← Chapters

သားရဲမျိုးနွယ်နှင့် ပထမဆုံး တွေ့ကြုံခြင်း

Vol. 14 Ch. 210

သားရဲမျိုးနွယ်နှင့် ပထမဆုံး တွေ့ကြုံခြင်း

Vol. 14 Ch. 210

Child of light (ကျန်းကုန်း)

Volume 9: Chapter 4 - First Encounter with Beast Men

“ဘာကြီး။ ရုပ်ချောတယ်ဟုတ်လား။ ငါ့ထက်ကို ချောသေးလား”

စုဟေး ခပ်ပြုံးပြုံးနဲ့..

“သူက မင်းနဲ့ ဘယ်လိုယှဉ်နိုင်မှာတုန်း။ မင်းက အရမ်းချောတဲ့အပြင် ကျောက်စိမ်းလို အသားအရေနဲ့။ ပြီးတော့ ဉာဏ်ရည်ထက်မြက်တဲ့ ပုံနဲ့ဆိုတော့ မင်း…”

“မင်းငါ့ကို လာမြှောက်မနေနဲ့။ ဟုတ်သားပဲ။ ခယ်လွင်သောင်ရဲ့ ကြယ်စင်ကာကွယ်သူတပ်မှူး ဆိုတာ ဘာတုန်း”

စုဟေး တံတွေးမြိုချပြီး..

“ကြယ်စင်ကြယ်သူတပ်မှူး ဆိုတာ နတ်ဆိုးမျိုးနွယ် စစ်တပ်ရဲ့ အားအကောင်းဆုံး တော်ဝင်အဖေကို ကာကွယ်ရတဲ့ တာဝန်ယူရတာ။ မင်းတို့ လူသားမျိုးနွယ်မှာဆို တော်ဝင်ကာကွယ်သူတဲ့ တူလောက်တယ်”

ကျုပ်လဲ မြင်မြတ်အလင်းအင်ပါယာ မြေပုံကို ထုတ်ကြည့်လိုက်တယ်။

“ငါတို့တွေ သားရဲ့ငိုနယ်မြေ၊ အပြရောင်ည နယ်မြေနဲ့၊ စစ်ပွဲသူတော်စဉ် နယ်မြေတွေကို ဖြတ်ပြီးမှာ မြို့တော်ကို ရောက်မှာမို့လား”

“ဟုတ်တယ်။ အဲ့နယ်မြေတွေကလဲ တော်တော်ကြီးတယ်။ ငါတို့ လက်ရှိအရှိန်နဲ့ဆို သွားချင်တဲ့ နေရာရောက်ဖို့ ရက်ပေါင်း(၂၀)လောက် လိုမယ်ထင်တယ်”

ရက်(၂၀)ဆိုတာ ကျုပ်အတွက် အရမ်းကြာလွန်းအားကြီးပေမယ့် နတ်ဆိုးမျိုးနွယ် နယ်မြေထဲမှာဆိုတော့ ပျံသွားဖို့ကလဲ မဖြစ်နိုင်ပြန်ဘူး။

တုန်းရီက..

“မင်းရဲ့ နတ်ဆိုးမျိုးနွယ် ဒေသန္တရ ဓလေ့ထုံးစံတွေနဲ့ မိတ်ဆက်ပေးအုံးလေ”

စုဟေး တွေးရင်းရင်း မာန်တွေ တက်လာသလိုပဲ။

“မင်းတို့ လူမှန် ရှာတွေ့ထားတာပဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ အလှတရားက တကယ့်ကို ကျော်ကြားတယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို တစ်ယောက်ထဲ တွေးမိယုံနဲ့တင်……… ရှလွတ်… “

နှာဘူးကောင် ပါးစပ်ထဲကတောင် သွားရေတွေ ယိုလာတယ်။ ဒီကောင် ဒီလောက် စိတ်ပျက်စရာကောင်းနေတာ မထူးဆန်းတော့ပါဘူး။ အမြဲတမ်း ဒါပဲ စိတ်ကူးနေတာကိုး။ ဘယ်လိုလုပ် ကောင်းတော့မှာတုန်း။

တုန်းရီ စိတ်ဆိုးမာန်ဆိုးနဲ့.

“တော်တော် အရှက်မရှိတဲ့ကောင်။ အဲဒါတွေ မင်းကို ဘယ်သူက မေးနေလို့တုန်း”

စုဟေး ရှက်ရယ်ရယ်ပြီး..

“တောင်းပန်ပါတယ်။ ငါ မထိန်းနိုင်လိုက်လို့ပါ….

ငါတို့ နတ်ဆိုးမျိုးနွယ်မှာ အထက်တန်းမျိုးနွယ် ရှိတာတော့ မင်းတို့ သိပြီးသားနေမှာပါ။ ငါတို့ မြင့်မြတ်အလင်း အင်ပါယာမှာ အဓိက မျိုးနွယ် (၂)ခုရှိတယ်။ တစ်ခုက အဆင့်နိမ့်မျိုးနွယ်ဖြစ်ပြီး နတ်ဆိုးမျိုးနွယ် ထိန်းချုပ်ထားတဲ့ နတ်ဆိုးသားရဲတွေပေါ့ကွာ။ နောက်တစ်ခုက ငါ့လို နတ်ဆိုးမျိုးနွယ်ပေါ့။ နည်းပညာပိုင်းမှာ မင်းတို့ လူသားမျိုးနွယ်နဲ့ အတူတူပဲ။ နတ်ဆိုးမျိုးနွယ်မှာတောင် ထပ်ပြီး (၂)မျိုးခွဲထားသေးတယ်။ တစ်မျိုးက ခရမ်းရောင်၊ အညိုရောင်မျက်လုံးနဲ့ ကောင်တွေက နည်းနည်း အဆင့်အတန်း နိမ့်တယ်။ အခု မင်းတို့လို မျက်လုံးနဲ့ ကောင်တွေက အဆင့်မြင့်ဆုံး နတ်ဆိုးမျိုးနွယ်တွေပေါ့။ ခရမ်းရောင်တောက်တောက် မျက်လုံးပိုင်သူတွေပဲ လွှတ်တော်မှာ အရာရှိတွေ ဖြစ်လာတာပေါ့”

အချက်အလက်တွေ တော်တော်ရှိတာပဲ။

“နတ်ဆိုးသားရဲတွေရဲ့ အဆင့်ကရော ဘယ်လိုလဲ”

“နတ်ဆိုးသားရဲတွေကို အဆင့်(၅)ဆင့်ခွဲထားတယ်။ အထူး၊ (က)(ခ)(ဂ)(ဃ)ပေါ့ကွာ။ (ဃ)အဆင့်က နတ်ဆိုးသားရဲတွေကြားမှာ အားအနည်းဆုံးပဲ။ (ဂ)အဆင့်က ဒုတိယ အားအနည်းဆုံး။ နတ်ဆိုးသားရဲ အများစုကတော့ (ဂ)အဆင့်နဲ့ (ဃ)အဆင့်တွေပဲ။ အဲ့ကောင်တွေ နတ်ဆိုးစစ်တပ်ရဲ့ (၉၀)ရာခိုင်နှုန်းလောက်ကို သုံးထားတာ။ (ခ)အဆင့် နတ်ဆိုးသာရဲတွေ အရမ်းနည်းပေမယ့် နတ်ဆိုးစစ်တပ်တွေမှာ ဝှက်ဖဲအဖြစ်ထားတဲ့ (က)အဆင့် နတ်ဆိုးသားရဲ (၃၀၀)ထက်မနည်းရှိတယ်ကွ။ အကြမ်းမျဉ်း ပြောရရင် တော်တော်ကြီးတဲ့ သားရဲဘီလူးတပ်ဖွဲ့က သားရဲတွေထက်တော့ အားနည်းတာပေါ့။ ပုံမှန်ဆိုရင်တော့ တိုက်ပွဲမှာ (၁၀၀)လောက်ပဲ ဝင်တိုက်ကြတာ။ ကျန်တဲ့သူတွေက စစ်ဗိုလ်ချုပ်တွေနဲ့ မှူးမတ်တွေအတွက် သားရဲအနေနဲ့ သုံးကြတယ်။ တကယ်တမ်းပြောရရင် နတ်ဆိုးသားရဲတွေဆိုတာ မြင့်မြတ်တဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ ကျွန်တွေပါပဲ”

“အော… သူတပါးကိုတော့ ဘယ်လိုကျွန်ပြုရမလဲ သိတယ်ပေါ့။ ကမ္ဘာပေါ်မှာ ဘယ်လို သက်ရှိဖြစ်ဖြစ် အားလုံး တန်းတူပဲကွ”

ကျုပ်စကားကြားတော့ စုဟေး မျက်ဝန်းထဲမှာ ဝင်းကနဲဖြစ်သွားပြီး မကြာခင်ပဲ ပြန်ပျောက်သွားတယ်။ ဒီကောင် သက်ပြင်းချပြီး..

“မင်းပြောတာ ယုတ္တိရှိပေမယ့် သားရဲမျိုးနွယ်ကိုသာ ငါတို့ မထိန်းချုပ်နိုင်ရင် လူသားမျိုးနွယ်ကို မကျူးကျော်ခင် နတ်ဆိုးမျိုးနွယ် အမြစ်ဖြတ်ခံရမှာတောင် ငါတွေးပူမိတယ်။ ဒီကောင်တွေမှာ အရှက်ရှိတာမဟုတ်ဘူး။ ဗီဇသက်သက်နဲ့ အသက်ရှင်နေတဲ့ကောင်တွေ။ သူတို့ဗီဇတွေက ဘာလဲဆိုရင် ‘အားနည်းတဲ့ကောင်က အားကြီးတဲ့ကောင်ရဲ့ သားကောင်းပဲ’။ ပြီးတော့ သားရဲတွေ တိုက်ခိုက်ကြပြီဆိုရင် အရမ်းအစွမ်းထက်တယ်။ (ဃ)အဆင့် နတ်ဆိုးသားရဲဆိုရင်တောင် အဲ့ကောင်တွေကို သာမန် နတ်ဆိုးမျိုးနွယ် မကိုင်တွယ်နိုင်ဘူး။ ငါတို့အနေနဲ့ အဲလိုမှ မလုပ်ရင် ဘယ်လိုလုပ်ကြမှာတုန်း။ မင်းတို့ကရော ကြက်တွေ၊ ငန်းတွေ၊ သိုးတွေသတ်၊ မြင်းတွေစီး။ အဲဒါတွေရော ငါတို့နဲ့ အတူတူပဲမဟုတ်ဘူးလား”

ပြောရင်းနဲ့ စုဟေး စိတ်တွေ လှုပ်ရှားလာတယ်။ ဒီကောင့်ပုံစံက တည်ကြည်လွန်းတော့ ကျုပ်တောင် အံ့ဩသွားမိတယ်။ ဒီကောင့်ကို အသုံးမဝင်တဲ့ ကောင်လို့ ထင်ထားတာလေ။ သေချာတွေးကြည့်တော့လဲ ဒီကောင်ပြောတာတွေ အဓိပ္ပါယ်တော့ ရှိသား။ ဒါပေမယ့် ဒီကောင့်အပေါ် အကောင်းမြင်စိတ် ပေါ်ဖို့တော့ မဖြစ်နုင်သေးဘူး။

အဲ့အချိန်ကျမှ စုဟေး သူစကားကျွံသွားပြီဆိုတာ သိလိုက်တယ်။ ချက်ချင်း ပုံစံပြောင်းသွားပြီး..

“ဒါ ငါရည်ရွယ်ပြောတာမဟုတ်ပါဘူးကွာ။ ဒီလိုပဲ ရောက်တတ်ရာရာ ပြောလိုက်တာပါ။ စိတ်ထဲမထားနဲ့နော်”

“မင်း အမှန်တွေ ပြောတာပါပဲ။ အရင်ကဆို မင်းကို သုံးစားလို့ရမယ့် ကောင်လို့ ထင်ထားတာမဟုတ်ဘူးလေ”

“ဒါ ဘာမဟုတ်တဲ့ စကားလုံးတွေပါပဲ။ ဘာမှ မဟုတ်ဘူးရယ်”

“အားလုံးပဲ အရှိန်မြှင့်ရအောင်ဟေ့”

ကျုပ် ပြောပြီးတာနဲ့ စုဟေးစီးတဲ့ မြင်းကို တိုက်ပွဲစိတ်ဝိညာဉ် ပစ်ထည့်လိုက်တယ်။ တစ်ဖွဲ့လုံး အရှိန်မြင့်သွားတာနဲ့အမျှ စုဟေးရဲ့ ကြောက်လန့်တကြား အော်သံတွေ ထွက်လာတယ်။

(၂)ရက်လောက်နေတော့ မြို့တစ်မြို့ကို ရောက်ပြီး နတ်ဆိုးမျိုးနွယ်နဲ့ စတွေ့ရတာပဲ။ စုဟေးကတော့ ဒီနေရာက သားရဲငိုနယ်မြေ အစပ်တဲ့။ သားရဲငို နယ်မြေဆိုရာ သားရဲတွေကို အောင်အောင်မြင်မြင်နဲ့ ဟန့်တားနိုင်ခဲ့လို့ ဒီနာမည် ပေးထားတာတဲ့လေ။

မြို့ထဲရောက်တော့ လူသားမျိုးနွယ်က မြို့တွေနဲ့ သိပ်မကွာဘူးဆိုတာ တွေ့လိုက်ရတယ်။ အိမ်တွေ ဘာတွေတော့ နည်းနည်း အဆင့်အတန်းနိမ့်တာပေါ့။

“ဒီနေရာက ဘာလို့ လူသားတွေ မြို့နဲ့ ဒီလောက်တူနေရတာလဲ”

“အရိုးသားဆုံး ပြောရရင် လူသားနိုင်ငံတွေရဲ့ ဆင့်ကဲပြောင်းလဲမှုတွေက ငါတို့ထက် အမြဲရှေ့ရောက်တယ်။ ငါတို့တွေ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက အတုယူထားတာပေါ့။ ဒီလောက် တိုးတက်လာတာနဲ့တင် တော်တော်လေး အကျိုးရှိနေပါပြီလေ”

“နတ်ဆိုး တစ်ကောင်မှလဲ မတွေ့ရပါလား။ နတ်ဆိုးသားရဲတွေက နတ်ဆိုးတွေလောက် မများဘူးမို့လား”

“တိုက်နိုင်ခိုက်နိုင်တဲ့ နတ်ဆိုးတွေက ရှေ့တန်းရောက်ကုန်ကြပြီ။ ကျန်တဲ့သူတွေက နတ်ဆိုးသားရဲတွေ ထိန်းသိမ်းရတာပေါ့။ ပိုင်ရှင် ခွင့်မပေးရင် အပြင်ထွက်လို့ မရဘူးလေ”

“နတ်ဆိုးတွေ မရှိဘူးလို့ ဘယ်သူပြောလဲ။ ဟိုမှာကြည့်စမ်း။ အဲဒါပဲမဟုတ်ဘူးလား”

တုန်းရီပြတဲ့အနေရာကို အားလုံးကြည့်လိုက်မိတယ်။ ကျုပ်တို့ဆီ တည့်တည့်လာနေတဲ့ (၃)မီတာလောက်အရပ်နဲ့ ဝက်ဝံသားရဲကြီးပဲ။

“အဲဒါ နတ်ဆိုးမဟုတ်ဘူး။ သားရဲတစ်ကောင်ပဲ။ ဒီအချိန်ကြီး ဘာလို့ ရှိနေရပါလိမ့်”

“နတ်ဆိုးနဲ့ သားရဲတွေ မဟာမိတ်ဖွဲ့ထားတာ မဟုတ်ဘူးလား။ ဒီတော့ ဒီနေရာမှာ သားရဲရှိတာ ဘာထူးဆန်းလို့လဲ”

“မင်းတို့ မသိလို့။ ငါတို့တွေ ရဲရင့်မြူခိုး အင်ပါယာကို ဆက်တိုက် တိုက်ခိုက်ထားတာဆိုတော့ ငါတို့ကြားက အမုန်းတွေ လူသားမျိုးနွယ်ထက် ပိုကြိးတယ်။ ဒါကြောင့် နတ်ဆိုးမျိုးနွယ် နယ်မြေထဲမှာ သားရဲမျိုးနွယ်ကို မမြင်ရသလောက် ဖြစ်ရမှာ။ ပြီးတော့ ဒီသားရဲ နည်းနည်းတော့ အဆင့်မြင့်ပြီး ဉာဏ်ရှိတဲ့ ပုံပဲ”

သားရဲနဲ့ ပတ်သက်ပြီး ရှင်းပြနေတဲ့အချိန် စုဟေးမျက်ဝန်းထဲမှာ အမုန်းတရာတွေ ပြည့်နေတယ်။

အဲ့ဝက်ဝံကြီး သူ့အကြောင်းပြောနေတာ သိသွားလို့လားတော့မသိဘူး စူရှရှ မျက်လုံးတစ်စုံနဲ့ ကျုပ်တို့ဘက် တည့်တည့်ကြည့်လာတော့ ကျုပ်တို့ကို စိတ်ဝင်စားသွားသလား မပြောတတ်တော့ပါဘူး။

စုဟေး ခပ်တိုးတိုးနဲ့..

“ဒါမကောင်းဘူး။ ဒီဝက်ဝံ ငါတို့ကို ပြဿနာရှာတော့မှာ”

သူပြောတဲ့အတိုင်းပဲ ဝက်ဝံကြီး ကျုပ်တို့ဆီကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာတယ်။

“ခွေးသူတောင်းစားတွေ။ ဘာလို့ ငါ့ကို စိုက်ကြည့်နေကြတာတုန်း”

အဲ့ကောင်စကားလုံးတွေက ပတ်ဝန်းကျင်က နတ်ဆိုးမျိုးနွယ်တွေရဲ့ ဒေါသမျက်လုံးတွေ အာရုံစိုက်ရာ ဖြစ်သွားတယ်။

============= (*^*)=============

အပိုင်း( ၂၁၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters