လက်ထပ်မင်္ဂလာ
Vol. 11 Ch. 46
https://mmxianxia.com/wp-content/uploads/2025/01/IMG_20240915_191927_750-203x300.jpg
https://mmxianxia.com/wp-content/uploads/2025/01/IMG_20240830_202355_033-195x300.jpg
https://mmxianxia.com/wp-content/uploads/2025/01/IMG_20241219_200804_586-203x300.jpg
https://mmxianxia.com/wp-content/uploads/2025/01/IMG_20250106_105037_977-195x300.jpg
https://mmxianxia.com/wp-content/uploads/2025/01/IMG_20241124_183834_859-258x300.png
https://mmxianxia.com/wp-content/uploads/2025/01/IMG_20241117_192629_419-1-195x300.jpg
တဖြည်းဖြည်းနိမ့်ဆင်းလာနေတာကို ခံစားမိတာကြောင့် ဥစာကီမျက်လုံးဖွင့်လိုက်တော့ သူ့ကိုယ်သူ တခြားလူ တစ်ယောက်ရဲ့ရင်ခွင်ထဲရောက်နေမှန်း သိလိုက်ရတယ်။ ဘယ်လိုလူမျိုးက အတင့်ရဲပြီး သူလိုပိုးကောင်ဘုရင်မကို ရင်ထဲပွေ့ထားရဲတာပါလိမ့်။ ဒီမေးခွန်းနဲ့အတူ သူမော့ကြည့်လိုက်တော့ ငွေရောင်စစ်သည်ကို မြင်လိုက်ရတယ်။ သူဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူတို့က ကမ္ဘာ့လေထုထဲကို ပြန်ဝင်လာပြီဖြစ်ပြီးတော့ ငွေရောင်စစ်သည်က သူမထိခိုက်မိအောင်လို့ ဂရုတစိုက်နဲ့ နိမ့်ဆင်းပျံသန်းနေတာပါ။
“ငါရှုံးသွားပြီးတော့ သူ့လက်ထဲမှာ မင်းသမီးလေးလို အချီခံထားရတာလား။ ဒါပေမဲ့ ငါ့လိုလူတစ်ယောက်ကို သူဘာလို့မသတ်ခဲ့တာပါလိမ့်။”
ဥစာကီ စဥ်းစားလို့မရဘူး။ ပုံမှန်ဆို သူဒေါသထွက်ပြီီး ငွေရောင်စစ်သည်ကို တိုက်ခိုက်ပြီးနေလောက်ပြီ။ ဒါပေမဲ့ တစ်ခုခုက ပြောင်းလဲသွားသလိုမျိုး သူ့ရဲ့တိုက်ခိုက်ချင်စိတ်တွေ ပျောက်ဆုံးနေပါတယ်။
‘ထူးဆန်းတယ်။' ဥစာကီက သူ့ကိုယ်သူ ဗီဇအသိဉာဏ်နဲ့ ပြန်စစ်ဆေးကြည့်လိုက်တော့ သူတစ်ယောက်တည်းတင် ဒီလိုဖြစ်နေတာမဟုတ်ဘဲ ပိုးကောင်မျိုးနွယ်စုတွေ အကုန်လုံးရဲ့ရန်လိုစိတ်တွေ နည်းပါးသွားပြီဆိုတာ သိလိုက်ရပါတယ်။
“မစိုးရိမ်ပါနဲ့တော့၊ နင်တို့ပိုးကောင်တွေရဲ့ရန်လိုတဲ့ သဘာဝကို ငါပြင်လိုက်ပြီ။ ဒါကြောင့်မလို့ ပိုးကောင်တွေ စကြဝဠာကြီးကိုသိမ်းပိုက်ဖို့ ကြိုးစားစရာမလိုတော့သလို လူသားတွေနဲ့လည်းစစ်တိုက်စရာ မလိုတော့ပါဘူး။”
‘မျိုးနွယ်တစ်ခုရဲ့ဗီဇကို ဘယ်လိုပြောင်းလဲလိုက်တာလဲ။’ ဥစာကီ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ သူ့ရှေ့က ငွေရောင်စစ်သည် ပြောတာဆိုရင် ဖြစ်နိုင်မှန်းသိနေတယ်။ ဘာပဲဖြစ်ဖြစ် ငွေရောင်စစ်သည်က သူ့လိုပဲ အိုမီဂါအဆင့်ကပါ။ တခြားလူတွေမလုပ်နိုင်တာမှန်သမျှ လုပ်နိုင်စွမ်းရှိတယ်။
ဥစာကီရဲ့ပါးပြင်လေးတွေ ရဲရဲတွက်အောင်နီသွားပြီး မက်ဒါနာကို မျက်နှာချင်းမဆိုင်ဝံ့တော့ဘူး။ မက်ဒါနာက သူတို့ပထမဆုံးတိုက်ခိုက်ခဲ့တဲ့နေရာဖြစ်တဲ့ လေဘာတီ ရုပ်ထုကြီးပေါ်မှာ ပြန်လည်ဆင်းသက်လိုက် တယ်။ မကြာခင်မှာပဲ အနီးအနားကလူတွေအားလုံး ပြေးလာကြပြီး လေဘာတီရုပ်ထုပေါ်မှာရပ်နေတဲ့ ငွေရောင်စစ်သည်နဲ့ရဲ့လက်ထဲက မင်းသမီးလေးလို အချီခံထားရတဲ့ ပိုးကောင်ဘုရင်မကို ဝိုင်းကြည့်နေကြတယ်။
“ပိုးကောင်တွေနဲ့လူသားတွေရဲ့စစ်ပွဲက ပြီးသွားပါပြီ။ ပိုးကောင်ဘုရင်မနဲ့သူ့ရဲ့အမျိုးအနွယ်တွေက လူသားတွေအပါအဝင် စကြဝဠာထဲက ဘယ်မျိုးနွယ်ကိုမှ စစ်တိုက်တော့မှာမဟုတ်ပါဘူး။”
မက်ဒါနာက ဝတ်စုံထဲက အသံချဲ့စက်ကိုသုံးပြီးတော့ အားလုံးကြားအောင် အော်ပြောခဲ့တယ်။ အနားမှာရှိနေတဲ့ လူတွေအကုန်လုံး ဝမ်းသာအားရနဲ့ လက်ခုပ်တီးနေကြပြီး မကြာခင်မှာပဲ သတင်းရုပ်သံလိုင်းတွေက ရဟတ်ယာဥ်တွေရောက်လာပြီး လေဘာတီရုပ်ထုပေါ်က မက်ဒါနာနဲ့ဥစာကီကို ကင်မရာတွေနဲ့ထိုးချိန်ထားကြတယ်။
...
“ဒီနေ့ ဇန်နဝါရီလတစ်ရက်နေ့ နယူးယောက်စံတော်ချိန် ၈နာရီမှာပဲ မဟာမိတ်မစ်ရှင်အဖွဲ့ခေါင်းဆောင် ငွေရောင် စစ်သည်က ပိုးကောင်စစ်ပွဲအဆုံးသတ်သွားပြီလို့ ကြေညာခဲ့ပါတယ်။ အားလုံးပဲ၊ လူသားသမိုင်းမှာ အကောင်းဆုံးနှစ်သစ်ကူးအားလပ်ရက်ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။”
ရှိသမျှရုပ်သံလိုင်းတိုင်း၊ ကမ္ဘာပေါ်မှာရှိသမျှ မိသားစုတွေရဲ့ ရှိသမျှတီဗီတိုင်း၊ လူတစ်ဦးချင်းစီရဲ့ ဖုန်းတွေတစ်ခုချင်းစီတိုင်းက လေဘာတီရုပ်ထုပေါ်က စစ်ပြီးဆုံးကြောင်းကြေညာချက်ကို ဖွင့်နေခဲ့ကြတယ်။
“ဥစာကီ...” ဒရုန်းဇုန်က လေဘာတီရင်ပြင်ကို အပြေးရောက်လာပြီး ရုပ်ထုခေါင်းပေါ်ကနေ ရင်ပြင်ပေါ်ကို ဆင်းသက်လာတဲ့ မက်ဒါနာရှေ့မှာ ရပ်လိုက်တယ်။ ဒရုန်းဇုန်တစ်ယောက် ငွေရောင်စစ်သည်ရဲ့ရင်ခွင်ထဲမှာ မင်းသမီးလေးတစ်ယောက်လို ရှက်သွေးဖြာနေတဲ့ ဥစာကီကိုလဲတွေ့ရော အံ့ကိုကျိတ်လိုက်ပြီး ဥစာကီကို မက်ဒါနာလက်ထဲကနေ ဆွဲယူလိုက်တယ်။
“စုန်းမကြီး၊ နင့်မှာမိဖုရားတွေအများကြီးဖြစ်နေပြီလေ။ သူ့ကိုတော့ ချမ်းသာပေးလိုက်။”
“....” မက်ဒါနာ ပြောစရာစကားကင်းမဲ့သွားတယ်။ သူတစ်ခုခုအမှားလုပ်မိထားလို့လား။
ပိုးကောင်ဗိုလ်ချုပ် ယင်ကောင်လည်းရောက်လာပြီ ဖြစ်ပြီးတော့ သူ့ရဲ့ဘုရင်မ သက်ရှိထင်ရှားရှိနေသေး တာတွေ့လိုက်ရပြီး အံ့ဩသွားတယ်။ သူက ငွေရောင်စစ်သည်ကို ကြည့်လိုက်ပြီး
“ခင်ဗျားက အနိုင်ရခဲ့ပေမဲ့ ကျုပ်တို့ရဲ့ဘုရင်မကို အသက်ဆက်ရှင်ခွင့်ပေးလိုက်တယ်။ အနာဂတ်မှာ ကျုပ်တို့တွေ ခင်ဗျားကိုလက်စားချေမှာ မကြောက်ဘူးလား။”
“တိုက်ပွဲက ပြီးသွားပြီ၊ ဥစာကီကိုယ်တိုင်လည်း သူချစ်တဲ့လူတွေနဲ့အတူ နေနိုင်ပြီ။ သူ့မှာ ငါ့ကို လက်စားချေစရာအကြောင်းမရှိဘူး။ နင်တို့ မကျေနပ်ရင်တောင် သူကတော့ ရအောင်တားမှာပဲ။ ဒီတော့ ငါဂရုစိုက်စရာမလိုဘူး။”
ငွေရောင်စစ်သည်က မာနကြီးကြီးပုံစံနဲ့ခါးကို လက်ထောက်ပြီး ပြောလိုက်တယ်။ ပြီးတဲ့နောက် သူက တိုးတိုးလေးနဲ့ ယင်ကောင်ကို ပြောလိုက်တယ်။
“ပြီးတော့ ငါပိုးကောင်တွေရဲ့ဗီဇကို ပြောင်းလိုက်ပြီမလို့ အခုကနေစပြီး နင်တို့ပိုးကောင်တွေက စကြဝဠာအနှံကို သိမ်းပိုက်ဖို့ကြိုးစားရမယ့်အစား စကြဝဠာအနှံမှာ ကိတ်မုန့်ဆိုင်တွေဖွင့်ဖို့ ဖြစ်လာလိမ့်မယ်။”
“ဟမ်...” ယင်ကောင်က နားမလည်နိုင်စွာနဲ့ ခေါင်းကို စောင်းငဲ့ပြီး မက်ဒါနာကိုကြည့်လိုက်တယ်။
“အဲဒီအပြစ်သားသခင်ဆိုတဲ့ဟာမလေးက တခြားဟာတွေကျမစားဘဲ ချောကလက်ကိတ်တို့၊ စတော်ဘယ်ရီကိတ်တို့ပဲကြိုက်တာ။ နင်တို့မလုပ်တတ်လည်းမပူနဲ့ အေမီသင်ပေးလိမ့်မယ်။”
“.....” ဥစာကီကလည်း မက်ဒါနာရဲ့လုပ်ရပ်ကြောင့် ဘာပြောလို့ပြောရမှန်းမသိဖြစ်နေပြီး မျက်လုံးပြူးသွားတယ်။ စစ်အင်အားအကြီးဆုံး အာကာသမျိုးနွယ်စုတစ်ခုကို မက်ဒါနာက ကိတ်မုန့် ဖရန့်ချိုင်းကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလိုက်တာလား။ တကယ့်ကို မယုံနိုင်စရာပဲ။
...
စစ်ပွဲပြီးသွားတဲ့နောက် ကိစ္စတွေအားလုံးက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတယ်။ ပိုးကောင် စစ်တပ်တွေအားလုံး ကမ္ဘာပေါ်ကနေ ပြန်လည်ဆုတ်ခွာနေပြီဖြစ်ပြီးတော့ အာကာသထဲက ခြင်မျိုးနွယ်ဗိုလ်ချုပ်လည်း ဘုရင်မရဲ့အမိန့်ကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ ပြီးတော့ သူတို့တွေရဲ့ရန်လိုစိတ် ပျောက်သွားတာလဲအမှန်ပဲ။ အခုဆိုရင် ဥစာကီက ယာမာဂုချီမိသားစုရဲ့ငွေကြေးတွေကိုသုံးပြီးတော့ ဂျပန်မှာ ကိတ်မုန့်ဆိုင်တချို့ဖွင့်ထားပြီးပြီ။ အေမီက ဥစာကီကို ကိုယ်တိုင်ကိုယ်ကျကိတ်မုန့်ဖုတ်နည်း သင်ပေးခဲ့ပြီး မီနူးတစ်ခုကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
ဗီယက်နာချောကလက်ကိတ်၊ လူဝီကိတ်မုန့်အပွ၊ စတော်ဘယ်ရီကိတ်၊ ကိုရီးယားခရမ်ကိတ် ဘာညာပေါ့။
ဥစာကီအဆိုအရ တစ်နှစ်အတွင်းမှာ ကမ္ဘာတစ်ခုလုံးကို ကိတ်မုန့်ဆိုင်တွေဖြန့်ကျက်နိုင်အောင်လုပ်မှာဖြစ်ပြီး စကြဝဠာထဲက ဖက်ဒရေးရှင်းနဲ့အင်ပါရီယာနယ်မြေတွေ မှာလည်း ဆိုင်တွေဖွင့်သွားမယ်လို့ဆိုတယ်။ ဆိုင်နာမည်က Princess’s Bakeryဆိုပြီးတော့ပါ။
ကိစ္စတွေအားလုံးငြိမ်သက်သွားပြီးတဲ့နောက် မက်ဒါနာက သူ့ကျောင်းအုပ်အလုပ်တွေကို အေးအေးဆေးဆေး ပြန်လုပ်နိုင်ပြီလို့ထင်ထားခဲ့ပေမဲ့ မကြာခင်မှာပဲ အင်္ဂလန်နဲ့တခြားနိုင်ငံတွေက ကမ္ဘာ့နိုင်ငံများ မဟာမိတ်ကိုဖျက်သိမ်းခဲ့ပါတယ်။ စစ်ပွဲပြီးပြီဆိုတော့ ဒီအဖွဲ့ကိုမလိုတော့ဘူးလေ။ အနာဂတ်မှာ ပုံမှန်အတိုင်းပဲ နိုင်ငံတွေအချင်းချင်း အားပြိုင်တာမျိုးရှိလာနိုင်ပေမဲ့ အခုလောလောဆယ်တော့ နိုင်ငံတိုင်းက ပြန်လည်တည်ထောင်ရေးကိုပဲ ဂရုစိုက်နေကြတယ်။ ဒါကြောင့် မက်ဒါနာတစ်ယောက် မဟာမိတ်နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုလုပ်ရင်း အလုပ်ရှုပ်နေခဲ့တယ်။ အထူးသဖြင့် မဟာမိတ်မစ်ရှင်အဖွဲ့ကို မဟာမိတ်ဖွဲ့စည်းပုံရဲ့ပြင်ပမှာ ဆက်လက်တည်ရှိနိုင်ဖို့အတွက် ကမ္ဘာ့ဟီးရိုးအစည်းအရုံးမှာ ပုံမှန်ဟီးရိုးအဖွဲ့တစ်ခုအဖြစ် မှတ်ပုံတင်ပြီးပြန်လည် ဖွဲ့စည်းခဲ့ရပါတယ်။
မဟာမိတ်မစ်ရှင်အဖွဲ့လို့ဆက်ခေါ်နေတဲ့ ဒီအုပ်စုကို ပန်ဒရာဂွန်မိသားစုနဲ့ဖလေရာရဲ့မက်တယ်ပလာဒင်တို့က ကျောထောက်နောက်ခံအဖြစ် ဆက်ရှိပေးနေပြီး ဂိုင်ယာဂြိုဟ်တုနဲ့ စစ်နတ်သမီးတပ်ဖွဲ့ဝင်အင်အား ငါးသောင်းကျော်လောက်ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ စစ်နတ်သမီးတွေကို ကမ္ဘာအနှံဖြန့်ကျက်ထားပြီး အသေးစားပြဿနာတွေကို လိုက်လံဖြေရှင်းကြပါတယ်။ ပြဿနာကြီးကြီးမားမား တက်လာရင်လည်း စိတ်ပူစရာမလိုဘဲ အဖွဲ့ထဲမှာ S rank နဲ့ အယ်ဖာများစွာရှိသလို အိုမီဂါဖြစ်တဲ့ မက်ဒါနာလည်း ရှိနေတယ်။
ဌာနချုပ်အနေနဲ့တော့ မက်ဒါနာက ဆုဗာနာတိုင်းပြည်ကို ရွေးချယ်ခဲ့ပါတယ်။ နယူးယောက်က နေရာကောင်းပေမဲ့ နယူးယောက်ဟီးရိုးကျောင်းမှာပဲ တစ်ချိန်လုံး သူတို့တွေ တပ်စွဲထားလို့မဖြစ်ပါဘူး။ ပြီးတော့... ပြီးတော့.... နန်းတက်ဖို့ အချိန်ရောက်လာပြီလေ။
“ငါမှ တိုင်းပြည်မအုပ်ချုပ်တတ်တဲ့ဥစ္စာကို။” မက်ဒါနာက ဆုဗာနာရဲ့နယ်စားမကြီးမဖြစ်ရဖို့ နောက်ဆုံးအချိန်ထိ ငြင်းဆန်နေခဲ့ပေမဲ့ ဖရက်က မက်ဒါနာကိုခေါင်းခေါက်ပြီး
“ကန်တော့ပါရဲ့မင်းသမီးလေး။ မင်းသမီးလေးက တိုင်းပြည်တစ်ပြည်ရဲ့ခေါင်းဆောင်အနေနဲ့ လူလုံးထွက်ပြဖို့ပဲလိုတာပါ။ ကျန်တာတွေအားလုံးကို ဝန်ကြီးချုပ်နဲ့လွှတ်တော်က လုပ်သွားလိမ့်မယ်။ ကျန်တဲ့ ကမ္ဘာပေါ်က စည်းမျဥ်းခံဘုရင်နိုင်ငံတွေလည်း ဒီလိုပဲဥစ္စာ။”
ဆုဗာနာကို ပြန်လည်တည်ထောင်တော့ ဖရက်က မက်ဒါနာကို လက်ဝဲရံလက်ယာရံဝန်ကြီးစနစ်ကို ဖျက်သိမ်းပြီး အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ဝန်ကြီးချုပ်ပါတဲ့ စံစနစ်ကိုသုံးဖို့ အကြံပေးခဲ့ပါတယ်။ နယ်စားအာဏာကိုကန့်သတ်ထားတာမျိုးမရှိပေမဲ့ မက်ဒါနာက တိုင်းပြည်အုပ်ချုပ်ရေးကိုစိတ်မဝင်စားတာမလို့ ဝန်ကြီးချုပ်နဲ့လွှတ်တော်ကပဲ ကိစ္စအများစုကို ဆုံးဖြတ်သွားတော့မှာပါ။ ဖရက်ကတော့ ကိုယ်ရံတော် ဗိုလ်ချုပ်အဖြစ်ဆက်ရှိနေပြီး အေမီကတော့ နယ်စားအတွင်းရေးမှူးဖြစ်လာပါတယ်။ ဒါကြောင့် အေမီက မက်ဒါနာရဲ့ဝန်ကြီးအစိုးရကြားမှာ ပေါင်းကူးတံတားတစ်ခုအနေနဲ့အလုပ်လုပ်ပါလိမ့်မယ်။ ဒါပေါ့၊ အေမီက ဒီလိုနည်းနဲ့ အစိုးရအတွင်းက အကျင့်ပျက်ခြစားမှုတွေကို နည်းပညာနဲ့စောင့်ကြည့်ပြီး ဖော်ထုတ်နိုင်စွမ်းရှိတယ်။
လအနည်းငယ်ကြာတော့ ဆုဗာနာတိုင်းပြည်ရဲ့ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကို အပြီးသတ်နိုင်ခဲ့ပြီး တိုင်းပြည်စီးပွားရေးကလည်း လျင်လျင်မြန်မြန်နဲ့ ကြီးထွားလာတယ်။
တခြားကိစ္စအနေနဲ့က နယူးယောက်ဟီးရိုးကျောင်းဟာ ကမ္ဘာ့နံပါတ်တစ် ဟီးရိုးကျောင်းဖြစ်လာတာပါပဲ။ ဘာပဲဖြစ်ဖြစ် စကြဝဠာထဲမှာတောင် နှစ်ယောက်ပဲရှိတဲ့ အိုမီဂါအဆင့်မက်ဒါနာ ဖွင့်ထားတဲ့ကျောင်းဖြစ်နေတယ်မဟုတ်လား။ ဒါပေမဲ့ စိတ်မကောင်းစရာက မက်ဒါနာက ကျောင်းအုပ်ရာထူးကို ဆရာမဘရီဇာဆီ လွှဲပေးလိုက်တာပါပဲ။ ဒါပေမဲ့ သင်ရိုးတွေက အရင်အတိုင်းပဲရှိနေသေးပြီး ကျောင်းသားတွေရဲ့လက်တွေ့တိုက်ပွဲသင်ခန်းစာမှာ ရိုက်နှက်ပေးဖို့အတွက် A အဆင့် တိုက်ပွဲဝင်အိမ်စေ စက်ရုပ်နောက်တစ်ရုပ်ကို တည်ဆောက်ပေးခဲ့သေးတယ်။ အဲဒီစက်ရုပ်နာမည်က အယ်လာလို့ခေါ်ပြီး ဆံပင်အနီရောင်နဲ့ဖြူဖွေးတဲ့ အသားအရေကိုပိုင်ဆိုင်ထားတယ်။ တစ်နည်းအားဖြင့် နယူးယောက်ဟီးရိုးကျောင်းတော်ရဲ့ လူသတ်အိမ်စေစက်ရုပ်ဒဏ္ဍာရီဟာ ဆက်ရှိနေဦးမှာ။
မကြာသေးခင်ကပဲ ပထမနှစ်အသစ်တွေကို ထပ်ခေါ်ခဲ့ပြီး ဩစတင်း စနိုးဝင်းဆိုတဲ့ ကောင်စုတ်လေးတစ်ကောင်က ပထမဆုံးမျဥ်းကို ဖြတ်ကျော်နိုင်ခဲ့သူဖြစ်လာပါတယ်။ အယ်လာက သူ့ကို အကောင်းဆုံးကြိုးစားတားခဲ့ပေမဲ့ သောက်ရူးကောင်က တိုက်ရင်းခိုက်ရင်းကနေ ခြေချော်ပြီး အယ်လာရဲ့ကိုယ်ပေါ်ကိုပြုတ်ကျ မတော်တဆနမ်းမိပြီး ဝင်ခွင့်စာမေးပွဲပန်းတိုင်မျဥ်းကို ဖြတ်ပြီးသားဖြစ်သွားတာ။ ဘယ်လိုတောင် Anime ဆန်လိုက်တဲ့ ဇာတ်ကွက်လဲ။
တစ်ဖက်မှာတော့ အီဗန်က ဘွဲ့ရတော့မှာဖြစ်ပြီး နာမည်ကျော်စီနီယာအစ်ကိုကြီးဖြစ်နေပြီ။ ကျောင်းပြီးရင် နျူရေနဲ့အတူတူ စွန့်စားခန်းထွက်ဖို့ ပြင်နေကြတယ်။ ဖီးလစ်ကတော့ အီဗန်ကို နေ့တိုင်း ဆက်ပြီးစိန်ခေါ်နေပေမဲ့ နေ့တိုင်းအရိုက်ခံနေရတုန်းပဲ။ မက်ဒါနာက နယ်စားဖြစ်ပြီးနောက် ဟီးရိုးကျောင်းကို မကြာခဏသွားလည်ဖြစ်ပေမဲ့ ဝန်ထမ်းဆောင်မှာတော့ ပြန်မနေဖြစ်တော့ဘူး။ အေမီ၊ လင်ဒါ၊ ဖလေရာ၊ ဖရာလီတာနဲ့ ဆိုဖီယာတို့အားလုံးက နယ်စားနန်းတော်မှာ ပြောင်းနေနေကြပြီကိုး။
ဂျူလိုင်လလယ်လောက်အထိ အားလုံးအဆင်ပြေနေသေးပေမဲ့ တစ်နေ့တော့ ဖရာလီတာက မက်ဒါနာရဲ့အခန်းထဲကိုဝင်လာပြီး...
“မက်ဒါနာ၊ ကိစ္စတွေအားလုံး အဆင်ပြေသွားပြီဆိုတော့ ငါတို့ဘာလုပ်သင့်လဲသိလား။”
“ဟမ်...”
“လက်ထပ်ကြမယ်လေ အရူးမကြီးရဲ့။ အခုက လက်ထပ်ပြီး ကလေးတွေအများကြီးမွေးရမယ့် အချိန်ရောက်ပြီ။”
“.....” မက်ဒါနာက ထွက်ပြေးဖို့ကြိုးစားလိုက်ပေမဲ့ ဖရာလီတာက သူ့ကိုအတင်းဖက်ထားလိုက်တယ်။ အခန်းထောင့်မှာရှိနေတဲ့အေမီကို အကူအညီတောင်းဖို့ ကြည့်လိုက်ပေမဲ့ သူကလည်း ကြံရာပါဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
“မမလေး၊ သမိုင်းတစ်လျှောက် သခင်နဲ့အစေခံတွေ လက်ထပ်ကြတဲ့ဖြစ်ရပ်တွေရှိပြီးသားမလို့ ကျွန်မလည်း မမလေးနဲ့လက်ထပ်ရင် ကိစ္စမရှိလောက်ဘူးမဟုတ်လား။ ကျွန်မကိုယ်တိုင်ချုပ်ထားတဲ့ အိမ်စေမင်္ဂလာဆောင်ဝတ်စုံလေးကိုဝတ်ပြီး မမလေးကို နမ်းမယ်လေ။”
“.....” သေစမ်း။
မကြာခင်မှာပဲ ဖလေရာလည်းရောက်လာပြီး သူတို့နှစ်ယောက်လုံးကို တွန်းဖယ်လိုက်တယ်။ “နင်တို့ ငါ့မက်ဒါနာလေးကို ဘာလို့အနိုင်ကျင့်နေကြတာလဲ။ သူက ဒီက မမကြီးနဲ့ပဲလက်ထပ်မှာ။”
“ဟေး၊ ငါတို့သဘောတူထားတာ အဲဒီလိုမဟုတ်ဘူးလေ။”
သူတို့သုံးယောက်ရန်သတ်နေတုန်း လင်ဒါက ဝင်လာပြီး မက်ဒါနာရှေ့က စားပွဲခုံကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။
ဘုန်း...
“နယ်စားမင်းသမီးရှင့်၊ အားတော့နာပါရဲ့။ ဒါပေမဲ့ ဒီမှာရှိနေတဲ့အယ်ဖာအဆင့်တွေသာ ရှင့်ကိုလက်ထပ်ရဖို့ အချင်းချင်းထသတ်ကြမယ်ဆိုရင် ဆုဗာနာတစ်နိုင်ငံလုံး ထပ်ပြီးပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး...”
လင်ဒါက အတည်ပေါက်နဲ့ပြောနေရင်းက လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ အဲဒီနောက်တော့ မက်ဒါနာရှေ့က စားပွဲခုံကို ခုန်ကျော်ပြီး မက်ဒါနာကို ပြေးဖက်တယ်။
“ကျွန်မကို လက်ထပ်လိုက်ပါတော့။”
...
ဒီလိုနဲ့ကိစ္စတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ဆုဗာနာနန်းတော်မှာ တော်ဝင်မင်္ဂလာပွဲကျင်းပဖို့ ဖြစ်လာကြတယ်။ သူတို့အုပ်စုက တောင့်တာကြောင့် လက်ထပ်ချင်းကျမ်းသစ္စာကျိန်ဆိုဖို့အတွက် သူတို့တွေဟာ တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ပြီး စက်ဝိုင်းသဏ္ဍာန်ဝိုင်းပတ်ထားရတယ်။ သင်းအုပ်ဆရာကတော့ အလယ်မှာ။
မက်ဒါနာကတော့ သတို့သမီးဆိုပေမဲ့ သူတို့ထဲက ခေါင်းဆောင်ဖြစ်တဲ့အားလျှော်စွာ သတို့သားတစ်ယောက်လို အမြီးရှည်ကုပ်အင်္ကျီဖြူနဲ့ ဘောင်းဘီဖြူကိုဝတ်ထားတယ်။ ရင်မှာတော့ ယုန်ပုံ တော်ဝင်တံဆိပ်လေးနဲ့။
မက်ဒါနာက အားလုံးက သူ့ကိုစားတော့ဝါးတော့မလို ကြည့်နေကြတဲ့အတွက် တံထွေးတွေကိုမျိုချလိုက်မိပါတယ်။
‘နေစမ်းပါဦး၊ သူတို့အားလုံးက ငါ့ကိုအောက်မှာထားပြီး အပေါ်မှာနေကြမယ့် တချီတွေလိုပဲ။ ငါတော့သေပြီနဲ့တူတယ်။”လို့ သူတွေးမိလာပြီး ကျောချမ်းသွားတယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ ဒီအဖြစ်ဆိုးကြီးကနေ လွတ်ဖို့ လမ်းမမြင်တော့ဘူး။
ဖရာလီတာကတော့ ပန်းနုရောင်မင်္ဂလာဆောင် ဂါဝန်လေးကို ဝတ်ထားပြီး သိပ်ကိုချစ်ဖို့ကောင်းနေတယ်။ ဒါပေမဲ့ သူ့ဝတ်စုံက တခြားသူတွေနဲ့ယှဥ်ရင် သာမန်ပဲလို့ပြောလို့ရတဲ့အထဲမှာ ပါပါတယ်။
ဖလေရာကတော့ အိုင်းရစ်ရိုးရာမင်္ဂလာဆောင်ဝတ်စုံကို ဝတ်ထားတာဖြစ်ပြီး လက်ပြတ်ဂါဝန်ဖြူကိုမှ အပေါ်က ဇာပုဝါအပါးလေးကိုခြုံထားတာ။ လည်တိုင်မှာတော့ သံလွင်ခတ်သဏ္ဍာန် ရွှေဆွဲကြိုးလေးတစ်ကုံးရှိပြီး သစ်ရွက်ပုံရွှေနားကပ်တွေကိုလည်း တပ်ဆင်ထားတယ်။ အရင်ကလိုမျိုး နှုတ်ခမ်းနီရဲရဲ ဆိုးမထားဘဲ ပန်းနုရောင်နှုတ်ခမ်းနီဖျော့ဖျော့ကို ဆိုးထားပေမဲ့ သိပ်ကိုလှပလွန်းတယ်။
လင်ဒါကတော့ ကြိုးပျောက်ဂါဝန်ကို ဝတ်ထားတာဖြစ်ပြီး ခါးမှာအပြာရောင်ခါးပတ်လေး ပတ်ထားတယ်။ ဂါဝန်က လက်မပါဘဲပြောင်မလို့ သူ့ရဲ့ဖြူဖွေးပြီးဆွဲဆောင်မှုရှိတဲ့ ချိုင်းကြားကို ဒီအတိုင်းမြင်နေရတယ်။ ဆံပင်ကို ခါတိုင်းလိုပဲ နောက်မှာမြင်းမြီးပုံစံစုချည်ထားပြီး ပလက်တီနမ် ဆံထိုးလေးကိုတပ်ဆင်ထားလို့ရယ်။
ဆိုဖီယာကတော့ ကမ္ဘာပေါ်မှာမြင်ရခဲတဲ့ နတ်သူငယ်ရိုးရာ သတို့သမီးဝတ်စုံကို ဝတ်ထားတာဖြစ်ပြီး သူ့ရဲ့မျက်လုံးစိမ်းစိမ်းတွေနဲ့လိုက်တဲ့ နားကပ်အစိမ်းရောင်လေးကိုဝတ်ထားတယ်။
အေမီကတော့ အေမီပါပဲ၊ ခါတိုင်းထက် နည်းနည်းသားနားတဲ့ အိမ်စေဝတ်စုံကို ဝတ်ထားရုံပဲ။
ဖရက်ကလည်းထူးမခြားနားဘဲ၊ သူ့ရဲ့ကိုယ်ရံတော် တပ်မှူးဝတ်စုံကို ဝတ်စုံပြည့်ဝတ်ထားတယ်။ အားလုံးအတူတူ သစ္စာဆိုကြပြီးတဲ့နောက်တော့ သင်းအုပ်ဆရာက ပြောလိုက်တယ်။
“ကဲ... သတို့သမီးနဲ့သတို့သမီးတွေ နမ်းလို့ရပါပြီဗျာ။”
အဲဒီနောက်တော့ သူတို့တွေအားလုံးက မက်ဒါနာကို အလယ်မှာထားပြီး ဝိုင်းနမ်းကြတော့တာပဲ။ ဖလေရာက မက်ဒါနာရဲ့ညာဖက်ပါးကိုနမ်းနေပြီး အေမီက ဘယ်ပါးကို နမ်းနေတာ။ ဆိုဖီယာကတော့ မက်ဒါနာရဲ့ညာလက်ကိုနမ်းပြီး လင်ဒါကတော့ ဘယ်လက်ကိုပါ။ ဖရက်ကတော့ မက်ဒါနာရဲ့ဆံသားလေးတွေကိုသာ နမ်းလိုက်တယ်။
မက်ဒါနာကတော့ ဒီကျေနပ်ရခက်၊ စိတ်တိုရခက်တဲ့ အခြေအနေကြောင့် သက်ပြင်းသာချလိုက်တော့တယ်။ ဒါပေမဲ့ နောင်အနာဂတ် သူ့ရဲ့နေ့ရက်တွေက ဒီလူတွေနဲ့အတူ ဆက်ပြီးဆူညံ့နေလိမ့်ဦးမယ်ဆိုတာကို တွေးလိုက်မိတော့ ဖျော့ဖျော့လေးပြုံးလိုက်မိပါတော့တယ်။
ပြီးပါပြီ။
ရေးသားသူ - သော်လွင်ကိုကို