နန်းတော်ထဲက လုပ်ကြံသတ်ဖြတ်မှု
Vol. 12 Ch. 177
Child of light (ကျန်းကုန်း)
Volume 7: Chapter 1 - Assassin in the Palace
အဆောင်ပြန်ရောက်တော့ ကုတင်ပေါ် ပစ်လှဲရင်း အိပ်ဖို့ လုပ်လိုက်တယ်။ ကျုပ်လဲ မူကျီနဲ့ မခွဲနိုင်ဘူးလေ။ သူနဲ့သိတာ ဒီလောက်ကြာတာတောင် သူ့မှော်ပညာ ရယ်၊ သူစားချင်သောက်ချင်စိတ် များတာရယ်ကလွဲပြီး ဘာထူးခြားတာမှ မတွေ့မိပါဘူး။ ဒါပေမယ့် ကျုပ်နှလုံးသားကတော့ သူမှသူဆိုပြီး ချိတ်ပိတ်ထားပြီးသားလေ။ သူမျက်မှောင်ကြုတ်တာ၊ ပြောတာဆိုတာတွေက ဆွဲဆောင်နိုင်ဆုံးပဲ။ သူဒီလို နာကျင်နေတာ မြင်ရတော့ ကျုပ်ဘယ်လို ခံစားနိုင်မှာတဲ့တုန်း။
ကျုပ် ဟိုဘက်လှိမ့် ဒီဘက်လှိမ့်လုပ်နေတုန်း အပြင်ဘက်ကနေ စူးစူးရှရှ ခရာသံ တစ်ခု ရုတ်တရက်ပေါ်လာတယ်။ ပြီးတော့ တစ်ယောက်က အသံအကျယ်ကြီးနဲ့..
“ကျောင်းသားတွေအားလုံး လေ့ကျင့်ရေးကွင်းမှာ ချက်ချင်း လာစုကြဟေ့။ ဒါအရေးပေါ် အခြေအနေနော်။ ကျောင်းသားအားလုံး လေ့ကျင့်ရေးကွင်းမှာ လာစုကြပါ။ အရေးပေါ် အခြေအနေပါ”
ဘာလဲဟ။ ညနက်သန်းခေါင်ကျမှ ကျုပ်တို့ကို လူစုဖို့ ခေါ်နေသေးတယ်။ ကျောင်းကို စရောက်ကတည်းက ဒါပထမဆုံးအကြိမ် ဖြစ်ဖူးတာပဲ။
ဝတ်စုံ သပ်သပ်ရပ်ရပ်ဝတ်၊ မှော်တောင်ဝှေးကြီးကိုင်ပြီး လေ့ကျင့်ရေးကွင်းကို ပြေးသွားလိုက်တယ်။ လေ့ကျင့်ရေး ကွင်းထဲမှာ မှုန်ကုတ်ကုတ်နဲ့ ရပ်နေတဲ့ ဆရာတိနဲ့ ဆရာလေ့ တို့ကိုလဲ မြင်လိုက်ရတယ်။ ကျောင်းသား တော်တော်များများ လာတာမြင်တော့ ဆရာကျန်းက..
“ကျောင်းသားတို့… နည်းနည်းတောင် နောက်ကျနေပြီ။ နန်းတော်ထဲက ကယ်ဆယ်ရေး အချက်ပြမီး ရုတ်တရက် ပေါ်လာတယ်။ ဘာတွေဖြစ်သွားလဲတော့မသိဘူး။ ပဉ္စမနှစ်ကျောင်းသားတွေရယ်၊ တတိယနှစ်ကျောင်းသား ကျန်းကုန်းနဲ့ မူကျီတို့တွေ နန်းတော်ထဲဝင်ဖို့ ငါရယ် ဒုကျောင်းအုပ်ကြီးရယ်နဲ့အတူ ချက်ချင်း လိုက်ခဲ့ကြ။ မြန်မြန်လုပ်ကြ”
မာခယ် နန်းတော်ထဲမှာ နေတာ။ ဟိုင်ယွဲ့တို့ မောင်နှမ (၃)ယောက်က သူ့အိမ်သူ ပြန်ရောက်နေပြီ။
ဆရာကျန်း မျက်နှာ ကြည့်လိုက်တော့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိလိုက်ရတယ်။ ကျုပ် သူ့နားသွားပြီး အသာလေး..
“ဆရာကျန်း ဘာဖြစ်သွားတာလဲ”
“ဘာတွေဖြစ်နေလဲဆိုတာ ငါလဲ မသိသေးဘူး။ နန်းတော်ထဲကနေ လုံခြုံရေး အကူအညီတောင်းတဲ့ အချက်ပြမီး ရုတ်တရက်ထွက်လာတာကို အလှည့်ကျ ကင်းသမားမြင်လိုက်ရလို့ကွ။ သွားကြရအောင်။ မူကျီ ဘယ်မှာလဲ”
ကျုပ် လှည့်ပတ်ကြည့်လိုက်ပေမယ့် သူ့ကို မတွေ့ဘူးဗျ။
“ကျွန်တော်တော့ မတွေ့မိဘူး။ တနေကုန် ပင်ပန်းပြီး မနိုးတာလဲ ဖြစ်လောက်တယ်။ ကျုပ် သူ့ကို သွားရှာလိုက်မယ်လေ”
“ထားလိုက်တော့။ သူ့ကို ခေါ်မနေနဲ့တော့။ ငါတို့ ချက်ချင်းသွားမှ ရမယ်။ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”
အန္တရာယ်ရှိတယ်ဆိုရင် မူကျီမပါတာ ပိုကောင်းတယ်။ ကျုပ်လဲ ဆရာကျန်းနဲ့ ထပ်ကြပ်မကွာ လိုက်ခဲ့လိုက်တော့တယ်။
ဆရာကျန်း ကျုပ်တို့ အယောက်(၁၀၀)လောက်ကို ဦးဆောင်ပြီး နန်းတော်ထဲ ခေါ်လာခဲ့လိုက်တယ်။ အဝေးက နန်းတော်ကြီးမှာ မီးတွေ ဟုန်းဟုန်းတောက်နေတာ မြင်လိုက်ရတယ်။ ကျုပ် သက်ပြင်းတစ်ချက်ချပြီး..
“ဒါဆို နန်းတော် မီးလောင်သွားပဲ။ ဆရာကျန်း သိပ်စိတ်ပူမနေပါနဲ့”
“မဟုတ်သေးဘူးကွ၊ ဒီလောက်မရိုးရှင်းလောက်ဘူး။ အမြန်ဝင်ကြစို့၊ ပဉ္စမနှစ် ကျောင်းသားတွေလဲ အားလုံး သတိထားကြပါ။ ငါတို့တာဝန်က အထဲဝင်ပြီး မီးကို တပြိုင်နက် ငြိမ်းရမယ်။ သတိထားကြပါ”
ပြောပြီးတာနဲ့ မျက်စပစ် အချက်ပေးပြီး အရင်ဝင်သွားတယ်။ ဆရာကျန်းနောက်က ကပ်လိုက်လာရင်း နန်းတော်က မူမမှန်တော့ဘူး။ ဆရာကျန်း အစောင့် တစ်ယောက်ကို ဆွဲပြီး..
“ဘာဖြစ်တာလဲ..”
“ဟို… လူသတ်သမားရှိတယ်။ ဝတ်စုံနက်နဲ့ လူအုပ်ကြီး ကျူးကျော်လာတယ်။ သူတို့တွေ တော်တော် အစွမ်းထက်တယ်။ အစောင့်တွေနဲ့ မှော်သမ္မဂ္ဂကလူတွေ အသေအပျောက်ရော ဒဏ်ရာတွေနဲ့ရော”
ဆရာကျန်းရော ကျုပ်ပါ အံ့ဩသွားတာပေါ့။
“ဒါ မြို့စား ထိယီ များ ဖြစ်နိုင်မလား။
“မသေချာသေသးဘူးး။ နန်းတော် အတွင်းပိုင်းအမြန်သွားရအောင်။ ဧကရာဇ်ကို လုပ်ကြံဖို့ အဲမှရှိလောက်တယ်”
ဆရာကျန်းနဲ့ ကျုပ် နန်းတော်အတွင်းပိုင်းကို ဦးတည်ပြေးလိုက်ကြတယ်။ ရုတ်တရက် အနက်ရောင်ဝတ်စုံဝတ် လူတစ်စု နဲ့ မှော်သမ္မဂ္ဂကလူတွေ တိုက်ခိုက်နေတာတွေ့လိုက်ရတယ်။
ဆရာကျန်း လှမ်းအော်ရင်း လေဟာနယ် မျဉ်းစောင်းတစ်ခု ပစ်လွှတ်လိုက်တယ်။
အနက်ဝတ်နဲ့ လူတွေက (၅)ယောက်ဗျ။ ကျုပ်တို့ တိုက်ပွဲထဲ ဝင်လာတာတွေ့တော့ သူတို့ထဲက နှစ်ယောက် ခွဲထွက်လာတယ်။ သူတို့လက်ထဲကနေ အနက်ရောင် မြူခိုးတွေ ထွက်လာတယ်။
“ဆရာကျန်း အဲဒါ အမှောင်မှော်ပညာဗျ။ သတိထား”
ကျုပ် ပြောပြီးတာနဲ့ သူတို့ကို အလင်းဓားနဲ့ တိုက်လိုက်တယ်။ အလင်းနဲ့ အမှောင် မှော်ညာဆိုတာ နဂိုကတည်းက ဆန့်ကျင်ဘက်တွေလေ။ ရန်သူ့မှော်ပညာ ကျုပ်လောက် မကျွမ်းကျင်သေးဘူးဆိုတာ သိသာတဲ့အပြင် မြူခိုးနက်တွေ ကျုပ်တိုက်ကွက်ကြောင့် ပြန့်ကျဲသွားတယ်။ ကျန်နေတဲ့ အကြွင်းအကျန်တွေကိုတော့ ဆရာကျန်းရဲ့ လေဟာနယ် မျဉ်းစောင်းက စုပ်ယူလိုက်တယ်။
ဆရာကျန်းရော ကျုပ်ပါ အံ့ဩပြီး တစ်ပြိုင်နက်တည်း..
“နတ်ဆိုး မျိုးနွယ်တွေ…”
အနက်ဝတ်လူက ကျုပ်တို့ကို ကြည့်ပြီး အေးစက်စက်နဲ့…
“အခု မင်းတို့သိသွားပြီဆိုရင်တောင် နောက်ကျသွားပြီ။ မင်းတို့ ဧကရာဇ်ကို ငါတို့တွေ သတ်ပြီးသွားလောက်ပြီကွ.. ဟား.. ဟား”
ဆရာကျန်းနဲ့ ကျုပ်တို့ နည်းနည်း နောက်ကျသွားပြီဆိုတာ သိလိုက်ရတယ်။
“ဒီနှစ်ယောက် ဆရာကျန်းဆီထားခဲ့မယ်။ ဟို(၃)ယောက် ကျုပ်သွားရှင်းလိုက်မယ်”
ဆရာကျန်း အစွမ်းနဲ့ဆိုရင် အဲ့လူတွေ အမှောင်မှော်သုံးထားလဲ ဘယ်လိုမှ ပြိုင်ဖက်မဟုတ်တာ သေချာတယ်။
ကျုပ်လဲ ဒီကောင်နှစ်ကောင်ကို လေဟာနယ်ရွှေ့ပြောင်း ကျော်သွားပြီး နတ်ဆိုးမျိုးနွယ် (၃)ယောက်ဆီ ဦးတည်လိုက်တယ်။ တော်ဝင်မှော်သမ္မဂ္ဂက မှော်ဆရာ(၃)ယောက် တိုက်ပွဲထဲမှာ အလူးအလဲခံနေရတာဗျ။ ခနလောက်ဆို သူတို့ တိုက်နိုင်မှာ မဟုတ်တော့ဘူး။ ဒီအချိန်မှာ သက်ညှာနေလို့မရဘူးဆိုတာတော့ ကျုပ်သိပါသေးတယ်။ ကျုပ်လဲ မှော်စွမ်းအားနဲ့ တိုက်ပွဲစိတ်ဝိညာဉ်ပေါင်းပြီး အားကုန်သုံး တိုက်ခိုက်လိုက်တယ်။
အမှောင်မှော်ဆရာ(၃)ယောက်ထဲကနေ ကျုပ်ရဲ့ အလင်းဓားတိုက်ကွက်ကို ခုခံဖို့ ချက်ချင်း တစ်ယောက်ထွက်လာတယ်။ ပေါင်းစပ်မန္တန်အစွမ်းက သူ့ခံစစ် တစ်ဝက်ကျော်ထိ ခုတ်ဖြတ်မိလိုက်တယ်။
ကျုပ်လဲ စုက္ကရေးတောင်ဝှေးကို ခပ်မြှင့်မြှင့်မြှောက်ပြီး..
“အို အလင်းရောင်ခြည်၊ ကျုပ်ရဲ့ မိတ်ဆွေတို့။ သင့်ရှေ့က ရန်သူကို ခြေမှုန်းဖို့ရာ မရပ်တန့်နိုင်တဲ့ သန့်ရှင်းသော အလင်းရောင်အဖြင့် ပြောင်းလဲလိုက်စမ်းပါ”
နတ်ဆိုးမျိုးနွယ်နဲ့ တိုက်ပွဲအတွေ့အကြုံရှိထားတာဆိုတော့ အလင်းမှော်ပညာရဲ့ ခံစစ်ဖြစ်ဖြစ် တိုက်စစ်ဖြစ်ဖြစ် ဒီကောင်တွေကို ဒဏ်ရာအပြင်းအထန် ရစေမှာပဲလေ။
ကျုပ် ခန္ဓာကိုယ်ထဲက ရွှေအမြူနေ(၂)ခု အမြန်ဆုံး လည်ပတ်သွားတယ်။ ရွှေရောင်အလင်းတန်းတွေ ကျုပ်ခန္ဓာကိုယ်ထဲကနေ လျှပ်စီးလက်သလိုထွက်လာတယ်။ တော်ဝင်သမ္မဂ္ဂက လူတွေကို ထိခိုက်မိမှာစိုးလို့ ကာကွယ်ရေး မန္တန်ကိုပဲ အရင်သုံးလိုက်တာ။ ဒါ အဆင့်မြင့် မန္တန်ဖြစ်တဲ့အပြင် ကျုပ်ခွန်အားကုန် သုံးလိုက်တယ်။
အခုဆို ဆရာကျန်းလဲ သူ့ရန်သူ(၂)ယောက်ကို ဖြတ်ကျော်နိုင်သွားပြီ။ အဲ့ကောင်တွေကြည့်လိုက်တော့ စွမ်းအား ကုန်ခန်းသွားတဲ့ပုံပဲ။ မြေပေါ်လဲကျနေတဲ့ မှော်သမ္မဂ္ဂက လူတွေကို ကျုပ်တို့တွေ ဆွဲထုတ်လိုက်တယ်။ ဆရာကျန်းက စိုးရိမ်တကြီးနဲ့..
“ဘာဖြစ်တာလဲ၊ အမြန်ရှင်းပြစမ်း…”
မှော်ဆရာ ဆရာကျန်းကို မှတ်မိသွားပြီး..
“ကျောင်းအုပ်ကြီး အမြန်သွားသင့်တယ်။ လုပ်ကြံသူတွေ ဘယ်လောက်ရှိလဲတော့ မသိဘူး။ သူတို့အားလုံး အမှောင်မှော် ပညာတွေသုံးတာ အရမ်းအစွမ်းထက်ကြတယ်။ သူတို့ကို တာဖို့ မဖြစ်နိုင်ဘူး။ ကျုပ်တို့ ဧကရာဇ် ဆိုးဆိုးဝါးဝါးခံစားနေရလောက်ပြီ။ နန်းတော် အတွင်းပိုင်းကို တိုက်ခိုက်နေကြလောက်ပြီ”
“ကျန်းကုန်း.. ငါတို့ အမြန်သွားရအောင်”
ကျုပ်တို့ အတူသွားနေတုန်း ဆရာကျန်းက..
“အမှောင်မှော်ပညာ တော်တော်အစွမ်းထက်တယ်။ ငါနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ (၂)ယောက်က အဆင့်မြင့်အမှောင်မှော်ပညာရှင်တွေ ဖြစ်လောက်တယ်။ သူတို့ကို အနိုင်ယူဖို့ အကောင်းဆုံးက အလင်းမှော်ပညာပဲ ဖြစ်လိမ့်မယ်။ ဘယ်ကောင့်မှ ညှာမနေနဲ့။ မင်းအစွမ်းကုန်သာ သုတ်ကွာ”
“ဟုတ်.. ကျုပ်သဘောပေါက်ပြီ”
ကျုပ်တို့တွေ လေဝှေ့သလိုအရှိန်နဲ့ သွားရင်း လုပ်ကြံသူ(၄)ယောက် ဆက်တိုက် သတ်ခဲ့ရသေးတယ်။
ကျုပ်တို့ရှေ့မှာ နန်းတော်ကြီးတစ်မြင်လာရပြီ။
“အမြန်သွားရအောင် ငါတို့ရှေ့က နန်းတော်ကြီးဖြစ်လိမ့်မယ်”
နန်းတော်ထဲရောက်တော့ အခြေအနေတစ်ခုလုံးကို ကောင်းကောင်း မြင်လိုက်ရတယ်။ အနက်ရောင်ဝတ်စုံနဲ့ လူ(၁၀၀)လောက် မျက်နှာဖုံးစွပ်တွေနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်နေကြပြီ။
============= (*^*)=============
အပိုင်း( ၁၇၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား