နတ်ဘုရားကျေးရွာ
Vol. 13 Ch. 195
Child of light (ကျန်းကုန်း)
Volume 8: Chapter 6 - God’s Village
ကျုပ် ကုတင်ပေါ်က ခုန်ဆင်းပြီး..
“ခင်ဗျားတို့တွေ ဘာလုပ်တာလဲ.. အမြန်ထကြပါ”
“ကျုပ်တို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
“အစကတည်းက ကျုပ်ကများတာလေ။ ခင်ဗျားတို့ကို ဘာလို့ အပြစ်တင်ရမှာတုန်း”
ပြောရင်းနဲ့ သူတို့ကို စွတ်ဆွဲထူပေးလိုက်ရသေးတယ်။
“ကျုပ်တို့ နတ်ဘုရားကျေးရွာက မျိုးဆက်တွေ မရေတွက်နိုင်တဲ့အထိ နှစ်ပေါင်းများစွာစောင့်ခဲ့ရတာ နောက်ဆုံးတော့ ကျုပ်တို့တွေ မင်းနဲ့ ဆုံနိုင်ခဲ့ပြီပေါ့”
“နတ်ဘုရားကျေးရွာလား။ အဲဒါ ဘာလဲဗျ”
“နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ စစ်ပွဲကြီးမှာ နတ်ဘုရားတွေကိုလဲ အကျိုးဆက်ပြင်းပြင်း ထိသွားတယ် ပြောတယ်မို့လား။ နောက်နောင် ဖြစ်လာမယ့် ကပ်ဘေးမှာ ကောင်းကောင်း ရင်ဆိုင်နိုင်အောင် လက်ကျန် နတ်ဘုရားမျိုးနွယ်ဝင်တွေ စမ်းချောင်းတစ်ခုတွေ့သွားပြီး သူတို့စွမ်းအားတွေ အဲ့အထဲကို ထည့်လိုက်ကြတယ်။ ပြီးတော့ စမ်းချောင်းဘေးမှာ ရွာလေးတစ်ရွာတည်ပြီး မင်းကိုစောင့်ဖို့ အမိန့်ပေးထားတာ။ အဲဒါ ဒီရွာလေးပေါ့။ နွေဦးကောင်းကင်ကလဲ အဲ့တုန်းက လက်ကျန်နတ်ဘုရားတွေ ချန်ထားခဲ့တာလေ”
ဒီလိုကိုး။
“ခင်ဗျားတို့ရွာကို နတ်ဘုရားက ဘယ်လိုအမိန်မျိုး ပေးထားတာလဲ”
“နတ်ဘုရားမျိုးနွယ်စုက ကျုပ်တို့ကို နောက်နောင် သူတို့နဲ့ တွေ့ချင်ရင် နတ်ဘုရားဘုရင်ရဲ့ အမွေခံကို ကျုပ်တို့ အစွမ်းရှိသမျှ ကူညီပံ့ပိုးပေးရမယ်တဲ့”
“ဒါ.. ဒါ ဆို… ခင်ဗျားတို့တွေ မိစ္ဆာဘုရင်(မွန်းစတားဘုရင်)နဲ့ တိုက်ပွဲမှာ ကျုပ်ကို အကူအညီပေးကြမှာလား”
(#ဘာသာပြန်ဆိုသူမှတ်ချက်။ မွန်းစတားဘုရင် အသုံးအနှုံးအတွက် စကားလုံးစဉ်းစားရင်း ဒီလောက်ထိ ပါလာတာပါ။ ဒီနေရာကစပြီး မိစ္ဆာဘုရင် ဆိုတဲ့ အသုံးအနှုံးပဲ သုံးပါတော့မယ်)
“ဒါပေါ့။ မင်းက နတ်ဘုရားအမွေခံ မဟုတ်ရင်တောင် ငါတို့က ရှိသမျှအရာအားလုံးရင်းပြီး အယုတ်တမာတွေ ရန်ကနေ ကမ္ဘာကြီးကို ကာကွယ်နေကြတာပဲကို။ နတ်ဘုရားဘုရင်က မင်းကို အမွေ့ခံအဖြစ် လက်ခံထးတာဆိုတော့ ငါတို့ ဘိုးဘေးတွေရဲ့ အမိန့်အတိုင်း မိစ္ဆာတွေ တိုက်ထုတ်တဲ့ တာဝန်ကို ပြီးမြောက်အောင် အစွမ်းကုန် ကြိုးစားကြမှာပဲ”
ကျုပ်လဲ စိတ်တွေ လှုပ်ရှားပြီး..
“အရမ်းကောင်းတာပဲ။ ခင်ဗျားတို့ အကူအညီနဲ့ဆို အောင်မြင်ဖို့ အခွင့်အလမ်း ပိုများသွားပြီး။ အကြီးအကဲတို့ထဲက တစ်ယောက်တောင် ကမ္ဘာကြီးကို လှုပ်သွားနိုင်တဲ့ ကျွမ်းကျင်သူတွေလေ။ နောက်ပြီး ခင်ဗျားတို့မှာ (၅)ယောက်တောင်ပဲ”
“ဒီကမ္ဘာပေါ်က စစ်သည်တော် အဆင့်သတ်မှတ်ချက်တွေအတိုင်းဆိုရင် ကျုပ်တို့က ဓားသူတော်စင် အဆင့်ရှိလောက်တယ်။ အခု မင်းအစီအစဉ်ကရော ဘယ်လိုလဲ”
“ကျုပ်သူငယ်ချင်းတွေရှာဖို့ ရှို့တိနိုင်ငံကို သွားဖို့ပြင်နေတာ။ အဲ့မှာသွားပြီး အင်အားစုရအုံးမယ်။ သိပ်မကြာခင် မိစ္ဆာဘုရင်နဲ့ ရင်ဆိုင်ဖို့အတွက် ကျုပ်ဘက်က အင်အားတွေ တဖြည်းဖြည်းတိုးနိုင်အောင် စဉ်းစားနေတာ။ ကျုပ်သွားတွေမယ့် မိတ်ဆွေတွေကလဲ နတ်ဘုရား အမွေခံတွေပဲ”
“ဘယ်လို… မင်းပြောလိုက်တာက… သူတို့လဲ မင်းနဲ့အတူ နတ်ဘုရားဘုရင်နဲ့ တွေ့ဖူးကြတယ်ပေါ့”
“ဟုတ်တယ်။ သူတို့က စစ်နတ်ဘုရားချပ်ဝတ်၊ ကောင်းကင်နတ်ဘုရား ဦးချို၊ ကျောက်တုံးနတ်ဘုရားရဲ့ တူ၊ အလင်းနတ်ဘုရားရဲ့ ဒိုင်းကာ၊ လေနတ်ဘုရားရဲ့ လေးနဲ့ ကျုပ်ရဲ့ သန့်ရှင်းသောအလင်းဓား ပေါ့။ ဒီတော့ ကျုပ်တို့မှာ နတ်ဘုရား အမွေခံလက်နက် (၆)ခုတောင်ရှိတယ်”
မြင့်မြတ်အကြီးအကဲ ဝမ်းသာအားရနဲ့..
“ကောင်းလိုက်တာ… ဒီတစ်ခါ သိုင်းပညာကျွမ်းကျင်သူတွေကို ငါတို့နဲ့ အတူခေါ်သွားမယ်။ စွမ်းအားတွေ အားလုံး စုစည်းလိုက်ရင် ငါတို့အတွက် ပိုအဆင်ပြေတဲ့အပြင် ခွန်အားလဲ ပိုတိုးလာလိမ့်မယ်”
“ကျုပ်လဲ အဲလိုပဲတွေးထားတာဗျ။ ဘယ်အချိန် စထွက်ကြမလဲ”
မြင့်မြတ် အကြီးအကဲက..
“ပဉ္စမအကြီးအကဲ ရွာထဲက ယောက်ျားတွေအားလုံး သွားစုပြီး အကြောင်းကြားလိုက်။ နတ်ဘုရားအမွေခံနဲ့အတူ လိုက်ချင်တဲ့သူတွေ ငါတို့ရေးရမယ်”
ပဉ္စမအကြီးအကဲ ခေါင်းညိတ်ပြီး တမ်းထွက်သွားတယ်။
“ခင်ဗျားတို့ ကျုပ်ကို အဲလိုကြီးခေါ်နေစရာမလိုပါဘူး။ ကျန်းကုန်းလို့ပဲ ခေါ်ကြပါ။ ခင်ဗျားတို့ အသက်အရွယ်အရ ကျုပ်အဘိုးတွေအရွယ်လေ”
“ကောင်းပြီလေ။ ကျန်းကုန်း ငါတို့နဲ့အတူ ခရီးသွားဖို့ လုံလုံလောက်လောက် စွမ်းအားကောင်းတဲ့သူတွေ သွားရွေးလိုက်အုံးမယ်။ မင်း ဒီမှာ စောင့်နေလိုက်အုံး”
ပြောပြီးတော့ ကျန်တဲ့ အကြီးအကဲတွေနဲ့အတူ ထွက်သွားကြပြန်ရော။
အစကတည်းက ရှို့တိသွားဖို့ စိတ်ကူးထားတာလေ။ အခုတော့ ဒီလိုသန်မာတဲ့ စစ်သည်တော်တွေနဲ့အတူ ဆိုတော့ ပိုကောင်းသၑွားတာပေါ့။ အစ်ကိုကြီး ကျန့်ဟူနဲ့ ကျန်တဲ့သူတွေတော့ ဘယ်လိုထင်ကြမလဲ ကျုပ်လဲ မသိတော့ဘူး။ ဒါပေမယ့် အကြီးအကဲတွေ တော်တော်ကို အစွမ်းထက်ကြတာ။ ကျုပ်တို့ ခွန်အားတွေလဲ သိသိသာသာ တိုးသွားမှာ သေချာတယ်။ လွတ်လာပြီးမှ ကျုပ်ကံတွေ တော်တော်ကောင်းနေတဲ့ပုံပဲ။ ပထမဆုံး နွေဦးကောင်းကင် နတ်ဘုရားသွေးကြော စုပ်ယူနိုင်ခဲ့တယ်။ အခု နတ်ဘုရားရွာရဲ့ အထောက်အပံ့တောင် ရသေးတယ်လေ။
သိပ်မကြာခင်ပဲ အကြီးအကဲတွေ ပြန်ရောက်လာတယ်။
မြင့်မြတ်အကြီးအကဲက..
“ကျန်းကုန်း.. သိုင်းပညာကျွမ်းကျင်သူတွေ စုပြီးသွားပြီ။ ငါတို့ အဘိုးကြီး(၅)ယောက်အပါအဝင် (၁၆၇)ဦးရှိမယ်။ အခု အထုပ်အပိုးပြင်ဆင်နေကြပြီ။ မနက်ဖြန်မနက် စထွက်ကြမယ်”
(၁၆၇)ယောက်ဆိုပါလား။ ထင်တောင်မထားဘူး။ သူတို့ အစွမ်းနဲ့ဆို ရှောင်ကျင်းထက် မလျော့လောက်ဘူးရယ်။ ဒါနဲ့ဆို တော်တော် အစွမ်းထက်အဖွဲ့ကြီး ဖြစ်သွားမှာ။
******
နောက်နေ့ မိုးလင်းတော့ ကျုပ်နဲ့ အကြီးအကဲ(၅)ယောက် တောင်ကုန်းလေးပေါ်မှာ မတ်တပ်ရပ်နေကြတယ်။ အသက် (၂၀)ကနေ(၄၀)ကြား အားမာန်အပြည့်နဲ့ သန်သန်မာမာ ယောက်ျား(၁၆၂)ယောက်ကို လှမ်းကြည့်နေမိတယ်။ တစ်ချက်ကြည့်ယုံနဲ့ သိုင်းပညာကျွမ်းကျင်သူတွေဆိုတာ အလွယ်လေးသိနိုင်တယ်။ နတ်ဘုရားကျေးရွာ… အမည်နဲ လိုက်ပါတယ်လေ။
“ခင်ဗျားတို့ရွာရဲ့ သိုင်းပညာ တော်တော် အထင်ကြီးစရာပဲ။ သူတို့ထဲက ဘယ်သူဖြစ်ဖြစ် ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်လို့ ရလောက်တယ်”
မြင့်မြတ်အကြီးအကဲက ရယ်ရင်းနဲ့..
“ကမ္ဘာပေါ်က အဆင့်သတ်မှတ်ချက်တွေအတိုင်းသာ ပြောရရင် ဒီ(၁၆၇)ယောက်မှာ ငါတို့ အဘိုးကြီး(၅)ယောက်က ဓားသူတော်စင်တွေပေါ့၊ ကြယ်စင်သူရဲကောင်းအဆင့်က (၅၆)ယောက်၊ ကျန်တဲ့သူတွေအကုန် ကောင်ကင်သူရဲကောင်းအဆင့်တွေကွ”
ကျုပ်လဲ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ သူတို့တွေ သန်မာလွန်းမနေဘူးလား. ရှို့တိက တော်ဝင်သူရဲကောင်း ကျောင်းမျာတောင် ဒီလောက်ခွန်အားရှိမနေဘူး။ ကျုပ်လဲ အံ့ဩလွန်းလို့ မနေနိုင်တော့ဘဲ..
“ခင်ဗျားတို့အားလုံး ဘယ်လိုများ ကျင့်ကြံနေကြတာလဲ။ ခွန်အားတိုးတာ အရမ်းမြန်လွန်းတယ်။ ဥပမာဆို အသက်(၂၀)လောက်ပဲရှိသေးတဲ့ ကျန့်ရှန်တောင် ကြယ်စင်သူရဲကောင်းအဆင့် ရောက်နေပြီ။ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ကြမှာ”
တတိယအကြီးအကဲ ကျုပ်လန့်သွားတာမြင်တော့ ရယ်ရယ်မောမောနဲ့..
“ရွာမှာ က ငါတို့ကို နွေဦးကောင်းကင်က အမြဲကူညီနေတာလေ။ ပြီးတော့ ရွာသားတွေစိတ်က အမြဲသန့်ရှင်းနေတော့ လေ့ကျင့်လိုက်တာနဲ့ တစ်ဝက်လောက် ကြိုးစားယုံနဲ့ နှစ်စလောက် အကျိုးဖြစ်တယ်လေ။ ရွာမှာ အိမ်ခြေ (၇၁၃)လုံး၊ လူဦးရေ (၃၀၀၀)ရှိတယ်ကွ။ မင်းမြင်နေရတာ ငါတို့အင်အားစုရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲရှိသေးတယ်။ အိမ်ထောင်မရှိသူတွေ၊ မိမိဆန္ဒအလျှောက်လိုက်ချင်သူတွေ၊ ခရီးစဉ်နဲ့ သင်တော်မယ့်သူတွေပဲ ရွေးထားတာ။ သူတို့တွေ ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးလာတာဆိုတော့ မခွဲချင်ကြဘူးလေ”
နွေဦးကောင်းကင်အကြောင်းပြောလာတော့ ကျုပ်လဲ စိတ်မလုံလို့ ခေါင်းငုံ့ထားလိုက်ရသေးတယ်။
“ကဲ ကဲ သွားကြရအောင်။ လူ့ယဉ်ကျေးတွေ နေရာရောက်ဖို့ တော်တော် ဝေးလိမ့်အုံးမယ်ဟေ့”
“အကြီးအကဲ.. ဒီမြေပုံပေါ်မှာ ကျုပ်တို့ရှိတဲ့နေရာကို အမှတ်အသား ပြပေးပါလား”
အကြီးအကဲ မြေပုံယူကြည့်ပြီး မြေပုံပေါ် လက်ထောက်ပြရင်း..
“ဒီမြေပုံ တော်တော် အသေးစိတ်ကျတာပဲ။ ငါမှတ်တာ မမှားရင် ဒီနေရာမှာကွ”
သူပြတဲ့နေရာကို ကြည့်လိုက်မိတယ်။ အိုက်ရှားနိုင်ငံထဲက သစ်တောကြီးတစ်ခုထဲမှာဆိုတာ သဘောပေါက်သွားတယ်။
“ဒါဆို အဲ့နေရာမှာပေါ့။ အိုက်ရှားနိုင်ငံရဲ့ လွင်တိ ပြည်နယ်ကို ဦးတည်ပြီး ဒီလမ်းကြောင်းအတိုင်း သွားကြမယ်။ ပြီးတော့မှ ကျုပ်တို့တွေ အနောက်တောင်ဘက်အတိုင်း ရှို့တိနိုင်ငံကို ဆက်သွားကြတာပေါ့”
“ကောင်းပြီ။ ဒီလမ်းကြောင်းအတိုင်းပဲပေါ့။ ထွက်ကြမယ်ဟေ့”
“ကျုပ်နဲ့အတူ ခရီးရှည်ကြီးသွားဖို့ နတ်ဘုရားကျေးရွာက ရွာသူရွာသားတွေကို ခေါ်ခဲ့ဖို့ တကယ်ကြီး ဆုံးဖြတ်လိုက်တာလား။ တော်တော်များများက မွေးရပ်မြေကို ဘယ်တော့မှ ပြန်မလာနိုင်လောက်တော့ဘူးနော်”
အဘိုးကြီးတွေ မျက်လုံးထဲမှာ တုံ့ဆိုင်းဆိုင်း အရိပ်အယောင်တွေ ခနလေးပေါ်လာပြီးမှ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြကြတော့တယ်။
============= (*^*)=============
အပိုင်း( ၁၉၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား