မူကျီရဲ့ ဘဝအမှန်
Vol. 13 Ch. 182
Child of light (ကျန်းကုန်း)
Volume 7: Chapter 6 - Mu Zi’s Identity
မြို့တော်အနောက်ပိုင်း အစွန်တနေရာမှာ အလင်းရောင် တစ်ချက်လက်ပြီး ကျုပ်တို့(၃)ယောက် ပေါ်လာတယ်။
မူကျီကို ကျုပ်ရင်ခွင်ထဲမှာ ဖက်ထားပြီး ဟိုနတ်ဆိုးမျိုးနွယ် အဘိုးကြီးကတော့ မြေပြင်ပေါ်မှာ ခွေခွေလေးလဲနေရင်း ပတ်ဝန်းကျင်ကို ကြည့်နေလေရဲ့။
မူကျီက..
“ဒါ ဘယ်နေရာလဲဟင်…”
“ငါ့လွတ်မြောက်ရေး အဆောင်က (၃)ကီလိုမီတာနဲ့ (၅)ကီလိုမီတာကြားပဲ ရောက်နိုင်တာဟ။ ဒါမြို့ထဲမှာပဲ ရှိလိမ့်အုံးမယ်။ အန္တရာယ် တော်တော်များသေးတယ်။ ငါတို့ကို ရှာတွေ့ဖို့ဆိုတာ သိပ်မကြာလောက်ဘူး။ မြို့ထဲက ချက်ချင်းထွက်သွားမှ ရမယ်”
“ငါတို့ ဘယ်လိုလုပ် ပြေးနိုင်မှာတုန်း။ မြို့ဝင်ပေါက်တွေ ပိတ်ထားလောက်ပြီဆိုတော့ ဘယ်လိုမှ ထွက်လမ်း မမြင်ဘူး။ နင် အပေါ်မော့ကြည့်လိုက်..”
ခေါင်းမော့ကြည့်လိုက်တော့ လေမှော်ပညာ အလင်းတန်းတွေအများကြီး လမ်းကြောင်း (၄)ခုလုံးကို ရှာနေတာတွေ့တော့ နှစ်ယောက်စလုံးကို လမ်းဘေး ခပ်မြန်မြန်ဆွဲချလိုက်ရသေးတယ်။ ကျုပ်တို့ ပတ်ဝန်းကျင်မှာ လူများများ မရှိဘူးဆိုတော့ ကျုပ်တို့ကံက အဆိုးကြီးမဟုတ်သေးဘူးရယ်။ မူကျီကို အောက်အသာချပေးပြီး နဂါးဘုရင် သင်ပေးထားတဲ့ မန္တန်ရွတ်လိုက်တယ်။ ကျုပ်တို့ကို ဗဟိုထားပြီး အလင်းစက်ဝိုင်းက ထီးတစ်လက်လို မိုးသွားတယ်။
“မလုပ်နဲ့.. ငါတို့က အလင်းမှော်စွမ်းအားကို မခံနိုင်ဘူး..”
ဒါပေမယ့် ကျုပ်သုံးလိုက်တာ အလင်းမှော်ပညာမဟုတ်မှန်း သူမြန်မြန်သဘောပေါက်သွားတယ်။
“ဒါ စည်းတံဆိပ်တွေ ချိုးဖောက်တဲ့ မန္တန်ဟ။ နင်တို့နှစ်ယောက် ခွန်အားပြန်ရအောင် အတတ်နိုင်ဆုံး လေ့ကျင့်သင့်တယ်။ ငါ မှော်ဝင်္ကပါတစ်ခု ချလိုက်အုံးမယ်။ ပြီးရင် မြို့ထဲက ချက်ချင်း ထွက်သွားကြမယ်”
မူကျီ မျက်လုံးမှာ ဝေခွဲမရတဲ့ အရိပ်အယောင်တွေ အပြည့်ပဲ။ သမထ ထိုင်ဖို့ ပြင်ရင်း ကျုပ်ကို စူးစူးစိုက်စိုက် ကြည့်နေလေရဲ့။ နတ်ဆိုးအဘိုးကြီးလဲ ခွန်အားပြန်ရအောင် ကျင့်တာ သူ့အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးဆိုတာ သိတော့ ဘာစကားမှမပြောဘဲ လေ့ကျင့်နေလေရဲ့။ သူ့ခန္ဓာကိုယ်ကထွက်လာတဲ့ အနက်ရောင် မြူခိုးတွေကို ကြည့်ရတာ အဲ့နေ့က တားမြစ်မန္တန်သာ မသုံးခဲ့ရင် ကျုပ် သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူးရယ်။ အဲ့အဘိုးကြီး မှော်သခင်ကြီးအဆင့်ရှိတာ သေချာတယ်။ သူတို့ နတ်ဆိုးမျိုးနွယ်ထဲမျာ သူ့အဆင့် မနိမ့်လောက်ဘူး။
တွေးရင်းနဲ့ပဲ ပို့ဆောင်ရေး ဝင်္ကပါကို အမြန်ရွေးနေရတယ်။ အချိန်နည်းနည်းကြာတော့ ကီလိုမီတာ (၂၀)လောက်ထိ ရောက်နိုင်တဲ့ ပို့ဆောင်ရေး ဝင်္ကပါတစ်ခုကိုပဲ ရွေးလိုက်တယ်။
(၁)နာရီကြာတော့ နဖူးပေါ်က ချွေးတွေ သုတ်လိုက်ရတာပေါ့။ နောက်ဆုံးတော့ ဝင်္ကပါ ပြီးသွားပြီ။
တကယ်ဆို ဒီဝင်္ကပါချဖို့က ကျုပ်အတွက် သိပ်ပြီး အခက်အခဲမရှိလှဘူးရယ်။ အသံတွေထွက်သွားရင် ပတ်ဝန်းကျင်မှာ သိသာသွားမှာဆိုးလို့ အမှားနည်းနည်းလေးမှ မဖြစ်အောင် သေသေချာချာ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေရတာလေ။
ကျုပ် ခေါင်းခါရင်း မူကျီကို..
“ပြီးသွားပြီ။ အခု ငါတို့သွားလို့ရပြီ..”
“ငါ့မှော်စွမ်းအား (၁၀)ရာခိုင်နှုန်းလောက်တော့ ပြန်ကောင်းလာပြီ၊ သိပ်တော့ အားမပျော့တော့ပါဘူး။ ဆရာရော အဆင်ပြေရဲ့လား..”
နတ်ဆိုးအိုကြီး အေးစက်စက်အလင်းနဲ့ မျက်လုံးတွေပွင့်လာပြီး..
“ငါတော့ (၃၀)ရာခိုင်နှုန်းလောက် ပြန်ကောင်းသွားပြီ။ သနားစရာက ငါ့မှော်နှင်တံကို ဟိုလူယုတ်မာတွေ လုမသွားရင် ဒီထက် မြန်မြန် ကောင်းနိုင်သေးတယ်။ နောက်တစ်ခေါက် ထပ်တွေ့လို့ကတော့ ဒင်းတို့တွေ့အုံးမယ်”
“လေထွားမနေနဲ့။ ဝင်္ကပါထဲ အမြန်ဝင်။ အခုမသွားရင် သွားနိုင်မှာ မဟုတ်တော့ဘူး”
“ကောင်စုတ်လေး။ မင်းကိုယ်မင်း ဘယ်သူနဲ့ စကားပြောနေတယ်ထင်လဲ။ မင်း သေလမ်းရှာနေတာလား”
“ဘယ်သူ သေလမ်းရှာနေတယ်တော့ ငါမသိဘူး။ မူကျီကြောင့်သာမဟုတ်ရင် ခင်ဗျားကို ကယ်ဖို့ အဝေးကြီး.. ဟမ့်”
“မင်း.. မင်း..”
“ရန်ဖြစ်မနေကြပါနဲ့တော့။ ဆရာရယ် လူကြီးတစ်ယောက်အနေနဲ့ စကားလေး နည်းနည်းလောက် ထိန်းပြောပါအုံး၊ ဒုက္ခရှာမနေပါနဲ့တော့..”
နတ်ဆိုးအိုကြီး မူကျီကိုတော့ ကြောက်တဲ့ပုံပဲ။ ဝင်္ကပါထဲကို သူအရင်ဆုံး ဝင်သွားလေရဲ့။ မူကျီကိုလဲ မှော်ဝင်္ကပါထဲ ဆွဲသွင်းပေးလိုက်တယ်။ ခရီးသိပ်မဝေးသေးတာဆိုတော့ အကာအကွယ်တွေဘာတွေ ထားဖို့ မလိုဘူးလေ။ ကျုပ်လဲ ဝင်္ကပါဖွင့်ပြီး အနောက်ဘက်ကို နေရာရွှေပြောင်းလိုက်တော့တယ်။
ရွှေရောင်အလင်းတန်း တစ်ချက်အလက်နဲ့အတူ မြို့ပြင်ဘက် တောင်ကုန်းလေးတစ်ခုမှာ ကျုပ်တို့ ပြန်ပေါ်လာတယ်။ ကျုပ် သက်ပြင်းချရင်း..
“မြစ်ထဲ ရောက်မသွားတာ တော်တော် ကံကောင်းတယ်။ မဟုတ်ရင် တော်တော် ကြောက်ဖို့ကောင်းမှာ။ ဒီနေရာ ခနတော့ လုံခြုံတယ်။ နင့်မှော်စွမ်းအားတွေ ဆက်စုလိုက်လေ။ ဒီထက်ကြီးတဲ့ ဝင်္ကပါတစ်ခု ငါလုပ်လိုက်အုံးမယ်”
“ကျန်းကုန်း… ငါ…”
“အခု စကားမပြောနဲ့အုံး။ မှော်ဝင်္ကပါ ချပြီးမှ ပြောကြရအောင်နော်..”
လောလောဆယ် မြို့ထဲက ထွက်လာနိုင်ခဲ့ပြီ ဆိုပေမယ့် သိပ်ပြီး စိတ်ချရသေးတာမဟုတ်ဘူးလေ။ မူကျီအတွက် ခရီးရှည် ပို့ဆောင်ရေး ဝင်္ကပါတစ်ခု ရွေးလိုက်တယ်။
ကောင်းကင်ကြီးတောင် တဖြည်းဖြည်းနဲ့ မှောင်လာခဲ့ပြီ။ ဒီတစ်ခါတော့ ကီလိုမီတာ (၅၀၀)လောက်ထိ ပို့နိုင်တဲ့ ဝင်္ကပါတစ်ခု လုပ်လိုက်တာ။ ဒါမှလဲ လွှတ်မြောက်နိုင်ဖို့ သေချာမှာလေ။
နောက်ဆုံးတော့ ကောင်းကင်ကြီး လုံးဝကို မဲမှောင်သွားပြီ။ ကျုပ်လုပ်နေတဲ့ ဝင်္ကပါလဲ ပြီးသွားပြီ။ မူကျီကို နှိုးပြီး သိုလှောင်အိတ်ထဲက စားစရာတွေ ထုတ်ပေးရင်းနဲ့..
“ဒါ နင်အကြိုက်ဆုံး နဂါး အသားခြောက်ကျော်၊ ဒီပုလင်းက တိုးတက်သော ကျောက်စိမ်း ဒီရေတွေ။ ဒါတွေက လမ်းမှာ စားလို့ သောက်လို့ရအောင် အသီးအနှံတွေ။ မြန်မြန် နင့်သိုလှောင်အိတ်ထဲ သိမ်းလိုက်။ ဒါတွေက နင့်အတွက် မှော်သလင်းကျောက်တွေ ခရီးသွားနေတုန်း အသုံးတည့်လိမ့်မယ်”
ကျုပ် ခေါင်းတညိတ်ညိတ်နဲ့ သူလိုတာမှန်သမျှ ပေးပြီးတဲ့အချိန် သူ့မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေတာ တွေ့လိုက်ရတယ်။
မူကျီ ကျုပ်ရင်ခွင်ထဲ ပစ်ဝင်ပြီး အားရပါးရ ငိုတော့တာဗျို့။
“နင်ဘာလို့ ငါ့အပေါ် ဒီလောက်ကောင်းနေရတာလဲ။ ဘာကြောင့်လဲ..”
ကျုပ်ချစ်ရတဲ့ ကောင်မလေးကို ကြပ်နေအောင်ဖက်ပြီး သူ့ဆီက နွေးထွေးမှုတွေ ခံစားနေလိုက်တယ်။ သူ့ကို ဖက်ရာတာချင်းအတူတူ ဒီတစ်ခါတော့ သူ့ရဲ့ အပွင့်လင်းဆုံး ခံစားချက်အမှန်ကို ပထမဆုံး ရလိုက်တာလို့ ထင်နေမိတယ်။ သူ့နှလုံးသားလဲ ကျုပ်ဆီကနေ မပြေးနိုင်တော့ဘူးပေါ့လေ။
အချိန် တော်တော်ကြာမှ မူကျီကို အသာတွန်းပြီး..
“ကဲ.. နင်ကိုယ်တိုင် အားလုံးဖွင့်ပြောသင့်ပြီ မထင်ဘူးလား..”
“အင်း.. ငါအခု အကုန်ပြောပြတော့မယ်။ နင်ကြည့်လိုက်..”
ပြောပြီးတာနဲ့ လက်ကို သူ့မျက်နှာပေါ် အသာဖြတ်ယမ်းလိုက်တယ်။
အာ… မူကျီရဲ့ပုံစံ လုံးဝ ပြောင်းသွားတာပဲ။ ဒါပေမယ့် အဲ့ပြောင်းသွားတဲ့ မျက်နှာက ဆာရာနီ ရေလှောင်ကန်ကြီးနားမှာ ကျုပ်မြင်ခဲ့ဖူးတဲ့ နတ်ဆိုးမျိုးနွယ် မင်းသမီးလေးဖြစ်သွားတာဗျ။ တစ်ခါပဲ တွေ့ဖူးတယ်ဆိုပေမယ့် ပြစ်မျိုးမှည့်မထင် သူ့ရုပ်သွင်လေးက ကျုပ်မှတ်ဉာဏ်ထဲမှာ အလေးနက်ဆုံး ရှိနေသေးတယ်လေ။ အခုမှ ကျုပ်စိတ်ထဲမှာ အတွေးပေါင်းစုံ ပေါ်လာတော့တယ်။
မူကျီ သူ့ရုပ်တင် ပြောင်းလိုက်တာမဟုတ်ဘူး အသံကိုပါ အနက်ရောင် အော်ရီရယ် ငှက်ကလေးလို အရမ်းသာယာတဲ့အသံ ပြောင်းသွားတာ။
“အခု ကျောင်းမှာ စတွေ့တုန်းက နင့်ကို ဘာလို့ မုန်းနေတယ်ဆိုတာ သိပြီလား..”
“နင်.. နင်.. နင်က နတ်ဆိုးမျိုးနွယ် မင်းသမီးပဲ။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မူကျီ… ငါ့မူကျီကရော ဘယ်မှာလဲ..”
ပြစ်မျိုးမှည့်မထင် မူကျီ မျက်နှာလေးမှာ ကူကယ်ရာမဲ့တဲ့ ပုံစံနဲ့..
“ငါက မူကျီပဲ။ အမြဲတမ်း မူကျီပဲ။ နောက်လဲ ဒီလိုပဲ။ ကျောင်းမှာ စတွေ့တုန်းကလဲ ငါပဲ။ နင့်ချစ်သူက ရုပ်ရော အသံရော ပြောင်းနိုင်တယ်လေ။ နင်သဘောပေါက်လား”
“ရုပ်ရော အသံရော ပြောင်းနိုင်တာလား”
“အင်းပေါ့။ ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ အထူးအသွင်ပြောင်းမန္တန်တစ်ခုကို သုံးလိုက်တာလေ။ ဘာဆေးဝါးမှ မလိုဘူး။ ဒါက မျက်နှာဖွဲ့စည်းပုံကို တိုက်ရိုက် ပြောင်းနိုင်တဲ့အပြင် လည်ချောင်းကြွက်သားတွေကိုပါ ပြောင်းပေးတယ်။ ပုံစံ ပြောင်းတဲ့နေရာမှာ အဲ့နည်းလမ်းက ဘာနောက်ဆက်တွဲ ဆိုးကျိုးမှ မရှိဘူးလေ”
============= (*^*)=============
အပိုင်း( ၁၈၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား