လေပြေပမာ အတိတ်ပါ
Vol. 13 Ch. 183
Child of light (ကျန်းကုန်း)
Volume 7: Chapter 7 - The Past Vanishing Like the Wind
ကျုပ်လဲ တဖြည်းဖြည်း အသိပြန်ကပ်လာတယ်။
“တ.. တကယ်ကို နင်ပဲ..”
မူကျိ သိပ်လက်ခံချင်ပုံမရသေးတဲ့ ပုံနဲ့ သူ့လက်နှစ်ဖက်ကို ကျုပ်ပါးနှစ်ဖက် ကပ်ပြီး နှုတ်ခမ်းဖျားလေးနဲ့ အသေအချာ နမ်းလာတယ်။
မူကျီ ကိုယ်သင်းရနံ့က ကျုပ်တစ်ကိုယ်လုံးကို လွှမ်းသွားသလိုပဲ။ ကျုပ်လဲ ကျစ်နေအောင် ပြန်ဖက်ပြီး အပိုင်နမ်းပစ်တော့တာပေါ့။ ဘာရမလဲ.. ဟွင့်။
“ငါ မူကျီဆိုတာ ယုံသင့်နေပြီနော်…”
ကျုပ် တကယ်ကို မယုံနိုင်သေးတာ။ ကျန်တာ အားလုံးပြောင်းသွားပေမယ့် ရင်းနှီးတဲ့ ခံစားချက်ကတော့ နည်းနည်းလေးမှ ပြောင်းမသွားဘူး။ သူ့ခန္ဓာကိုယ်လေးကလဲ ပျော့ပြောင်းနေမြဲပဲ။ သူ့ နှုတ်ခမ်းတွေကလဲ ကျုပ်ကို ဖမ်းစားနိုင်ဆဲပဲ။ ဘယ်ယောက်ျားကရော ကိုယ့်ကောင်မလေး ပိုချောလာတာ မကျေမနပ် ဖြစ်ကြလို့တုန်း။ မူကျီအပေါ် ကျုပ်ခံစားချက်တွေ ပိုတောင် နက်ရှိုင်းလာသေးတယ်။ သူ့ ခါးသိမ်သိမ်လေးကို လက်နှစ်ဘက်နဲ့ ကိုင်ရင်း နောက်တစ်ခါ ထပ်ဖက်လိုက်တယ်။ နဖူးလေးကို ဖွဖွလေး နမ်းပြီး..
“ပြောတော့ဟာ.. နင့်အကြောင်း ငါကြားချင်နေပြီ…”
“ငါ့အကြောင်း မပြောခင် ငါက နတ်ဆိုးမျိုးနွယ်ဆိုတာ သိပြီးတာတောင် ဘာလို့ ငါ့ကို ကယ်သေးတာလဲ ပြောပြပါလား။ လက်ရှိ နင့်အဆင့်အတန်းကို တကယ်ကြီး ဂရုမစိုက်ဘူးလား”
“ငါက ဘယ်လောက် အစွမ်းထက်နေလို့တုန်း။ ဒီလိုလုပ်လိုက်လို့လဲ ငါ့အတွက် ဘာမှ ထူးခြားမသွားဘူးလေ။ ငါက တခြားလူတွေလို မဟုတ်ဘူး။ မင်းတို့ မျိုးနွယ်ကိုလဲ မုန်းမနေဘူး။ ဒီတော့ နင့်ဟာနင် နတ်ဆိုးမျိုးနွယ်ဆိုတော့လဲ ဘာဖြစ်လဲ။ နင်လဲ ဒီကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေတာလေ၊ အားလုံး တန်းတူပဲကို။ နင်လဲ ငါ့ကို ထိခိုက်အောင်မှ မလုပ်တာ။ ငါ့အမြင်က တခြားလူသားတွေနဲ့ မတူဘူးဟ။ ဘဝပုံစံတွေက အတူတူပဲလေ။ ဒါပေမယ့် အဲဒါ နင့်ကို ကယ်ရတဲ့ အဓိကအကြောင်းအရင်းတော့ မဟုတ်သေးဘူး”
“အဓိက အကြောင်းပြချက်က ဘာလဲဟင်..”
“ငါ့စိတ်ထဲမှာ နင်က ငါ့အသက်ထက် ပိုအရေးကြီးလို့..”
ကျုပ် ရိုးရိုးလေးပဲ ပြန်ဖြေလိုက်တယ်။ ဒါ အလွယ်ကူဆုံး စကားလုံးဆိုပေမယ့် ကျုပ်နှလုံးသားထဲက ခံစားချက် အစစ်အမှန်ပဲလေ။ အခုဆို ကျုပ်နှလုံးသား တအားတည်ငြိမ်နေပြီ။ ဘဝကို ပျော်ပျော်ရွှင်ရွှင် သက်တောင့်သက်သာ နေနိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားရတယ်ဆိုတော့ ပျော်နေတယ်လို့ ပြောလို့မရဘူးလေ။ ဒါပေမယ့် သေမင်းလက်ကနေ ကျုပ်ချစ်ရတဲ့သူကို ကယ်နိုင်လိုက်တာဆိုတော့ နာကျင်မှုတွေက မပြောပလောက်တော့ပါဘူး။
ကျုပ်စကား ကြားတော့ မူကျီ ခေါင်းခါလိုက်တယ်။ လှပ နီရဲနေတဲ့ မျက်ဝန်းဝိုင်းကြီးတွေနဲ့ ကျုပ်ကို ကြည့်ရင်း ကျုပ်လည်ပင်းဖက်လို့ ထပ်ငိုပြန်ပါလေရော။
“အာ.. ငါအဆင်ပြေပါတယ်ဟ.. နင့်အကြောင်းတွေ ငါကြားချင်နေပြီ..”
“ငါ့အဖေက နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဘုရား မာန်နတ်မင်း ချီမုံ့ တဲ့..”
“ဒါဆို နင်ကိုလဲ မာန်နတ်သမီး မူကျီ လို့ခေါ်ရမှာပေါ့နော်..”
“ငါပြောတာ ဝင်မရှုတ်ဘဲ သေချာနားထောင်။ အဖေ့အမွေ မဆက်ခံနိုင်သေးခင်ထိ ငါက မူကျီမိုပဲ။ ဆက်ခံပြီးရင်တော့ အမြင့်ဆုံး ဘွဲ့ထူးဖြစ်တဲ့ မာန်နတ်သမီး မူကျီ လို့ ခေါ်ကြလိမ့်မယ်။ အဲဒါ ပထမဆုံး မှော်နတ်ဘုရားဧကရာဇ်ရဲ့ နာမည်လေ။ သူ့ကို သတိရအောက်မေ့ဖို့အတွက် နောက်မျိုးဆက် အုပ်ဆိုးသူတွေက အဲ့မျိုးရိုး သုံးလာကြတာ”
ဒါကြောင့်ကိုး။ မူကျီမှာ မာန်နတ်သမီး ဘွဲ့မရသေးတာ ကံကောင်းတာပဲ။ မဟုတ်ရင် မျိုးရိုးနာမည်ကိုက တော်တော် ကြောက်ဖို့ကောင်းနေပြီ။
(ဘာသာပြန်သူ မှတ်ချက်။ စိုင်းထီးဆိုင်ရဲ့ မာန်နတ်မင်းရဲ့ သမီး သီချင်းကို သွားမြင်ယောင် ခံစားမိလိုက်သေးတယ်။)
“ငါ့က အဖေ့ရဲ့ တတိယမြောက် သမီးပေါ့။ ငါ့မှာ အစ်ကို နှစ်ယောက်ရှိသေးတယ်။ ငါငယ်ငယ်လေးထဲက အမေဆုံးသွားတာ။ ဒီတော့ အဖေက ငါ့ကို ရတနာတစ်ပါးလို့ ဖူးဖူးမှုတ်ထားတာပေါ့။ အစက အပူပင်မဲ့ဘဝနဲ့ နေခဲ့ရပေမယ့် အစ်ကိုတွေရဲ့ အသုံးမကျမှုက အဖေ့ကို စိတ်ထိခိုက်စေတယ်လေ”
“နင့်အစ်ကိုတွေ တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ။ ဒါကြောင့်မို့ နင့်အဖေက နင့်ကို အမွေဆက်ခံစေချင်တာ မို့လား”
“ငါ့ အစ်ကို အကြီးဆုံးက လူမိုက်ဟ။ ဒါပေမယ့် ဒုတိယအစ်ကိုက ဘာအရည်အချင်းမှမရှိဘူး။ တစ်ရက်တစ်ရက် စားမယ်၊ သောက်မယ်၊ ငမြွေထိုးလုပ်မယ်ဆိုတာကြီးပဲ။ အဖေလဲ သူတို့လုပ်ပုံကြောင့် ခနခန ဆူရတာ အမော။ ငါကျ နန်းတော်ထဲက မှော်ပြိုင်ပွဲတစ်ခုမှာ မထင်မှတ်ဘဲ ငါ့မှော်စွမ်းအားတွေ ထုတ်ပြမိလို့ အဖေ ငါ့အတွက် ဆရာတွေ ရှာတွေ့သွားတယ်။ အဖေလဲ ဝမ်းသာသွားတာပေါ့။ ငါတို့ နတ်ဆိုးမျိုးနွယ်က နင်တို့ လူသားမျိုးနွယ်နဲ့ မတူဘူး။ ရာဇပလ္လင်ကို အမျိုးသမီးတွေ အဓိက ဆက်ခံခွင့်ရှိတယ်လေ”
“ဒါဆို နင့်အဖေက နင့်ကို မှော်ဧကရီ ဖြစ်စေချင်နေတာပေါ့..”
“အဲ့အချိန်ကစပြီး ငါ့မှာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားတော့တာပဲ။ မှော်ပညာတွေ၊ သေနကဗျူဟာတွေ၊ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းပညာတွေ၊ တခြား အထွေထွေ ဗဟုသုတ စတာတွေ ဆက်တိုက် သင်ပေးတော့တာ။ ပြီးတော့ အဖေ့အရိုက်အရာ ဆက်ခံဖို့ အပ်နှင်းခံရတယ်လေ။ နင်သိမှာမဟုတ်ဘူးနော်… ငါ့ဘဝက နင်နဲ့စာရင် အရမ်း ခက်ခဲလွန်းတယ်။ ဒါကလဲ နတ်ဆိုးမျိုးနဲ့ သားရဲမျိုးနွယ်တွေက လူသားမျိုးနွယ်ကို ကျူးကျော်ချင်ရတဲ့ အကြောင်းတစ်ခုလဲရှိသေးတယ်။ ကမ္ဘာကြီးရဲ့ ဘယ်ဘက်ခြမ်းက လုံးဝနီးပါးကို အဆီအနှစ် ခန်းခြောက်နေပြီ။ ကျင့်ကြံနိုင်တဲ့ နယ်မြေကလဲ အကန့်အသတ်နဲ့ပဲ ရှိတော့တယ်။ ပြီးခဲ့တဲ့ (၂)နှစ်ခွဲလောက်တုန်းက ငါ့အဖေ အချိန်ကျပြီထင်လို့ ငါ့ရဲ့ တောက်ပအလင်းနယ်မြေ စစ်အင်အား အများကြီး စုဆောင်းခိုင်းခဲ့တယ်။ သားရဲမျိုးနွယ် ဖြစ်တဲ့ စစ်တလင်းမြူခိုး နယ်မြေနဲ့လဲ မဟာမိတ်ဖွဲ့လိုက်တယ်။ ငါတို့တွေ လျှပ်စီးခံတပ်ကို သိမ်းပိုက်ဖို့ ပြင်နေကြပြီ။ နင့်နယ်မြေကို စုံစမ်းဖို့ ဆရာဖူးလွေ့နဲ့ ငါ့ကို လွှတ်လိုက်တယ်။ ဆာရာနီရေလှောင်ကန်ကြီးနားမှာ ငါတို့ရန်သူဖြစ်တဲ့ နင်နဲ့ တွေ့ရမယ်လို့ ဘယ်လိုလုပ်ထင်မိမှာလဲ။ ငါတို့လူမျိုးတွေ ကျူးကျော်ဖို့ကို နှောက်နှေးစေတဲ့ အဓိကအကြောင်းအရင်း နင်သိလား”
“ငါ ဘယ်လိုလို့ သိမှာလဲ။ ဆရာဖူးလွေ့ ဆိုတာ ငါရှုံးသွားတဲ့ ဝါးခြမ်းပြားကြီးလား..”
“နင် တော်တော် မုန်းဖို့ကောင်းတယ်.. တကယ်ပဲ။ နင်သူ့ကို ဝါးခြမ်းပြားကြီး ခေါ်လို့ ဒေါသထွက်ပြီး သေလုနီးပါး ဖြစ်သွားသေးတယ်လေ။ ငါတို့ အမှောင်မှော်ပညာကို တန်ပြန်နိုင်တဲ့ တစ်ခုတည်းသော မှော်ပညာက အလင်းမှော်ဆိုတာ နင်သိနေလောက်ပါပြီ။ လူသားတွေထဲ စိမ့်ဝင်အသွင်ယူရတာက နင်တို့ဘက်မှာ အလင်းမှော်ဆရာတွေ အများကြီး ရှိ မရှိ စစ်ဆေးဖို့လေ။ နင်ပြောခဲ့တာ မှတ်မိသေးလား”
ကျုပ်လဲ မျက်နှာပြောင်တိုက်ပြီး..
“ငါ ဘာပြောခဲ့လို့တုန်း…”
“အဲ့တုန်းက နင်ပြောခဲ့သေးတယ်လေ။ အရှေ့ပိုင်း တိုက်ကြီးမှာ အလင်းမှော်ပညာ ကောင်းကောင်း သုံးနေကြတဲ့အပြင် နင်က အညံ့ဆုံးဆို။ အဲ့တုန်းကတည်းက နင် တော်တော် သွက်မှန်း ငါသိနေပြီ။ ဆရာ ဖူးလွေ့ကို နတ်ဆိုးမျိုးနွယ်ဆီ ပြန်ပြီး ငါ့အဖေဆီ သတင်းပို့ ခွင့်တောင်းခိုင်းလိုက်တာ။ အခြေအနေ စုံစမ်းဖို့နဲ့ နင်တို့ လူသားတွေရဲ့ အတတ်ပညာတွေ သင်နိုင်ဖို့ အိုက်ရှားနိုင်ငံထဲကို အရင်ဆုံး စိမ့်ဝင် အသွင်ယူဖို့ ငါ့အဖေ ပြန်အကြောင်းကြားတယ်လေ။ ဒါကြောင့်မို့ တော်ဝင်မှော်ပညာ အထက်တန်းကျောင်းကို ဝင်ခဲ့တာပေါ့။ ဝင်ဖို့အတွက်တော့ ဆိုင်ရာ ဆိုင်ရာတွေ နည်းနည်းပါးပါး ဂါလိုက်ရတာပေါ့ဟာ။ ပြီးတော့ အသွင်ပြောင်းဖို့အတွက်လဲ အသွင်ပြောင်းမန္တန်သုံးရတာပေါ့။ ငါနင်နဲ့ မယှဉ်နိုင်ပေမယ့် ငါသာ စွမ်းအားအပြည့်သုံးရင် နင်လဲ ငါ့ကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူးရယ်”
နောက်ဆုံးစကား ပြောတဲ့အချိန်မှာတော့ မူကျီမျက်နှာမှာ ဂုဏ်ယူဝံ့ကြွားတဲ့ အမူအရာ ပေါ်လာတယ်။
“နင် အရမ်းတော်တာပဲ။ အာ.. ဟုတ်သားပဲ။ ငါနင့်ကို မေးချင်တာက လျှပ်စီးခံတပ်ကို ဘယ်လိုကျော်ပြီး အရှေ့ဘက်တိုက်ကြီးထိ ရောက်လာတာလဲ”
“နင်တော်တော် တုံးတာပဲ။ တည်နေရာပြောင်း ဝင်္ကပါကို နင်တို့လူသားတွေပဲ တတ်တယ်များ ထင်နေလား”
“နင်တို့ တည်နေရာ ရွှေ့လာကြတာ….။ အခု နင်တို့က စစ်တပ်ကြီး တစ်ခုလုံးကို တည်နေရာ ရွှေ့ပြီး ပို့တော့မှာပေါ့။ ဒါဆို လျှပ်စီးခံတပ်ကြီး ချက်ချင်း ဖျက်စီးခံရမှာမဟုတ်ဘူးလား”
============= (*^*)=============
အပိုင်း( ၁၈၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား