← Chapters

ထူးဆန်းသောရွာ

Vol. 13 Ch. 191

ထူးဆန်းသောရွာ

Vol. 13 Ch. 191

Child of light (ကျန်းကုန်း)

Volume 8: Chapter 2 - Bizarre Village

“ဟုတ်ပြီ.. ငါသိပြီ။ ငါတို့သွားလိုက်မယ်.. ဒီမှာက သူစိမ်းတွေ တော်ယုံနဲ့ လက်မခံကြဘူး။ ငါတောင်းပန်ပါတယ်ကွာ။ မင်းကို ငါ့အကြီးအကဲနဲ့ တွေ့ဖို့ ခေါ်သွားရလိမ့်မယ်။

“ဒါ မျှော်လင့်ချက် ရှိသေးတာပဲလေ။ ဒါပေမယ့် ငါ့ကိုဘယ်လိုမြင်လဲ။ အရင်ဆုံးသန့်ရှင်းရေး လုပ်လုပ်ရမလား”

“ဟုတ်သားပဲ။ ရတယ် ရတယ်။ ငါ့နောက်လိုက်ခဲ့”

ပြောပြီးတာနဲ့ သစ်သားရေဇလုံကြီးကိုင်ပြီး ရွာဘေးက စမ်းချောင်းနေရာကို ခေါ်သွားတယ်။

စမ်းချောင်းရောက်တော့ သူ့ဘေးနားရပ်ပြီး ကိုယ်လက် သန့်ရှင်းရေးလုပ်ဖို့ ပြင်လိုက်တယ်။

“ငါတို့ရွာက စမ်းချောင်းထဲ ရေဆင်းချိုးခွင့် ပေးမထားဘူးကွ”

ပြီးတော့ သူကိုယ်တိုင်ပဲ ရေဖြည့်ပြီး ကျုပ်ကို ကမ်းပေးလာတယ်။

ကျုပ်လဲ ခပ်ရှက်ရှက်နဲ့ ပြုံးပြီး ကိုယ်လက် သန့်စင်လိုက်တယ်။ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူးဆိုတော့ သိုလှောင်အိတ်ထဲကနေ သာမန်အဝတ်အစား တစ်စုံ ထုတ်လိုက်တယ်။

ကျန့်ရှန် တအံ့တဩနဲ့…

“ဒီအဝတ်အစားတွေ ဘယ်ကရတာလဲ။ အစောက မင်းလက်ထဲမှာ ဘာမှ မမြင်ပါဘူး”

“ဒါ မှော်ပညာလေး တစ်မျိုးပါကွာ။ ကျေးဇူးပြုပြီး မေ့ထားပေးပါအုံး”

“ငါလဲ အရင်က မှော်ပညာဆိုတာ ကြားတော့ ကြားဖူးပါတယ်။ မှော်ပညာက တော်တော် ပျော်ဖို့ကောင်းမှာပဲနော်”

သူ့မှာလဲ ချာတိတ်တစ်ယောက်လို စိတ်နှလုံးရှိနေသေးတာပဲ။ အသစ်အဆန်း တစ်ခုခုကြားတာနဲ့ ထိန်းမနိုင် သိမ်းမရ သိချင်စိတ်ကြီးလာတာ သဘာဝပဲလေ။

“မှော်ပညာဆိုတာ ငါတို့ စိတ်ဆန္ဒတွေ ပြီးမြောက်အောင် သဘာဝတရားကြီးဆီကနေ စွမ်းအားတွေ ငှားသုံးတာပါပဲ။ မင်း သင်ချင်ရင် နောက်တော့ ငါသင်ပေးမယ်လေ”

“အဲဒါ အရမ်းကောင်းတယ်။ ဒီတော့ မင်းက မှော်ဆရာပေါ့”

အဝတ်အစား လဲပြီးသွားတဲ့ အချိန်မှာ ကျုပ်တစ်ကိုယ်လုံး ပြောမပြတတ်အောင်ကို လန်းဆန်းသွားတယ်။ စမ်းရေ အေးအေးတွေက ကျုပ်မှာ ပင်ပန်းနွမ်းနယ်နေသမျှ ပြေပျောက်စေတာပဲ။

“လူတိုင်းမှာ မင်းလို အဝတ်အစားတွေ ရှိရင်ကောင်းမှာပဲ။ အဝတ်လဲပြီးသွားတော့ မင်းကိုကြည့်ရတာ ပိုကောင်းသွားတယ်”

တစ်ယောက်ယောက်က ကျုပ်ကို ဒီလိုပြောတာ ဒါပထမဆုံးပဲ။ ကျုပ်လဲ ပြုံးယုံပဲ တတ်နိုင်တော့တယ်။

“ကဲ မင်းတို့ အကြီးအကဲတွေနဲ့ တွေ့ရမယ်ဆို။ သွားရအောင်လေ”

ကျုပ်တို့ လမ်းလျှောက်ရင်းနဲ့..

“ရွာမှာ အကြီးအကဲ ဘယ်နှစ်ယောက်ရှိတာလဲ”

“(၅)ယောက်ရှိတယ်။ သူတို့က ရွာရဲ့ ထိပ်သီး ကျွမ်းကျင်သူတွေဖြစ်တဲ့အပြင် ဗဟုသုတလဲ ရှိတယ်။ ရွာမှာ ပြဿနာ ကြီးကြီးမားမားဖြစ်တိုင်း သူတို့တွေပဲ ဆုံးဖြတ်ပေးတာပဲ”

“ဒီနေရာမှာ မင်းတို့တွေ ဘယ်လိုများ နေနိုင်ကြတာလဲ။ ဒီနေရာက တော်တော် ခေါင်တယ်နော်”

ကျုပ်မေးခွန်းကြားတော့ ကျန့်ရှန် သတိထားတဲ့ ပုံဖြစ်သွားပြီး..

“ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ။ ငါမသိဘူး။ အဲဒါ အကြီးအကဲတွေကို မေးကြည့်”

အဲ့အချိန် ကျုပ်တို့တွေ ရွာလည်က ပျဉ်ထောင်အိမ်ကြီး တစ်လုံးဆီ ဦးတည်နေပြီ။

“လာ အထဲဝင်ရအောင်။ ဒါ အကြီးအကဲတွေ တိုင်ပင်နေကျ နေရာ”

သူပဲ ရှေ့က ဦးဆောင်သွားတယ်။ ပျဉ်ထောင်အိမ်ကြီးထဲ ရောက်တော့ အထဲမှာ အဘိုးကြီး (၂)ယောက် ရောက်နေပြီ။ သူတို့ ဝတ်စားထားတာတွေကတော့ ပုံမှန်ပါပဲ။ မျက်နှာပေါ်က အရေးအကြောင်းတွေ ကြည့်ရတာ အသက်(၈၀)လောက်တော့ ရှိမယ်ထင်တယ်။

ဘယ်ဘက်က အဘိုးကြီက..

“ကျန့်ရှန်… မင်း လူစိမ်းတစ်ယောက် ခေါ်လာတယ်လို့ကြားတယ်။ အဲ့ဒါ သူလား..”

ကျုပ် အလျင်စလိုနဲ့ ဂါရဝ ပြုလိုက်ပြီး..

“အကြီးအကဲ (၂)ယောက်ကို နှုတ်ဆက်ပါတယ်။ ဒီမှာ ရက်နည်းနည်းလောက် တည်းခိုခွင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျုပ် ခန္ဓာကိုယ် ပြန်ကောင်းလာတာနဲ့ ချက်ချင်း ထွက်သွားမှာပါ။ အဲဒီအတွက်လဲ လုံလောက်တဲ့ အဖိုးအခ ပေးဖို့ ဆန္ဒရှိပါတယ်”

“ငါတို့တွေ ကိုယ်ဟာကိုယ် ရှာစားနိုင်နေတာပဲ ဘာလို့ ငွေကြေးလိုမှာတုန်း”

အကြီးအကဲ့ရဲ့ စကားတွေ တော်တော် ပြတ်သားတာပဲ။ ပြီးတော့ ကျန့်ရှန်ကို စိုက်ကြည့်လိုက်သေးတယ်။

“အဘိုး(၃) သူ့ကို နေခွင့်ပေးလိုက်ပါ။ သူက မဆိုးဘူးနော်။ မှော်ပညာလဲ တတ်တယ်”

တတိယ အကြီးအကဲ ဆိုတဲ့ အဘိုးကြီးက..

“မင်းက ငယ်သေးတော့ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိမှန်း မသိနိုင်ဘူးလေ။ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးလေး ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးကွ။ မင်း (၂)ရက် နေခွင့်ရမယ်။ ကျန့်ရှန် နေရာမှာပဲ ခန နေလိုက်ပေါ့။ ဒါပေမယ့် ရွာကို ထိခိုက်စေမယ့် တစ်ခုခုလုပ်ရင်တော့ ငါတို့တွေ ခွင့်လွှတ်မှာမဟုတ်ဘူးနော်”

စကားဆုံးတော့ သူ့မျက်လုံးထဲမှာ အရောင်တွေ တောက်လာတယ်။

အဲ့အဘိုးကြီးမှာ ဒီလိုတောက်ပလွန်းတဲ့ မျက်လုံးတွေ ရှိနေတာပဲ။ တကယ်လို့ ကျန့်ဟူသာ ဒီမှာရှိခဲ့ရင် အဲ့အဘိုးကြီးရဲ့ တိုက်ပွဲစိတ်ဝိညာဉ်က အထွတ်အထိပ်ရောက်နေပြီဆိုတာ သိမှာသေချာတယ်။ သေချာတာတော့ အဲ့အဘိုးကြီး ဓားသူတော်စင် အဆင့်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကို ပေးနေတဲ့ ဖိအားတွေကနေ တော်တော်ကြီး အစွမ်းထက်တယ်ဆိုတာ ခံစားနေရတယ်။ ဒီရွာမှာ ဘာလို့များ ဒီလောက် စွမ်းအားကြီးတဲ့သူ ရှိနေပါလိမ့်။

မေ့ထားတာ ကောင်းပါတယ်။ ကျုပ်နဲ့မှ မဆိုင်တာကို။ ကျုပ် အနားယူပြီးတာနဲ့ ဒီရွာက ထွက်သွားမှာပဲကို။ ရွာနဲ့ သွားပတ်သက်မိရင်လဲ ဘာအကျိုးရှိမှာကျလို့။

ကျန့်ရှန်အိမ်ကို လိုက်သွားတော့ အဲ့မှာ သူတစ်ယောက်ထဲနေတာဗျ။ သူ့မိဘတွေ ဘာဖြစ်သွားတယ်လဲ မမေးရဲဘူး။ သူပေးတာပဲ စားသောက်ပြီး အိပ်ဖို့ နေရာရှာလိုက်တော့တယ်။

နောက်နေ့ မနက်ကျ ဝါးအိမ်လေးထဲက ထွက်လာတော့ ကျန့်ရှန် ဓားသိုင်း လေ့ကျင့်နေလေရဲ့။ အဲ့ကောင် ရွှေရောင် တိုက်ပွဲစိတ်ဝိညာဉ် လွှတ်ထုတ်နေတာပဲ။ ဒါ တိုက်ပွဲနတ်ဘုရားစိတ်ဝိညာဉ်နဲ့ ကောင်းကင် သူရဲကောင်းအဆင့် လက္ခဏာတွေပဲ။ အေးကကြည့်နေတဲ့ ရှန့်တုန်ကို အသာဆွဲပြီး..

“ကျန့်ရှန်ရဲ့ သိုင်းအစွမ်း တကယ်ကောင်းတာပဲ”

“ဒါပေါ့။ တစ်ကိုကြီး ကျန့်ရှန်ရဲ့ အစွမ်းက ကျုပ်တို့ မျိုးဆက်သစ်တွေထဲမှာ အကောင်းဆုံးပဲ။ ငါတို့ သိထားရမှာက……..”

သူ့စကားတွေကို ရွှေရောင် အလင်းတန်းတစ်ခုက လှမ်းပိတ်လိုက်တာဗျ။ ရွှေရောင်အလင်းတန်းကို တားဖို့ အကာအကယ်စည်းတစ်ခု ချက်ချင်းချလိုက်တယ်။ အဲ့ရွှေရောင်အလင်းတန်းက ကျန့်ရှန် တိုက်ကွက်ကနေ ထွက်လာတာလေ။ ဒီကောင် သူ့တိုက်ကွက်ကို ပြန်ရုတ်မလို့လုပ်တုန်း ကျုပ်က အကာအကွယ်စည်း ချတာမြင်တော့ စမ်းသပ်ချင်လာတယ်ထင်တယ်။ ဒီတော့ ပြန်ရုတ်မယ့်အနေအထားကနေ ချက်ချင်းကို ရှေ့ဆက်တိုးလာတယ်။ ရွှေရောင်အလင်းတန်းနဲ့ ကျုပ်ရဲ့ အကာအကွယ်စည်း ထိပ်တိုက် တွေ့တော့တာပေါ့ဗျာ။

“ဝုန်း….”

ကျုပ်လဲ စွမ်းအားပေါက်ကွဲတဲ့ နေရာကနေ ရုန်းထွက်လာခဲ့လိုက်ရတယ်။

ကျန့်ရှန် ပြေးလာပြီး..

“တောင်းပန်ပါတယ် အစ်ကိုကြီးကျန်းကုန်း။ မင်းထိခိုက်သွားသေးလား”

အရင်က ကျုပ် ဒီလောက်မဖြစ်ခဲ့ဖူးပါဘူး။

“ငါအဆင်ပြေတယ်။ ငါအဆင်ပြေတယ်”

ကျုပ် ကြိုတင်ပြင်ဆင်မထားပေမယ့် ကျန့်ရှန် အစွမ်းက ကျုပ်ကို တော်တော် အံ့ဩ စေနိုင်ခဲ့တာပဲ။ အစ်ကိုကြီး ကျန့်ဟူလောက်ထိအောင် ဒီကောင့် တိုက်ပွဲစိတ်ဝိညာဉ် ပြင်ထန်အားကောင်းလိမ့်မယ်လို့ ထင်ကိုမထားမိဘူး။ ကျုပ်တို့တွေ တကယ်ကြီး တိုက်မယ်ဆိုရင်တောင် ကျုပ်အနေနဲ့ တော်တော် ကြိုးစားရမယ်ထင်တယ်။

“မင်း မထိခိုက်ရင် အဆင်ပြေတယ်။ ရှန့်တုန်… ကောင်လေး။ နောက်တခါ စကားပြောရင်း မင်းပါးစပ် သေချာ ထိန်းထားနော်..”

ရှန့်တုန် လျှာတစ်လစ်ထုတ်ရင်း လန့်ပြီး ထွက်ပြေးပါလေရော။

“အစ်ကိုကြီး ကျန်းကုန်း မင်းပျင်းရင် ရွာထဲ လှည့်ပတ်ကြည့်ချင် ကြည့်လေ။ ရေတံခွန် တားမြစ်နေရာကလွဲရင် ဘယ်နေရာမဆို သွားလို့ရတယ်”

ရွာဘေးက စမ်းချောင်းလေးနားမှာ ရပ်ပြီး လှိုင်းလေးတွေ ခံစားရင်း စိတ်အရမ်းပင်ပန်းလာသလိုလို တစ်ခုခု မူမမှန်သလို ခံစားလိုက်ရတယ်။ ဒီလို မဖြစ်သင့်ဘူးဆိုတော့ တုန်တောင်သွားမိတယ်။ လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားတွေကို လေ့ကျင့်တဲ့ နည်းလမ်းအနေနဲ့ မှော်ပညာကို စသင်ပါပြီဆိုကတည်းက တစ်ခါမှကို မဖြစ်ဖူးသေးတာ။ ဘာလို့ ပင်ပန်းနွမ်းနယ် နေရတာတုန်း။ ကြည့်ရတာ ဒီအတွေ့အကြုံက ကျုပ်ခန္ဓာကိုယ်ကို နည်းနည်း လှုံ့ဆော်ပေးနိုင်တယ်ထင်တယ်။ တကယ်လို့ ကျုပ်သာ ဂရုမစိုက်မိဘဲ ဆက်နေမယ်ဆိုရင် ကျုပ်ခန္ဓာကိုယ် အထွတ်အထိတ်အခြေအနေ ပြန်ကောင်းလာရင် တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအား သိသိသာသာ လျော့သွားမှာ အမှန်ပဲ။

============= (*^*)=============

အပိုင်း( ၁၉၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters