မှော်စွမ်းအားများ ပြန်လည်စုဆောင်းခြင်း
Vol. 13 Ch. 187
Child of light (ကျန်းကုန်း)
Volume 7: Chapter 11 - Recovering Magic Power
“ငါ ဆရာတွေ တော်တော်ဒုက္ခရောက်အောင် လုပ်လိုက်မိတာပဲ”
ဟိုင်ရှင်း ကျုပ်အနားထိ တိုးလာပြီး ထိုင်ချလိုက်တယ်။ ကျုပ်တစ်ကိုယ်လုံးလဲ တုန်ပြီး မျက်ရည်တွေပါ ကျနေတယ်။ သူ့ရင်ခွင်ထဲကနေ ဆေးလုံးတစ်လုံးထုတ်ပြီး ကျုပ်ပါးစပ်ထဲ ထည့်လိုက်တယ်။ ပိန်ခြောက်နေတဲ့ ကျုပ်မျက်နှာကို အသာပွတ်ပြီး..
“နင့်ကို ဘာလို့ ဒီလိုတောင် ဆက်ဆံနိုင်ကြရတာလဲမသိဘူး။ အစ်ကိုကျန်းကုန်း နင်တော်တော် ဒုက္ခရောက်လိုက်တာပဲ”
ဆေးလုံးက အရည်ပျော်ပြီး လည်ချောင်းထဲ စီးကျသွားတယ်။ ကျုပ်ဗိုက်က ချက်ချင်းကို အလုပ်လုပ်တဲ့ပုံပဲ။ ကျုပ်စွမ်းအားတွေ တဖြည်းဖြည်း ပြန်ရလာနေတယ်။
“ဒါ အရိုးပျော့ဆေးမှုန့်အတွက် ဖြေဆေးပဲ”
“ဟုတ်တယ်လေ။ နင့်ခွန်အားနဲ့ မှော်စွမ်းအားတွေ အမြန်ဆုံးပြန်ရဖို့ အစွမ်းကုန်ကြိုးစားရမယ်။ ဒီကနေ ထွက်သွားပြီးရင် ကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မှာ”
“နင်ဒီကို ဘယ်လိုရောက်လာတယ်ဆိုတာ ပြောပြပါလား”
“အဲ့နေက နင့်ကို ဖမ်းပြီးတာနဲ့ ဆရာကျန်း ငါ့ဆီရောက်လာတယ်။ နင့်ကို ကယ်ဖို့ ဆန္ဒရှိ မရှိမေးတယ်။ ငါလဲ ရှိတယ်လို့ ဖြေလိုက်တာပေါ့။ ဆရာကျန်းနဲ့ လူအိုကြီးတစ်ချို့ကို စောင့်ကြည့်ခံထားရတာဆိုတော့ သူတို့ကိုယ်တိုင် နင့်ကို မကယ်နိုင်ဘူးလို့ပြောတယ်။ ဧကရာဇ်က နင့်ကို နန်းတော်ထဲမှာ ထားမှာမဟုတ်တော့ ဧကရာဇ် ဘယ်အချိန် နန်းတော်ကထွက်မယ်ဆိုတာ သိအောင် နန်းတော်အပြင်ကနေ စောင့်ကြည့်နေရတာ။ တော်တော်ကြာအောင် စောင့်ကြည့်ပြီးမှ နောက်ဆုံးတော့ သူထွက်လာလို့ ငါလဲ နောက်ယောင်ခံ လိုက်သွားတယ်။ ဒါပေမယ့် အစောင့်အကြပ်တွေ များလွန်းလို့ အထဲမဝင်နိုင်တော့ ဆရာကျန်းကို ပြန်ပြော ပြရတာပေါ့။ သူနဲ့ ဆရာတိ သေချာဆွေးနွေးပြီးမှ နင့်ကို ကယ်ဖို့ လေဟာနယ်မှော်ဝင်္ကပါလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကွာအဝေးကို မှန်းပြီး (၂)ခါလောက် စမ်းသပ်ကြသေးတယ်ဟ။ နောက်ဆုံးတော့ ငါတို့ အောင်မြင်သွားတယ်လေ။ တကယ်တော့ ငါဒီကို အရင်တစ်ခေါက် ရောက်ခဲ့ပြီးပြီ။ အဲ့တုန်းက နင်အိပ်ပျော်နေတာ။ နင်ပုံမှန်ထက် အားနည်းနေတော့ နင့်ကို မလန့်စေချင်တာနဲ့ ငါပြန်ပြီး ဆရာကျန်းကို သတင်းပို့လို်ကတာ။ ဆရာကျန်းက အရိုးဆွေးဆေးမှုန့် ဖြစ်လောက်တယ်တဲ့။ ဘယ်ကရလာလဲတော့မသိဘူး ဒီကို ထပ်မလာခင် ဖြေဆေးပေးလိုက်တာပဲ”
အဲ့ ဆရာအိုကြီးတွေ အရှုံးမပေးဘဲ ခုလောက်ထိအောင် ကျုပ်ကို ဂရုစိုက်နေလိမ့်မယ်လို့ မထင်မိဘူး။ ကျုပ်ပါးပြင်မှာ မျက်ရည်တွေ စီးကျလာပြီး..
“နင်ပြန်သွားရင် ဆရာကျန်းကို ကျေးဇူးတင်ကြောင်း ပြောပေးပါဟာ..”
“အချိန်တွေ ကုန်နေပြီး ငါသွားရတော့မယ်။ နောက် (၃)ရက်နေရင် ထပ်လာခဲ့မယ်။ အဲ့နေ့ကျ နင်လွတ်ရမယ့် နေ့လဲ ဖြစ်လိမ့်မယ်။ ဒီ(၃)ရက်အတွင်း နင့်ခွန်အားတွေ ပြန်ရဖို့ ကြိုးစားထားနော်”
“မာခယ်နဲ့ နင့်အစ်မ တို့အခြေအနေရော”
“ညီအစ်ကိုစိတ်နဲ့ နင့်ကိုကယ်မှာကြောက်လို့ ဧကရာဇ်က သူ့ကို ချုပ်ထားတယ်။ အစ်မနဲ့ မာခယ်လဲ မတွေ့ရတာ အတော်ကြာနေပြီ”
“ငါ့ကြောင့် လူတွေ အများကြီး ဒီလောက် ထိခိုက်နစ်နာသွားလိမ့်မယ် မထင်မိဘူး။ နင်ငါ့ကို လာမကယ်သင့်ဘူး။ တစ်ခုခု မှားသွားရင် နင့်ဘဝ ရေစုန်မျောရမှာ။ ငါလဲ နင့်ကို ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်ရမှန်းမသိတော့ဘူး။ နင့်ကျေးဇူး ငါ့အပေါ် အရမ်းကြီးသွားပြီ”
ဟိုင်ရှင်း ကျုပ်မျက်နှာပေါ်ထိအောင် မျက်ရည်တွေ စီးကျလာတယ်..
“အစ်ကို ကျန်းကုန်း နင်ဘာမှ ထပ်ပြောမနေနဲ့တော့။ နင့်နှလုံးသား အစိတ်အပိုင်း နည်းနည်းလေး ငါ့ကို ပေးနိုင်ရင်ကို ငါကျေနပ်နေပြီ။ ငါတို့အားလုံး နင့်သူငယ်ချင်းတွေပဲလေ။ နင်အန္တရာယ်ရှိတဲ့အချိန် ငါတို့ဘယ်လိုခံစားရတယ်ဆိုတာ နင်မှမသိတာ။ အခု ငါတကယ်သွားတော့မယ်။ ဂရုစိုက်နော်။ နောက်(၃)ရက်နေရင် ပြန်တွေ့မယ်”
ပြောပြီးတာနဲ့ လေဟာအဆောင်ကို အသက်သွင်းပြီး ထွက်သွားလိုက်တယ်။
နောက်ဆုံးတော့ ကျုပ်နားလည်သွားပြီ။ ဟိုင်ရှင်းလဲ မူကျီကို ကျုပ် ဆက်ဆံသလို ဆက်ဆံနေတာပဲ။ အချစ်က အားလုံးကို ကန်းသွားစေနိုင်တာပြ။ အန္တရာယ်တွေ ကြားထဲမှာပဲ ခံစားချက် အစစ်အမှန်တွေ သိရတယ် ဆိုတဲ့စကား အရမ်းမှန်တာပဲ။ အခက်ခဲဆုံး အခြေအနေမှာ နင်ငါ့ကို ကယ်ဖို့ လာတယ်ပေါ့လေ။ နင့်ကျေးဇူးတွေ ဘယ်လိုလုပ် ပြန်ဆပ်ရပါ့မလဲ။
ဟိုင်ရှင်းလာမှပဲ ကျုပ်ရဲ့ ရှင်လျှက်နဲ့ သေနေတဲ့ဘဝက လွတ်မြောက်တော့တယ်။ ဒီတော့ အားလုံးက ငါ့ကို စွန့်မပစ်ကြသေးဘူးပေါ့။ မျှော်လင့်ချက်တွေ ရျိသေးတယ်။ တဖြည်းဖြည်း ခွန်အားတွေ ပြန်ရလာတာနဲ့အမျှ ကျုပ်နှလုံးကလဲ စပြီးအလုပ်လုပ်လာပြီ။
တစ်နာရီလောက်ကြာတော့ ကျုပ်ခြေတွေလက်တွေ နည်းနည်း လှုပ်နိုင်လာတယ်။ အချိန်အကြာကြီး မလှုပ်မယှက် နေရတာဆိုတော့ သွေးလှည့်ပတ်မှု သိပ်မမှန်ချင်သေးဘူး။ ကျုပ်တစ်ကိုယ်လုံး ခွန်အားမဲ့နေတုန်းပဲလေ။ ကျုပ်ခန္ဓာကိုယ် အားပြန်ဖြည့်ဖို့ လိုနေပြီ။ ခယ်ကျာ ကျုပ်ထွက်ဖို့ကလွဲရင် ကျုပ်ဆန္ဒဖြည့်ဆည်းပေးမလားဆိုတော့ စမ်းကြည့်သေးတာပေါ့။
စားချိန်ရောက်တော့ ထုံးစံအတိုင်းပဲ ဆန်ပြုတ်ပန်းကန်နဲ့အတူ အစေခံရောက်လာတယ်။ ကျုပ် ဆန်ပြုတ်သောက်ပြီးတဲ့အခါ..
“နောက်တခါလာရင် ထူးခြားတာ တစ်ခုခု ယူလာပေးလို့မရဘူးလား”
ကျုပ်စကားကြားတော့ ကြောက်လန့်တကြား နောက်ဆုတ်သွားပြီးမှ..
“ဘာလိုချင်တာလဲ..”
“အခု ငါ့မှာ ဝါးဖို့တောင်မှ အင်အားမရှိတာ။ ငါဘာများ စားနိုင်အုံးမှာလဲ။ မြေနဂါးမြက်ပြုတ်ရေ သောက်ချင်တယ်။ ဒီလိုသာဆက်သွားရင် ဧကရာဇ် ငါ့ကို မသတ်ရင်တောင် အားပြတ်ပြီးသေလိမ့်မယ်”
“ဟုတ်ပြီ ဟုတ်ပြီ။ ငါ့ကို တပတ်ရိုက်ဖို့ မစဉ်းစားနဲ့နော်..”
“ငါက ဒီလိုကြီးနေနေရတာလေ၊ ဘယ်လို တပတ်ရိုက်ရမှာတုန်း”
သူခေါင်းညိတ်ပြီး ထွက်သွားတယ်။ ကျုပ်ထင်ထားတဲ့အတိုင်း နောက်နေ့ကျ မြေနဂါးမြက်ပြုတ်ရည် ပါလာတယ်။ ဟင်ချိုအရသာ ခပ်ပြင်းပြင်းလေး သောက်လိုက်ရတာပေါ့။ အစကတော့ တကယ့် စားကောင်း သောက်ကောင်းတွေ မှာမလို့ပဲ တော်ကြာ သံသယ ဖြစ်သွားမှာစိုးလို့လေ။
“မြေနဂါးမြက်ပြုတ်ရည်က တကယ်ကောင်းတဲ့ ဓာတ်စာလို့မပြောရဘူး။ ထိရောက်မှုအား တော်တော် ကောင်းတယ်။
သူထွက်သွားတာနဲ့ ကျုပ်ခန္ဓာကိုယ် ခပ်မြန်မြန်ပဲ လှုပ်ရှားလာနိုင်လိုက်တယ်။
တစ်ရက်ကြာတော့ ခန္ဓာကိုယ် အားနည်းနေတုန်းဆိုပေမယ့် တိုက်ပွဲစိတ်ဝိညာဉ်တော့ တဖြည်းဖြည်း ပြန်ကောင်းလာနေပြီ။ ဒါတော်တော် အဆင်ပြေတယ်။ အများကြီးတောင် သောက်စရာမလိုလိုက်ဘူး။
နဂါးမျိုးနွယ် ချိပ်စည်းချိုးဖေါက်မန္တန် ရွတ်ဖို့အချိန်တန်ပြီ။ တတ်နိုင်သမျှ ကျုပ်မှော်စွမ်းအားတွေ အမြန် ပြန်ရဖို့ လိုတယ်။
ပထမအကြိမ်ကြိုးစားကြည့်တာ အဆင်မပြေလိုက်ဘူး။ (၃၇)ကြိမ်မြောက် ကြိုးစားတော့မှ ကျုပ်တစ်ကိုယ်လုံး တောက်ပလာတယ်။ ချိပ်စည်းကျိုးပျက်သွားတဲ့ ခံစားချက်ပေါ်လာတယ်။ ကျုပ်မျက်ခုံးကြားမှာ ရွှေစက်ဝိုင်းတစ်ခု ပေါ်လာတယ်။
ရွှေရောင်အလင်းတန်း လင်းသွားပြီး ကျုပ်ခန္ဓာကိုယ်ထဲက ရွှေအမြူတေတွေကို စပြီး ခံစားလိုက်ရတယ်။ ကျုပ် ပျော်သွားတာပေါ့။ သန့်ရှင်းသော ဓားရဲ့ နွေးထွေးမှုလဲ ပြန်ရလာတယ်။ သန့်ရှင်းသောဓားက ပြဿနာမရှိပေမယ့် ကျုပ်ရွှေအမြူတေတွေ ပုံမှန်မဟုတ်လို့ နည်းနည်း စိတ်ဓာတ်ကျသွားသေးတယ်။ မှော်စွမ်းအားအနွေးဓာတ်တွေ ကျုပ်တစ်ကိုယ်လုံးကို စီးဖြာသွားပြီး ကျုံ့နေနဲ့ ဒန်တျန်တွေကို ဆက်တိုက် ချဲ့သွားတော့တာပဲ။
သံကြိုးတွေကို မရွှေ့ဝံ့သေးပဲ သန့်ရှင်းသောဓားရဲ့ အစွမ်းတွေ ဂရုတစိုက် ဖြန့်ပြီး အဲ့နေရာတွေမှာ အသာထားလိုက်တယ်။
စားစရာ လာလာပို့တဲ့ ကောင်မလေး သတိထားမိသွားမှာစိုးလို့ ခန္ဓာကိုယ်ကို တဖြည်းဖြည်းပဲ ပြန်ကောင်းအောင် လုပ်နေရတယ်။
သန့်ရှင်းသော ဓားရဲ့ စွမ်းအားက တော်တော်ကို ပြင်းတာပဲ။ ကျုပ်ခန္ဓာကိုယ် ဘာမှ မကြာပဲ ပြန်ကောင်းလာတယ်။ နဂိုအထွတ်အထိပ် အခြေအနေနဲ့ မယှဉ်နိုင်သေးပေမယ့် ကောင်းကောင်း လှုပ်ရှားလို့တော့ ရနေလောက်ပြီ။
ကျုပ်ခန္ဓာကိုယ်ထဲကို အလင်းဓာတ်တွေ အဆက်မပြတ်ဝင်လာတာနဲ့အတူ ရွှေအမြူတေ(၂)ခုလဲ ပြန်ကောင်းလာခဲ့ပြီ။ ကျုပ်မှော်စွမ်းအားတွေ ပြန်ရတာ အမြန်ဆုံးနဲ့ အရှိန်အပြင်းဆုံးဖြစ်အောင် သူတို့တွေ ကျုပ်ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတယ်။
အခုဆို ကျုပ်စွမ်းအား ထပ်မလိုတော့ဘူး။ ထောင်ထဲမှာ ရောက်နေတယ်ဆိုပေမယ့် ကောင်းကင်နဲ့ မြေပြင် ပြောင်းပြန်ဖြစ်သွားသလိုကို ကျုပ်စိတ်ဓာတ်တွေ ပြောင်းလဲသွားတာ။ အသက်ရှင်ရတာ တော်တော်တော့ အံ့ဩ ဖို့ကောင်းတာပဲ။ ကိုယ့်ကံကြမ္မာကိုယ် ပြန်ထိန်းချုပ်နိုင်ပြီလို့ ခံစားနေရတယ်။
============= (*^*)=============
အပိုင်း( ၁၈၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား