ခယ်ကျာ၏ ဆက်ခံခြင်း
Vol. 12 Ch. 176
Child of light (ကျန်းကုန်း)
Volume 6: Chapter 20 - Ke Zha’s Succession
ဆရာ တိ ရုတ်တရက် အမူအရာပြောင်းသွားပြီး..
“ငါ မင်းကို ပြောစရာ တစ်ခုရှိသေးတယ်။ ဒီကျောင်းပိတ်ရက်ထဲမှာ နိုင်ငံတော် ဧကရာဇ် ကွယ်လွန်သွားပြီကွ။ မင်းသားခယ်ကျာ အခုဆို အိုက်ရှားနိုင်ငံရဲ့ ဘုရင်ဖြစ်နေပြီ။
“ဧကရာဇ်ကြီး တကယ်ကို ကွယ်လွန်သွားပြီလား”
“အေးကွာ။ သူ့ဘဝသက်တမ်းကို ထပ်ပြီး ဆွဲဆန့်မထားနိုင်တော့ဘူးလေ။ မင်းသားကြီး အာဏာရလာတော့ ငါတို့လူအိုကြီးတွေနည်းနည်းကို ရာထူးတွေ ချက်ချင်းပေးတယ်ကွ။ ငါတို့တွေမှာ တော်ဝင်မှော်သခင် ဘွဲ့တစ်ခုစီရှိတယ်။ မင်းမှာလဲ အဲ့ဘွဲ့တစ်ခုရထားတယ်”
“မင်းသား.. အာ.. ကျုပ်ပြောချင်တာ နိုင်ငံတော် ဧကရာဇ်က လူသားတွေရဲ့ စိတ်နှလုံးကို ဘယ်လို သိမ်းသွင်းရမယ်ဆိုတာ သိနေတာပဲ”
“ငါတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခယ်ကျာ ကောင်းကောင်း လုပ်နိုင်မယ်ထင်တာပဲ။ သူ ငါတို့ကို ချီးမြှင့်ရုံတင်မဟုတ်ဘူး မိသားစုကြီး(၂)ခုနဲ့ သွမ့်ယုရှီးကိုလဲ ဆုချမှာကွ။ ချွမ်းစုန့်၊ သွန်းယုရှီးနဲ့ ငါ့ကို နိုင်ငံတော် ကာကွယ်ရေး မှော်ဆရာတွေအဖြစ် ခန့်လိုက်သေးတယ်။ လက်ရှိ မြို့စား ထိယီရဲ့ စွမ်းအားတွေ တဖြည်းဖြည်း မှိန်သွားပြီ။ အိုက်ရှားက မကြာခင် တည်ငြိမ်သွားလောက်တယ်”
“မကောင်းဘူးလား။ ဒါကျွန်တော်တို့ မျှော်လင့်ထားတာပဲလေ။ တခြားဘာအတွက်မှ ရည်မှန်းပြီး လုပ်ခဲ့တာမှ မဟုတ်တာ”
“ငါ မင်းရထားတဲ့ဘွဲ့ မင်းသား ခယ်ကျာဆီ ပြန်အပ်လိုက်တယ်။ မင်း အရမ်းငယ်သေးတယ်လေ။ အရမ်း ထင်ပေါ်နေလို့ မဖြစ်သေးဘူး။ မဟုတ်ရင် မင်းကို ဘာအကျိုးကျေးဇူးမှ တိုးမှာမဟုတ်ဘူးလေ။ ဆရာ့ကို အပြစ်မတင်ဘူးမို့လား”
“ဘာကို အပြစ်တင်ရမှာလဲ။ ကျေးဇူးတောင် ဘယ်လိုတင်ရမှန်းမသိတော့ဘူး။ လူသိရှင်ကြားကြီး မဖြစ်ချင်ပါဘူးဗျာ။ မဟုတ်ရင် ကျုပ် လွတ်လပ်မှာ မဟုတ်တော့ဘူးလေ။ ကျုပ်မှာ ပြုစုရမယ့် ဝက်လေး မူကျီ ရှိသေးတယ်။ ကျုပ်တို့အတွက် တန်ဖိုးရှိတဲ့အရာဆိုလို့ အသားပြီး အသားပဲရှိတယ်။ သားတုန်းကြီး တစ်တုံးရှိရင် နှစ်ယောက်အတူစားရမယ့် ဘဝကို ပိုကြိုက်တယ်”
“မင်းကို ဘာလိုလုပ်ရမှန်းကို မသိတော့ပါဘူးကွာ။ ဘွဲ့မယူစေချင်တာက မင်းကို အလုပ်မရှုပ်စေချင်တဲ့ တခြားအကြောင်းပြချက် တစ်ခု ရှိသေးတယ်။ မင်းလုပ်ရမှာ တော်တော်ခက်တယ်။ မွန်းစတားဘုရင်က ကိုင်တွယ်ဖို့ လွယ်မှာမဟုတ်ဘူးလေ။ မင်းမှာ နဂါးမျိုးနွယ်ရဲ့ အထောက်အပံ့ရရင်တောင် မင်းအတွက် စာမဖွဲ့လောက်သေးဘူး။ ငါပြောတာ နားလည်တယ်မို့လား”
“ဟုတ်ကဲ့။ ကျုပ်သဘောပေါက်ပါတယ်။ အဲ့အတွက်လဲ အရမ်းကြီး စိတ်ပူမနေပါနဲ့ ဆရာ”
......
ကျောင်းစဖွင့်တဲ့ နေ့ကျမှ မူကျီ ပြန်ရောက်လာတော့တယ်။ သူ့မျက်နှာကြည့်ရတာ သိပ်မကောင်းဘူးဗျ။ ဖြူရော် နေရောပဲ။
“မူကျီ ဘာဖြစ်နေတာလဲ။ နင် နေမကောင်းဘူးလား”
“အဆင်် ပြေပါတယ်ဟာ။ ခေါင်းနည်းနည်း ကိုက်နေလို့ပါ”
ကျုပ်လဲ အေးစက်နေတဲ့ သူ့နဖူးလေး စမ်းကြည့်မိလိုက်တယ်..
“နင်တကယ် အဆင်မပြေရင် ငါ့ကို ပြောနော်။ နင့် လက်ရှိမှော်စွမ်းအားနဲ့ဆို ဖျားတာနာတာလောက်က လွယ်လွယ်နဲ့ ဖြစ်မှာမဟုတ်ဘူး”
“ငါ တကယ် နေကောင်းပါတယ်ဟာ”
မူကျီအကြည့်တွေမှာ အရင်ကနဲ့ မတူဘူးလို့ ခံစားမိနေတယ်။ ကျုပ်အပေါ်ထားတဲ့ အချစ်တွေ ပိုပို နက်ရှိုင်းလာသလိုပဲ။ ဒါပေမယ့် သူ့မျက်ဝန်းထဲမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေပြန်တယ်။ ဘယ်လို စိတ်မကောင်းစရာများ ရှိခဲ့ပါလိမ့်။
နေ့လည်ပိုင်းကျ သူငယ်ချင်း တွေပါခေါ်ပြီး တိုးတက်သော ကျောက်စိမ်းဒီရေမှာ နေ့လည်စာစားဖို့ လုပ်လိုက်ကြတယ်။ မာခယ့် အောင်မြင်မှုတွေပြောရရင်၊ မှော်သခင်ကြီးတွေနဲ့ ဆက်ဆံရေး ကောင်းတယ်၊ သူ့ကိုယ်တိုင်က စွမ်းအားအခြေခိုင်မာတာဆိုတော့ ဧကရာဇ်ခယ်ကျာအနေနဲ့ မင်းသားဘွဲ့ကို ချွင်းချက်မရှိပေးဖို့ လုံလောက်နေပြီလေ။ ပြီးတော့ ဟိုင်ရှင်း ရဲ့နှလုံးသားကို ရလိုက်တာကလဲ ကျုပ်တို့အဖွဲ့မှာ အပျော်ဆုံးလူသား ဖြစ်သွားတာပေါ့။
ကျုပ် အသိချင်ဆုံးက မူကျီ အစားစားချင်စိတ်ပျောက်သွားတဲ့ ကိစ္စဗျ။ သူအကြိုက်ဆုံး ဟင်းပွဲချပေးတာတောင် တို့ကနန်းဆိတ်ကနန်း လောက်ပဲ။ အရင်ကနဲ့ကို မတူတော့တာဗျ။
စားပြီးတာနဲ့ အသာလေး သူ့ကို လူသူရှင်းတဲ့စာသင်ခန်းထဲ ခေါ်သွားလိုက်တယ်။
“မူကျီ နင်ဘာဖြစ်နေတာလဲ။ တစ်ခုခုလွဲနေသလိုပဲ။ ကျေးဇူးပြုပြီး ငါ့ကို ပြောပြပါလား”
ရုတ်တရက်ကြီး မူကျီ ကျုပ်ကို တင်းနေအောင် ဖက်ထားလိုက်တယ်။
“ကျန်းကုန်း၊ ငါနင်နဲ့ မခွဲချင်ဘူး။ ငါတကယ် အဲဒါ မလုပ်ချင်ဘူး”
ပြီးတော့ ငိုနေပြန်ရော။ အခု သူတော်တော်ကို ဂနာမငြိမ်ဖြစ်နေတာဗျ။ ကျုပ်သူ့ကို ခပ်ဖွဖွလေး ပွတ်ပေးရင်း မဖြစ်သာတော့တဲ့အတူတူ ငိုခွင့်ပေးထားလိုက်တယ်။
အချိန် နည်းနည်းကြာမှ အငိုရပ်သွားတော့တယ်။ မျက်ရည်စတွေနဲ့ ကျုပ်ကို သေချာ မော့ကြည့်ပြီး..
“ကျန်းကုန်း ငါ့အိမ်က နင်နဲ့ သဘောမတူဘူးဆိုရင် နင်ဘာလုပ်မလဲ”
သူ့ဆံနွယ်လေးတွေကို အသာသပ်ပေးရင်း အေးအေးဆေးဆေးနဲ့ပဲ..
“ငတုံးမလေး။ ဘာတွေ လျှောက်ပြောနေတာလဲ။ ဒါမျိုး ဘယ်လိုဖြစ်မှာလဲလို့။ ငါ အရမ်းထူးချွန်တယ်လေ။ သူတို့ ငါ့ကို သဘောကျမှာ သေချာပါတယ်ဟ”
ပြောပြီးတာနဲ့ တစ်မိုးအောက်မှာ တစ်ယောက်ပုံစံမျိုးနဲ့ မာန်ကြွ ပြလိုက်သေးတယ်။
ကျုပ်ပုံစံကို ကြည့်ပြီး မူကျီတောင် မျက်ရည်စတွေကြားက ဟက်ဟက်ပက်ပက် ရယ်နိုင်လာတယ်။ သူ့စိတ်တွေ နည်းနည်းလေးတော့ လျော့သွားပြီး စိတ်ဓာတ်ကျတဲ့ပုံ ပြန်ဖြစ်သွားပြန်ရော။
“ငါ နင့်ကို အမှန်တွေ ပြောနေတာ။ နောက်နေတာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်ဖြေဟာ”
“နင့်မိဘတွေ အပါအဝင် ငါတို့နှစ်ယောက်ကို ခွဲနိုင်တဲ့သူမရှိဘူး။ ငါတို့နှစ်ယောက်ကို သဘောမတူရင် သူတို့သဘောတူတဲ့အထိ ကြိုးစားမယ်။ ဘယ်လိုမှ အဆင်မပြေရင် နင့်ကို အဝေးဆုံးထိ ခိုးပြေးသွားမယ်။ ရှုခင်းတွေနဲ့ လှိုက်မောဖွယ်ရာနေရာတစ်ခုမှာ တို့နှစ်ယောက် ပုန်းနေကြမယ်လေ။ အချိန် ကြာလာတာနဲ့အမျှ အဟီး…။ ဆန်တွေ ထမင်းဖြစ်တဲ့အချိန်ကျမှ သူတို့ဆီ ပြန်သွားမှာပေါ့”
မူကျီ သက်ပြင်းချပြီး ကျုပ်ပုခုံးကို မှီထားလိုက်တယ်။
“ဒီအစီအစဉ် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ရော အလုပ်ဖြစ်နိုင်ပါ့မလား”
“နင်ပြောသလိုဆိုရင် နင့်မိဘတွေက ငါတို့နှစ်ယောက်ကို လုံးဝ သဘောမတူဘူးပေါ့။ ငါ ဘယ်နေရာ မကောင်းလို့လဲ။ လူချင်းတောင် မတွေ့ဘူးသေးတာ ဘာလို့များ ခါးခါးသီးဖြစ်နေကြတာတုန်း”
“နင် နားမလည်သေးပါဘူးဟာ။ နင် ကောင်းတာဆိုးတာနဲ့ မဆိုင်ဘူး။ ဒါက…….”
သူ ပြောချင်ပေမယ့် တန်းလန်းကြီးရပ်သွားတာမြင်တော့..
“ဒါက… ဆိုတာဘာတုန်း။ လုပ်စမ်းပါ.. ဖြေစမ်းပါဟ။ ငါတို့ အဖြေရှာနိုင်မှာပါ”
မူကျီ ခေါင်းခါရင်း ဒေါသတကြီးနဲ့..
“ထားလိုက်တော့။ ဒီကိစ္စ နောက်တော့သိရမှာပဲ။ တစ်ဆင့်ချင်းပဲ သွားကြတာပေါ့”
ရွေးစရာကို မရှိတော့ဘူး။ တကယ့် အရေးအကြောင်းနေရာဆို ဒီစကားပဲ ပြောပြောနေတာ။ ဒါပေမယ့်လဲ သူမပြောမဖြစ်ပြောလာအောင် လုပ်ဖို့လဲ ကျုပ်ဖိအားမပေးရက်ပါဘူးလေ။ သူ့နှလုံးသားထဲက လေးလံနေတာတွေ လျော့လို့လျော့ညား ပုခုံးနွေးနွေးလေးကို အသာလေး ဖက်ထားပေးလိုက်တယ်။
အမှတ်မထင် ခေါင်းငုံးကြည့်လိုက်တော့ သူမှီထားတဲ့ ပုခုံးမှာ ရွှဲနစ်နေပြီ။ ကျုပ် ပြုံးပြုံးလေးနဲ့..
“အိုက်.. ယာ..။ ကြည့်စမ်းပါအုံး။ ငါ့ပုခုံးမှာ နှပ်တွေ၊ မျက်ရည်တွေနဲ့ ရွှဲနေပြီ။ နင်ပြန်လျှော်ပေးရမယ်နော်ဂ
အဲ့စကားလေးကပဲ မွန်းကြပ်မှုတွေကနေ ထွက်ပေါက်တစ်ခု ဖြစ်သွားတယ်။
မူကျီ မျက်နှာနီမြန်းသွားပြီး ကျုပ်ကို တွန်းထုတ်ရင်း..
“နင် တော်တော် မုန်းဖို့ကောင်းတယ်။ နင်ကပဲ နှပ်တွေပါတယ် ပြောရတယ်ကြီးသေးတယ်။ စိတ်ချ ငါပြန်လျှော်ပေးမယ်”
ပြီးတော့ သူ့မျက်ဝန်းထဲမှာ ပါးနပ်နဲ့ အရိပ်အငွေ့တွေ ပြန်ပြည့်သွားတယ်။ သူ့လက်ထဲမှာ ရေလုံးလေးတစ်ခု ပေါ်လာတယ်။
ကျုပ် ခနလေး အံ့ဩပြီး ချက်ချင်း ထွက်ပြေးလိုက်ရတယ်။ သူ ကျုပ်နောက်ကို လိုက်ပြီး ရေလုံးနဲ့ ပစ်တော့တာပဲ။
*******
ညစာ စားပြီးတော့မှ သူ့အဆောင်ကို လိုက်ပို့ပြီး ကောင်းကောင်းနားဖို့ ပြောခဲ့လိုက်တယ်။
တိတ်ဆိတ်နေတဲ့ လေ့ကျင့်ရေးကွင်းကြီးထဲမှာ တစ်ယောက်တည်း လျှောက်သွားနေမိတယ်။ နေ့လည်က မူကျီပြောခဲ့တဲ့ စကားတွေ ကျုပ်နှလုံးသားထဲမှာ အတွေးနက်စေခဲ့တယ်လေ။ ဒီအတိုင်းဆို မူကျီနဲ့ကျုပ် အတူနေရဖို့ဆိုတာ လွယ်မှာတော့မဟုတ်ဘူး။ သူဘာတွေများ ဖြစ်ခဲ့ပါလိမ့်။
============= (*^*)=============
အပိုင်း( ၁၇၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား