ထောင်ဖောက်ခြင်း
Vol. 13 Ch. 181
Child of light (ကျန်းကုန်း)
Volume 7: Chapter 5 - Jail Break Success
“တွေ့ရာ လျှောက်ပြောမနေနဲ့။ ကျုပ် အလေးစားရဆုံးက ဆရာကျန်းပဲ။ အဲ့အဘိုးကြီး အောင်မြင်မှုတွေက မင်းပြောနိုင်တာတွေ မဟုတ်ဘူး”
“ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျုပ် အပြောမှားသွားပါတယ်။ ခါင့်လွှတ်ပေးပါ”
“တော်လောက်ပါပြီလေ။ မင်းလဲ အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး။ အရှင်မင်းမြတ်ကို ကာကွယ်ဖို့ မင်းကြိုးစား အားထုတ်ထားတာလဲ နည်းတာမှမဟုတ်တာ။ မင်းအတွက် မင်းကြီးနဲ့တွေ့ရင် အကောင်းဆုံး ပြောပေးလိုက်မယ်”
ကျုပ်စကားကြားတာနဲ့ အဲ့မှော်ဆရာ ဝမ်သာအားရနဲ့..
“ဒါဆို အရင်ဆုံး ကျေးဇူးတင်ပါတယ်။ နောက်နောင် အရှင်လိုအပ်တာမှန်သမျှ ကျုပ်ကို ပြောနိုင်ပါတယ်”
သူ့ဟာသူ ဟိုကုတ်ဒီကုတ်နဲ့ မြင်ရတော့ တော်တော်လေး အော့နှလုံးနာပေမယ့် နည်းနည်းတော့ ယဉ်ကျေးပြရအုံးမှာပဲ။
“ကဲ ကျုပ်ကို လမ်းပြပေးတော့။ နတ်ဆိုးမျိုးနွယ် (၂)ယောက်ကို ကြည့်ချင်နေပြီ။ မင်းတို့ရော စစ်ဆေးပြီးပြီလား”
“နန်းတော်ထဲမှာ အလုပ်ရှုပ်နေကြတာဆိုတော့ အချိန်မရသေးဘူးလေ။ လက်ရှိ လူတော်တော်များများ ရှင်းလင်းရေးအတွက် အလုပ်ရှုတ်နေကြတယ်။ နောက် (၂)ရက်လောက်နေမှ စစ်ဆေးကြမယ် ထင်တယ်။ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ”
လောဘကြောင့် အမြင်ကန်းသွားတဲ့သူနဲ့ တွေ့ရလိမ့်မယ်လို့ မထင်မိဘူး။ ကျုပ်လဲ ထောင်ထဲကို သာသာယာယာနဲ့ ဝင်လာနိုင်ခဲ့လိုက်တယ်။
ကောင်းကင်အကျဉ်းထောင်ရဲ့ လုံခြုံရေးက တော်တော်ကို တင်းကြပ်တာပဲ။ ဒီမှော်ဆရာ အဆင့်လောက်နဲ့တော့ မကလောက်ဘူးရယ်။
ကျုပ်တို့တွေ လမ်းလျှောက်ဝင်သွားတော့ မထင်မှတ်ထားလောက်အောင်ကို အတားအဆီးမရှိဘူးဗျ။ တံခါး(၄)ခု ဖြတ်ပြီးတော့ ကောင်းကင် အကျဉ်းထောင် အတွင်းပိုင်း ရောက်သွားတယ်။ မှော်ဆရာက..
“အရှင် ဒီနေရာက ကောင်းကင်အကျဉ်းထောင်ရဲ့ အစောင့်အကြပ် အထူဆုံးနေရာပေါ့။ နတ်ဆိုး မျိုးနွယ် (၂)ယောက်ကို ကောင်းကင်အကျဉ်းထောင်ရဲ့ နံပတ်(၁)အခန်းမှာ ပိတ်ထားတယ်”
ပြောပြီးတာနဲ့ နံရံပေါ်က တနေရာကို ဖိလိုက်တယ်။
ကျုပ်တို့ရှေ့မှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး အောက်ကိုဆင်းတဲ့ လှေကားလေးတစ်ခု ပေါ်လာတယ်။ သူခေါ်လာလို့သာမဟုတ်ရင် ကျုပ်ရှာတွေ့မှာ မဟုတ်လောက်ဘူး. မူကျီကို ကယ်ဖို့ ကံကြမ္မာ မျက်နှာသာ ပေးနေတဲ့ပုံပဲ။
ဆင်းရင်း ဆင်းရင်းနဲ့ အောက်ခြေ အခန်း(၃)ခန်းထိ ရောက်လာတယ်။ အတွင်းပိုင်း အကျဆုံးအခန်းမှာ နတ်ဆိုးမျိုးနွယ်တွေကို ထားတာဗျ။
“မင်း အပြင်က စောင့်ကြည့်ပေး။ ငါ သူတို့ကို စစ်ဆေးစရာရှိတယ်”
“ဒါ.. ဒါ.. ဒီအကြံ မကောင်းလောက်ဘူးနော်”
“အရှင်မင်းမြတ်က သူတို့ကို စစ်ဆေးခိုင်တာတွေ မင်းနားထောင်ချင်နေတာလား။ ဒီမှာ လုံခြုံရေး အရမ်း တင်ကြပ်ထားတာ။ သူတို့ကို လွှတ်ပေးလိုက်မှာ ကြောက်နေတာတော့ မဟုတ်ဘူးမို့လား။ အကျဉ်းခန်း ဖွင့်ထားစရာမလိုဘူး”
“ကောင်းပါပြီ… ကျုပ် အရှင့်ကို အပြင်က စောင့်နေမယ်။ ကြာတော့ မကြာစေနဲ့နော်..”
ကျုပ်လဲ စိတ်မရှည်တဲ့ပုံနဲ့ လက်ရမ်းပြလိုက်တယ်။
မှော်ဆရာ အပြင်ထွက်ပြီး စိုးရိမ်တကြီးနဲ့ အဆင်းတံခါးကို ပိတ်လိုက်လေရဲ့။ ကျုပ်သာ ပြင်ဆင်မလာရင် ဒီနေရာထိ မရောက်လောက်ဘူးဆိုပြီး တွေးရင်း စိတ်ထဲမှာတောင် လှောင်ရယ်မိလိုက်သေးတယ်။
မူကျီနဲ့ နတ်ဆိုးမျိုးနွယ်က အဘိုးကြီး သတိလစ်နေကြတဲ့ပုံပဲ။ သူတို့ ခြေလက်တွေအကုန်လုံးကို သံကြိုးကြီးတွေနဲ့ သော့ခတ်ပြီး နံရံမှာချည်ထားကြတာ။ ခနစောင့်ကြည့်ပြီး အကျဉ်းခန်းတံခါးကို ကိုင်ရင်း..
“မူကျီ.. မူကျီ.. မြန်မြန်ထအုံး..”
ဒီလောက် အော်နေတာတောင် နှစ်ယောက်လုံး သတိဝင်မလာကြဘူး။
ကျုပ်လဲ ရေလုံးတစ်ခု ဖန်တီးပြီး မူကျီမျက်နှာကို လှမ်းပစ်လိုက်တယ်။
“ဗွမ်း….”
မူကျီမျက်နှာကို ရေလုံးရောက်သွားတယ်။
မူကျီ တဖြည်းဖြည်းနဲ့ သတိရလာပြီး ပတ်ဝန်းကျင်ကို တအံ့တဩ လိုက်ကြည့်နေတယ်။ နောက်ဆုံးမှ ကျုပ်ကို သေသေချာချာ မြင်ပြီး ချက်ချင်းကို ကြောက်လန့်တကြားနဲ့ ငိုပြီး ....
“ကျန်းကုန်း နင်ဒီကို ဘာလို့ရောက်နေတာလဲ..”
“တော်တော့ ဘာမှ ထပ်မပြောနဲ့တော့။ ငါနင့်ကို ကယ်ဖို့ရောက်နေတာ။ အချိန်မရှိဘူး ဒီကထွက်ပြီးမှ စကားပြောကြမယ်”
လက်ထဲက စုက္ကရေးထဲကို မှော်စွမ်းအားတွေထည့်ပြီး ဝှေ့ယမ်လိုက်တယ်။ ရွှေရောင်းအလင်းတစ်ခု ထွက်သွားတာပေါ့။ သော့က ဘယ်လောက် ခိုင်နေပါစေ ကျုပ်မန္တန်တွေကို ခံနိုင်စရာလား။ သော့(၂)ခြမ်းကွဲသွားပြီး အကျဉ်းတံခါးကို တွန်းဖွင့်လိုက်တယ်။
အကျဉ်းတံခါးဖွင့်လိုက်တာနဲ့ အကျဉ်းထောင် အချက်ပေးခေါင်းလောင်းသံ အကျယ်ကြီးက ချက်ချင်းကို ထွက်လာပြီး ကောင်းကင်အကျဉ်းထောင်တစ်ခုလုံးကို ဆူညံသွားတာပဲ။
“တစ်ယောက်ယောက် ကောင်းကင်အကျဉ်းထောင်ထဲ ဖောက်ဝင်နေပြီဟေ့….”
ပြီးတော့ အပေါ်ထပ်က တံခါး ပွင့်သွားတယ်။ အဲ့ကနေ အောက်ထပ်ကို ပထမဆုံး ဆင်းလာတဲ့သူပေါ့။
“အရှင် ကျန်းကုန်း မင်းဘာတွေလုပ်နေတာလဲ”
ကျုပ် ပြန်ဖြေရမှာ ပြင်းလွန်းလို့ နေရာတစ်ခုလုံးနဲ့ ဝင်ပေါက်ကို ချိတ်ပိတ်ဖို့အတွက် ကျုပ်စွမ်းအားတွေ ဆက်တိုက် ပစ်လွှတ်လိုက်တယ်။ ကျုပ် တစ်ချက်လှည့်ပြီး မူကျီရဲ့ ခြေကျင်းတွေကို အလင်းဓားနဲ့ ခုတ်ဖြတ်ပစ်လိုက်တယ်။ မူကျီ အားနည်းနေတော့ ဒူးထောက်ကျသွားတယ်။ ခပ်မြန်မြန် သူ့ကို ပွေ့ထူပြီး..
“မူကျီ ဘယ်လိုနေသေးလဲ”
ဖြူရော်ရော် မူကျီမျက်နှာမှာ မျက်ရည်တွေနဲ့ အပြည့်နဲ့..
“ကျန်းကုန်း။ နင် ဘာလို့ ငါ့ကိုကယ်ရတာလဲ။ ဒီလိုလုပ်လိုက်ရင် နင့်အနာဂတ် ပျက်စီးသွားမယ်ဆိုတာ မသိဘူးလား”
“အခုအချိန်မှာ ဒါတွေပြောနေရမယ့် အချိန်မဟုတ်ဘူး။ ဒီနေရာက ချက်ချင်း ထွက်သွားရအောင်”
ကျုပ်ပြောပြီးတာနဲ့ သိုလှောင်အိတ်ထဲကနေ လွတ်မြောက်ရေး အဆောင်ကို ထုတ်လိုက်တယ်။ မူကျီ ကျုပ်ဝတ်ရုံကို ဆွဲပြီး..
“သူ့ကိုလဲ ကယ်ပေးအုံး။ အဲဒါ ငါ့ဆရာတစ်ယောက်ပဲ..”
တစ်ယောက်ကယ်တာနဲ့တင် ရာဇဝတ်မှုကြီး ဖြစ်နေပြီဆိုမှတော့ နှစ်ယောက်ဆိုလဲ မထူးတော့ဘူးလေ။ ပြီးတော့ အဘိုးကြီးနဲ့ဆို မူကျီကို အပြန်လမ်းမှာ ကူပြီး ကာကွယ်နိုင်တာပေါ့။
ကျုပ် ခေါင်းညိတ်ပြီး နတ်ဆိုးမျိုးနွယ်အဘိုးကြီး ခြေကျင်းတွေကို ခုတ်ဖြတ်ပေးလိုက်တယ်။ အဲ့အချိန် အပေါက်ဝက အလင်းနံရံ ခပ်ပြင်းပြင်း တုန်ခါသွားတယ်။ အင်းလေ ပညာရှင် တစ်ယောက်ယောက် ရောက်လာပြီပေါ့။
ထင်ထားတဲ့အတိုင်းပဲ အပြင်ဘက်က သွမ့်ယုရှီးအသံ ကြားလိုက်ရတယ်။
“ကျန်းကုန်း မင်းဘာတွေလုပ်နေတာလဲ.၊ ဒါ နိုင်ငံတော် သစ္စာဖောက်တဲ့ လုပ်ရပ်တစ်ခုဆိုတာ မင်းမသိဘူးလား..”
“ဆရာရှီး ကျုပ်တောင်းပန်ပါတယ်။ မူကျီကို အသတ်ခံရတာကို ဘာမှမလုပ်ဘဲ ထိုင်ကြည့်မနေနိုင်ဘူး။ လောလောဆယ်တော့ ဘာကိုမှ ဂရုမစိုက်နိုင်ဘူးဗျာ..”
နတ်ဆိုးမျိုးနွယ်အဘိုးကြီးလဲ သတိရလာပြီး သူ့ရှေ့က မြင်ကွင်းကို အံ့ဩတကြီး ကြည့်နေလေရဲ့။
“ခင်ဗျား အသက်ရှင်ချင်ရင် အချိန်မှီ ကျုပ်အနားကို အမြန်လာခဲ့”
သွမ့်ယုရှီးရဲ့ တိုက်ကွက်က အရမ်းစွမ်းအားကောင်းတယ်။ သိပ်ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး။
နတ်ဆိုးမျိုးနွယ်အဘိုးကြီးကလဲ သာမန်အဟုတ်ဘူးဗျ။ အချိန်မရှိမှန်း သူသိတယ်။ ကျုပ်အနားရောက်ဖို့ အတတ်နိုင်ဆုံး လှုပ်ရှားလိုက်တယ်။ စုက္ကရေးရဲ့ စွမ်းအားတွေကို အကာအကွယ်တံတိုင်းနဲ့ လွတ်မြောက်ရေး အဆောင်ပေါ် တပြိုင်နက်တည်း ပို့ရင်း တစ်ချက်အော်လိုက်တယ်။ အဆောင်ကို အသက်သွင်းလိုက်တာနဲ့ အလင်းနံရံ အက်ကွဲသွားပြီး သွမ့်ယုရှီ အရင်ဦးဆုံးဝင်လာတယ်။ သူက တော်ဝင်မှော်သမ္မဂ္ဂရဲ့ အကြီးအကဲခေါင်းဆောင်လေ။ ကြည့်လိုက်တာနဲ့ ဘာလုပ်တော့မယ်ဆိုတာ သူသိတာပေါ့။ ချက်ချင်းကို မြေဓားကြီးနဲ့ လှမ်းခုတ်လိုက်တယ်။
ဒါပေမယ့် နောက်ကျသွားပြီလေ။ အလင်းတစ်ချက် အလက်မှာ မူကျီ၊ အဘိုးကြီးနဲ့ ကျုပ် (၃)ယောက်စလုံး တစ်ပြိုင်နက်တည်း ပျောက်သွားတယ်။
သွမ့်ယုရှီး ဘေးနားက မှော်ဆရာကို ခပ်မာမာနဲ့..
“ဒီကိစ္စ အရှင်မင်းမြတ်ဆီ အမြန်ဆုံး သွားသတင်းပို့။ တောင်ဝင်နတ်ဆိုးအဖွဲ့နဲ့ စောင့်တွေအကုန် စုလိုက်။ မြို့ကို ချက်ချင်းရှာ။ အဝေးကြီး မရောက်လောက်သေးဘူး”
မှော်ဆရာထွက်သွားမှ သွမ့်ယုရှီး သက်ပြင်းချရင်း..
“ကျန်းကုန်းရာ .. မင်းတော်တော်မိုက်တဲ့ ကလေးပဲ။ ဒီလိုသာဆို မင်းကိုမင်း ပျက်စီးသွားလိမ့်မယ်။ ဒါလေးတောင် နားမလည်ဘူးလားကွာ။ အချစ် ဆိုတဲ့ စကားလုံးက တော်တော် ဒုက္ခပေးနိုင်ပါလား။ ဟုတ်သားပဲ….။ သူ့ကို ဘယ်သူ ဝင်ခွင့်ပေးလိုက်တာလဲ..”
ကျုပ်ကို ခေါ်လာပေးတဲ့ မှော်ဆရာ တုန်တုန်ချိချိနဲ့ လျှောက်လာပြီး ဒူးထောက် ငိုတော့တာဗျို့။
“အရှင် နိုင်ငံတော် အကြီးအကဲ။ ဒီလို ဖြစ်မယ်လို့ ကျုပ်မထင်မိလိုက်ပါ။ အရှင်သဘောအတိုင်းသာ အမိန့်ပေးပါတော့..”
“မင်း တော်တော် အသုံးမကျတဲ့ကောင်ပဲ။ လာကြစမ်း။ ဒီကောင့်ကို အကျဉ်းချထားလိုက်။ လွတ်သွားတဲ့ အကျဉ်းသားတွေ ဖမ်းမိမှ သူ့ကို စစ်ကြောရေးလုပ်ရမယ်”
============= (*^*)=============
အပိုင်း( ၁၈၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား