သန့်ရှင်းသော ဓား၏ လက်ကိုင်
Vol. 12 Ch. 172
Child of light (ကျန်းကုန်း)
Volume 6: Chapter 16 - The Holy Sword’s Handle
ကျုပ် သူ့ကို ညှာလို့မရတော့ဘူး။ ချက်ချင်း မာန်သွင်းပြီး တစ်ချက်အော်လိုက်တယ်။ ကျုပ် အော်နေသလို နဂါးစိမ်း ပါးစပ်ကြီးကလဲ လှုပ်နေတာပဲ။ ကြည့်ရတာ သူတို့ နဂါးဘာသာစကားနဲ့ မန္တန်ရွတ်နေတာ ဖြစ်မယ်။ ကျုပ်အစွမ်းနဲ့ သူ့တိုက်ကွက်ကို ကာကွယ်နိုင်ပါ့မလား မသိနိုင်လို့ နည်းနည်း လန့်သွားမိတယ်။
“အို အလင်းတော်။ ကျုပ်မိတ်ဆွေတို့။ ရှေ့မှာရှိတဲ့ ရန်သူကို ချေမှုန်းနိုင်ဖို့အတွက် ကြယ်အလင်းတွေ ကန့်သတ်မဲ့ ဖန်တီးဖို့ သင်တို့စွမ်းအားတွေ သုံးလိုက်စမ်းပါ။ တောက်ပသော အလင်းကြယ်”
ပတ်ဝန်းကျင်က အလင်းဓာတ်တွေ စုလာပြီး ကျုပ်ရှေ့မှာ ကြယ်လေးတွေ ပုံစံပေါ်လာတယ်။ ကာကွယ်ရေး ဒိုင်းလွှာ တစ်လွှာတော့ ပေါ်လာခဲ့ပြီ။ ဒီတော့မှ ကျုပ်လဲ သက်ပြင်းချနိုင်တော့တယ်။
အဲ့အချိန် နဂါးစိမ်းကြီး တစ်ကိုယ်လုံးမှာလဲ စိမ်းတောက်နေတာပဲ။ မျက်လုံးတွေကလဲ ခုနကထက် တည်ငြိမ်သွားတယ်။ အမယ်.. ရယ်ရယ် မောမောနဲ့တောင်မှ..
“ဟိုးနှစ်ပေါင်း(၁၀၀၀၀)လောက် နတ်ဘုရားဘုရင်နဲ့ မကောင်းဆိုးဝါးစစ်ပွဲပြီးတဲ့နောက် ဒဏ်ရာ မရခဲ့ဖူးတာ အတော်ကြာပြီပဲ။ ငါတို့ အစစ်အမှန် နဂါးမျိုးနွယ်စွမ်းအားတွေ မင်းကို တွေ့ကြုံခံစားခွင့် ပေးလိုက်မယ်”
တော်တော် ကြောက်ဖို့ကောင်းတာပဲ။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက အစိမ်းရောင်အလင်းတန်းတွေ ကျုပ်ကိုဦးတည်လာတဲ့ လှိုင်းလုံးကြီးတွေလိုပဲ။ ကျုပ်လဲ ကြယ်အလင်းတွေအပြင် နောက်တစ်ခုထပ်ပြီး ပေါင်းစပ်မန္တန် အမြန်ထုတ်လိုက်တယ်။
ရောင်ခြည်တွေက နဂါးစိမ်းရဲ့ လှိုင်းက မှော်နဲ့ တိုက်ပွဲစိတ်ဝိညာဉ်ပေါင်းစပ် မန္တန်ကို ထိပ်တိုက်တွေ့တဲ့အခါ အသာလေး ကျော်ဖြတ်ပြီး နည်းနည်းတောင် မရပ်ဘဲ အလင်းကြယ် ကာကွယ်ရေး တံတိုင်းဆီ ဆက်တိုးသွားတယ်။
အလင်းကြယ်တွေကလဲ အစိမ်းရောင်လှိုင်းကို ခတတောင့်ခံထားနိုင်ပေမယ့် စွမ်းအားတွေ အမြန် ကုန်သွားလိုက်တာများ ပွတ်တိုက်သံတွေ တဂျီးဂျီး နဲ့တောင် ထွက်လာတယ်။
အလင်းကြယ်က တားနိုင်မှာမဟုတ်ဘူးဆိုတာ ကျုပ်သိနေတော့ သန့်ရှင်းသောဓားစွမ်းအားနဲ့ ကာကွယ်ရေးမန္တန်တစ်ခု ကျုပ်ရှေ့မှာ ချပြီး တိုက်ပွဲစိတ်ဝိညာဉ်တွေလဲ ရှေ့မှာပဲ စုကာထားလိုက်တယ်။
စွမ်းအား လှိုင်းတွေ အလင်းကြယ်အကာအကွယ်ကို ဖြတ်ကျော်ပြီး ကျုပ်ရဲ့ နောက်ဆုံး ကာကွယ်ရေးခံစစ်ကို ထိသွားတယ်။ ကျုပ်ခေါင်းကို တိုက်ရိုက် ထိတာမဟုတ်ပေမယ့် စွမ်းအားတွေကြောင့် လွင့်သွားရသေးတာပဲ။
အဲ့ စွမ်းအင်လှိုင်းလုံးကြီးကို ကျုပ်မတားနိုင်ဘူးလေ။
“အုန်း……”
ကျုပ်လဲ နဂါးဘုရင် လုပ်ထားတဲ့ ရွှေရောင် အကာအကွယ်စည်းနဲ့ ရိုက်မိသွားတော့ ကာကွယ်စည်းတောင် တုန်သွားတယ်။ ဒဏ်ရာ အပြင်းအထန်ရသွားတာဆိုတော့ ကျုပ်သွေးတွေ အံလိုက်ရတယ်။
နဂါးစိမ်းကြီးရဲ့ တိုက်ကွက်ကို အပြင်းအထန်ကာကွယ်ဖို့ ရှိ ရှိသမျှ စွမ်းအား အကုန်သုံးလိုက်ရတာတောင် ဒဏ်ရာ အပြင်းအထန် ရလိုက်သေးတယ်။ နဂါးတစ်ကောင်ရဲ့ စွမ်းအား ဘယ်လောက်ကြီးတယ်ဆိုတာ ကျုပ် ခံစားဖူး သွားပြီပေါ့။
နဂါးစိမ်းကြီးကတော့ သူ့တိုက်ကွက်ကို ကာကွယ်နိုင်လို့ဆိုပြီး အံ့ဩနေလေရဲ့။ ကျုပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ လုံးဝသုံးလို့မရသေးတဲ့ အချိန်မှာ သူက ချက်ချင်းကို ခုန်ထိုးဖို့ အသင့်ဖြစ်နေပြီ။
အထက်တန်းကျောင်းပေါင်းစုံ ပြိုင်ပွဲတုန်းက နောက်ဆုံးပွဲလိုပဲ။ သေခြင်းရဲ့ အကြောက်တရားတွေနဲ့ ရင်ဆိုင်လိုက်ရပြန်ပြီ။ ‘ရှောင်ကျင်းရေ ငါတော့ မင်းနဲ့ အတူဆက်မနေနိုင်တော့ဘူးနဲ့ တူပါတယ်ကွာ’ ။ ကျုပ် နှလုံးသား ကွဲကျေသွားသလို ခံစားလိုက်ရတယ်။ တကယ့် အရေးကြီးချိန်ကျမှ ကျုပ်ခန္ဓာကိုယ်ထဲကနေ သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေ ထွက်လာတယ်လို့ ခံစားလိုက်ရတယ်။ အရေးကြီးတဲ့ အချိန်တွေဆို သန့်ရှင်းသောဓား နိုးထလာမယ်ဆိုတာ ကျုပ်သိလိုက်တယ်။ သန့်ရှင်းသော ဓားရဲ့စွမ်းအားတွေ ကျုပ်ခန္ဓာကိုယ်ကနေ ပွင့်ထွက်လာတဲ့အချိန် ကျုပ်မျက်လုံးတွေတောင် ရွှေရောင်ပြောင်း သွားတယ်။
အရင်ကနဲ့မတူတာက သန့်ရှင်းသောဓားကို ဘယ်လိုသုံးရမလဲဆိုတာ သိနေတော့ အားစိုက်ထိန်းချုပ်နေစရာ မလိုတော့ဘူး။ ကျုပ်ခန္ဓာကိုယ် တဖြည်းဖြည်း မြောက်တက်လာပြီး တစ်ကိုယ်လုံးမှာ ရွှေရောင် အလင်းရောင်ခြည်တွေနဲ့ တောက်ပနေတယ်။ ခေတ်ဦးက ရှေးဓားကြီးတစ်လက်ပုံစံ ကျုပ်ရှေ့မှာ စုစည်းလာတယ်။ နှိုင်းယှဉ်ရရင် အခုပေါ်လာတဲ့ သန့်ရှင်းသောဓားရဲ့ စွမ်းအားက ပိုကောင်းလာတာပဲ။ နဂါးစိမ်းကြီး ဖိအားအလွန်အကျွံ ခံစားမိလိုက်ပေမယ့် နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သူသိတယ်လေ။ နောက်ထပ် နဂါးမန္တန်တစ်ခု ရွတ်ဖို့လဲ သူ့မှာ အချိန်မလောက်တော့ဘူး။ သူအံ့ကြိတ်ပြီး အကာကွယ်စည်းကို ကျောပေးပြီး မျက်နှာချင်းဆိုင်တည့်တည့်ကို စွမ်းအင်လုံးနဲ့ ပစ်လွှတ်လိုက်တယ်။
ဓားအလင်းရောင် တစ်ချက် ထွက်လာတယ်။ နဂါးဘုရင်လဲ အကာအကွယ်စည်းအပြင်ကနေ အသံကုန် အော်နေတယ်။ တစ်ခုခု မှားနေတယ်ဆိုတာ သူခံစားမိသွားပြီ။ နဂါးစိမ်းကြီး အန္တရာယ်ကင်းဖို့အတွက် သူ့ ဦးချိုကြီး နှစ်ချောင်းကနေ အလင်းတန်း (၂)ခုထွက်လာတယ်။ တစ်ခုက ကျုပ်ဓားကို ခုခံဖို့၊ နောက်တစ်ခုက နဂါးစိမ်းကြီးဆီ ဦးတည်သွားတယ်။
နဂါးဘုရင်ရဲ့ အလင်းတန်းနဲ့ ကျုပ်ရဲ့ ဓားအလင်းတန်း ထိပ်တိုက်တွေ့သွားတာပေါ့။ နဂါးဘုရင်က သူ့စွမ်းအားတွေ အလျင်စလိုသုံးလိုက်ရတာဆိုတော့ အလင်းဓားကို နည်းနည်းပဲ နှေးအောင် လုပ်နိုင်လိုက်တယ်။ နဂါးဘုရင်ရဲ့ ရွှေရောင်အလင်းတန်းကို စုပ်ယူလိုက်တော့ ဓားက နည်းနည်းနှေးသွားပေမယ့် နဂါးစိမ်းကြီးဆီ ဆက်သွားနေတုန်းပဲ။
“ရှောင်ချင် သတိထား….”
နဂါးဘုရင် သတိပေးလိုက်ပေမယ့် နဂါးစိမ်းကြီးစွမ်းအားနဲ့ဆိုရင် အလင်းဓားရဲ့အစွမ်းကို မခံနိုင်ဘူးဆိုတာ သိနေတယ်။ ဒီအချိန်ကျမှတော့ စွမ်းအားတွေ စုစည်းဖို့လဲ အချိန်မရှိတော့ဘူးလေ။ နဂါးဘုရင် မျက်လုံးထဲမှာ နာကျင်တဲ့ ခံစားချက် ပေါ်လာတယ်။ နတ်ဘုရားဘုရင်ရဲ့ သန့်ရှင်းသောဓားကို ကျုပ်သုံးနိုင်မယ်လို့ သူဘယ်တုန်းကမှ ထင်မထားတာကို။ တကယ်တော့ သန့်ရှင်းသောဓားက တစ်ဝက်တပျက်ပဲ နိုးထလာတာဆိုပေမယ့် ကျုပ်လဲ သူ့အစွမ်းကို ဓားအရိုးလေး တစ်ခုစာပဲ သုံးနိုင်လိုက်တာ။
သန့်ရှင်းသောဓားက နဂါးစိမ်းကြီးကို ထိလုနီးမှာ ဓားရဲ့စွမ်းအားတွေကို အပေါ်နဲ့ ဘေးဘက်ကို အသာလွှဲပြီးမှ ဖြေးဖြေးလွှတ်လိုက်တယ်။ ဟိုတုန်းက နဂါးစိမ်းကြီး ကျုပ်ကို သူ့အမြီးနဲ့ ရိုက်ခဲ့သလိုမျိုး ပြန်တွယ်လိုက်တာလေ။
နဂါးစိမ်းကြီး ခန္ဓာကိုယ်က နဂါးဘုရင်ရဲ့ အကာအကွယ်စည်းကိုတောင် ဖေါက်ထွက်ပြီး အနားမှရှိတဲ့ ကျောက်နံရံကြီးနဲ့ အပြင်းအထန် မိတ်ဆက်သွားလေရဲ့။ ဒီလောက် သန်မာတဲ့ ခန္ဓာကိုယ်ကြီးနဲ့ဆိုတော့ ကြီးကြီးမားမားတော့ အန္တရာယ် မရှိလောက်ဘူး ထင်တာပဲ။
ကျုပ်လဲ စွမ်းအားတွေ၊ ခွန်အားတွေ ကုန်သွားတာဖြင့် ရယ်ဖို့တောင် မကျန်တော့ဘူး။ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ကျုပ်ကို နဂါးဘုရင် သူ့စွမ်းအားနဲ့ ဖမ်းထိန်းပေးထားတယ်။ နဂါးဘုရင် ကုပေးလို့ ကျုပ်ပြန်ကောင်းလာတယ်။ ကျုပ်ခန္ဓာကိုယ်က သန်မာမှုတွေ ပြန်ရလာတယ်။
“အရှင်နဂါးမင်းကြီး ကျုပ် စစ်ဆေးမှု အောင်တယ်လို့ သတ်မှတ်လို့ရမလား”
“နတ်ဘုရားဘုရင်က သန့်ရှင်းသောဓား သုံးနိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ သက်ညှာပေးလိုက်လို့လဲ ကျေးဇူးတင်ပါတယ်..”
“အရှင်မင်းကြီးရဲ့ နဂါးမျိုးနွယ် အရေအတွက်က အရမ်းနည်းတယ်လေ။ ပြီးတော့ သူ့အပေါ်လဲ အရမ်းကြီး မုန်းနေတာမှ မဟုတ်တာ။ ကျုပ်က ဘာလို့ သူ့ကို သတ်ရမှာလဲ”
“ရိုးရိုးသားသား ပြောရရင် စမ်းသပ်မှုဆိုတာလဲ မင်းအခက်အခဲ ဖြစ်အောင် လုပ်ယုံသက်သက်ပဲ။ ငါနဲ့ ရှောင်ပိုင်.. အာ မဟုတ်သေးပါဘူး။ မင်းက သူ့ကို ဘုရင်မဖြူ လို့နာမည်ပေးထားတယ် ကြားတယ်။ ငါတို့တွေ သားနဲ့ ခွဲရမှာ ဝန်လေးနေကြတာကွ။ အရင်တုန်းက သူဘာကြောင့် နဂါးတောင်ကြားကနေ အပြင်ရောက်သွားလဲဆိုတာ သိလား။ နတ်ဘုရား ဘုရင်ကြီးကြောင့်ပေါ့ကွာ။ နဂါးဘုရင်ဥကို အကောင်ဖေါက်နိုင်တဲ့ ဘယ်သူမဆို အလင်းနတ်ဘုရားရဲ့ စွမ်းအားအမွေဆက်ခံနိုင်လိမ့်မယ်လို့ပြောတယ်။ ဒီလိုနဲ့ ငါတို့လဲ သားလေးနဲ့ ကွဲသွားခဲ့ရတာ။ ဒီတစ်ကြိမ် ဒီလိုအခက်အခဲတွေကြားက သားလေးနဲ့ ခွဲပြီး ပြန်မလွှတ်ချင်ဘူး ဖြစ်နေတယ်လေ”
“အရှင်မင်းကြီးရဲ့ ခံစားချက်ကို ကျုပ်နားလည်ပါတယ်။ ဘယ်မိဘမဆို ကိုယ်သားသမီးကို အနားမှာမထားချင်တဲ့သူ ရှိမှာတဲ့လား။ ဒီလိုဆိုရင်ရောဗျာ။ ရှောင်ကျင်း မွန်းစတာဘုရင် ပြဿနာကို အကူအညီပေးပြီးရင် အရှင်မင်းကြီးတို့ နဲ့အတူ နဂါးမျိုးနွယ်စုကို ပြန်ခွင့်ပေးလိုက်မယ်လေ။ အဲလိုဆိုရင် ကျုပ်လဲ သူ့နဲ့ မကြာမကြာ လာတွေ့လို့ရတယ်။ သူကျုပ်ကို လွမ်းရင်လဲ လာတွေ့လို့ရတာပဲ”
ရှောင်ကျင်းက သူတို့ ကလေးလေဗျာ။ ဘယ်မိဘတွေက ကိုယ့်သားသမီးနဲ့ ခွဲချင်မှာလဲလို့။
နဂါးဘုရင် ဝမ်းသာအားရ ခေါင်းညိတ်ရင်း..
“အဲဒါ ပိုကောင်းတယ်။ နဂါးမျိုးနွယ်ကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်..”
============= (*^*)=============
အပိုင်း( ၁၇၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား