှတော့ ရှောင်ကျင်းလဲ ကျုပ်နဲ့ မခွဲချင်တော့ဘူးလေ။

ကျုပ် လမ်းလျှောက်ပြီး သူ့ကိုမှီထားလိုက်တယ်။ ပါးပြင်ပေါ်မှာလဲ မျက်ရည်တွေနဲ့ပေါ့ဗျာ။

“ငါလဲ မင်းကို ဘယ်လိုမှ မထားခဲ့ချင်ပါဘူး။ ဒါပေမယ့် ဒီနေရာက မင်းကမ္ဘာပဲလေ။ မင်းမှာ မင်းမိသားစုလဲရှိတယ် မျိုးနွယ်တူတွေလဲ ရှိတယ်။ ငါနောက် ဆက်လိုက်မယ်ဆိုရင် အန္တရာယ်တွေ နဲ့ ဝိုင်းနေမှာ..”

ရှောင်ကျင်းကတော့ နဂါးဘုရင်ကို အော်ဟစ်ပြောရင်း သူ့အတောင်ပံကြီးတွေနဲ့ ကျုပ်ကို ဖက်ထားလေရဲ့။

နဂါးဘုရင်ကြီးက..

“လူသား ငါ့သားကို ပြန်ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ရမလား။ ဒါမှမဟုတ် သူ့အသက်စွမ်းအားတွေ ဆုံးရှုံးသွားတာအတွက် အပြစ်တင်ရမလား ငါမသိတော့ဘူး။ ကူညီထားတာရယ် အမှားအပြစ်ရယ်ကြားမှာပဲ ထားလိုက်တော့မယ်။ မင်း လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ ရှောင်ကျင်းကိုတော့ လွှတ်ပေးလိုက်ပါ။

ကျုပ် ခေါင်းညိတ်ပြီး ရှောင်ကျင်းဖက်ထားတာကနေ ရုန်းထွက်လာခဲ့လိုက်တယ်။ နဂါးဘုရင် အိုကြီးကို လေးလေးနက်နက် ဂါရဝပြုရင်း..

“ကျုပ်ကို အပြစ်မပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်ထွက်သွားပြီးတာနဲ့ ရှောင်ကျင်း အသက်စွမ်းအားတွေ ပြန်ရအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အရင်တစ်ခေါက် ရှောင်ကျင်း သေခဲ့ရတဲ့ အဖြစ်အပျက်ကို ကျုပ်ဘဝ တစ်လျှောက်လုံး နောင်တရလို့မဆုံးဘူး”

“ငါတို့ မဖြစ်မနေ လုပ်မှာပါလေ”

ရှောင်ကျင်းကို နဂါးဘုရင်အိုကြီးက သူ့စွမ်းအားတွေနဲ့ ချုပ်ထားလိုက်တယ်။ အဲ့ကောင် ထပ်တလဲလဲ အော်ဟစ် ရုန်းကန်နေလေရဲ့။ နဂါးဘုရင်ကြီး သက်ပြင်းချရင်း နှုန်းချိချိနဲ့သွားနေတဲ့ ကျုပ်ကျောပြင်ကို စိုက်ကြည့်နေတယ်။

ကျုပ် လှိုင်ခေါင်းထဲ သွားနေတုန်း နဂါးဘုရင်အိုကြီးရဲ့ ခန့်ညားထယ်ဝါတဲ့ အသံထွက်လာတယ်”

“လူသား … ပြန်လာခဲ့အုံး..”

အဲ့ဟာကြီး ဘာတွေလိုချင်ပြန်ပြီလဲမသိဘူး။ ရှောင်ကျင်းအနားက ထွက်သွားဖို့ကို ကျုပ်မှာ ဘယ်လောက်ထိ ခက်ခက်ခဲခဲ လုပ်ရတယ်ဆိုတာ ဒင်းမသိဘူးလား။ ဒါပေမယ့် နဂါးဘုရင် ခေါ်တာဆိုတော့ ကျုပ်လဲ နားမထောင်ဘဲ မနေရဲဘူးလေ။

နဂါးဘုရင်ကြီးဆီပြန်ရောက်တော့ ရှောင်ကျင်းမရှိတော့ဘူး။

“ငါသူ့ကို လျှို့ဝှက်အခန်းထဲမှာ ချိတ်ပိတ်ထားလိုက်ပြီ။ မင်းကိစ္စတွေ ဖြေရှင်းပြီးရင် သူ့အသက်စွမ်းအား ပြန်ရအောင် လုပ်တော့မှာ”

“ကျေးဇူးတင်ပါတယ်။ ရှောင်ကျင်း ပျော်နေရင် အဆင်ပြေပါတယ်..”

“သူက ငါ့သားလေ။ ငါသေသေချာချာ ဂရုစိုက်ရမှာပေါ့။ ငါ့သား အသက်စွမ်းအားတွေ တော်တော်များများ ဆုံးရှုံးသွားပေမယ့် ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့တဲ့အတွက် မင်းကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ရလိမ့်မယ်။ ဒါတွေ ဖြည့်စည်းပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါလေ”

ကျုပ် ခေါင်းငုံ့ထားရင်းနဲ့..

“ကျုပ်မှာ တောင်းဆိုစရာ မရှိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က တခြားမျိုးနွယ်စုတွေကို ကယ်တင်ပေးဖို့ အတွက်တော့ မေတ္တာရပ်ခံချင်ပါတယ်”

စိတ်ထဲမှာတော့ တိုက်ပွဲမှာ ဒီနဂါးအိုကြီး ဝင်တိုက်ရင် ပိုသက်သာသွားမှာလို့ တွေးနေမိတယ်။

နဂါးဘုရင်ကြီး စိတ်ဝင်တစားနဲ့..

“ဆက်ပြောာပါ…”

နတ်ဘုရားဘုရင် ကျုပ်ကို ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်တယ်။ နဂါးဘုရင်လဲ ကျုပ်ပြောတာတွေ နားထောင်ပြီးတော့..

“မင်းက လူကောင်းလေး တစ်ယောက်ပဲ။ တကယ်တော့ ဒါတွေအကုန် ငါသိပြီးသားပါ။ ငါတို့မှာ ဘုံရန်သူ မွန်းစတား ဘုရင် ရှိတယ်လေ။ ဒါကို မင်းမပြောရင်တောင် နတ်ဘုရားနဲ့ မွန်းစတား စစ်ပွဲကြီးမှာ ငါ့အဖေက နဂါးမျိုးနွယ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့တာပေါ့”

အဲ့စကားပြောတဲ့အချိန် နဂါးဘုရင်အိုကြီး မျက်လုံးတွေ မှိုင်းသွားတယ်ဗျ။

“အရင်မျိုးဆက်က နဂါးဘုရင်ဖြစ်တဲ့ ငါ့အဖေကို မွန်းစတားဘုရင် သတ်ပစ်လိုက်တယ်။ အဲ့အချိန်ကစပြီး ငါ နဂါးဘုရင်အဖြစ် ဆက်ခံခဲ့ရတယ်။ တချိန်က နတ်ဘုရားဘုရင်က သူ့ နတ်ဘုရားစွမ်းအားနဲ့တောင် မွန်းစတားဘုရင်ကို မသုတ်သင်နိုင်သေးဘူးလို့ ပြောဖူးတယ်။ ဒါပေမယ့် သက်တမ်းတိုတိုနဲ့ အလင်းရဲ့သားတော် က သူရဲကောင်းတစ်ယောက်အဖြစ် စစ်သည်တော်တွေကိုကို ဦးဆောင်ပြီး မွန်းစတားဘုရင်နဲ့ အဆုံးသတ် မဟာတိုက်ပွဲကြီး ဆင်နွှဲလိမ့်မယ်တဲ့”

“သက်တမ်းတိုတိုနဲ့ အလင်းရဲ့သားတော်ဆို ကျုပ်များလား..”

“အမှန်ပဲပေါ့။ မင်းပဲလေ။ တကယ်၍ မင်းသာ အဲ့လိုမဟုတ်ရင် နတ်ဘုရားဘုရင်က မင်းကို ဘာကြောင့် သန့်ရှင်းသောဓား ပေးမှာတဲ့လဲ။ ကလေး မင်းရှောင်လွှဲလို့မရတဲ့ ကိစ္စတွေ ရှိတယ်နော်။ မင်း နားလည်တယ်မို့လား”

“ကျုပ် ထွက်ပြေးချင်ရင်တောင် ရအုံးမှာတဲ့လားဗျာ။ စိတ်ပူမနေပါနဲ့။ ကျုပ် အကောင်းဆုံး လုပ်မှာပါ”

“ကလေး.. မင်း ငါ့သားအတွက် အနစ်နာခံထားတဲ့ အသက်စွမ်းအားတွေ ပြန်ရတဲ့အပြင် မင်းရဲ့ အရိုးတွေကိုလဲ ငါပြန်ပြင်ပေးထားတယ်။ မင်းလျှောက်ရမယ့် လမ်းက အတော်ဝေးအုံးမှာ..”

ဒါတော့ မဆိုးဘူး။ ခရီးထွက်ရကျိုး နပ်သွားပြီ။ တကယ်ကို ကျုပ်အသက်စွမ်းအားတွေ ပြန်ရပြီပဲ။ တော်တော် အံ့ဩဖို့ကောင်းတယ်။ အဟား။

“ကျုပ် အသက်စွမ်းအားတွေ ပြန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

နဂါးဘုရင်အိုကြီး ခေါင်းယမ်းရင်း..

“နောက်နှစ်သိပ်မကြာခင် နတ်ဘုရားဘုရင်နဲ့ နတ်ဆိုးတွေ စစ်ပွဲမှာ သက်တော်ရှည် မဟာနဂါး(၈)ကောင်ကို ဦးဆောင်ပြီး ငါဝင်တိုက်ပေးမယ်။ မင်း စိတ်အေးအေးနေလို့ရတယ်။ မွန်းစတား ဘုရင်က တစ်ကမ္ဘာလုံးကို သိမ်းပိုက်ချင်တယ်ဆိုရင် ငါတို့မျိုးနွယ်ကိုလဲ အလွတ်ပေးမှာမှမဟုတ်တာပဲ”

“ကမ္ဘာသူ ကမ္ဘာသားတွေကိုယ်စာ ကျုပ်ကပဲ ကျေးဇူးအထူးတင်ပါတယ်”

“ငါ့သားက မင်းအပေါ် မှီခိုချင်စိတ်တွေ အရမ်းပြင်းလွန်းတယ်။ မင်းတို့နှစ်ယောက်လုံးက လုံးဝခွဲခြားမရတဲ့ ငယ်ပေါင်းတွေဆိုတာ ငါသိတယ်။ မင်းတို့ နှစ်ယောက်ကိုလဲ အတင်းအကြပ် မခွဲချင်ပါဘူး။ ဒါပေမယ့် မင်းအနဲ့ သဘောတူထားရမယ့် အချက်တွေတော့ ရှိတယ်”

ကျုပ် ချက်ချင်းပျော်သွားတယ်။ ရှောင်ကျင်းနဲ့မှ မခွဲချင်တာကို။ ဒါဆို ပြီးပြည့်စုံသွားပြီလေ။

“ကျေးဇူးပြုပြီး ဘယ်လို အချက်တွေလဲဆိုတာ ပြောပြပေးပါ။ ရှောင်ကျင်းနဲ့ အတူရှိခွင့်ရမယ်ဆို ဘယ်လိုအချက်မျိုးဖြစ်ဖြစ် ကျုပ်လက်ခံမယ်”

နဂါးဘုရင်အိုကြီး တစ်ခစ်ခစ်ရယ်ရင်း..

“ငါ့ပြောမယ့် အချက်(၃)ချက်ရှိတယ်။ နံပတ်(၁)အချက်က ငါ့သားရဲ့ လုံခြုံရေးကို မင်းအသက်နဲ့လဲပြီး ကာကွယ်ပေးရမယ်”

============= (*^*)=============

အပိုင်း( ၁၆၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters