နဂါးများ၏ အမည်
Vol. 12 Ch. 170
Child of light (ကျန်းကုန်း)
Volume 6: Chapter 14 - Naming Dragons
သူ ဒီလိုတောင်းပန်လာတော့ ကျုပ်က ဘာပြောရအုံးမှာလဲ။ မတ်တပ်ထ ဖင်ပွတ်ပြီး..
“မင်းကို ရှောင်ရှောင်လန် လို့ ဘာလို့ခေါ်တာလဲ”
“ဒီမှာ ငါတို့တွေ အချင်းချင်း ဒီလိုပဲ ခေါ်ကြတာလေ။ ဥပမာ ပြောရရင် အဲ့အစိမ်းရောင် နဂါးကြီးကို ကြည့်ရအောင်။ နဂါးဘုရင်က သူ့ကို ရှောင်ရှောင်ချင် လို့ခေါ်လိမ့်မယ်။ မျိုးနွယ်တူပေမယ့် မျိုးဆက်တစ်ခု ငယ်ရင် ရှောင်ရှောင်ချင်လို့ ခေါ်တာပေါ့။ ဒီတော့ မျိုးဆက်တစ်ခု ငယ်တဲ့ ငါ့က သနားစရာ ရှောင်ရှောင်လန် လေး ဖြစ်သွားတာပေါ့”
သူပြောသမျှ သေချာသုံးသပ်ကြည့်လိုက်တယ်။
“မျိုးဆက် တစ်ခုထဲမှာ မျိုးနွယ်တူ နဂါး(၂)ကောင် ရှိရင်ရော”
“ငါတို့ နဂါးမျိုးနွယ်မှာ အဲ့လိုဖြစ်ခဲတယ်။ မျိုးနွယ်တိုင်းမှာ အမွေခံ တစ်ယောက်ပဲရှိတာ။ တကယ်လို့ တစ်ပြိုင်ထဲ (၂)ယောက်ဆို ရှောင်ရှောင်တစ်၊ ရှောင်ရှောင်နှစ် လို့ ခေါ်ကြမှာပေါ့။ ငါဆို အသက် (၈၀၀၀)ရှိနေပြီဆိုပေမယ့် ချင်မျိုးဆက်မှာတော့ ငယ်သေးတယ်လေ။ ဒါပေမယ့် ငါလဲ နဂါးမျိုးနွယ်ထဲမှာဆို နာမည်ကြီးတစ်ယောက်ပဲလေ”
ပြောလဲပြော သူ့ခန္ဓာကိုယ်ကိုလဲ စတိုင်အမျိုးမျိုးနဲ့ အလှပြနေလေရဲ့။
ကျုပ်ဖြင့် မေ့လဲသွားချင်စိတ်တောင် ဖြစ်မိတယ်။ ဒီနဂါးတွေ ယဉ်ကျေးမှုဆို သိကို မသိဘူးပဲ။
“ဒီလိုဆိုရင်ရော.. ငါမင်းကို နာမည်တစ်ခုပေးလိုက်မယ်လေ။ ရှောင်ရှောင်လန် ဆိုတာ နားထောင်လို့လဲ မကောင်းဘူး”
နဂါးပြာ ချက်ချင်း ပျော်သွားပြီး..
“အာ.. ညီလေး။ ဒါဆို ကျေးဇူးတင်ရမှာပေါ့။ ပြောစမ်းပါအုံး ငါ့နာမည် ဘယ်လိုခေါ်မှာလဲ..”
“မင်းကို ရေခဲပြာလို့ ခေါ်မယ်။ အဲဒါ ဘယ့်နှယ့်လဲ။ မိုက်တယ်မို့လား”
နဂါးပြာ သူ့နာမည်ကို တတွတ်တွတ်ရွတ်ရင်း..
“ရေခဲပြာ.. ရေခဲပြာ.. ဝါး…… အကောင်းဆုံးပြ။ ငါ့မှာ ကိုယ်ပိုင်နာမည် ရှိသွားပြီ။ ငါ့မှာ ကိုယ်ပိုင်နာမည် ရှိပြီကွ… ရ ဟူး……”
ပြောပြီး လှည့်ထွကပြေးသွားပါလေရော။
ကျုပ်လဲ သူ့ကျောပြင်ကို ကြည့်ရင်း..
“ဟေး ကျေးဇူးပြုပြီး ငါ့အတွက် စားစရာတွေ ယူပေးအုံးလေ..”
အော်သာ အော်ရတာ ကြားမယ့်ပုံလဲ မရပါဘူး။ ကျုပ်လဲ ခေါင်းခါရင်း ကျုပ်လှိုင်ဂူထဲ ဝင်ခဲ့ရတော့တာပေါ့။
အဲ့ နဂါးမိုက်ကြီးကို ဘယ်လို အနိုင်ရအောင် တွယ်ရပါ့မလဲ။ သူ့အစွမ်းက ကောင်းလွန်းအားကြီးတယ်။ ရှောင်ကျင်းနဲ့ပေါင်းပြီး အစွမ်းကုန်တိုက်ရင်တောင် နိုင်ဖို့ မသေချာဘူး။
အချိန်က တစ်လပဲရတာ။ ကျုပ် ဘယ်လိုပဲ တတ်နိုင်သမျှ မြန်မြန်တိုးတက်အောင် လုပ်လုပ် အဲ့နဂါးကို နိုင်ဖို့မလွယ်ဘူး။ ကျုပ်လို မှော်ဆရာတစ်ယောက်က နဂါးတစ်ကောင်ကို အနိုင်မရဘူးဆိုတာ တွေးကို မတွေးမိခဲ့ဘူး။ နဂါးဘုရင်ကတော့ သူတို့တွေရဲ့ မှော်ပညာကို ခုခံမှုအပိုင်း တော်တော် အားကောင်းတယ် ပြောတယ်။ သေချာတာတစ်ခုက သူကတော့ လိမ်မှာမဟုတ်ဘူး။ အဆင့်မြင့်မန္တန်ထက် နိမ့်တဲ့ ဘယ်မန္တန်ဖြစ်ဖြစ် အသုံးမဝင်မှာ သေချာတယ်။
ကျုပ် သူ့ကို အနိုင်ယူချင်နေမှတော့ တိုက်ကို တိုက်ရမှာပဲ။ သူ့ခန္ဓာကိုယ်က အရမ်းကြီးတယ်။ လှုပ်ရှားမှုက ကျုပ်ထက် နိမ့်မှာတော့ အသေအချာပဲ။ နေရာရွှေ့ပြောင်းခြင်းကို သုံးပြီး ပြိုင်ပွဲတစ်လျှောက်လုံး ဒင်းကို ဦးအောင် တိုက်ရမယ်။ ပြီးတော့မှ အသံတိတ် အလင်းဓားသုံးမယ်။ ဒါပေမယ့် အလင်းဓားရဲ့ တိုက်နိုင်စွမ်းက အနှောက်အယှက် ပေးနိုင်လောက်ပါ့မလား။ ဘာလုပ်ရင်ကောင်းမလဲ။ သူကတော့ ကျုပ်ကို မန္တန်တွေ ရွတ်ချိန် မပေးမှာသေချာတယ်။ ကျုပ်အနေနဲ့ မှော်ပညာနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ပေါင်းသုံးမှ အခွင့်အရေးရနိုင်လိမ့်မယ်။ ဒီအတောအတွင်း မှော်ပညာနဲ့ တိုက်ပွဲစိတ်ဝိညာဉ်ပေါင်းစည်း စွမ်းအားကို တိုးအောင်လုပ်ပြီး စုဆောင်ချိန်နည်းသွားအောင် လုပ်ရမယ်။ ကျန်တာတော့ ကံမသကာပဲပေါ့။
ရည်မှန်းချက် တစ်ခုနဲ့ဆိုတော့ စိတ်ဓာတ်တွေ တက်ကြွလာတယ်။ လေ့ကျင့်မလို့လုပ်တုန်း ငလျင်လှုပ်သလိုမျိုး ခံစားလိုက်ရတယ်။
တဝုန်းဝုန်း အသံတွေနဲ့အတူ မိုးခြိမ်းသံ၊ လေသံတွေတောင် ပါလာသေးတယ်။
ဘာလဲဟ။ အပေါက်ကနေ ထွက်ကြည့်ဖို့ တည်နေရာရွှေ့ပြောင်းလိုက်တယ်။ ကျုပ်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွားရတယ်။
နဂါးမျိုးစုံ မြင်လိုက်ရတာဗျ။ အနည်းဆုံး (၂၀၀)လောက်ရှိလိမ့်မယ်။ နဂါးမျိုးနွယ်တစ်ခုလုံးများ စုလာကြလားမသိဘူး။ တစ်ချို့က လေပေါ်မှာ၊ တစ်ချို့က မြေပြင်မှာဗျ။ အရွယ်မျိုးစုံ၊ ပုံသဏ္ဍာန်မျိုးစုံ ကွဲပြားပေမယ့် အကုန်လုံးကတော့ ခန်းနားကြီးကျယ်လွန်းတဲ့ ခြမ်းခြောက်မှု အရှိန်အဝါတွေနဲ့ဗျ။
ကျုပ် အလန့်ရတဲ့ အကြောင်းက သူတို့ ပစ်မှတ်က ကျုပ်ဆိုတဲ့ ပုံနဲ့ စက်ဝိုင်ခြမ်းကြီးလို ချီတက်လာကြတာဗျ။ သူတို့ နဂါးမျက်လုံးကြီးတွေနဲ့ ကျုပ်ကို ထူးထူးခြားခြားကို ကြည့်နေကြတာ။ ကျုပ်ဆီက ဝိုင်လုချင်ကြတာလား။
ကျုပ်မှ မဟုတ်ပါဘူးဗျာ ဘယ်လိုလူမျိုးဖြစ်ဖြစ် ဒီလောက်များတဲ့ နဂါးတွေ အဝိုင်းခံရရင် ခေါင်းကိုက်မှာ အသေအချာပဲ။
ကျုပ်လဲ အားတင်းပြုံးပြရင်း..
“ဝါး… ဟိုလေ… အားလုံး မင်္ဂလာပါဗျ။ ကျုပ်က အခုမှ ရောက်ဖူးတာဆိုတော့ အားလုံးရဲ့ အကြံဉာဏ်တွေ မျှော်နေတာ”
နဂါးတွေ ကျုပ်ကို အလေးမထားဘဲ ဝိုင်းပဲဝိုင်းထားကြတာ။ ဒါတော့ ဆိုးတာပဲ။ သူတို့တွေ ကျုပ်ကို အချိုပွဲတည်ချင်နေတာတော့ မဟုတ်ပါဘူးနော်။ ကျုပ်က ပိစိလေးလေဗျာ။ နဂါးတစ်ကောင်အတွက်တောင် သွားကြားညပ်မှာမှ မဟုတ်တာ။ သူတို့တွေအများကြီး ဘယ်လို ခွဲတမ်းချမှာလဲလို့။ အဲလိုတော့ မဟုတ်လောက်ဘူးထင်တယ်။ နဂါးစိမ်းကြီးများ သူတို့ကို ခေါ်လိုက်လားမသိဘူး။ အဲလိုကျလဲ မဖြစ်နိုင်ပြန်ဘူး။ နဂါးမျိုးနွယ်တစ်ခုလုံးကို အမိန့်ပေးနိုင်တာဆိုလို့ နဂါးဘုရင်ပဲရှိတာ။ နဂါးစိမ်းကြီးကတော့ ဒီလောက် ဇရှိမှာမဟုတ်ဘူးရယ်။
နဂါးအုပ်ကြီး ကျုပ်ကို ဝိုင်းပြီး မျက်လုံးပေါင်း(၄၀၀)ကျော်နဲ့ ကျုပ်ကို ပြူးကြည့်နေကြတာ။ ကျုပ်လဲ သတိကြီးကြီးနဲ့..
“မင်းတို့တွေ ဘာလိုချင်လို့လဲ။ ကျုပ်က နဂါးဘုရင်ရဲ့ ဧည့်သည်ဆိုတော့ မင်းတို့တွေ လုပ်ချင်တိုင်း လုပ်လို့မရဘူးနော်”
ဒါလဲ ကျုပ်ကို ဘာမှ မတုန့်ပြန်ကြပြန်ကြပေမယ့် သူ့တို့ ခြေသည်းတွေ ရှပ်လိုက်တာမြင်ရတော့ အခြေအနေဆိုးသွားပြီလို့ တွက်လိုက်တယ်။ ကြည့်ရတာ ရှောင်ကျင်း အသက်စွမ်းအား ကိစ္စနဲ့ပတ်သက်ပြီး လာကြတာများလား မသိဘူး။ ကျုပ် အလျင်စလိုနဲ့..
“ဟို.. ဟို.. ညီနောင် နဂါးတို့ မင်းတို့ ဒေါသ ဖြေချင်တယ်ဆိုလဲ ငါ့အသက် ငယ်ငယ်လေးတော့ ထိန်းထားပါရစေအုံး။ ငါ့ကို ရိုက်ချင်တယ်ဆိုလဲ မျက်နှာလေးတော့ ချန်ထားပေးကြနော်”
ကျုပ်လဲ ပြောပြီးတာနဲ့ ပြားနေအောင်ဝပ်ပြီး လက်နှစ်ဘက်နဲ့ ခေါင်းကို အုပ်ထားလိုက်တော့တယ်။
တော်တော်ကြာတဲ့အထိ ဘာတုန့်ပြန်မှုမျိုးမှမရှိဘူး။ သူတို့တွေ ကျုပ်ကို ကြည့်မြဲအတိုင်း ကြည့်နေကြတုန်းပဲ။ ရုတ်တရက် နဂါးအုပ်ကြီးထဲမှာ နည်းနည်း လှုပ်ရှားပြီး အစောက ပြေးထွက်သွားတဲ့ နဂါးပြာ အလယ်မှာရောက်နေတဲ့ ကျုပ်နား ရောက်လာတယ်။
တစ်ချို့နဂါးလေးတွေဆီက အသံတစ်ချို့ ထွက်လာတယ်။ ရေခဲပြာ သူ့ရင်ဘတ်သူ ပုတ်ပြရင်း..
“အားလုံး ငါ့တာဝန်ထားလိုက်”
ဘာတွေ ကတိပေးနေတယ်ဆိုတာ ကျုပ်လဲ မသိတော့ဘူး။
ရေခဲပြာ ခေါင်းကြီးငုံ့ရင်း ကျုပ်အနားတိုးလာပြီး..
“လူသားညီလေး။ မင်းငါ့ကို ပေးလိုက်တဲ့ နာမည်က အရမ်းကောင်းတာပဲကွ။ နှစ်တွေ ဒီလောက် အကြာကြီးထိ ငါတို့မျိုးနွယ်ဝင်တွေမှာ သူတို့ ကိုယ်ပိုင်နာမည်တွေ မရှိကြသေးဘူး။ မင်း ရွေးပေးလို့ရအုံးမလား..”
သေလိုက်ပါတော့ဗျာ။ လတ်စသတ်တော့ ဒီလိုကိုး။ ကျုပ်လဲ နဖူးက ချွေးစေးတွေသုတ်ပြီး စိတ်ငြိမ်သွားတော့တယ်။
“သူတို့အားလုံးကို နာမည်ပေးယုံပဲမို့လား။ ပြဿနာမရှိဘူး။ စိတ်မပူနဲ့။ ငါက ကျောက်စိမ်းလို ခန္ဓာကိုယ်နဲ့ ချောမောလွန်းတဲ့အပြင် လူသားတွေကြားမှာ အစွမ်းထက်တယ်ဆိုပေမယ့် ဉာဏ်ကြီးရှင် မှော်ဆရာလို့ပဲ လူသိများကြတာ။ ဒီကိစ္စက ငါ့အတွက် ဘာလို့ ပြဿနာ ရှိရမှာတုန်း”
ရေခဲပြာ အံ့ဩသွားပြီး..
“ဘယ်လို။ ကျောက်စိမ်းလို ခန္ဓာကိုယ်နဲ့ ချောမောလွန်းတဲ့အပြင် ဉာဏ်ကြီးရှင်မှော်ဆရာ ဆိုတာ ဘာကြီးတုန်း”
ကျုပ် လည်ပင်းနင်သွားတယ်။ မထူးတော့တဲ့အတူတူ ဟန်လုပ်ပြုံးရင်း..
“ဒါတွေအားလုံး အကောင်းဆုံးဆိုတာတွေကို ပြောတာ။ ကဲပါလေ ဒီကိစ္စ ထားလိုက်တော့။ နာမည် လိုချင်လို အားလုံး ဒီကိုရောက်လာကြတာမို့လား”
ကျုပ်ပြောတာ ထောက်ခံတဲ့ပုံစံနဲ့ နဂါးကြီးကြီး ငယ်ငယ်အကုန်လုံး ဟိန်းသံကြီးထွက်လာပါလေရော။ ကျုပ်မေးလိုက်တာ မှန်တယ်ပေါ့။ အဲ့အသံကြီးက တောင်တွေတောင်ပြိုပြီး ပင်လယ်ကြီး ဂျွမ်းထိုးသွား လောက်တယ်။
“ဟုတ်ပြီ ဟုတ်ပြီ။ မင်းတို့ အသံကို နည်းနည်း လျှော့လိုက်ကြပါအုံး။ ငါ့ကို သေအောင် လုပ်နေကြတာလားကွာ။ အငယ်ဆုံးကနေ အကြီးဆုံးအထိ သက်တမ်းစဉ်အလိုက် ငါ့ဆီလာခဲ့ကြ”
ရက်စက် ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ နဂါးတွေ နာမည်လေး တစ်ခု ရချင်ဇောနဲ့ ကျုပ်ပြောသမျှ နာခံတဲ့ ကလေးလေးတွေ ကျနေတာပဲ။ ပတ်ပတ်လည်က နဂါးတိုင်မှာ မျှော်လင့်ခြင်း မျက်လုံးတွေ အပြည့်နဲ့ ကျုပ်ကို ဝိုင်းကြည့်နေကြတယ်။ နဂါးဆိုတဲ့ ကြီးမြတ် သန်မာ မာန်ကြွမှု တစိုးတစိတောင် မရှိတော့ဘူးဗျို့။
“မင်းက အနီရောင် အကြေးခွံတွေနဲ့၊ နောက်ကျောမှာလဲ ဆူး(၃)ချောင်းရှိတယ်။ မင်းရဲ့ နဂါးထွက်သက်က မီး။ မင်းတကယ် ရဲရင့်ပြီး အစွမ်းထက်ပုံပေါ်တယ်ဆိုတော့ မင်းကို ‘မီးလျှံ’ လို့နာမည်ပေးလိုက်မယ်”
“မင်း နဂါးအကြေးခွံက ခရမ်းရောင်။*+-. *+-. *+-. ငါ မင်းကို ‘ခရမ်းအိပ်မက်’ လို့ နာမည်ပေးလိုက်မယ်”
============= (*^*)=============
အပိုင်း( ၁၇၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား