နှလုံးသွေးတို့ ဗြောင်းဆန်
Vol. 12 Ch. 179
Child of light (ကျန်းကုန်း)
Volume 7: Chapter 3 - The Heart Bleeds
ကျုပ်လဲ အသာပြုံးပြီး..
“ဒါ လှည့်ကွက် သေးသေးလေး တစ်ခုပါကွာ။ အဟီး… အိုက်ယား ကြည့်လိုက်စမ်း သူတို့တွေ အကုန် မီးမြှိုက်ခံလိုက်ရပြီ။ ဟမ်.. ဟို(၂)ယောက် ဘာလို့ မသေတာပါလိမ့်”
အဲ့ နှစ်ယောက်က လှံနက်ကြီးရဲ့ အကာအကွယ်ရထားတဲ့ နှစ်ယောက်ဗျ။ သူတို့တွေ ပြာကျမသွားပေမယ့် ပြန်တိုက်ဖို့တောင် အားမရှိတော့လို့ မြေပေါ် လဲကျနေကြပြီ။
သွမ့်ယုရှီးက..
“သူတို့ကို ဖမ်းလိုက်…”
နတ်ဆိုးမျိုးနွယ် (၂)ယောက်ကို ဖမ်းဖို့ တော်ဝင်မှော်သမ္မဂ္ဂက (၄)ယောက် ပြေးထွက်လာတယ်။ မှော်နှင်တံအနက်ကြီးကို သုံးပြီး အကာအကွယ်ယူထားတဲ့ နတ်ဆိုးမျိုးနွယ် (၂)ယောက်ကို ဝါးစားမတတ် ကြည့်နေကြတယ်။ အဲ့ကောင်က လက်နက်ချဖို့ ရည်ရွယ်မထားတဲ့ပုံနဲ့..
“ငါ့မျိုးနွယ် ပင်မတပ်ကြီး ကျူးကျော်လာတဲ့ထိ စောင့်ကြည့်လိုက်။ အဲ့အချိန်က မင်းတို့ သေရမယ့် အချိန်ဆိုလဲ မမှားဘူးကွ..”
နောက်ထပ် နတ်ဆိုးမျိုးနွယ်တစ်ယောက်ကတော့ မျက်နှဖုံးအောက်မှာကို ခါးသီးတဲ့ မျက်ဝန်းတွေနဲ့။ သူ ကျုပ်ကို စူးစူးစိုက်စိုက်ကြည့်နေတယ်။ သူ့မျက်လုံးတွေကို အရမ်းရင်းနှီးနေတော့ ကျုပ်တော်တော် အံ့ဩသွားတယ်။
သွမ့်ယုရှီးက..
“သူတို့ မျက်နှာဖုံးတွေ ချွတ်လိုက်..”
မကောင်းဆိုးဝါး နတ်ဆိုးမျိုးနွယ် တစ်ယောက်ရဲ့ မျက်နှာဖုံးကို အရင် ဆွဲချွတ်လိုက်တယ်။ မျက်နှာမှာ အရေးအကြောင်း အပြည့်နဲ့ အဘိုးကြီး တစ်ယောက်ဗျ။ အမယ် အေးစက်စက်အော်ရင်း ခေါင်းတောင် မော့ထားသေးတယ်။
နောက်ထပ် နတ်ဆိုးမျိုးနွယ်ဝင် မျက်နှာဖုံးကို ချွတ်လိုက်တော့ ကျောင်းကလူတွေ အကုန်လုံး လန့်သွားတယ်။ သူ့ကို ကြည့်ပြီး ကျုပ်တစ်ကိုယ်လုံးက သွေးတွေ ဦးနှောက်ထဲ တက်စောင့်သွားသလို ခံစားလိုက်ရတယ်။
“မူကျီ… ဘာလို့ နင်ဖြစ်နေတာလဲ။ ဘာလို့ ဒီမှာ ရှိနေရတာလဲ။ သူတို့ နင့်ကို ဖမ်းထားတာလား..”
မူကျီ စိတ်ပျက်လက်ပျက်နဲ့ ကျုပ်ကို ပြန်ကြည့်ပြီး..
“ကျန်းကုန်း… ငါစိတ်လျှော့လိုက်ပြီ။ ငါက နတ်ဆိုးမျိုးနွယ်ကလေ။ အဲဒါ နင့်ကို ငါဘယ်လိုမှ ပြောမထွက်ရတဲ့ အကြောင်းအရင်းပဲ”
ကျုပ်ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားတယ်။ အတွေးတွေလဲ ဗျာများကုန်ပြီ။ မူကျီ အစပိုင်း ကျုပ်ကို ဘာလို့ လက်မခံချင်ရတာလဲ၊ ပြန်လည်ကုသရေး အလင်းမှော်နဲ့ ဘာလို့ အကုသမခံရတာလဲ၊ သူကပဲ ဟိုင်ရှင်းကို ကျုပ်အတွက် ဘာကြောင့် အောင်သွယ်ပေးပြီး သူ့ကို မေ့ထားစေချင်တာလဲ ဒါတွေ ဒါတွေကြောင့်ပေါ့လေ။
ကျုပ် မျက်လုံးထဲမှာ လုံးဝကို စိတ်ပျက်မှုတွေ ပေါ်သွားတယ်။ ပြီးတော့ ကျုပ်ပါးစပ်ကတွေ သွေ အလုပ်လိုက် အံလိုက် ဝေါကနည်း အံကျသွားမိတယ်။
“ မ…. ဟုတ်…. ဘူး…”
ကျုပ် သိမ်းကျုံးအော်လိုက်တယ်။ ကမ္ဘာကြီးတစ်ခုလုံး သွေးတွေ ဖုံးလွှမ်းသွားသလို ပြောင်းလဲသွားတယ်။ မူကျီ ပုံရိပ်လေးလဲ တဖြည်းဖြည်း မှုန်ဝါးသွားတယ်။ ကျုပ်လဲ ခေါင်းစိုက်ပြီး မေ့လဲသွားပါလေရော။
.*.*.*.*.*.
ကျုပ်နှလုံးသား အရမ်းနာကျင်နေရတယ်ဗျာ။ အဆုံးမရှိတဲ့ အမှောင်တွင်းထဲကြီးထဲ ကျနေရင်း လက်ရမ်းနှုတ်ဆက်တဲ့ပုံနဲ့ မူကျီကို ကျုပ်ဝမ်းပမ်းတနည်း မြင်နေရတယ်။
သူ့ကို ဖမ်းဆွဲထားချင်ပေမယ့် လုံးဝ ဖမ်းဆွဲလို့ ကိုမရဘူး။ အမှောင်ထုက သူ့ကို ဖုံးလွှမ်းသွားတာ မြင်နေရတယ်.
“မဟုတ်ဘူး… မူကျီ.. မူကျီ… အဲလိုမလုပ်နဲ့….”
ကျုပ် အော်ဟစ်ရင်းနဲ့ ထထိုင်လိုက်တယ်။ ကျုပ်တစ်ကိုယ်လုံးမှာလဲ ချွေးတွေရွှဲပြီး အေးစက်နေတယ်။ ဆရာတိ လျှောက်လာပြီး..
“ကျန်းကုန်း မင်းနိုးလာပြီလား။ ဘယ်လိုနေသေးလဲ။ ဘာအဆင်မပြေတာရှိလဲ..”
ကျုပ် ခေါင်းခါပြပြီး ဆရာတိကို စူးစူး စိုက်စိုက် ကြည့်လိုက်မိတယ်။ ကျုပ်မျက်ရည်တွေ စောင်ပေါ်ထိ စီးကျနေပြီ။ ဆရာတိ သက်ပြင်းရှည်ကြီး ချပြီး ကျုပ်ကို လာဖက်ပေးထားတယ်။
ကျုပ်လဲ အသံဗြဲကြီးနဲ့ ငိုပစ်လိုက်တော့တယ်။
“ဘာဖြစ်လို့လဲ။ ကောင်းကင်ဘုံက ဘာလို့ ကျုပ်ကို ဒီလိုဆက်ဆံရတာလဲ။ ဘာလို့ အဲလိုတွေ ဖြစ်ရတာလဲ။ ဆရာတိ ပြောစမ်းပါ အဲဒါတွေ တကယ်မဟုတ်ဘူးမို့လား။ အိပ်မက်တွေ မို့လား.. ဟင်..”
ဆရာတိ ကျုပ်ကျောပြင်ကို ပွတ်ပေးရင်း..
“ကလေး။ အမှန်တရားကို လက်ခံနိုင်ရမယ်။ ဒါပေါ့ကွာ။ ငါတို့ လူတွေ ပြောင်းလဲလို့ မတတ်နိုင်တဲ့ အရာတစ်ခုပေါ့။ မင်းသူ့ကို တကယ်ကြီး လေးလေးနက်နက် ချစ်နေတယ်ဆိုတာ ငါသိလိုက်ရတယ်”
မူကျီရဲ့ ဆွဲမက်ဖွယ် မျက်နှာလေး ကျုပ်နှလုံးသားထဲမှာ အဆက်မပြတ် မြင်ယောင်နေမိတယ်။ ကျုပ်နှလုံးသာ အေးခဲသွားတယ်။ မမျှော်လင့်ဘဲ မူကျီ နတ်ဆိုးမျိုးနွယ်ရဲ့ သူလျှိုဖြစ်ပြီး ဧကရာဇ်ကို လုပ်ကြံတဲ့နေရာမှာ ပါခဲ့တယ်။ ဒါ ထပ်တန်း ရာဇဝတ်မှုကြီးဆိုတော့ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။
အချိန် တော်တော်ကြာမှာ ဝမ်းနည်းစိတ်တွေကို နည်းနည်း ထိန်းလိုက်နိုင်တယ်။
“ဆရာတိ အခုအခြေအနေ ဘယ်လိုလဲ”
“ကလေး။ မင်း ဘာမျှော်လင့်ချက်မှ မထားသင့်ဘူး”
“သူသေသွားပြီလား။ ဟုတ်လားလို့..”
“သေချာနားထောင်။ လောလောဆယ် သူမသေသေးပေမယ့် သူ့မှော်ပညာတွေ ချိပ်ပိတ်ခံထားရတယ်။ သူနဲ့အတူ နောက်ထပ် နတ်ဆိုးမျိုးနွယ်တစ်ယောက်ကိုပါ ကောင်ကင် အကျဉ်းထောင်မှာ တိုက်ပိတ်ထားတယ်။ အော် ဟုတ်သားပဲ။ နတ်ဆိုးတွေကို ပြာချဖို့အတွက် မင်း တားမြစ်မန္တန်တစ်ခု သုံးလိုက်တယ်ကြားတယ်။ ဟုတ်လား”
မူကျီ ကောင်းကင်အကျဉ်းထောင်မှာ တိုက်ပိတ်ခံရမယ်ဆိုရင် ရက်ပေါင်းမနည်းဘူးကြာလောက်မယ်။ ကျုပ်လဲ စိတ်ပျက် လက်ပျက်နဲ့..
“ဟုတ်တယ်.. ကျုပ် ပြန်လည်ကုသရေး အလင်းမန္တန် သုံးလိုက်တာ။ ဒါလဲ ဆရာကျုပ်ကို သင်ပေးခဲ့တဲ့ တစ်ခုတည်းသော တားမြစ်မန္တန်ပဲလေ”
“အဲဒါ ပြန်လည်ကုသရေး မန္တန်ပဲလေ၊ တိုက်ခိုက်ရေးစွမ်းအားမှ မပါတာ။ ဘာလို့ ဒီလိုပြင်းထန် သေကျေနိုင်တဲ့အထိ ဖြစ်သွားရတာလဲ”
“အဲ နတ်ဆိုးမျိုးနွယ် အမှောင်မှော် စွမ်းအားရဲ့ အားနည်းချက်တစ်ခုပဲလေ။ တိုက်ခိုက်ရေးပဲဖြစ်ဖြစ်၊ ကာကွယ်ရေးဖြစ်ဖြစ် ဘယ်လိုအလင်းမှော်မျိုးနဲ့မဆို သတ်ဖြတ်နိုင်စွမ်းရှိတယ်”
“အော်.. ဒါကြောင့်ကိုး။ ကလေး မင်းကို ဘယ်မှ သွားခွင့်မပေးနိုင်ဘူးနော်။ ဆရာ့အနားမှာပဲ နေရမယ်။ မင်းဒဏ်ရာတွေက မပြင်းဘူး။ မှော်စွမ်းအား အလွန်အကျွံ သုံးမိလိုက်ရုံလေးပဲ”
“ဆရာတိ။ ကျေးဇူးပြုပြီး ကျုပ်ကို ဦးလေးခယ်ကျာနဲ့ တွေ့ဖို့ ခေါ်သွားပေးပါလား”
ဆရာတိ ချက်ချင်းကို ရုပ်တည်ကြီးဖြစ်သွားပြီး..
“မရဘူး။ မင်းသွားလဲ ဘာမှ ထူးမှာမဟုတ်ဘူး။ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေဆိုတာ သူတို့တွေ ပူးပေါင်းပြီး ငါတို့နယ်စပ်မှာ လှုပ်ရှားနေကြတယ်ဆိုတာ မင်းနားလည်ရဲ့လား။ ပြီးတော့ နတ်ဆိုးမျိုးနွယ်က ဧကရာဇ် ခယ်ကျာကို လုပ်ကြံဖို့ ရောက်လာပြီး အောင်မြင်လုနီးပါးထိအောင် ဖြစ်သွားတာ။ နတ်ဆိုးမျိုးနွယ်မှာ မူကျီအနေအထားက မနိမ့်ကျလောက်ဘူး။ ဒီတော့ မင်းအတွက်နဲ့ သူ့ကို ဘယ်လို လွှတ်ပေးနိုင်မှာတုန်း”
ကျုပ် ကုတင်ပေါ်ကနေ လူးလဲထပြီး..
“ဆရာ.. အနည်းဆုံးတော့ စမ်းကြည့်ချင်သေးတယ်ဗျာ”
“ကလေး မင်းကို ဘယ်လိုပြောရပါ့မလဲကွာ။ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေရဲ့ လူသားတွေအပေါ် မုန်းတီးမှုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြပြီဆိုတာ မင်းသိသင့်တယ်။ အရှုံးမပေးချင်လို့ စမ်းကြည့်ချင်လဲ စမ်းကြည့်နိုင်တယ်။ ဒါပေမယ့် မိုက်မိုက်မဲမဲတွေတေ့ မင်းလုပ်လို့မရဘူး။ ငါပြောတာ သဘောပေါက်တယ်မို့လား”
“ကျေးဇူး တင်ပါပါတယ်ဆရာ။ အရမ်းကျေးဇူးတင်ပါတယ်။ ကျုပ် အဲ့ကို အခုပဲသွားမယ်”
“ဟ ကောင်လေးရာ ဘာတွေ စိတ်လောနေတာတုန်းဟ။ မင်းသွားချင်ရင်လဲ အရင်ဆုံး ကိုယ့်ဟာကိုယ် ကောင်းအောင် အရင်ကုအုံး။ မှော်စွမ်းအား ပြန်ကောင်းမှ သွားတွေ့လို့ အဆင်ပြေမှာပေါ့ဟ”
ကျုပ် မတ်တပ်ရပ်နေရင်း ခေါင်းမူးလာမှ ဆရာပြောသမျှ မှန်တယ်လို့ သိလိုက်ရတယ်။ ချက်ချင်းကို ကုတင်ပေါ်ထိုင်ပြီး မှော်စွမ်းအားတွေ စုဆောင်းဖို့ အကောင်းဆုံး ကြိုးစားတော့တယ်။ မူကျီရေ။ ဒီကိစ္စတွေ ဖြေရှင်းနိုင်အောင် မင်းကို ငါအကူအညီပေးမယ်။ ဘာပဲဖြစ်ဖြစ် နင့်အသက်ကို ငါကယ်မယ်။ ငါ့အသက် စတေးရမယ်ဆိုရင်တောင် နင့်အသက်နဲ့ ကျေကျေနပ်နပ်ကြီး လဲပစ်မယ်ကွ။
တစ်ရက်လောက် အနားယူပြီးတာနဲ့ ကျုပ်ရွှေအမြူတေ(၂)ခုမှာ မှော်စွမ်းအားတွေ အမြန် ပြန်ရသွားပြီ။ အထွတ် အထိပ်အနေအထား မဟုတ်ပေမယ့် (၈၀)ရာခိုင်နှုန်းလောက် ပြန်ရပြီလေ။ တကယ်ဆို (၃၀)ရာခိုင်နှုန်းလောက် ပြန်ရကတည်းက နန်းတော်ထဲ သွားလို့ရနေပြီ။ ဒါပေမယ့် ကျုပ် စိတ်ထဲမှာ အရိပ်မည်းကြီး တစ်ခုရှိနေတယ်။ ဧကရာဇ် ခယ်ကျာ မူကျီနဲ့ တွေ့ခွင့်မပေးရင် ကျုပ်ဘာလုပ်ရမလဲ။
သာမာန် အဖြူရောင် မှော်ဝတ်စုံကိုဝတ်၊ မှော်တောင်ဝှေးကို လက်ကကိုင်၊ နန်းတော်ဆီ ဦးတည် သွားလိုက်တော့တယ်။ မူကျီ မင်းဘာမှ မဖြစ်စေရဘူး။ မင်း နတ်ဆိုးမျိုးနွယ် ဖြစ်နေပါစေ မင်းအပေါ်ထားတဲ့ ငါ့အချစ်တွေ လျော့မသွားဘူး။ မင်းငါ့ကို စောင့်နေလိုက်။
============= (*^*)=============
အပိုင်း( ၁၈၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား