ဝမ်းနည်းဖွယ် ခွဲခွာရခြင်း
Vol. 13 Ch. 189
Child of light (ကျန်းကုန်း)
Volume 7: Chapter 13 - Finale - Sorrowful Parting
ဟိုင်ရှင်း ကျုပ်အပေါ်ထားတဲ့အချစ်တွေက ထင်မထားလောက်အောင်ကို နက်ရှိုင်းနေတော့ ကျုပ်တောင် နည်းနည်း တုန်သွားတယ်။ နဖူးလေးကို အသာပဲ နမ်းပေးလိုက်တယ်။ သူ့ခမျှာ တစ်ကိုယ်လုံးတုန်ပြီး ခေါင်းမော့လို့ ကျုပ်ကို ကြည့်နေလိုက်တာများ မျက်ဝန်းထဲမှာ ချစ်ရည်ရွှန်းရွှန်းတွေ အပြည့်ပဲ။ သူ့မျက်လုံးတွေ မှိတ်၊ ခေါင်းလေး မော့ပြီး ကျုပ်ရှေ့တိုးလာတယ်။ ကျုပ်လဲ သူ့နှုတ်ခမ်းလေးပေါ် အသာလေး ဖိနမ်းလိုက်တာပေါ့။ နောက်တော့ သူ့လက်တွေ အပြင်ထုတ်ပြီး ကျုပ်လည်ပင်းကို အရူးအမူး သိုင်းဖက်လာတယ်။ ကြည့်ရတာ အချစ်နွံထဲ ကျေကျေနပ်နပ်ကြီး နစ်မြုပ်ချင်နေသလိုပဲ။
မူကျီနဲ့ ယှဉ်ရင် ဟိုင်ရှင်းက ပိုတောင်ပွင့်လင်းနေသလိုပဲ။ တဖြည်းဖြည်းနဲ့ ကျုပ်သတိထားမိလိုက်တဲ့အချိန်မှာ ကျုပ်တို့တွေ ကုတင်ပေါ်ရောက်နေတဲ့အပြင် ကျုပ်လက်ကလဲ သူ့ အင်္ကျီအောက်မှာ။ အေးစက်နေတဲ့ ကုတင်တိုင်နဲ့ ကျုပ်ပေါင်သားနဲ့ အမှတ်တမဲ့ ထိမိသွားတယ်။ အဲ့တော့မှ ကျုပ်စိတ်တွေ ရှင်းသွားတော့တယ်။ ဟိုင်ရှင်းကို အသာလေးတွန်းလိုက်တယ်။ သူ့မျက်နှာ နုနုလေးမှာ ရဲတွတ်နေပြီး မျက်ဝန်းတွေမှာလဲ လိုလားတောင့်တမှုတွေ အပြည့်ပဲ။ ပြီးတော့ မောလျှ နွမ်းရှိုက်သံနဲ့..
“ကျန်းကုန်း… ကျန်းကုန်း…”
ကျုပ်စိတ်ကြည်လာမှ ဆင်ခြင်တုံတရားကလဲ နိုးထ ခိုင်မာသွားတော့တယ်။ ဒီတော့ ကျုပ်အလိုရမ္မက်တွေကို ဖိနှိပ်ရင်း..
“ကိုယ့်ကိုကိုယ် ပြန်ထိန်းအုံးဟ။ ငါတို့တွေ ဒီလိုလုပ်လို့ မဖြစ်ဘူး။ အခု အိပ်ယာက ထလိုက်အုံး”
ပြောရင်းနဲ့ကို ရေအေးအေးတွေ လက်နဲ့အသာယူပြီး နဖူးပေါ် တင်ပေးလိုက်တယ်။
အဲ့တော့မှ ဟိုင်ရှင်းတစ်ချက်တုန်ပြီး တောင့်တစိတ်တွေ လျော့သွားတော့တယ်။ မျက်နှာချင်းဆိုင်က ကျုပ်ရဲ့ ဘာကိုမြင်သွားလဲတော့မသိ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့သွားပြီး..
“သွား.. လူဆိုး။ ငါပြန်မလာတော့ဘူး”
ကျုပ်လဲ အရင်က ဒါမျိုး မကြုံခဲ့ဖူးသေးဘူးလေ။ ဆိုးတော့ မဆိုးဘူးဗျ။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တော့မှ ခပ်ရှက်ရှက်နဲ့ပဲ..
“တောင်းပန်ပါတယ်ဟာ.. ငါ.. ငါ တမင်လုပ်တာမဟုတ်ပါဘူး..”
“ခစ် ခစ် ခစ်.. နင် အခုထိ ဒီလိုတွေ ပြောနေတုန်းပဲနော်။ စိတ်ရှုတ်စရာကောင်းလိုက်တာ။ ဟုတ်သားပဲ။ အခု ငါတို့ ဒါတွေ ပြောနေရမယ့်အချိန်မဟုတ်ဘူး။ ဒီနေရာကနေ အချိန်မရွေး ထွက်နိုင်အောင် ပို့ဆောင်ရေး ဝင်္ကပါတစ်ခု အရင်ခင်းထားသင့်တယ်။ အဲဒါမှ ပိုလုံခြုံသွားမျာ”
“နင်ပြောတာ အမှန်ပဲ။ ငါ့ကို တစ်ခုလောက် ကူညီဟာ။ အပြင်ဘက်မှာ အခြေအနေ တစ်ချက်ကြည့်ပေးထားလေ။ ငါ ဝင်္ကပါ စခင်းတော့မယ်”
ဟိုင်ရှင်း သဘောတူပြီးတာနဲ့ သူ့အဝတ်အစားတွေ ပြန်ပြင်၊ ရဲတွတ်နေတဲ့ မျက်နှာလေး လက်နဲ့အုပ်ပြီး တံခါးအပြင် ပြေးထွက်သွားပါလေရော။
သူ့ကျောပြင် ပြေပြေလေးကို မြင်ရတော့လဲ ပြောမပြတတ်တဲ့ ခံစားချက်လေး ပေါ်လာပြန်ရော။ ကျုပ်လဲ ခေါင်းယမ်းပြီးမှ ကြမ်းပြင်ပေါ်မှာ ဝင်္ကပါ စခင်းလိုက်ရတော့တယ်။
ကျုပ်အခြေအနေက သိပ်မကောင်းသေးဘူးဆိုတော့ အရမ်း အဝေးကြီးအထိရောက်အောင် မလုပ်နိုင်သေးဘူး။ ဒီတော့ မူကျီတို့ကို လွှတ်အောင် လုပ်ပေးလိုက်တုန်းကလိုပဲ ကီလိုမီတာ (၅၀၀)လောက် ရောက်နိုင်တဲ့ ဝင်္ကပါ ခင်းဖို့ပဲ ရွေးလိုက်တော့တယ်။ ဒါမှပဲ လွတ်ဖို့ အခွင့်အရေး ရှိလိမ့်မယ် ခံစားရတယ်လေ။
တကယ်ဆို ကျုပ်စွမ်းအား အထွတ်အထိပ် ရှိမနေတဲ့အချိန် ပို့ဆောင်ရေး ဝင်္ကပါ ခင်းရတာ အရမ်းပင်ပန်းလွန်းတယ်။ ဟိုင်းရှင်းတော့ (၂)ကြိမ်လောက် လာကြည့်သေးတယ်။ တနေကုန်မှပဲ ဝင်္ကပါ ပြီးသွားတော့တယ်။
ဟိုင်ရှင်း အကြောဆန့်ပြီးမှ ကုတင်ပေါ် ထိုင်ရင်း..
“နင် ပြီးသွားပြီလား”
“အင်း ပြီးပြီဟ။ အပြင်က အခြေအနေကရော”
“ဘာထူးစရာရှိလဲ။ သူတို့တွေ နင့်ကို ဖမ်းဖို့ လိုက်ရှာနေကြတာပေါ့။ တစ်နိုင်ငံလုံးမှာ နင့်ကို အလိုရှိကြောင်း ကြေငြာထားပြီး။ အိုက်ရှားနိုင်ငံထဲက မထွက်နိုင်သေးသရွေ့ နင်သေချာ သတိထားမှ ရမယ်”
“အဲလောက်ထိ အရေးကြီးခွင်ကျယ် လုပ်စရာ လိုလို့လားဟာ။ ငါ ဒီလောက်ထိ တန်ဘိုးကြီးနေတာလား”
“ဟုတ်တယ်လေ။ နင်က လူသားမျိုးနွယ် ကမ္ဘာထိပ်သီး မှော်သခင်ကြီး (၁၁)ယောက်ထဲက တစ်ယောက် ဖြစ်တဲ့အပြင် တားမြစ် မန္တန်တောင် သုံးနိုင်သေးတာလေ”
“ဒီလောက်ထိ ဖြစ်သွားတာကိုက ငါ့အရည်အချင်းတွေကို ပြနေသလိုပဲပေါ့။ ငါထွက်သွားရင် နင်ဒုက္ခ မရောက်အောင် ထင်ထင်ပေါ်ပေါ် မနေနဲ့နော်။ ပြီးတော့ ငါ့စကားတွေကိုလဲ မမေ့နဲ့။ ကျန်တာတွေ ပြောပြအုံး”
ဟိုင်ရှင်း မျက်လုံးပြူးကြီးနဲ့ ကျုပ်ကို ကြည့်နေတော့..
“နင် ငါ့ကို ဘာလို့ ဝါးစားမတတ် ကြည့်နေတာတုန်း”
“နင် ငါ့ကို တခါတည်း ခေါ်မသွားဘူးလား”
“ဘာလဲ.. နင်ငါနဲ့ လိုက်ချင်လို့လား.. ဘယ်လိုမှ မဖြစ်နိုင်ဘူးဟ”
ဟိုင်ရှင်း တရှုံ့ရှုံး ရှိုက်ငိုရင်း..
“နင် ငါ့ကို လိမ်နေတာပေါ့။ နင်လိမ်တယ်။ ငါ့ကို လက်ခံတယ် ပြောပြီးမှ ဘာလို့ အခုမှ စိတ်ပြောင်း သွားရတာလဲလို့”
“ငါ ဘာလုပ်လို့ ရမှာတုန်း။ ငါ အမှန်တွေပဲ ပြောခဲ့တာ။ အခု အရမ်းအန္တရာယ် များတဲ့နေရာကို သွားမှာ။ နင်လိုက်လာရင် နင့်အတွက် ပိုတောင် အန္တရာယ် များအုံးမယ်။ လက်ရှိ နင့်မှော်စွမ်းအားတွေ မြှင့်နိုင်အောင် နင်ဒီမှာပဲ ဆက်ကျင့်ရင်း နေခဲ့သင့်တယ်။ မူကျီကို ကယ်ပြီးတာနဲ့ နင့်ဆီ သေချာပေါက် ငါပြန်လာမယ်”
ကျုပ်စကားကြားပြီး တားမနိုင် ဆီးမရ ငိုတော့တာဗျို့။
“နင်.. နင်.. အရမ်းဆိုးလွန်းတယ်။ နင် စားပြီးနားမလည် ဝါးပြီး ထွေးထုတ်လုပ်တယ်။ အီး.. အီး…ဟီး….”
ဘာကြီး။ ကျုပ် ဘယ်တုန်းက သူ့ကို ဝါးမိလိုက်ပါလိမ့်။ ကျုပ်လဲ အပြန်ပြေးပြီး သူ့ပါးစပ် ပိတ်လိုက်ရတယ်။
“မိုက်လိုက်တာဟာ။ နင့်အသံ နည်းနည်း တိုးလို့မရဘူးလား။ တစ်ယောက်ယောက်သာ ကြားသွားရင် ငါ့မှာ လူတော တိုးရဲမှာ မဟုတ်တော့ဘူး”
ဟိုင်ရှင်းကတော့ ကျုပ်ကို အလေးမထားဘဲ ဆက်ငိုနေတုန်းပဲ။
“တော်တော့ဟာ။ ငါပြောတာ နားထောင်အုံး”
ကျုပ် အသံမာမာနဲ့ ပြောလိုက်တော့မှ ဟိုင်ရှင်း တစ်ချက်တုန်ပြီး ရပ်သွားတော့တယ်။
“နေကောင်းအောင်နေ။ ငါ့စကားတွေ နင်နားထောင်မှရမယ်။ နင့်ကို ခေါ်သွားရင် ဘယ်လိုမှ အဆင်မပြေဘူး။ နတ်ဆိုးမျိုးနွယ်မှာ ဘယ်လိုအခြေအနေတွေရှိမယ်ဆိုတာ ငါလဲမသိဘူး။ ပြီးတော့ နောက်ဆက်တွဲ အကျိုးဆက်တွေ သေချာ ဂရုစိုက်မှ ရမယ်။ အရင်က ငါ့ကို ဘာလို့ ဖမ်းမိသွားလဲ သိလား။ မှော်ဝင်္ကပါ အကျွင်းအကျန် ခြေရာလက်ရာတွေ ကျန်နေခဲ့လို့ပဲ။ ငါထွက်သွားပြီးတာနဲ့ ခြေရာလက်ရာတွေ အကုန်ဖျက်ဖို့ နင့်အကူအညီလိုသေးတယ်။ ဘာမှ စိတ်မပူနဲ့။ သေချာပေါက် ငါအသက်ရှင်ဖို့ ကြိုးစားမှာ။ ငါလဲ နင့်ကို မခွဲနိုင်ပါဘူး။ ငါပြန်လာမယ့်အချိန်ကိုသာ နင်သေချာစောင့်နေ။ သေချာပေါက် နင့်အတွက်နဲ့ ငါပြန်လာမှာ”
ဟိုင်ရှင်းမျက်လုံးတွေထဲမျာ ရှုတ်ထွေးနေတဲ့ အမူအရာတွေကနေ တောက်ပလာတယ်။ သူ့စိတ်ထဲ လွန်ဆွဲနေတာ သေချာတယ်။
“ရှို့တိမှာ ငါ့မိတ်ဆွေတွေရှိတယ်။ သူတို့ကို အရင်သွားရှာမှာ။ သူတို့ အကူအညီနဲ့ဆို ငါဘာအန္တရာယ်မှ ဖြစ်မှာ မဟုတ်ဘူးရယ်”
“နင် တကယ် အန္တရာယ် မရှိမှာ သေချာလား”
“ငါ ကတိပေးတယ်ဟာ..”
ဘယ်လို ကတိမျိုးလဲဆိုတာ ဘုရားတွေပဲ သိလိမ့်မယ်။ အန္တရာယ် ရှိ မရှိ ဘယ်လိုလုပ်ပြီး မှန်းနိုင်မှာလဲလို့။ လောလောဆယ် ဒီလို ဖြေလိုက်တာ အကောင်းဆုံးပါပဲလေ။
ဒီတော့မှ ချစ်စဖွယ် မျက်နှာပေးလေးနဲ့..
“နင်အရင်က တော်တော် ရက်စက်တာပဲနော်..”
ကျုပ်လဲ သူ့ကို အသာဖက်ပြီး..
“အဲလို မလုပ်တော့ပါဘူး။ နင့်ကို ရက်စက်ရလောက်အောင် ငါ့စိတ်မမာဘူးလေ”
“နင် အန္တရာယ် ကင်းကင်းနဲ့ ပြန်လာရမယ်နော်။ ငါနင့်ကို စောင့်နေမယ်။ ဘယ်လောက် ကြာကြာ စောင့်နေမယ်ဟာ”
“ကောင်းတယ်။ ငါ သေချာပေါက် ပြန်လာမှာ။ ငါ့အတွက် အရေးအကြီးဆုံးက ငါ့ဆရာတွေရယ်၊ သူငယ်ချင်းတွေနဲ့ နင်ပေါ့ ငါ့ကို စောင့်နေရမယ်နော်”
ဟိုင်ရှင်း ရှက်ရဲရဲနဲ့..
“နင့် ပထမဆုံးအကြိမ် ငါ့ကို ပေးနိုင်မလား။ ဒါမှ ပိုစိတ်ချရမယ် ခံစားနေရတယ်”
သူ့စကားကြောင့် ကျုပ် တော်တော် လန့်သွားမိတယ်။ ဒီလို ပြစ်မျိုး မှည့်မထင် ကောင်မလေးတစ်ယောက် ဒီလို စကားမျိုး ပြောလာမယ် မထင်မိဘူးလေဗျာ။
“အာ.. ဟင့် အင်း..။ ငါ နင့်ကို တရားဝင် လက်ထပ်မယ့်အချိန်ထိ ငါ ထိန်းထားမှာ..”
တကယ့်ကို ပီဘိ ချစ်စဖွယ်လေးနဲ့..
“နင် တကယ် မလိုချင်ဘူးပေါ့လေ..”
ကျုပ် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ရတယ်။ ကျုပ်သာ အခုနေ ဟိုင်ရှင်းကို တကယ်ယူခဲ့လိုက်မယ်ဆို တစ်ခြားတိုင်းပြည်မှာသာ ကျုပ်သေသွားရင် သူ့အတွက် ဘယ်လိုလုပ် ကောင်းနိုင်မှာတုန်း။
“အေးပါ… ဒါပေမယ့် နင့်ကို အမြဲလွမ်းလို့ရအောင် ချစ်လက်ဆောင် တစ်ခုခုတော့ ပေးခဲ့မှရမယ်”
“ပြော.. ဘာပေးရမလဲ..”
“ဘာဖြစ်ဖြစ် ရတယ်..”
ကျုပ်လဲ ခနစဉ်းစားပြီး သိုလှောင်အိတ်ထဲကနေ အပြာရောင် မှော်သလင်းကျောက် ထုတ်လိုက်တယ်။
“ဒီလိုပဲ ဖြစ်ရမှာပေါ့..”
ပြီးတော့ မာခယ်ပေးထားတဲ့ ဓားမြှောင်လေးပါထုတ်ပြီး သလင်းကျောက်ကို ထုဆစ်လို့ရအောင် တိုက်ပွဲစိတ်ဝိညာဉ် သုံးလိုက်တယ်။ ကျုပ်လက်တွေ တော်တော်ကို ငြိမ်တာပဲဗျ။ အပြရောင်တောက်ပနေတဲ့ နှလုံးသားပုံစံလေးတစ်ခု တမဟုတ်ချင်း ပေါ်လာတာပေါ့။ သူ့လက်ထဲ မပေးခင်..
“နင်ကြိုက်လား..”
ဟိုင်ရှင်း ဂရုတစိုက်နဲ့ ကိုင်ပြီး အရမ်းပျော်နေတဲ့ပုံနဲ့..
“ငါ အရမ်းကြိုက်တာပဲ။ ဒီနှလုံးသားလေးကို မြင်နိုင် နောက်ဆို နင်ကို မြင်နေရသလို ခံစားရမှာ”
ပြောပြီးတာနဲ့ သူ့ကျုပ် ဘယ်ဘက်လက်ကို ကိုင်ပြီး ဘယ်အချိန်က ထုတ်လိုက်မှန်းမသိတဲ့ အစိမ်းရောင် လက်စွပ် တစ်ကွင်း ကျုပ် လက်ခလယ်မှာစွပ်ပေးလိုက်တယ်။ ပြီးတော့ ပြုံးပြုံးလေးနဲ့..
“ဒါလေး နင့်ကို ပေးလိုက်မယ်။ လက်သူကြွယ်ကိုတော့ အစ်မ မူကျီအတွက် ချန်ထားလိုက်မယ်နော်..”
ကျုပ်လဲ သူ့ကို နမ်းပြီး…
“ငတုံးမလေး။ နင် ငါပြန်အလာကို စောင့်နေရမယ်နော်။ နတ်ဆိုးမျိုးနွယ်တွေ အခြေအနေရော နင်သိလား”
“သူတို့တွေ အပြင်းအထန် တိုက်နေတာ မဟုတ်ဘူးလို့တော့ ငါကြားတယ်။ နှစ်ဖက်တပ်တွေ ထိပ်တိုက် ဆိုင်နေယုံပဲ ရှိသေးတာ။ ထိတွေမှု တော်တော် နည်းတယ်တဲ့။ အဲ့လို ပုံနဲ့သာဆို နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေ ကောင်းကောင်း လှုပ်ရှားခွင့် မသာသေးတဲ့သဘောပေါ့။ အေးအေး ဆေးဆေးသာနေပါ လျှပ်စီး ခံတပ်ရဲ့ လုံခြုံရေးက ဘာပြဿနာမှ မရှိလောက်ဘူး”
အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့တယ်။
“အဲဒါ အကောင်းဆုံးပဲ။ ထိပ်တိုက် တိုက်ပွဲတွေဖြစ်ရင် နှစ်ဖက်စလုံး ဒုက္ခရောက်ကြမှာ သေချာတယ်။ စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုကျိုးတွေ တကယ်ခံရတာက သာမန် ပြည်သူတွေပဲလေ”
ဟိုင်ရှင်းဆံနွယ်ရှည်ကြီးတွေကို ပွတ်ပေးရင်းနဲ့ ဆက်ပြီး…
“ကောင်းကောင်းလေ့ကျင့်လို့ရအောင် ကျောင်းမှာပဲ နေသင့်တယ်။ အားလုံး ပြီးပြီဆိုတာနဲ့ နင့်ကိုသေချာပေါက် လာတွေ့လှည့်မယ်။ အခုတော့ အခြေအနေတွေမကောင်းဘူးဆိုတော့ ငါအမြန်ဆုံး သွားမှရမယ်”
“ဟိုင်းရှင်း မျက်လုံးတွေ ရဲလာပြီး ကျုပ်ကို ကျစ်နေအောင် ဖက်ထားတယ်။
“မသွားစေချင်သေးဘူးဟာ။ ငါ အသင့်မဖြစ်သေးဘူး”
“ကောင်းကောင်းနေပြီး ကလေးဆန်မနေနဲ့တော့။ ငါပြန်မလာတော့မှာလဲ မဟုတ်ဘဲနဲ့။ ကျေးဇူးပြုပြီး ဆရာအိုကြီးတွေကို ကူညီပြီး စောင့်ရှောက်ပေးအုံးနော်။ သူတို့တွေ အသက်က ငယ်တော့တာမဟုတ်ဘူး။ ဘာမှ မဖြစ်တာ အကောင်းဆုံးပဲ။ ဧကရာဇ် ခယ်ကျာမှာ နည်းဗျူဟာနဲ့ ကျွမ်းကျင်သူတွေ ရှိပေမယ့် နင်ကျောင်းပြီးရင် တပ်ထဲမဝင်တာ အကောင်းဆုံးပဲ။ မာခယ့်ကိုတော့ သွားမပြောနဲ့နော်.. တော်ကြာ သူ့စိတ်ထဲ လွှမ်းမိုးသွားအုံးမယ်။ မာခယ်က ခန်းနားကြီးကျယ်တဲ့ စရိုက်နဲ့ နောက်ဆို ထီးနန်းအမွေရမှာဆိုတော့ စိတ်အေးရပါတယ်”
“နင် တကယ်ကြီး သွားတော့မျာလား”
“ရှို့တိက ငါ့မိတ်ဆွေတွေလဲ ဘယ်လိုများ နေကြလဲမသိဘူး။ နတ်ဆိုးတွေရဲ့ အဓိကနေရာ မသွားခင် သူတို့နဲ့ အရင်သွားတွေ့ရမယ်။ သူ ငါနဲ့အတူ ပြန်လိုက်လာဖို့ ဆန္ဒရှိပါစေလို့ပဲ မျှော်လင့်ရတာပေါ့”
“အစ်မ မူကျီ နင်နဲ့အတူ ပြန်လိုက်လာမှာပါ။ ဘာမှ စိတ်ပူမနေနဲ့။ နင်တို့နှစ်ယောက်ကို ငါစောင့်နေမယ်”
“ငါထွက်သွားတာနဲ့ မှော်ဝင်္ကပါကို ချက်ချင်း ဖျက်စီးပြီး ရှင်းပစ်လိုက်နော် ဘယ်သူမှ ရှာမတွေ့စေနဲ့။ မဟုတ်ရင် နင်တင်မကဘူး နင့်မိသားစုကိုပါ ထိခိုက်သွားလိမ့်မယ်။ မိသားစုကြီး (၃)ခုက ခယ်ကျာကို ပုန်ကန်ဖို့ မြို့စား ထီယိနဲ့ မဟာမိတ်ဖွဲ့ခဲ့တာဆိုတော့ ခယ်ကျာ့စိတ်ထဲမျာ အမုန်းတရားတွေ ပြည့်နေမှာ။ အခွင့်အရေးရရင် နင်တို့ကို ဒုက္ခပေးမျာ သေချာတယ်”
ကျုပ် ဟိုင်ရှင်းကို ဖက်ရင်းနဲ့ပဲ ဝင်္ကပါထဲ ဝင်လိုက်တယ်။ သူ့နှုတ်ခမ်းလေးကို စွဲစွဲမက်မက် နမ်းပြီးမှ အသာ တွန်းထုတ်ပေးလိုက်တယ်။ သူ့ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းတစ်ခု ဖုံးပေးလိုက်သေးတယ်။
“ဟိုင်ရှင်း… ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်။ ငါသွားတော့မယ်”
ပြောပြီးတာနဲ့ ဝင်္ကပါကို အသက်သွင်းလိုက်တယ်။ ကျုပ်သာ အဲလိုမလုပ်ရင် ဟိုင်ရှင်း သေချာပေါက် စိတ်ဆိုးမှာဗျ။ ဝေဒနာကို ကာလရှည်ခံစားစေမယ့်အစား ပျောက်အောင် ကုပေးလိုက်တာ အကောင်းဆုံး ထင်တာပဲလေ။
“အစ်ကိုကြီး ကျန်းကုန်း နင်ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်”
“စိတ်ချ…”
ကျုပ် သူ့ကို လက်ယမ်းနှုတ်ဆက်လိုက်တယ ်။ ရွှေရောင် အလင်းတန်းတွေ လက်ကနဲ ဖြစ်ပြီး ကျုပ်လဲ ဟိုင်ရှင်းအခန်းထဲကနေ ပျောက်သွားရော။
ကျုပ်ရဲ့ ဝင်္ကပါ အကြွင်းအကျန်တွေကို ဟိုင်ရှင်း ရှင်းလင်းနိုင်လိုက်ပေမယ့် သူ့နှလုံးသားကတော့ ကျုပ်နဲ့ ပါလာခဲ့တာ သေချာတယ်။
============= (*^*)=============
အပိုင်း( ၁၉၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား