နဂါးတွေရဲ့ လက်ဆောင်
Vol. 12 Ch. 173
Child of light (ကျန်းကုန်း)
Volume 6: Chapter 17 - The Dragon’s Gift
“ကျွန်တော့ကို ဘာလို့ ကျေးဇူးတင်နေရအုံးမှာလဲ။ ရှောင်ကျင်းက အရှင်မင်းကြီးရဲ့ ကလေးပဲလေ”
ဒီဘုရင် မဆိုးဘူးပဲဗျ။ ရှောင်ကျင်းသာ ကျုပ်နဲ့ မလိုက်ချင်ဘူးဆိုရင် ရှိသမျှနဂါးတွေ အကုန်နဲ့ တိုက်ရမလားပဲ။ သူဘာပြောချင်နေပါလိမ့်။ ကျုပ် လုပ်ရပ်တွေကများ ဈေးပေါသွားလို့လား။ နဂါးဘုရင် မဆိုးဘူးဆိုပေမယ့် ကျုပ်နဲ့ သူ ကတိကဝတ်ပြုထားတာ ရှောင်ကျင်းမသိလောက်သေးဘူး။ ကျုပ်ခွင့်ပြုချက်မရရင် ရှောင်ကျင်း ထားသွားလို့ ရမှာတဲ့လား။ ကျုပ်သေတာနဲ့ ရှောင်ကျင်းလဲ သေမှာပဲလေ။ ဒါကြောင့်မို့ ရှောင်ကျင်း ကျုပ်နဲ့အတူ လိုက်မသေရအောင် သူလုပ်နိုင်သမျှ နည်းလမ်း အကုန်သုံးပြီးလုပ်နေတာဖြစ်မယ်။
“ဒီလိုဆိုရင်ရောကွာ။ ရှောင်ကျင်းကို ပြန်လာခွင့်ပြုတာနဲ့တင် မင်းက ငါတို့နဂါးမျိုးနွယ်ရဲ့ ကျေးဇူးရှင် ဖြစ်နေပြီ။ နဂါးမျိုးနွယ်ရဲ့ မူပိုင်သီးသန့် မန္တန်တစ်ခု မင်းကို သင်ပေးမယ်လေ။ မင်း ရွေးကြည့်”
အော.. ဒီလိုကိုး။ ကျုပ်မှာ တော်တော်လေး စဉ်းစားလိုက်ရတာ။ ကျုပ် မျက်ဝန်းတွေ အရောင်တောက် လာခဲ့ပြီပေါ့။
“မှော်ချိပ်စည်းတွေကို ချိုးဖေါက်နိုင်တဲ့ မန္တန် သင်ချင်တယ်”
အဲ့မန္တန် ကျုပ်ကို (၂)ကြိမ်လောက် အသက်ကယ်ခဲ့ဖူးတယ်လေ။ မှော်ချိပ်စည်းအမျိုးအမျိုးကို ချိုးဖောက်နိုင်ရင် မဆိုးဘူးလေ နော့။
“ဘာကို ရွေးရမယ်ဆိုတာ မင်းကောင်းကောင်းသိနေတာပဲ။ ငါတို့ နဂါးဘာသာစကားနဲ့တောင် အဲ့မန္တန်က အဆင့်မြင့် မန္တန်ပဲကွ။ အဲ့မန္တန် မင်းကို သင်ပေးလိုက်မယ်”
နဂါးဘုရင် ခန္ဓာကိုယ်မှာ အလင်းတန်းတွေနဲ့ တောက်ပသွားတယ်။ သူ့မျက်လုံးကြီးတွေကနေ အေးစက်စက် အလင်းတန်း(၂)ခု ကျုပ်ခန္ဓာကိုယ် အနက်ရှိုင်းဆုံးထိ ဝင်သွားတယ်။ ချက်ချင်းပဲ ကျုပ်စိတ်ထဲကို မရေတွက်နိုင်အောင် ထူးဆန်းတဲ့ သင်္ကေတအချက်အလက်တွေ ရောက်လာတယ်။
“ဒါ မှော်ချိပ်စည်းတွေကို ချိုးဖေါက်ဖို့ အတွက် ရွတ်ဆိုရမယ့်ဟာတွေလေ။ မင်းသုံးချင်တဲ့အချိန် အတိအကျရွတ်ဖို့တော့ လိုလိမ့်မယ်နော်”
ရွတ်ရတာလောက်က အေးဆေးပါ။ လျှာလေး လိမ်လိုက်ယုံပဲကို။
“ကျေးဇူးတင်ပါတယ်။ ရှောင်ကျင်း တံခါးပိတ်လေ့ကျင့်တာရော အဆင်ပြေရဲ့လားဗျ”
“အခုတော့ အခြေအနေ ကောင်းနေတာပဲ။ သူ့အစွမ်းနဲ့ အသက်စွမ်းအား တိုးဖို့အတွက် နဂါးမျိုးနွယ်ရဲ့ ရတနာတွေ သုံးလိုက်ရတာပေါ့ကွာ။ ဒီကောင် ကြီးထွားနှုန်းမြန်မြန်နဲ့ ကြီးလာတာဆိုတော့ အခြေခံအုတ်မြစ် မတည်ငြိမ်ဘူးလေ။ မဟာနဂါး(၈)ကောင်နဲ့ ငါ အလှည့်ကျ လေ့ကျင့်ပေးရင်း ကူညီရမှာပေါ့။ မင်းသူ့အတွက် စိတ်ပူစရာ မလိုပါဘူး။ တစ်နှစ်ကြာလို့ လေ့ကျင့်မှုပြီးတာနဲ့ မင်းကို လာတွေ့လှည့်မယ်။ မင်းဘယ်နေရာ ရောက်ရောက် သူမင်းကို အာရုံခံနိုင်နေမှာပဲလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ချနေလို့ရပါတယ်”
“ကျုပ် စိတ်ချသွားပါပြီလေ”
“တစ်ရက် အနားယူပြီး မနက်ဖြန်မှ စထွက်လိုက်ပေါ့ကွာ”
နဂါးမျိုးနွယ်ထဲမှာနေတဲ့ နောက်ဆုံးနေ့က တကယ့်ကို အလုပ်ရှုတ်ဆုံးနေ့ပဲဗျ။ နဂါးတွေ အကုန်နီးနီး တစ်ကောင်တစ်မျိုး လက်ဆောင်တွေ ပေးကြတာ။ နဂါးတွေ စုဆောင်းရတာ ဝါသနာပါတော့ ကျောက်မျက်ရတနာတွေ မျိုးစုံ၊ စိတ်တုံးကြီးတစ်တုံး၊ အရောင်အသွေး အမျိုးမျိုးနဲ့ မှော်သလင်းကျောက်တွေ၊ တခြား ရှားပါးပစ္စည်းတွေ အစရှိသဖြင့် အကုန်ပေးကြတော့တာ။ ကျုပ်မှာလဲ လက်ဆောင်ပုံကြီး တစ်ပွေ့တစ်ပိုက်နဲ့ပေါ့။
သူတို့တောင် ပေးဖို့ တအားတွေတက်ကြွနေမှတော့ ကျုပ်လဲ လာသမျှ လက်ခံယူနေရတာ နည်းနည်းတောင် ရှက်လာသလိုပဲ။ အဟေး။ ကျုပ်ချမ်းသာပြီ။ ဒါတွေ ပြန်ရောင်းရင် အနည်းဆုံးတော့ စိတ်ဒင်္ဂါး သောင်းချီရမှာ။ အဟွင်း နောက်ဆို မူကျီကို စားသောက်ဆိုင် ကောင်းကောင်း ခေါ်သွားဖို့ ကြောက်နေစရာ မလိုတော့ဘူး။
အတွေးကမ္ဘာထဲက ထွက်ပြီး ပစ္စည်း ပစ္စယတွေ သိမ်းလိုက်တယ်။ တကယ်တမ်းဆို များများစားစားလဲ သိမ်းစရာမရှိပါဘူးလေ။ အဝတ်အစား အသစ်လေး တစ်စုံတော့ ပြောင်းဝတ်လိုက်တယ်။ ပြီးတော့ နှုတ်ဆက်ဖို့အတွက် နဂါးဘုရင်ဆီ သွားလိုက်တယ်။
နဂါးဘုရင် မရှိဘူးဗျ။ အဲ့မှာ ဘုရင်မဖြူပဲ ရှိနေတယ်။
“အဒေါ် မိဘုရားဖြူ နဂါးဘုရင်ရောဗျ”
“အခု နဂါးဘုရင်က ငါတို့ သားလေးကို လေ့ကျင့်ပေးနေတယ်လေ။ သူ့ကို နှုတ်ဆက်စရာ မလိုဘူးဆိုတာရယ် ဘေးကင်းအောင်နေဖို့ရယ် မှာသွားတယ်ကွဲ့။ ကလေး။ မင်းသွားတော့မယ်ဆိုတော့ အဒေါ့်မှာလဲ ပေးစရာ ဘာမှမရှိဘူး။ ငါ ဒါလေးပဲ မင်းကို ပေးလိုက်တော့မယ်။ ဒါ ရှေးနှစ်ပေါင်း မနည်းမနောကတည်းက အမှတ်မထင် ရခဲ့တာကွဲ့။ အဲ့တုန်းကတော့ အများကြီးပေါ့ကွယ်”
သူ့စကားဆုံးတာနဲ့ အဖြူရောင်အလင်းတန်းတစ်ခု ကျုပ်ဆီ လွင့်လာတယ်။
အဖြူရောင်အလင်းတန်းကို လက်နဲ့ အသာဖမ်းထားလိုက်တယ်။ အလင်းတန်း တဖြည်းဖြည်း ပျောက်သွားတာနဲ့အမျှ ခမ်းနားလွန်းတဲ့ မှော်တောင်ဝှေး တစ်ခု ပေါ်လာတယ်။ (၁.၂)မီတာလောက် ရှည်မယ်ဗျ။ ကိုယ်ထည်ကို ဘာမှန်းမသိတဲ့ သတ္ထုတစ်မျိုးနဲ့ လုပ်ထားတဲ့အပြင် ရွှေရောင်အလင်းတွေနဲ့ တောက်ပနေရောပဲ။ ကိုယ်ထည်မှာလဲ နဂါးစိမ်းကြီးတစ်ကောင်ပုံ ထွင်းထားသေးတယ်။ နဂါးစိမ်း ခေါင်းကြီးက လက်ကိုင်နေရာ ခေါင်းပိုင်းပေါ့ဗျာ။ သူ့ပါးစပ်ထဲမှာ တောက်တောက်ပပနဲ့ ရတနာတစ်ခုရှိတဲ့အပြင် မျက်လုံးနေရာတွေမှာလဲ အနီရောင် ရတနာ(၂)လုံးနဲ့ တန်ဆာဆင်ထားတယ်။ မှော်တောင်ဝှေး ဘေးတစ်ဖက်တစ်ချက်မှာ နဂါးအတောင် တစ်စုံ နည်းနည်းလေး ပွင့်နေတယ်။ နဂါးစိမ်းမှော်တောင်ဝှေးကြီးက အသက်ရှင်နေသလိုပဲ။ သူ့တစ်ကိုယ်လုံးမျာ ရတနာတွေအပြည့် မြုပ်ထားသလိုပဲ။ မှော်တောင်ဝှေးတစ်ခုလုံးက အဖိုးတန်ပြီး အလင်းတန်းတွေနဲ့ ထိန်ထိန်ငြီးနေရောပဲ။ သူ့စွမ်းအားတွေ ဆက်တိုက် ထုတ်လွှတ်နေလိုက်တာများ ထိပ်တန်းမှော်တောင်ဝှေး တစ်ခုဆိုတာတော့ အသေအချာပဲ။ ဟေ ဟေ့.. ပျော်စရာကြီး။ မှော်တောင်ဝှေးကြီးကို အသာနမ်းလိုက်ပြီး..
“အဒေါ်ရေ.. ဒီလက်ဆောင်အတွက် အရမ်းကျေးဇူးတင်ပါတယ်။ လက်ဆောင်က အရမ်းအဖိုးတန်လွန်းတယ်ဗျ”
“ဒီမှော်တောင်ဝှေးက ငါတို့ နဂါးမျိုးနွယ်အတွက် အသုံးမဝင်ဘူးလေ။ ဒါကို ‘#စုက္ကရေး’မှော်တောင်ဝှေးလို့ လူသိများတယ်ကွဲ့၊ အဲ့နှစ်တွေတုန်းက နဂါးနတ်ဘုရား ‘#စုက္ကရေး’ သုံးခဲ့တဲ့ လက်နက်ပေါ့ ”
“နဂါး နတ်ဘုရားဆိုတာလဲ ရှိတယ်ပေါ့”
“ရှိတာပေါ့ကွဲ့။ နဂါးနတ်ဘုရားက ငါတို့ နဂါးမျိုးနွယ်ကို အုပ်ချုပ်သူမဟုတ်ဘူး။ နတ်ဘုရား မျိုးနွယ်နဲ့ ငါတို့ နဂါးမျိုးနွယ်ကြား ဆက်သွယ်ရေး ကိုယ်စားလှယ်ပေါ့ကွယ်။ သူ့စွမ်းအားကလဲ အရမ်းပြင်းထန်တယ်။ ကံမကောင်းတာက နတ်ဘုရားမျိုးနွယ်နဲ့ မွန်းစတား စစ်ပွဲမှာ သူ့ကိုယ်သူ စတေးသွားတယ်လေ။ မသေခင် ဒီမှော်တောင်ဝှေးကို ငါတို့ဆီ ထားခဲ့လိုက်တာ။ ဒီနေ့တော့ မင်းကိုပဲ လက်ဆင့်ကမ်းပေးလိုက်တော့မယ်။ ဒါ မင်း သန့်ရှင်းသောဓားထက် စွမ်းအားနည်းတယ်ဆိုပေမယ့် မင်းရဲ့ လက်ရှိစွမ်းအားနဲ့ သေချာသုံးနိုင်မှာပါ။ သိမ်းထားပြီးလဲ သုံးလို့ရတယ်လေ”
“ဒီလက်ဆောင် တန်ဘိုးကြီးလွန်းသွားပြီ။ ကျေးဇူးတင်ပါတယ် အဒေါ်”
“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူးလေ။ ငါတို့မှာကိုယ် ရည်ရွယ်ချက်ကိုယ်စီနဲ့ လိုအပ်ချက်တွေ ပံ့ပိုးပေးတဲ့ သဘောပါပဲ။ နောက်နောင် ငါ့သားလေးကိုသာ ဘေးကင်းအောင် ကာကွယ်ပေးဖို့ မျှော်လင့်ပါတယ်။ အဲဒါ ငါတို့အတွက်တော့ အခန်းနားဆုံး ကျေးဇူးဆပ်မှု ဖြစ်လိမ့်မယ်”
သူ ရိုးရိုးသားသား ပြောတာပဲ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်နေတုန်းပဲဗျ။
********
ရေခဲပြာရဲ့ ကျောပေါ်ကနေ လာနှုတ်ဆက်တဲ့ သူတွေကို ပြန်ပြီး လက်ပြနှုတ်ဆက်နေမိတယ်။ ရေခဲပြာက တိမ်တွေကို ဖေါက်ပြီး ကောင်းကင်ကို တက်ဖို့ သူ့အတောင်ပံကြီးတွေ တဖြတ်ဖြတ်နဲ့ပေါ့။
“ဟို ငတုံး နဂါးစိမ်းကြီး ဘယ်လိုနေသေးလဲ”
“ဦးလေးရှောင်ချင် အပေါ်ယံ ဒဏ်ရာတွေပဲ ရသွားအောင် ထိန်းနိုင်လိုက်လို့ ကျေးဇူးတင်ပါတယ်။ သူ့အခြေအနေ မဆိုးဘူး။ နည်းနည်း အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ”
“မင်း ပြန်ရောက်ရင် သူ့ကို ‘ဗလာခေါင်းစိမ်း’ လို့ နာမည်ပေးလိုက်တယ်လို့ ပြောလိုက်ကွာ”
ရေခဲပြာကတော့ ဗလာခေါင်းစိမ်းရဲ့ အဓိပ္ပါယ် သေချာသိမှာမဟုတ်ဘူး။ ဒီကောင် စိတ်အားထက်ထက်သန်သန်နဲ့..
“အာ… ဒါအရမ်းကောင်းတယ်။ ငါပြန်ရောက်လို့ ပြောလိုက်ရင် ဦးလေးရှောင်ချင် သေချာပေါက် ဝမ်းသာသွားမှာ။ သူတောင် ပြောနေသေးတာ.. ငါတို့တွေ နာမည် အသီးသီးနဲ့ဆိုတော့ သူမနာလိုနေတာ အားလုံးသိနေတယ်လေ”
ကျုပ် ဘာမှတော့ ထပ်မပြောလိုက်ပါဘူး။
တိမ်ပင်လယ် နှင်းဖုံးတောင်တန်းကို ကျုပ်ပြန်ရောက်တဲ့အထိ ရေခဲပြာ တော်တော် အားစိုက်လိုက်ရတယ်ဗျ။ ကျုပ် စိတ်ခံစားချက်တွေလဲ ပြောမပြတတ်အောင်ကို ကောင်းနေတာ။ ဒါ တော်တော် ကောင်းတယ်။ အခက်အခဲ နည်းနည်း ကြုံရတယ်ဆိုပေမယ့် ရှောင်ကျင်းရဲ့ မွေးရပ်မြေပြဿနာ ဖြေရှင်းပြီးသွားတဲ့အပြင် နဂါးမျိုးနွယ်ရဲ့ အကူအညီလဲ ရခဲ့တယ်လေ။ ကျုပ် ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုး နည်းနည်း လျော့သွားတယ်ပေါ့။
ဒီကိစ္စ ဖြေရှင်းပြီးသွားပြီဆိုတော့ ကျုပ်မိဘတွေဆီ သွားသင့်ပြီ။ ကျောင်း ပြန်မဖွင့်ခင် အချိန် (၁)လလောက်တော့ ရပါသေးတယ်လေ။
============= (*^*)=============
အပိုင်း( ၁၇၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား