ကျောင်းပြန်ရောက်ပြန်ပြီ
Vol. 12 Ch. 175
Child of light (ကျန်းကုန်း)
Volume 6: Chapter 19 - Returning to the Academy
ရုတ်တရက် အဖေ့ အမူအရာလေးလေးနက်နက်နဲ့..
“မာန်တွေ စွတ်မကြီးနဲ့နော်။ မာနဆိုတာ မှော်ဆရာတွေ ဖြတ်ကျော်ရမယ့် အကြီးမာဆုံး တံတိုင်း တစ်ခုပဲကွ”
“ဟုတ်.. သားနားလည်ပါတယ်”
“တော်တော် မုန်းစရာကောင်းတာပဲ။ သားက အခုမှ ပြန်ရောက်တာ မိန့်ခွန်းတွေ ချွေနေပြီ။ ကျမတို့ ကျန်းကုန်းလေးက သန်မာပြီးသာပါ”
“အေးပါ၊ သူအဲဒါကြောင့်ပဲ မင်းနဲ့ ဝေးသွားလိမ့်မယ်..”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲလို့။ သားက နာခံမှုရှိတဲ့သူပါဗျာ..”
“ကဲ ကဲ မင်း မပင်ပန်းဘူးဆိုတော့လဲ လာကွာ ရွာလူကြီးအိမ် သွားရအောင်။ ငါတို့ သူနဲ့ သွားတွေ့မှ ကောင်းမယ်။ မင်းမရှိတုန်းက ငါတို့ကို ကောင်းကောင်း ကြည့်ရှုပေးထားတာကွ”
“သားတို့ အခုသွားရမှာလား။ ခနလောက် စောင့်ပါအုံး။ အဖေနဲ့ အမေ တို့ မှော်ပညာက လေ့လာတာ ဘယ်အခြေအနေ ရောက်ပြီလဲ”
“အရမ်းကောင်းတယ်ကွ။ အလင်းမှော်ပညာအတွက် ငါတို့ မူလမှော်ပညာ စွန့်လွှတ်လိုက်ပေမယ့် ရလတ်တွေ တော်တော် ကောင်းတယ်။ အလယ်အလတ် အလင်းမှော်မှန်ရင် အသာလေး သုံးလို့ရနေပြီ။ မင်းအမေလဲ ငါနဲ့ အတူတူပဲ။ အဖေ့ထက်တော့ နည်းနည်း ညံ့တာပေါ့ကွာ..”
“ဘယ်သူက ရှင်ထက် ညံ့နေလို့လဲ။ ရှင်ပဲ ကျုပ်ကို ရှုံးပြီး ထွက်ပြေးသွားရတာလေ”
“ငါ မင်းကို အသာလေး မှီပါတယ်ကွာ။ မင်း ဒါလေးတောင် သေချာ မမြင်နိုင်ဘူးလား”
“ကျန်းကုန်း။ အမေတို့ကို မန္တန် အသစ်တွေ သင်ပေးလို့ရပြီ။ အမေတို့ တိုးတက်နှုန်းက တော်တော် မြန်တယ်ကွဲ့”
အဖေနဲ့ အမေရဲ့ မှော်စွမ်းအားတွေကို စမ်းသပ်ပြီး ကျုပ် မျက်မှောင်ကြုတ်သွားမိတယ်။
“စဦးကတည်းက အလင်းမှော်ပညာကို လေ့လာထားတာမဟုတ်တော့ အမေတို့ မှော်ပညာတွေက မသန့်ရှင်းသေးဘူး။ အဆင့်မြင့် မှော်ပညာသင်ဖို့ နည်းနည်းခက်လိမ့်မယ်”
အဖေနဲ့ အမေ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်ပြီး အဖေက..
“ငါတို့ မသင်နိုင်ဘူးဆိုလဲ မေ့လိုက်တာပေါ့ကွာ။ အတင်းအကြပ်ကြီး မလေ့လာပါဘူး”
မှော်ပညာအတွက် ဘယ်လောက်တောင် စိတ်ဆုံးဖြတ်ချက် ချထားတယ်ဆိုတာ သိသာတယ်ဗျ။ နောက်ဆုံးတော့လဲ မှော်ပညာသာ အခရာဖြစ်တဲ့ ကျုပ်တို့နိုင်ငံတော်ကြီးဆိုတော့ အကြံတစ်ခုရပြီး..
“စိတ်မပူနဲ့.. သားမှာ အစီအစဉ်ရှိတယ်..”
ပြောပြီးတာနဲ့ ကျုပ်လဲ သိုလှောင်အိတ်ထဲကနေ သန့်စင်တဲ့ ခရမ်းရောင် သလင်းကျောက်နည်းနည်း ထုတ်လိုက်တယ်။
“ဒီမှာကြည့်။ အဲဒါ ဘာလဲ သိလား..”
“ဟယ်.. ခရမ်းရောင် သလင်းကျောက်တွေလား။ သားလက်ထဲမှာ ဒီလောက် အဖိုးတန်တာတွေ ဘယ်လုတောင် အများကြီး ရှိနေတာလဲ”
“ဒါတစ်ခုထဲလို့ မထင်လိုက်ကြနဲ့အုံး။ သားမှာ အများကြီးရှိသေးတယ်။ ဒါတွေက သူငယ်ချင်းတွေ ပေးလိုက်တာ။ သူတို့ကို ဂုဏ်ပြုရမှာပဲ။ သား အမေတို့အတွက် နည်းနည်း ချန်ပေးထားခဲ့မယ်။ သမထထိုင်ပြီးတာနဲ့ မှော်စွမ်းအားတွေ ခရမ်းရောင် သလင်းကျောက်ထဲ ရောက်သွားလိမ့်မယ်။ အဲဒါ အမေတို့ မှော်စွမ်းအားတွေကို သန့်စင်ပေးရုံတင်မဟုတ်ဘူး မှော်စွမ်းအား စုစည်းတဲ့ အရှိန်ကိုလဲ မြှင့်ပေးနိုင်တယ်”
အမေက အကြီးဆုံး ခရမ်းရောင် သလင်းကျောက်ကို ကောက်ယူသွားလေရဲ့။
“ဒါတော်တော်လှတာပဲ။ ဒီတစ်ခု ငါယူလိုက်မယ်လေ…”
“မင်း ဒီလိုမလုပ်နဲ့လေကွာ။ အားလုံး ညီတူညီမျှပေါ့ဟ”
သူတို့နှစ်ယောက် ဝေချမ်းရေးနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြလေရဲ့။ နောက်ဆုံးတော့လဲ ကျွန်တော်ပဲ စေ့စပ်ညှိနှိုင်းရေးမှူးလုပ်ပြီး အညီအမျှ ခွဲပေးလိုက်ရတော့တာပေါ့။
“ဒီလောက်ဆို အဆင်ပြေပြီမို့လား။ အမေတို့ (၂)ယောက် လမ်းပြတော့လေ။ ရွာလူကြီး အိမ်သွားရမှာမို့လား”
ရွာလူကြီးအိမ်သွားရင်းနဲ့ လမ်းမှာ အဖေက..
“ကျန်းကုန်း၊ ငါမင်းကို ပြောဖို့ မေ့နေတာကွ။ အောင်းသဲနဲ့ လောင်ယွဲ့ အိမ်ထောင်ကျသွားပြီ…”
“တကယ်ကြီးလား။ သူတို့တွေ တော်တော် မြန်တာပဲ။ မင်္ဂလာပွဲလေး ကြည့်ရအောင် သားကိုတောင် မစောင့်ကြဘူး။ အဲ့ကောင်တော့ကွာ…”
ရွာလူကြီးအိမ်ရောက်တော့ အောင်းသဲနဲ့ လောင်ယွဲ့တို့လဲ ရောက်လာတယ်။ ကျုပ်လဲ အောင်သဲကို လက်သီးနဲ့ အသာထိုးရင်း..
“တော်တော် ဟုတ်နေတယ်ပေါ့လေ။ ချီးထုတ်ကောင်။ မင်း မင်္ဂလာဆောင်တာ ငါ့တောင် စောင့်ဖော်မရဘူး”
ဒီကောင် ကျုပ်ထိုးလိုက်တဲ့နေရာကို ဖိပြီး နာချင်ယောင်ဆောင်ရင်း..
“အာ ယိုး… မှော်ဆရာကြီးက သာမာန်လူကို နှိပ်ဆက်နေပါတယ်ဗျို့….”
“အောင်မာ … မင်းကရော မှော်ဆရာ မဟုတ်လို့လားဟ”
လောင်ယွဲ့ ခပ်ပြုံးပြုံးနဲ့……
“တော်တော့.. ဟန်လုပ်မနေနဲ့တော့၊ အထဲသွားကြရအောင်”
တစ်နှစ်ခွဲလောက်ကြာသွားပြီဆိုတော့ လောင်ယွဲ့တောင် ပိုလှလာတာပဲ။ ကျုပ်လဲ ပြုံးရင်း..
“ငါ့ညီရဲ့ ဇနီးဖြစ်သွားတာ ဂုဏ်ယူပါတယ်။ မင်းအခုကတည်းက အောင်းသဲကို စည်းကမ်းရှိအောင် လုပ်ထားမှ ရမယ်နော်”
“အမှန်ပဲ… သူ ငါ့ကို နှစ်ကျပ်ကွက်နင်းရင် နားရွက်ပြတ်အောင် ကိုက်ပစ်မယ်..”
အောင်းသဲ မလုပ်ရဲပါဘူးဆိုတဲ့ ဟန်လုပ်ပြနေလေရဲ့။ သူတို့ နှစ်ယောက်ရဲ့ ပျော်စရာ မိသားစုကမ္ဘာလေးကို မြင်ရတော့ တကယ်ကို ကြည်နူးမိတာဗျ။
တစ်ခု တော်သေးတာက ရွာလူကြီးအိမ်မှာ တခြားမိသားစုတွေကို ဖိတ်မထားဘူးဗျ။ ရွာလူကြီးက..
“လူတွေ များသွားရင် စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ တခြားလူတွေ ဖိတ်မနေတော့ဘူး။ ကျန်းကုန်း လာ မြန်မြန်ထိုင်။ ခနနေ ဟင်းပွဲတွေ လာလိမ့်မယ်..”
အားလုံးပဲ ထမင်းဝိုင်းမှာ ပျော်ပျော်ကြီး စားကြတာပေါ့ဗျာ။ အောင်းသဲနဲ့ လောင်ယွဲ့တို့နှစ်ယောက် မင်္ဂလာ လက်ဖွဲ့အနေနဲ့ ခရမ်းရောင်သလင်းကျောက် တစ်လုံးစီ ပေးခဲ့လိုက်တယ်။ ရွာလူကြီးက ကျုပ်တို့ မိသားစုအပေါ် ပိုတောင် ရိုကျိုးနေသေးတယ်။
နောက်နေ့ကစပြီး အဖေနဲ့အမေကို အဆင့်မြင့် မှော်ပညာတွေ ဘယ်လိုလေ့လာသင်ယူရမလဲဆိုတာ လမ်းပြပြီး မှော်စွမ်းအင်ထဲက အညစ်အကြေးတွေ ဖယ်ရှားပြီး မှော်မန္တန်တွေ ပိုပို ကောင်းလာအောင် လမ်းပြပေးဖြစ်တယ်။
အချိန်တွေ အကုန် မြန်လိုက်တာဗျာ။ ကျောင်းပြန်ဖွင့်ဖို့တောင် တဖြည်းဖြည်း နီးလာခဲ့ပြီ။ ဒီလထဲ ရွာထဲကလူတွေက ကျုပ်ကို ကြယ်တွေဝိုင်းထားတဲ့ လလို ဖူးဖူးမှုတ်ထားကြတာ။ ဒီလထဲ ကျုပ်ဝိတ်ကျသွားတာ သိသာချက်။
“အဖေ.. ကျွန်တော် မနက်ဖြန် ပြန်ရတော့မယ်”
“ငါ့သား.. သင်ယူမှုက အရေးကြီးဆုံးပဲကွ။ မင်း ဘယ်လောက် အောင်မြင်နေပါစေ ကြိုးစားမှုဆိုတာ လိုနေတုန်းပဲ”
“စိတ်ချ။ ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ..”
အမေကလဲ..
“ဒီတစ်ခေါက်ပြန်လာရင် ငါတို့ ချွေးမလေး ခေါ်ခဲ့ရမယ်နော်”
“သား အကောင်းဆုံး ကြိုးစားမှာပါ။ တကယ်၍ ကျွန်တော်သာ ခေါ်လာနိုင်ရင် အမေ့မှာ ချွေးမ တကယ် ရှိလာလိမ့်မယ်”
“ဘာ .. မဖြစ်မနေ ကြိုးစားရမှာနော်။ ငါတို့က မြေးချီရဖို့ စောင့်နေကြတာ.”
******
နောက်နေ့ကျ ကျောင်းကိုပြန်ဖို့အတွက် ပို့ဆောင်ရေး ဝင်္ကပါကိုပဲ သုံးလိုက်တာ။ နောက်တစ်ကြိမ် အိမ်ပြန်ရောက်ဖို့ဆိုတာ ဘယ်လောက် ကြာအုံးမယ်မှန်း ကျွန်တော်လဲ မသိနိုင်ဘူးလေ
အရင်ဆုံး ဆရာတိနဲ့ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။
တော်ဝင်မှော်ပညာအလယ်တန်းကျောင်း ရောက်တော့ ဆရာတိ သူ့ပန်းခြံမှာ တသသ လုပ်နေတာ တွေ့လိုက်ရတယ်။
“ဆရာတိ.. ကျွန်တော် ပြန်လာပြီ..”
“ကျန်းကုန်း.. မင်းပြန်လာပြီပေါ့။ ဘယ့်နှယ့်လဲဟေ့။ ရှောင်ကျင်းကို ပြန်ပို့ပေးခဲ့ပြီလားကွ”
“အဲ့ခရီးစဉ် အောင်မြင်တယ်လို့ပဲ ပြောရမှာပဲ။ ရှောင်ကျင်းကို ပြန်ပို့ပေးနိုင်ရုံမကဘူး နဂါးမျိုးနွယ်ရဲ့ ပံ့ပိုးမှုတွေလဲ ရခဲ့တယ်။ မွန်းစတားဘုရင်နဲ့ နောက်ဆုံးတိုက်ရမယ့် ပွဲမျာ ကျွန်တော်တို့ကို ကူညီမယ်လို့ သဘောတူလိုက်တယ်။ နဂါးအမျိုးအစား ပေါင်းစုံကိုလဲ မြင်ခဲ့ဖူးပြီးသွားပြီ။ တကယ်ကို မျက်စိပွင့် နားပွင့် ဖြစ်သွားတာပဲ ဆရာ”
“ဘာဖြစ်လို့လဲ ပြောစမ်းပါအုံး”
ကျုပ်လဲ နဂါးမျိုးနွယ်ကို သွားခဲ့တဲ့ ဇာတ်ကြောင်းအပြင် စုက္ကရေး မှော်တောင်ဝှေးကိုတောင် ဆရာတိဆီ ပြပေးလိုက်တယ်။
“ကျန်းကုန်း။ ဒါတော်တော် စိတ်လှုပ်ရှားစရာကောင်းတယ်ကွ။ ငါသာ အသက်(၅၀)အောက်ဆိုရင် မင်းနဲ့အတူ အဲ့နေရာတွေကို လျှောက်လည်ချင်သေးတယ်ကွာ..”
ကျုပ် ဆရာတိ လက်ကိုကိုင်ပြီး..
“အာ.. မဟုတ်သေးပါဘူး။ အဘိုးကြီး။ ခင်ဗျားသာသင်မပေးခဲ့ရင် ဒီနေ့ ကျုပ်ဆိုတာ ရှိလာမှာမှ မဟုတ်တာ”
ဆရာတိ ကျေနပ်သွားပြီး သူ့နှုတ်ခမ်းမွှေးကြီး တသပ်သပ်နဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ဝေနေရောပဲ။
============= (*^*)=============
အပိုင်း( ၁၇၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား