← Chapters

နဂါးများ၏ ပံ့ပိုးမှု

Vol. 12 Ch. 171

နဂါးများ၏ ပံ့ပိုးမှု

Vol. 12 Ch. 171

Child of light (ကျန်းကုန်း)

Volume 6: Chapter 15 - Backed by the Dragons

ဒီလိုနဲ့ ကျုပ်လဲ တနေကုန် ခေါင်းပေါက်မတတ် ဖြစ်ညစ်စဉ်းစားရင်း နာမည်တွေ ပေးလိုက်ရတာပေါ့။ နောက်ဆုံး ရှောင်ကျင်းအမေ နဂါးဖြူကြီးတောင် နာမည်တောင်းဖို့ရောက်လာတယ်။ သူက နဂါးဘုရင်ရဲ့ မိန်းမဆိုတော့ ဘုရင်မဖြူ လို့နာမည်ပေးလိုက်ပြီး ကျုပ်ကိုယ်ကျုပ်တောင် တော်တော်လေး ဘဝင်ခိုက်သွားတယ်။

ညရောက်မှပဲ နာမည်ပေးပွဲကြီး ပြီးသွားတော့တယ်။ နဂါးဘုရင်နဲ့ ကျုပ်ကို ဒုက္ခပေးခဲ့တဲ့ နဂါးစိမ်းကြီးကလွဲရင် ရှိသမျှ နဂါးတွေမှာ နာမည်တွေ ရသွားပြီ။

နဂါးတွေ လူစုကွဲသွားမှ ကျုပ်လဲ ဂူထဲ ပြန်ဝင်လာခဲ့လိုက်တော့တယ်။ ခပ်ဝေးဝေးမှာ ပုန်းနေတဲ့ နဂါးစိမ်းကြီး ထွက်လာပြီး ရေခဲပြာကို လှမ်းဆွဲရင်း..

“ရှောင်ရှောင်လန် အဲ့ကောင် ဘာတွေ လုပ်နေတာလဲ။ ငါနဲ့ အရမ်းဝေးနေတော့ သေချာမမြင်ရဘူးဖြစ်နေတယ်”

“ကျေးဇူးပြုပြီး ကျုပ်ကို ရှောင်ရှောင်လန်လို့ မခေါ်နဲ့တော့။ ကျုပ်မှာ နာမည်ရှိတယ်။ လူသားညီလေးက ကျုပ်တို့ အားလုံးကို နာမည်တွေ ပေးထားပြီ။ အဟား ဦးလေး ရှောင်ချင် တစ်ယောက်ပဲ နာမည်မရှိသေးတာ ဖြစ်မယ်ထင်တယ်။ အော်.. ကျုပ်နာမည် ရေခဲပြာနော်. ရေခဲပြာ။ နာမည်ကိုက ရှယ်ပဲကွာ…. အဟေး”

ဘုံ(၉)ထပ်ထိအောင် မြောက်ကြွနေတဲ့ ရေခဲပြာကိုကြည့်ရင်း နဂါးစိမ်းကြီး သူ့ခေါင်းသူရိုက်ပြီး..

“ဒီလိုမှန်းသိ ဒီကောင့်ကို သွားမထိပါဘူးကွာ။ အခုမှတော့ သူ့ဆီသွားပြီး နာမည်တောင်းလို့လဲ ရမယ့်ပုံမမြင်ဘူး”

ညည်းငြူရင်း သက်ပြင်းချ ထွက်သွားယုံကလွဲပြီး ဘာတတ်နိုင်အုံးမှာလဲ။

ကျုပ် ဂူထဲပြန်ရောက်ပြီး နဂါးမျိုးစုံလာပို့ထားတဲ့ အသီးအနှံတွေ ရှယ်လွေးလိုက်တယ်။ တောကောင်တွေလဲ ပါတယ်ဆိုပေမယ့် ကျုပ်လို လူပျင်းအတွက် စားစရာလုပ်ဖို့ခက်တယ်လေ။ ဒီတော့ အသီးအနှံတွေပဲ လွေးရတာပေါ့။ ဘာပြောပြော ကျုပ်ကို စိတ်လက် ပေါ့ပါးစေတယ်လေ။ ဒီနေ့ ကျုပ်နည်းနည်း ပင်ပန်းသွားတယ် ဆိုပေမယ့် နဂါးတွေနဲ့ကြားမှာ ဆက်ဆံရေး အရမ်းကောင်းသွားတယ်။ တစ်လကြာမှာ လုပ်မယ့် ပြိုင်ပွဲအတွက် အကျိုးရှိမှာတော့ သေချာတယ်။

နောက်နေ့ကစပြီး ကိုယ့်ဟာကိုယ် ပလန်ဆွဲလိုက်တယ်။ မနက်မိုးလင်းတာနဲ့ တိုက်ပွဲစိတ်ဝိညာဉ်လေ့ကျင့်မယ်။ ပြီးတာနဲ့ မှော်ပညာနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ပေါင်းစပ်ဖို့အတွက် အရှိန်မြန်အောင် လုပ်ရမယ်။ ပြီးရင် သမထ ထိုင်မယ်။ ရွှေအမြူတေ(၂)ခုနဲ့ဆိုတော့ ကျုပ် အိပ်နေတဲ့အချိန် မှော်စွမ်းအား စုဆောင်တဲ့အရှိန် သိသိသာသာ တိုးလာတယ်ဗျ။ တစ်နဲ့တစ် ပေါင်း (၂)မဟုတ်ဘဲ နှစ်ဆတိုးလာတာ။ ရွှေအမြူတေ(၂)ခုလုံးသာ ဖေါက်မြင်ရတဲ့အထိ ကြည်လင်လာပြီဆိုရင် မှော်သခင်ကြီး အဆင့်ကနေ ဖောက်ထွက်နိုင်မှာဆိုတော့ သမထ ရဲ့ အကျိုးတွေက တော်တော် သိသာတယ်။

တစ်လလောက် ဖိဖိစီးစီး ကြိုးစားလိုက်တာ မှော်ပညာတွေ သိသိသာသာ တိုးတက်လာတယ်။ ကျုပ်အရိုးတွေကို ပြောင်းလဲပေးခဲ့တဲ့ နတ်ဘုရားဘုရင်ဖြစ်ဖြစ်၊ ကျုပ်ခန္ဓာကိုယ်ကို ပြောင်းပေးခဲ့တဲ့ နဂါးဘုရင်ပဲဖြစ်ဖြစ် တော်တော် အံ့ဩဖို့ကောင်းတယ်။ တိုက်ပွဲစိတ်ဝိညာဉ် တိုးတက်လာတာနဲ့အမျှ ကျုပ်ခန္ဓာကိုယ်ကြီးက အရင်ကထွက် ပိုပို သန်မာလာတယ်လို့ ခံစားနေရတယ်။ ကျုပ်မှာ ကိုယ်ခံအားတွေ ကောင်းနေတော့ တိုက်ပွဲအတွက် အကောင်းဆုံးဖြစ်အောင် လေ့ကျင့်တော့တာပေါ့။ ကျုပ် စွမ်းအားတွေ ကြယ်စင်သူရဲကောင်း အဆင့် မရောက်သေးပေမယ့်၊ ကောင်ကင် သူရဲကောင်းအဆင့်တော့ ရောက်သွားပြီလေ။ တိုက်ပွဲ စိတ်ဝိညာဉ်ကတောင် ရွှေတိုက်ပွဲစိတ်ဝိညာဉ်နီးနီး ဖြစ်နေပြီ။ ကျုပ် သိုင်းပညာအခြေအနေ တော်တော် ဆိုးတယ်ဆိုပေမယ့် မှော်ပညာကို ဖိလေ့ကျင့်ထားတာဆိုတော့ တိုက်ပွဲစိတ်ဝိညာဉ်လဲ ဒီလောက်တော့ ရှိမှာပေါ့။

ရွတ်ဖတ်နေစရာမလိုဘဲ အလယ်အလတ်တန်းစား အလင်းမန္တန်တွေနဲ့ အခြေခံ ဒြပ်စင်မန္တန်တွေ ပြောလောက်အောင် မမြန်သေးပေမယ့် စုစည်းချိန်တော့ သိသိသာသာ နည်းသွားပြီ။ အပြင်းဆုံးဖြစ်တဲ့ မှော်ပညာနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ပေါင်းစပ်မန္တန်သုံးဖို့အတွက်ဆို အရင်ကလိုမဟုတ်ပဲ အချိန် (၃)စက္ကန့်ပဲ အချိန်လိုတော့တယ်။

**********

ဘာလိုလိုနဲ့ တစ်လ ကုန်သွားတယ်။ နက်ဖန် စစ်ဆေးပွဲအတွက် အသင့်ပြင်ထားဖို့ နဂါးတစ်ကောင်လွှတ်ပြီး ပြောခိုင်းလိုက်တာသာ ကြည့်ပေတော့။

ဒီတစ်လအတွင်း နဂါးတွေနဲ့ တော်တော်ကို ရင်းနှီးသွားတာဗျ။ ကျုပ်ကိုလဲ လူသားတစ်ယောက်အနေနဲ့ အကုန်လက်ခံကြတယ်။ သက်တမ်း (၁၀၀၀)(၂၀၀၀)ရှိတဲ့ နဂါးလေးတွေပဲ ဖြစ်ဖြစ်၊ (၁၀၀၀၀)ကျော်တဲ့ နဂါးကြီးတွေပဲဖြစ်ဖြစ် ကျုပ်ကို သူတို့ ညီလေးလို့ပဲ ခေါ်ကြတယ်။

ဟိုနေ့ကတည်းက နဂါးစိမ်းကြီးနဲ့ မတွေ့တော့တာဗျ။ ကျုပ်ကို သေလောက်အောင် မုန်းနေတဲ့ပုံပဲ။ သေချာတာတော့ သူ့အားသာချက်တွေ ထိန်းနိုင်မယ့်ပုံ မပေါ်တော့ပါဘူး။ နက်ဖြန်ကျရင် ကျုပ်စဉ်းစားပြီး အစီအစဉ်ဆွဲထားတဲ့ ဗျူဟာအတိုင်း တိုက်မှာပဲ။ နဂါးဘုရင်ကြီးမျက်စိအောက်မှာ သူ့စွမ်းအားတွေနဲ့ဆိုရင် ကျုပ်အသက်လေး ထိန်းသိမ်းပေးနိုင်ကောင်းပါရဲ့။

......

နဂါးချိုင့်ဝှမ်းထဲမှာ တော်တော်ကို ကျယ်တဲ့ ကွင်းပြင်ကြီးတစ်ခုရှိတယ်ဗျ။ ပြိုင်ပွဲလုပ်ဖို့ အကောင်းဆုံး နေရာပေါ့ဗျာ။ နဂါးစိမ်းကြီး သူ့သားကောင်ကို ကြည့်သလို အကြည့်မျိုးနဲ့ ကျုပ်ကို ကြည့်နေလေရဲ့။ နဂါးဘုရင်လဲ သူ့ဂူထဲက ထွက်လာတယ်။ သူကတော့ ရှောင်ကျင်း တံခါးပိတ် လေ့ကျင့်နေတယ် ပြောတာပဲ။ သူ့ အသက်စွမ်းအားလဲ တဖြည်းဖြည်း ပြန်ကောင်းလာနေပြီတဲ့လေ။

နဂါးဘုရင်ရဲ့ ဘုန်းကျက်သရေနဲ့ ပြည့်နှက်နေတဲ့ အသံကြီး ထွက်လာတယ်။

“စစ်ဆေးမှု စပြီ။ ရှောင်ချင် မင်းသူကို မသတ်မိအောင် ဂရုစိုက်ရမယ်နော်”

စကားသံဆုံးတာနဲ့ သူ့ခြေသည်းကနေ လှိုင်းလုံးကြီး တစ်လုံးထွက်လာပြီး ဖေါက်ထွင်းမြင်ရတဲ့ ရွှေရောင်တာမြစ် စည်းတစ်ခု ကျုပ်တို့ကို ဗဟိုထားပြီး ပေါ်လာတယ်။

နဂါးစိမ်းကြီး သူ့လက်သည်းကို ကွေလိုက်ဆန့်လိုက်လုပ်ရင်း..

“ကောင်လေး။ မင်းကို ကောင်းကောင်း မသမနိုင်ရင် ငါ့နာမည် ရှောင်ချင် မဟုတ်တော့ဘူး”

ကျုပ်တို့ ဘေးပတ်ပတ်လည်က နဂါးတွေအားလုံး ပြိုင်တူ ဟိန်းသံထွက်လာတယ်။ လူစကားပြောတတ်တဲ့ နဂါးကြီးတွေ ကျုပ်ကို အားပေးနေတဲ့ပုံပဲ။ နဂါးစိမ်း ဒေါသတကြီးနဲ့..

“မင်းတို့မှာ ပါတဲ့ နဂါးခြေသည်းတွေ ဘာလုပ်ဖို့ထားတာလဲကွ ဟမ်… အပြင်လူကို အားပေးနေတယ်ပေါ့လေ။ ငါ့ကို အမြန် အားပေးစမ်း”

ရေခဲပြာက..

“ဦးလေး ရှောင်ချင်။ ငါတို့တွေအပေါ် သူ့ကျေးဇူး ရှိတယ်ဆိုတာ ခင်ဗျားသိလောက်ပါတယ်။ ဒါတင်မကသေးဘူး ကျုပ်တို့အားလုံး အားနည်းသူဘက်က အားပေးကြတာပဲလေ။ ကျန်းကုန်း မင်းလုပ်နိုင်တယ်။ ကျန်းကုန်း ချသာချ”

နဂါးစိမ်းကြီး ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံးတောင် တုန်သွားတယ်။ နဂါးဘုရင်က..

“မင်းတို့တွေ ဘာလို့ ပေါက်တတ်ကရ ငြင်းခုန်နေရတာတုန်း။ စစ်ဆေးပွဲ မြန်မြန်လုပ်တော့”

ရှောင်ချင် ရှေ့ကို မီတာ (၃၀)လောက်ထိ ခုန်ပြီး အမြီးနဲ့ ပတ်ရိုက်လိုက်တယ်။ အရင်တစ်ခါကလိုပဲ ကျုပ်ကို ထပ်ပြီး ဖြတ်ရိုက်ချင်နေတယ်ပေါ့လေ။

ကျုပ်ကလဲ အစောကြီးကတည်းက တည်နေရာရွှေပြောင်းဖို့ အသင့်ပြင်ထားပြီးတာ ကြာပေါ့။ သူခုန်လိုက်တာနဲ့ ချက်ချင်း နေရာ ပြောင်းလိုက်တယ်။ အရှိန်မြန်လွန်းတော့ နဂါးစိမ်းကြီး အမြီးက ကျုပ်နောက်ချန် ပုံရိပ်ကိုပဲ ရိုက်မိသွားတယ်။

“ကျုပ်က ဒီမှာနော်..”

နဂါးစိမ်းကြီး ဒေါသတကြီး တိုက်နေပေမယ့် ကျုပ် ချက်ချင်း ပြန်မတိုက်သေးဘူး။ သူ့ ပတ်ပတ်လည်မှာပဲ ပတ်ရှောင်နေတာ။ ရုတ်တရက် အကြံကောင်းတစ်ခု တွေးမိလို့ နဂါးဘုရင် လုပ်ထားတဲ့ တားမြစ်စည်းဝိုင်းထဲမှာ ပတ်ပြေးနေလိုက်တယ်။ အရှိန်ကိုလဲ တဖြည်းဖြည်းချင်း တိုးလိုက်တယ်။ ကျုပ် အကန့်အသတ် အမြန်နှုန်း ရောက်တော့ ပြေးလမ်း ပတ်ပတ်လည်မှာ ကျုပ် ပုံရိပ်တွေနဲ့ ပြည့်နေပြီ။ နဂါးစိမ်းကြီး ကျုပ်ကိုကြည့်ပြီး ခေါင်းမူးနေပြီလေ။

အစကတည်းက ကြိုစုထားတဲ့ မှော်စွမ်းအားတွေနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ကို ဒီအချိန်မှာ အသုံးချလိုက်တာပေါ့။ နောက်ချန် ပုံရိပ်တိုင်းက နဂါးစိမ်းကြီးကို အဘက်ဘက်က ဝင်တိုက်တဲ့ပုံစံကြောင့် သူရှောင်စရာ နေရာမရှိတော့ဘူး။

“အုန်း……..”

အသံရှည်ကြီးနဲ့အတူ အလင်းတန်း တစ်ချက်လက်ပြီး သူ့ကျောပေါ်မှာ ရွှေရောင် အစင်းကြောင်း တစ်ခု ပေါ်သွားတယ်။

ကျုပ်ကတော့ အစွမ်းကုန် တွယ်လိုက်တာပဲ။ စွမ်းအား ကြာကြာစုနိုင်လေ မန္တန်က အစွမ်းထက်လေပဲလေ။ အခုဆို အရင်က သုံးဖူးခဲ့သမျှ မန္တန်တွေထက် အရမ်းသာသွားပြီ။

နဂါးစိမ်းကြီး နာလွန်းလို့ အော်လိုက်ရတယ်။ သူ့ကျောပေါ်က အကြေးခွံတွေ ကျုပ်လက်ချက်နဲ့ ဒဏ်ရာရ သွေးထွက်ပြီး မြေပေါ်ကိုပစ် လဲကျသွားတယ်။

နဂါးဘုရင်နဲ့ ဘုရင်မဖြူတို့ကတော့ ကျုပ်မှာ ဒီလောက်ထိ တိုက်ခိုက်နိုင်စွမ်းရှိမယ် ထင်မထားတော့ တော်တော် လန့်သွားကြတယ်။

တကယ်တမ်း ဒီတိုက်ကွက်က နဂါးစိမ်းကြီးကို ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့တယ်ဆိုပေမယ့် အပေါ်ယံပါပဲလေ။ သူ့ကာကွယ်နိုင်စွမ်းက ကျုပ်တွေးထားတာထက်ကို ကျော်နေတာ။

နဂါးစိမ်းကြီး တဖြည်းဖြည်းထလာတယ်။ မျက်လုံးကလဲ သွေးတွေလို နီရဲနေပြီ။ အတောင်ပံ အသာခတ်လိုက်တာ အလင်းတန်းတွေ ဖြာပြီး ကောင်းကင်ထိ ထိုးတက်သွားရောပဲ။ ထပ်တိုက်မယ့် နောက်တိုက်ကွက်က ကမ္ဘာတုန်လောက်အောင် ပြင်းထန်မယ်ဆိုတာ ကျုပ် ရိပ်မိနေတယ်။ သူ့ခန္ဓာကိုယ်က သွေးတွေကလဲ စီးကျနေတုန်းပဲ။

============= (*^*)=============

အပိုင်း( ၁၇၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters