ဓားသူတော်စင်ရဲ့ သန့်ရှင်းသောဓား
Vol. 13 Ch. 194
Child of light (ကျန်းကုန်း)
Volume 8: Chapter 5 - The Sword Saint’s Holy Sword
“ခင်ဗျားသိုင်းပညာစွမ်းအားက နည်းစနစ်တွေအပေါ် အခြေခံထားတာလား”
“တစ်ချက်လှုပ် အကျိုးဆယ်ခါရောက် ဆိုတာ ကြားဖူးလား။ ငါတို့အနေအထားမှာ နည်းစနစ်တွေဆိုတာ မလိုတော့ဘူး။ ထပ်လာပြီ..”
စကားပြောပြီးတာနဲ့ ရွှေရောင်တိုက်ပွဲစိတ်ဝိညာဉ်တွေ ဆက်တိုက်ထုတ်လွှင့်ရင်း အလင်းပိုက်ကွန်တစ်ခုနဲ့ ကျုပ်ကို လှမ်းပစ်လိုက်တယ်။
ကျုပ်သာ နတ်ဘုရားသွေးကြော စုပ်ယူမထားမိရင် သူ့ပြိုင်ဖက် မဖြစ်နိုင်လောက်ဘူး။ ဒီလောက် တောကြိုချောင်ကြားမှာ အနှိုင်းမဲ့ ကျွမ်းကျင်သူတွေ (၅)ယောက်ကြီးတောင်။ ယုံကို မယုံနိုင်အောင်ပဲ။
“အိုအလင်းရောင်ခြည်၊ မိတ်ဆွေတို့ရေ..”
မန္တန်ရွတ်ပြီး သူ့တိုက်ကွက်ကို တန်ပြန်တိုက်ခိုက်ဖို့ တောက်ပခြင်း အလင်းကြယ်များကို သုံးမလို စိတ်ကူးလိုက်တာ။ စရွတ်ယုံရှိသေး ကျုပ်ရှေ့မှာ အလင်းကြယ်တွေ အများကြီးရောက်နေပြီ။ လူကို ပျော်သွားတာပဲ။ အဆင့်မြင့် အလင်းမန္တန်တွေတောင် ရွတ်စရာမလိုတော့ဘူးဆိုတဲ့ သဘော။ ဝါး.. ရှယ်ပဲ၊ ရှယ်ပဲ။
ကျုပ်ရဲ့ အလင်းကြယ်တွေကို အလင်းပိုက်ကွန်နဲ့ ထိပ်တိုက်တွေ့ဖို့ အမိန့်ပေးလိုက်တယ်။ အလင်းကြယ်တိုင်းက အလင်းပိုက်ကွန်ရဲ့ အချိတ်အဆက်နေရာတိုင်းကို တိုက်ခိုက်တာလေ။ လေထုထဲမှာ အားကောင်းတဲ့ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့တော့ နယ်မြေတခွင်လုံး အလင်းတန်းတွေနဲ့ ဖုံးသွားရော။
တတိယအကြီးအကဲ ကျုပ်ကို အံ့ဩတကြီးနဲ့ ကြည့်လာတယ်။ သူ့တိုက်ကွက်ကို တန်ပြန်နိုင်တဲ့ ကျုပ်အစွမ်းတွေ သူလန့်သွားတာပဲ။
“ခင်ဗျားဒီလောက် လန့်စရာမလိုပါဘူး။ ကျုပ်တို့နိုင်ငံမှာ ကျုပ် မှော်ပညာအဆင့်က ပထမ မဟုတ်ရင်တာင် ဒုတိယ အဆင့်လောက်ရှိတယ်”
“မင်းက လူကောင်းလေးတစ်ယောက်ပါ။ မင်းကို တွန်းအား မပေးချင်ဘူး။ ဒါကြောင့် ငါတို့ရဲ့ အကောင်းဆုံး တိုက်ကွက်နဲ့ ကြိုးစားလိုက်ရအောင်”
သူ့တစ်ကိုယ်လုံးက အဝတ်အစားတွေ လေမတိုက်ဘဲ လွင့်ပျံနေပြီ။ သူ့ပတ်ပတ်လည်မှာလဲ တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ ပြင်းပြင်းထန်ထန် ပေါ်လာတယ်။ သူ့ကို ဗဟိုထားပြီး ဧရာမ လေဆင်နှာမောင်းကြီး တစ်ခု ဖြစ်လာတယ်။ ထူးခြားတာတစ်ခုက ရွှေရောင်တွေကြားထဲမှာ အပြာရောင်အလင်းတန်းတွေ ရှိနေတာပဲ။ ဒါ ဒဏ္ဍာရီလာ သန့်ရှင်းသောအလင်းတွေများ ဖြစ်မလား။ ဒါပေမယ့် တိုက်ပွဲနတ်ဘုရားတစ်ယောက်ပဲ ဒီလို တိုက်ပွဲစိတ်ဝိညာဉ်လွှင့်ထုတ်နိုင်တာလေ။ ကျုပ်သိသလောက်ဆို လွန်ခဲ့တဲ့ ထောင်စုနှစ်တွေအတွင်းမှာကို ကမ္ဘာပေါ်မှာ တိုက်ပွဲနတ်ဘုရားတွေ မပေါ်ဖူးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ခဲ့ဖူးသေးဘူးမို့လား။ ကျုပ် ဒီနေ့ ကံမကောင်းပါလား။ သန့်ရှင်းသောအလင်းရဲ့ စွမ်းအားက မှော်ပညာရပ်ပိုင်းမှာဆို တားမြစ်မန္တန်ထက် မလျော့လောက်ဘူး။
ကျုပ်လဲ သူနဲ့ ထိပ်တိုက် ရင်မဆိုရဲ့တော့အတူတူ ခန္ဓာကိုယ်ထဲက သန့်ရှင်းသောဓားကိုပဲ အသက်သွင်းရ တော့တယ်။
“နတ်ဘုရားဘုရင် အပ်နှင်းတဲ့ ငါ့ရဲ့ သန့်ရှင်းသောဓား၊ ထက်ဝဠာတိုင် တောက်ပလိမ့်မယ် ”
သန့်ရှင်းသောဓားကို ထိန်းချုပ်နိုင်တာက ရာခိုင်နှုန်းနည်းနည်း ဆိုပေမယ့်လဲ နတ်ဘုရားဘုရင် ကျုပ်ကိုပေးထားတဲ့ မန္တန်ကိုသုံးနိုင်တဲ့အထိ စွမ်းအားတွေ ထုတ်ပေးနိုင်တယ်လေ။ မန္တန်ရဲ့စွမ်းက တားမြစ်မန္တန်နဲ့ တူတယ်ဆိုတာ ကျုပ်မသိလိုက်ဘူး။
ဒီအချိန်မှာပဲ တတိယအကြီးအကဲရဲ့ အကောင်းဆုံးတိုက်ကွက်လဲ ပြီးနေပြီ။
“ပြီးပြီ.. သွားစမ်း.. သန့်ရှင်သောအလင်းလေဆင်နှာမောင်း”
ကြီးမာလွန်းလှတဲ့ ဧရာမ ရွှေရောင်လေဆင်နှာမောင်းကြီး ကျုပ်ဆီ ဦးတည်လာနေပြီ။
မန္တန်ရွတ်ပြီးတဲ့အချိန် ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအားတွေ ကျုပ်ရင်ဘတ်က သန့်ရှင်းသောဓားမှာ စုနေတာ ခံစားလိုက်ရတယ်။ ငွေရောင်ဓားတစ်စင် ကျုပ်ခန္ဓာကိုယ်ထဲကထွက်လာပြီး ကျုပ်ရှေ့မှာ ပေါ်လာတယ်။
“တိုက်စမ်း..”
သန့်ရှင်းသောဓားရဲ့ စွမ်းအားကြီး တတိယအကြီးအကဲရဲ့ သန့်ရှင်သောအလင်းလေဆင်နှာမောင်းဆီ တည့်တည့် ဝင်သွားတယ်။
“မကောင်းတော့ဘူး။ ဒါသန့်ရှင်းသောဓားဟ”
မြင့်မြတ်အကြီးအကဲ ကျုပ်တိုက်ကွက်ကို ခုခံဖို့ ကျန်တဲ့ (၃)ယောက်နဲ့အတူ အစွမ်းကုန် လှုပ်ရှားလိုက်ကြတယ်။
သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေက အဘိုးကြီး(၅)ယောက်ရဲ့ တိုက်ကွက်တွေနဲ့ ချက်ချင်းထိပ်တိုက်တွေ့ပြီး ရပ်သွားသလိုပဲ။ ကျုပ်လဲ မြင်နေရတဲ့ မြင်ကွင်းကို အံ့ဩတကြီး ကြည့်နေမိလိုက်တယ်။
မြင့်မြတ်အကြီးအကဲက လျှပ်စီးလက်သလို ကျုပ်ရှေ့ရောက်လာတယ်။ ကျုပ်မှာလဲ ပြန်တိုက်ဖို့ ခွန်အားမရှိတော့ဘူး။
“အားလုံး ကာကွယ်ရေးမန္တန်တွေ အစွမ်းကုန်သုံးကြစမ်း”
သူပြောသလိုပဲ သူတို့ရော ကျုပ်ရော ကာကွယ်ဖို့အတွက် တိုက်ပွဲစိတ်ဝိညာဉ်တွေ အပြင်းအထန်သုံးလိုက်တယ်။
အဲ့အချိန် လေထုထဲမှာ စွမ်းအားတွေ ပေါင်းစည်းသွားသလိုပဲ။ ကျုပ်ရှေ့မှာမြင်ရတာက လုံးဝကို ဖြူဝင်းနေတာ။ စွမ်းအားကြီးလွန်းလှတဲ့ အင်အားကြိးတစ်ခု အဘိုးကြီး(၅)ယောက်နဲ့ ကျုပ်ကို တားမြစ်နယ်မြေအပြင်ထိ တွန်းထုတ်လိုက်သလိုပဲ။
“ဝုန်း.. ဝုန်း..အုန်း..”
တားမြစ်နယ်နိမိတ် ပျက်စီးသွားတယ်။ ကျယ်လောင်လွန်းတဲ့ ပေါက်ကွဲသံတွေကြောင့် ကျုပ်လဲ ခဏလေး အကြားအာရုံပျောက်သွားရော။
အာရုံတွေလဲ ပြန်ရရော အရာအားလုံး ပြောင်းလဲသွားတာ သိလိုက်ရတယ်။ ကြမ်းချက်ဗျာ။
ရေတံခွန်ရဲ့အရင်းအမြစ် ချောက်ကမ်းပါးကြီးလဲ ပျောက်သွားပြီ။ ရေကန်ငယ်လေးကလဲ (၃)ဆလောက်ကြီးလာတယ်။ အနီးပတ်ဝန်းကျင်က ရွာလဲ မွစာကျဲသွားတယ်။ အဘိုးကြီး(၅)ယောက် ကျုပ်ကို အလယ်မှာထားပြီး အကာအကွယ်ပေးထားကြတယ်။ သူတို့ နှုတ်ခမ်းတွေမှာလဲ သွေးစတွေနဲ့။ သူတို့(၅)ယောက် စလုံးရဲ့ အဝတ်အစားတွေဆိုလဲ စုတ်ပြတ်သတ်နေရော။ အထူးသဖြင့် တတိယအကြီးအကဲပေါ့ဗျာ။ တော်တော်ကို စုတ်ပြတ်သွားတာပဲ။ ခေါင်းက ဆံပင်တစ်ဝက်လောက်နဲ့ မုတ်ဆိတ်မွှေးတွေတောင် မီးလောင်ခံလိုက်ရတယ်။
ကျုပ်ခန္ဓာကိုယ်ကို အမြန်ဆုံး စစ်ဆေးကြည့်လိုက်တယ်။ ကံကောင်းလို့ ဘာချို့ယွင့်ချက်မှ မဖြစ်လိုက်ဘူး။ စွမ်းအား ကြီးကြီးမားမား ကုန်သွားတာကလဲ အချိန်ပေးလိုက်ရင် ပြန်ရမှာဆိုတော့ အေးဆေးပဲလေ။ ပေါက်ကွဲမှုကို တားဖို့အတွက် အဲ့အဘိုးကြီး(၅)ယောက် ကူညီလိုက်တာလား။ သူတို့တွေ ကျုပ်အပေါ် ဘာလို့ ကောင်းနေရတာပါလိမ့်။
မြင့်မြတ်အကြီးအကဲက..
“အားလုံး အဆင်ပြေကြရဲ့လား”
ကျန့်ရှန်က..
“မြင့်မြတ်ဘိုးဘေးတို့တွေ နွေဦးကောင်းကင်ကို တိုက်ခိုက်ဖို့လုပ်တာ ကံကောင်းသွားတယ်။ အားလုံး တုန်ခါမှုကြောင့် ဒဏ်ရာ နည်းနည်းလောက်ရတာက လွဲလို့ အကုန်အဆင်ပြေပါတယ်။ နွေဦးကောင်းကင် ကတော့..”
မြင့်မြတ်အကြီးအကဲက စကားဖြတ်ပြီး..
“ကောင်းပြီ။ မင်းဘာမှ ထပ်ပြောစရာမလိုတော့ဘူး။ ရွာကို ပြန်ကြတာပေါ့။ မင်းသူ့ကို ခေါ်လာဖို့ မမေ့နဲ့”
ပြောပြီးတာနဲ့ ရွှေရောင်အလင်းတန်းတစ်ခု ကျုပ်ဆီရောက်လာတယ်။ သူ့တိုက်ကွက်ကို ခုခံရအောင်လဲ ကျုပ်မှာ ခွန်အားမရှိတော့ဘူး။ ကျုပ်ခန္ဓာကိုယ် ပျော့ခွေပြီး မေ့လဲသွားရော။
သတိပြန်ရလာတော့ ပတ်ပတ်လည်မှာ လူတွေနဲ့။ မျက်လုံးမဖွင့်သေးဘဲ ခန္ဓာကိုယ်ကို အရင် စစ်ဆေးကြည့် လိုက်တယ်။ ရွှေအမြူတေ(၃)ခုက ထုံးစံအတိုင်း လည်နေလေရဲ့။ ကျုပ်မှော်စွမ်းအားတွေလဲ ရေတံခွန်ထဲမှာ ရှိနေတုန်းက အတိုင်းပဲ။ ငွေရောင်သန့်ရှင်းသောဓားက ကျုပ်ရင်ဘတ်ထဲမှာ ငြိမ်နေတယ်။ ဒီအခြေအနေက ကျုပ်ကို တော်တော်ကြီး တုန်လှုပ်သွားစေမိတယ်။ သူတို့တွေ ကျုပ်ကို ချိတ်ပိတ်မထားဘူးပဲ။ ကျုပ်လွတ်သွားမှာ မကြောက်လို့တော့ မဟုတ်လောက်ပါဘူးနော်။
အဲ့အချိန် ဂရုဏာသံတစ်ခု ထွက်လာတယ်..
“မင်းသတိရလာပြီလား နတ်ဘုရားအမွေခံလေး”
ကျုပ် လန့်ဖြတ်ပြီး မျက်လုံးဖွင့်ကြည့်တော့ အဘိုးကြီး (၅)ယောက် ကျုပ်ရှေ့မှာ ထိုင်နေကြတာ။
“နတ်ဘုရားအမွေခံဆိုတာ ဘာလဲဗျ”
“မင်းသာ နတ်ဘုရားဘုရင်ရဲ့ အသိမှတ်ပြုမခံရရင် ဒီသန့်ရှင်းသောဓားကို ဘယ်လိုလုပ် သုံးနိုင်မှာတဲ့လဲ”
“ခင်ဗျားတို့ နွေဦးကောင်းကင်ကို ဖျက်စီးမိလိုက်တဲ့အတွက် ကျုပ်တောင်းပန်ပါတယ်။ ကျုပ်.. ကျုပ်…”
“အဲဒါ အရေးမကြီးတော့ဘူး။ နတ်ဘုရားဘုရင်ရဲ့ အသိအမှတ်ပြုခြင်းကို ဘယ်လိုလက်ခံခဲ့ရတယ်ဆိုတာ ပြောပြနိုင်မလား”
သူတို့ကို အမှန်အတိုင်းပြောမှ ဖြစ်မယ်ဆိုတာ ကျုပ်အလိုလိုသိနေတယ်။ ဒီတော့လဲ နတ်ဘုရားဘုရင်နဲ့ ဖြစ်ပျက်ခဲ့သမျှတွေ ပြန်ပြောပြလိုက်တယ်။ အကြီးအကဲတွေ ဂရုတစိုက်နားထောင်ပြီး တခါတရံ အံ့ဩနေကြလေရဲ့။
ကျုပ်ပြောသမျှ နားလဲထောင်ပြီးရော အဘိုးကြီးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရုတ်တရက် ထပြီး ကျုပ်ရှေ့ ပြိုင်တူ ဒူးထောက်လိုက်ကြပါလေရော။
============= (*^*)=============
အပိုင်း( ၁၉၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား