← Chapters

အမှောင်တွင်းနက်ထဲက လွတ်မြောက်ခြင်း

Vol. 13 Ch. 188

အမှောင်တွင်းနက်ထဲက လွတ်မြောက်ခြင်း

Vol. 13 Ch. 188

Child of light (ကျန်းကုန်း)

Volume 7: Chapter 12 - Escaping from the Abyss

ဟင်းချို (၉)ချက်ဆိုတော့ (၃)ရက်ကုန်သွားပြီပေါ့။ ဟိုင်ရှင်း ကျုပ်ကို မြန်မြန် လာခေါ်ပါစေဗျာ။

နောက်ဆုံးတော့ စောင့်ရချိန်ကုန်သွားပြီပေါ့။ အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်ပြီး ဟိုင်ရှင်း ကျုပ်ရှေ့မှာ ပေါ်လာတယ်။ သူ့လက်ထဲမှာလဲ ရှည်မျောမျော အထုပ်တစ်ထုပ်နဲ့။ ကျောက်ကုတင်ပေါ်မှာ သော့ခတ်လျှက်သား မြင်ရတော့ အံ့ဩသွားတဲ့ပုံနဲ့..

“ကျန်းကုန်း နင် ပြန်မကောင်းသေးဘူးလား”

“ပြန်ကောင်းနေပါပြီ။ သူတို့ ရိပ်မိသွားမှာစိုးလို့ ခြေကျင်းတွေ မဖြုတ်သေးတာ”

“မြန်မြန် သွားမှဖြစ်မယ်။ ငါတို့တွေ အချိန်နဲ့ လုပ်မှရမှာ”

တိုက်ပွဲစိတ်ဝိညာဉ်ကို အသာဖြန့်ပြီး ကျုပ်တစ်ကိုယ်လုံး အဖြူရောင်တောက်ပသွားတယ်။ ခြေလက်တွေမှာ အားထည့်လိုက်တော့ တဖြောင်းဖြောင်းနဲ့ သံကြိုးတွေ ပြုတ်ထွက်သွားတာပေါ့။ ပြီးတော့ ဟိုင်ရှင်းဘေးကို ခုန်ဆင်းလိုက်တယ်။ မတ်တပ်ရပ်ရတဲ့ အရသာ ဘယ်လောက်ကောင်းတယ်ဆိုတာ ခုမှသိတော့တယ်။

ဟိုင်ရှင်း ကျုပ်ကို အိပ်ရှည်ကြီးပေးရင်း အဆောင်စာရွက် ထုတ်လိုက်တယ်။

“ငါတို့ သွားရအောင်”

အထုပ်ဖွင့်ကြည့်လိုက်တော့ ကျုပ်ရဲ့ စုက္ကရေးကြီးပဲ။ ခပ်တင်းတင်းလေး ကိုင်ကြည့်လိုက်တော့ သွေးသားထဲက ဆက်နွယ်မှုမျိုးခံစားလိုက်ရတယ်။

ဟိုင်ရှင်းလက်ထဲက အဆောင်စာရွက်ကို ယူလိုက်တယ်။

“ငါပဲလုပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ နင်က ငါ့လက်ကိုင်ထားယုံပဲလေ”

“နင့်အခြေအနေနဲ့ လုပ်နိုင်လို့လား”

“အေးဆေးပါ။ ငါ့မှော်စွမ်းအား တစ်ဝက်လောက် ပြန်ရထားပြီးသား။ ဆရာအိုကြီးတွေနဲ့ ထိပ်တိုက် မရင်ဆိုင်ရသရွေ့တော့ အားလုံး ဖြေရှင်းနိုင်လောက်ပါတယ်”

ဒီအဆောင်က ဆရာကျန်း သေချာလုပ်ထားတာ ပို့ချင်တဲ့နေရာကို မှတ်ထားလို့ရတယ်လေ။ (၁၀)ကီလိုမီတာအတွင်း တိတိကျကျပို့ပေးနိုင်တယ်။ တစ်မျိုးပြောရရင် ငါတို့တွေ (၁၀)ကီလိုမီတာအတွင်း ကြိုက်တဲ့နေရာကို ပို့ပေးနိုင်တယ်။ ငါတည်နေရာ မှတ်ထားပြီးသားဆိုတော့ နင်မှော်စွမ်းအားနဲ့ အသက်သွင်းလိုက်ယုံပဲ”

ပြောပြီးတာနဲ့ သူ့ခန္ဓာကိုယ်လေးကို ကျုပ်နဲ့ ကပ်ထားလိုက်တယ်။

ကျုပ်မှာတော့ ရှက်ကိုးရှက်ကန်းနဲ့ သူ့ကို ကြည့်လိုက်မိပေမယ့် သူကတော့ နောက်ဆုတ်မယ့် အစီအစဉ် မရှိဘူး ဆိုတဲ့ပုံနဲ့ဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ စုက္ကရေးကိုင်ပြီး ပတ်ဝန်းကျင် အကာအကွယ်စည်းတစ်ခု ချပြီးမှ အဆောင်ကို အသက်သွင်းလိုက်တယ်။ ရွှေရောင်အလင်းတန်းတွေ လက်ပြီးတာနဲ့ ကျုပ်တို့နှစ်ယောက် ပျောက်သွားပြီး ကျောက်ကုတင်ကြီးပဲ ကျန်ရစ်ခဲ့တော့တယ်။

မှော်ပညာ ပြန်ပြီး စသုံးလိုက်ရတဲ့ ခံစားချက်နဲ့ စိတ်တောင် လှုပ်ရှားသွားမိတယ်။ ဘဝသစ် တစ်ခု စလိုက်ရသလိုပဲ။ ကျုပ်စိတ်ထဲမှာ မှော်ဆန်လွန်းတဲ့ပုံရိပ်တွေ အပြည့်ပဲ။ ခံစားချက်ထဲမှာ တစ်ဘဝစာ အချစ်ကလဲ မပါမဖြစ်ပေါ့။ အဟီး။

အလင်းရောင် တစ်ချက်လက်ပြီးတာနဲ့ ထင်မှတ်မထားတဲ့ အခန်းတစ်ခုထဲ ရောက်သွားတာ တွေ့လိုက်ရတယ်။ အခန်းတစ်ခုလုံးမှာလဲ ပန်းနုရောင်တွေ အပြည့်ပဲ။ နှစ်သိမ့်ပေးတဲ့ ခံစားချက်တွေ ပြည့်နေရော။ တစ်ခန်းလုံးလဲ လင်းထိန်းလို့။ ဟိုင်ရှင်းကို တအံ့တဩ မေးလိုက်မိတယ်..

“ဒါ ဘယ်နေရာလဲ.. နေရာများ မှားပို့လိုက်မိလား”

ဟိုင်ရှင်း ကျုပ်ကို လိမ်ဆွဲရင်း မကျေမနပ် ပုံစံလေးနဲ့..

“ဘယ်မှ နေရာမှားမပို့ဘူး။ ဒါ ငါ့အခန်း”

ကျုပ်လဲ နည်းနည်း လန့်သွားတာပေါ့။

“ဘာရယ်။ နင့်အခန်းထဲကိုလား။ ဒီ လွတ်မြောက်ရေးအဆောင်ရဲ့ တည်နေရာကို ဘာလို့ ဒီမှာ မှတ်လိုက်ရတာလဲ”

“ငါ့အခန်းက ဘာဖြစ်နေလို့တုန်း။ ဒီနေရာက အလုံခြုံဆုံးပဲ။ ငါ့မိသားစု နေရာလဲဖြစ်တယ်။ အထူးသဖြင့် ငါ့အခန်း ဆိုတော့ ဘယ်သူလာရှာရဲမှာလဲ”

“ငါ.. ငါ.. ငါက ယောက်ျားလေး လေ။ နင့်အခန်းထဲမှာ နေလိုက်ရင် နင့်ဂုဏ်သိက္ခာကျသွားမှာပေါ့”

“ငါ ဘာမှ ဂရုစိုက်မနေဘူး။ နင်က ဘာဖြစ်နေတာလဲ။ နင့် နှစ်လုံးသားထဲမှာ မူကျီ တစ်ယောက်ပဲရှိတာ။ ဒါသာ သူ့အခန်းဆိုရင် နင်ဒီလောက် ဖြစ်နေမှာမဟုတ်ဘူး ဟွင့်.. မပြောလိုက်ချင်ဘူး”

သူ နည်းနည်း ဒေါသထွက်သွားတာမြင်တော့ ကျုပ်လဲ ဆက်ပြီး အကန်တွေ မပြောရဲတော့ဘူး။ မတတ်နိုင်ဘူး စကားလမ်းကြောင်းပြောင်းမှရတော့မယ်။

“ဆရာတွေ နေကောင်းလား၊ ဆရာတိရော နေကောင်းသွားပြီလား။ ရှေ့တန်းမှာရော ဘယ်လိုအခြေအနေတွေ ရှိလဲ”

“နင် တစ်ခါတည်းနဲ့ ဒီလောက် အများကြီးမေးမှတော့ ငါက ဘယ်ဟာကို စဖြေရမှာတုန်း”

“အေးပါ အေးပါ.. အားလုံး တခါတည်း မဖြေနိုင်လဲ ဆရာတိ အခြေအနေလေး စပြောဟာ”

“ဆရာတိ ဘာပြဿနာမှ မရှိဘူး။ အဓိက အကြောင်းအရင်းက နင့်ကိုစိတ်ပူလွန်းအားကြီးပြီး နေမကောင်း ဖြစ်သွားတာ။ ဆရာတိ နှလုံးသားထဲက ပြဿနာကြီးက နင်ကိုယ်တိုင်ပဲ”

ကျုပ်ကို သွန်သင်ပေးခဲ့တဲ့နှစ်တွေကို ပြန်သတိရပြီး ကျုပ်မျက်ရည်တွေ စို့လာတယ်။

“ဒီတခါတော့ ဆရာတိ ငါ့ကို တကယ်ကြီး စွန့်ပစ်လိုက်ပြီလားမသိဘူး… ဟိုင်…”

“နင် ဒီလောက် ဖြစ်နေစရာမလိုပါဘူး။ နောင်တချိန် အောင်မြင်မှုတွေ လုပ်နိုင်နေသရွေ့ သူကျေနပ်နေလိမ့်မယ်။ သူလဲနင့်အတွက် အကောင်းဆုံး ဆုတောင်းပေးနေတာပဲ။ အဲ့အဘိုးကြီးက နင့်ကို သူရှိတဲ့နေရာ လာစရာမလိုဘူး၊ သွားစရာရှိတာ အမြန်ဆုံး ထွက်သွားဖို့ပဲပြောတယ်။ အားလုံး ပြေလည်သွားရင်သာ နင့်တာဝန်တွေကို မမေ့ဖို့ သေချာမှာလိုက်တယ်”

“သူ့မျှော်မှန်းထားသလို ဖြစ်မလာမှာ ကြောက်မိတယ်ဟာ။ ငါဒီကနေ ထွက်သွားပြီးတာနဲ့ ပထမဆုံးလုပ်ရမယ့် အလုပ်က မူကျီဆီသွားပြီး ကယ်ဖို့ပဲ။ နတ်ဆိုး(၁၀)ယောက်ထဲက တစ်ယောက် အသက်ရှင်နေမှာသေချာတယ်။ ငါမသေရင်တော့ ငါ့တာဝန်တွေ ပြီးအောင်လုပ်မယ်”

“ဘာလဲ။ နင် နတ်ဆိုးမျိုးနွယ်ကို သွားမလို့လား”

“ငါ မူကျီဆီ သွားမှရမယ်။ ငါသူ့ကို အဆုံးရှုံးမခံနိုင်ဘူး”

“နင်သာ ငါ့အပေါ် အဲလိုမျိုးဆက်ဆံမယ်ဆို ငါသေရမယ်ဆိုရင်တောင် ကျေကျေနပ်နပ် သေပစ်မှာ”

ပြောရင်းနဲ့ ငိုသံက ပါလာပြန်ပြီဗျို့။ သူပုံစံကြည့်လိုက်တော့ တော်တော်လေး စိတ်လှုပ်ရှားသွားပြီး ကျုပ်လဲ မထိန်းနိုင်တော့ဘဲ သူ့ကို ဖက်ပြီး ကျောလေး ပွတ်ပေးလိုက်မိတယ်။

“နေကောင်းအောင်သာနေ။ ငိုမနေနဲ့တော့။ နင့်ခံစားချက်တွေ ငါဘယ်လိုမှ နားမလည်နိုင်တော့ဘူး။ ဒီတစ်ကြိမ် ငါ့ကိုကယ်ဖို့အတွက်နဲ့ နင်အသက်စွန့်လုပ်ခဲ့တာပဲ။ အဲ့အတွက်လဲ တကယ်ကို ကျေးဇူးအရမ်းတင်တယ်ဟာ။ နင် စိတ်မဆိုးဘူးဆိုရင် ငါကျေကျေနပ်နပ်ကြီးနဲ့……….”

ဒီလောက် ချစ်ရာကောင်းတဲ့ ကောင်မလေးကို စိတ်မထိခိုက်စေချင်တော့ဘူး။ စာနာစိတ်လား ဘာလား မသိပေမယ့် သူ့ကို အသိအမှတ်ပြုချင်နေပြီ။

ဟိုင်ရှင်း မျက်လုံးအဝိုင်းသားနဲ့..

“တကယ်လား… တကယ်ကြီးလား… မဖြစ်နိုင်ပါဘူး… နင့်မှာ ညီမလေးမူကျီ ရှိပြီးသားလေ။ သူငါ့ကို လက်ခံမှာ မဟုတ်ဘူး”

“တုံးလိုက်တာဟာ။ မူကျီ အဲ့လောက် သဝင်မတိုဘူးဟ။ နင့်ကို လက်ခံဖို့ သူပဲငါ့ကို အကြိမ်ကြိမ် နားချနေတာ”

“တကယ်ကြီးလား..”

“နင် ငါ့ကို လက်ခံဖို့ ဆန္ဒရှိလား။ ငါနင့်ကို ချစ်တယ်လို့ မပြောနိုင်ပေမယ့် နင့်အပေါ်ထားတဲ့ ငါ့ခံစားချက်တွေ တဖြည်းဖြည်း ပြောင်းယူလို့ရနိုင်မှာပါ။ နင်ငါ့ကို အကြိမ်ကြိမ် ကူညီခဲ့ပြီးပြီ။ ငါနင့်ကို ထပ်ပြီး မနာကျင် စေချင်တော့ဘူး”

ဟိုင်ရှင်း မျက်နှာမှာ အပျော်တွေနဲ့ ပြည့်လာတယ်။ ကျုပ်ခါးကို တင်းနေအောင်ဖက်ပြီး ကျုပ်ရင်ဘတ်ပေါ် ခေါင်းမှေးလို့..

“ဒါ အရမ်းကောင်းတယ်။ တကယ်ကို ကောင်းတာ။ နောက်ဆုံးတော့ ငါ့အိပ်မက်တွေ တကယ်ဖြစ်လာပြီပေါ့။ ကျန်းကုန်း ငါ ဒီလိုနေ့ကို ဘယ်လောက်ထိ စောင့်ခဲ့ရတယ်ဆိုတာ နင်သိလား”

“နင် မူကျီလို သဘောထားကြီးကြီးနဲ့ ပွင့်ပွင့်လင်းလင်း နေနိုင်မှာလား။ နင် သူနဲ့ အတူတူ နေရမှာ စိတ်မဆိုးဘူးလား”

ဟိုင်ရှင်း ခေါင်းခါရင်း ခပ်ပြုံးပြုံးနဲ့ပဲ..

“စိတ်မဆိုးပါဘူး။ နင်က မှော်ပညာ အရမ်းအားကောင်းတယ်လေ။ နင့်ကြောင့် ဒုက္ခရောက်မယ့် ကောင်မလေးတွေ အများကြီး ရှိလာအုံးမှာ။ ညီမလေး မူကျီက ငါ့ကို နင်နဲ့အတူရှိနေခွင့်ပေးတာကိုပဲ အရမ်းဝမ်းသာနေပြီ။ နင်နဲ့ အတူနေရသရွေ့ ငါဘာကိုမှ ဂရုမစိုက်ဘူး”

============= (*^*)=============

အပိုင်း( ၁၈၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters