← Chapters

နောက်ဆုံး ဆန္ဒ

Vol. 14 Ch. 203

နောက်ဆုံး ဆန္ဒ

Vol. 14 Ch. 203

Child of light (ကျန်းကုန်း)

Volume 8: Chapter 14 - Final Wish

“ဘာရည်ရွယ်ချက် ရှိရအုံးမှာလဲ။ ကမ္ဘာပေါ်မှာ စစ်ကြီးဖြစ်ဖို့ပဲပေါ့။ မိစ္ဆာဘုရင် နိုးထလာတာနဲ့ သားရဲမျိုးနွယ်ကို သူ့နယ်ရုပ်ကလေးတွေအနေနဲ့ သုံးပြီး ကမ္ဘာကြီးတစ်ခုလုံးကို ကျူးကျော်သိမ်းပိုက်မှာပဲလေ”

ပြောပြီးတာနဲ့ လီသွမ့်ဝေပ နှစ်ခါတောင် သွေးချောင်းဆိုးလိုက်သေးတယ်။ သူ့မျက်နှာလဲ တဖြည်းဖြည်း ဖြူလျော်လာတယ်။ သွားပြီ။ ကြာကြာ ထိန်းမထားနိုင်လောက်တော့ဘူး။

အစ်ကိုကြီးကတော့ သူ့ကို တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအား ထည့်ပေးဖို့ကြိုးစားသေးတယ်။ ဝေပ ခေါင်းခါရင်း..

“မင်းတိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ ဖြုန်းတီးမနေနဲ့တော့ အသုံးမဝင်တော့ဘူး”

“ခင်ဗျားမှာ မပြီးပြတ်သေးတဲ့ ဆန္ဒတစ်ခုခုရှိလား။ ခင်ဗျားဆန္ဒပြည့်အောင် ကျုပ်တို့သေချာပေါက် လုပ်ပေးမယ်”

အစောက ကျုပ်ကုပေးထားတဲ့ အသွေးအရောင်တွေ တဖြည်းဖြည်း မှိန်ဖျော့လာပြီ။ အဲ့လူ သက်ရှိုက်ရင်း..

“တလူမြို့တော်မှာ သမီးတစ်ယောက်ရှိတယ်။ သူက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ။ လွန်ခဲ့တဲ့ (၈)နှစ်လောက်၊ ငါသူ့ကို ထားခဲ့တုန်းကဆို (၁၃)နှစ်ပဲ ရှိသေးတယ်။ အခုဆို မင်းနဲ့ အသက်တူလောက်ပဲပေါ့။ ခုံရုံမှာ သူ့ကို ငါ့ရဲ့ အမတ်ကြီးရာထူး ဆက်ခံခွင့် ပေးမပေးတော့ ငါမသိဘူး။ မင်းသူကို သွားကြည့်ပြီး အကူအညီပေးဖို့ မျှော်လင့်ပါတယ်”

ရှင်းပြပြီးတာနဲ့ သူ့ရင်ဘတ်ထဲက အိတ်ကလေးတစ်အိတ် ထုတ်လိုက်တယ်။ သေသေချာချာလေး ဖွင့်ကြည့်လိုက်တော့ ကျောက်စိမ်းပြားတစ်ချပ်ရယ်၊ ခရမ်းရောင် သလင်းကျောက်လေးတွေ တွေ့ရတယ်။

“ကျောက်စိမ်းပြားက ငါ့ရာထူးကို အမှတ်သင်္ကေတပေါ့ကွာ။ မင်းသူ့ကိုပြလိုက်ရင် နားလည်သွားလိမ့်မယ်။ ငါတို့တွေ နတ်ဆိုးမျိုးနွယ်ရောင်ဆောင်တဲ့အချိန်သုံးဖို့ ဒီခရမ်းသလင်းကျောက်တွေ ဖန်တီးထားတာ။ မင်းအတွက် အသုံးဝင်လိမ့်မယ်။ ငါ့သမီးလေးကို ကြည့်ရှုပေးဖို့သာ မမေ့ပါနဲ့ကွာ…”

ရုတ်တရက် လီသွမ့်ဝေပ ပါးစပ်ကနေ သွေးစိမ်းတွေ ပန်းထါက်လာတယ်။ သူ့အသက်လက္ခဏာတွေ ရပ်သွားပြီး ခန္ဓာသေသွားပြီပေါ့လေ။

ကျုပ်လဲ သူ့လက်ထဲက ပစ္စည်းတွေ ကောက်သိမ်းပြီး အလေးအနက် ဦးညွှတ်လိုက်တယ်။

“မိစ္ဆာဘုရင်နဲ့ပါတ်သက်ပြီး ပြောခဲ့တဲ့ အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားကို လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်လို့မရပေမယ့်၊ မွန်မြတ်တဲ့ဖခင်ကောင်းတစ်ယောက်အဖြစ်တော့ သတ်မှတ်လို့ရပါသေးတယ်။ အေးအေးချမ်းချမ်း အနားယူပါတော့။ ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒကို ကျုပ်တို့ ဖြည့်ဆည်းပေးသွားမှာပါ”

မြင့်မြတ်အကြီးအကဲက..

“ဒီနေရာက ရှုခင်းလေးလှတယ်၊ သူ့ကို ဒီမှာပဲ မြေမြုပ်ပေးလိုက်ကြရအောင်”

စကားဆုံးတာနဲ့ သူ့လက်ထဲက လမ်းလျှောက်တုတ်ကောက်ကို အသာလေး လှုပ်ရှားလိုက်တာ ရွှေရောင်အလင်းတန်း တစ်ခု ထွက်လာတယ်။ တောင်ကုန်းလေးပေါ်မှာ (၃)မီတာလောက်နက်ပြီး (၂)မိတာလောက်ကျယ်တဲ့ တွင်းတစ်ခု ပေါ်လာတယ်။ ကျန်းဟူ လီသွမ့်ဝေပ အလောင်းကို တွင်းထဲ အသာ ချလိုက်တယ်။ အနီးပတ်ဝန်းကျင်မှာရှိတဲ့ မြေဆီမြေသားတွေကို အဘိုးကြီးတွေ တိုက်ပွဲစိတ်ဝိညာဉ်သုံးပြီး ဖို့ပေးလိုက်ကြတယ်။

မြင့်မြတ်အကြီးအကဲက..

“ကဲ ပြန်ကြရအောင်။ စစ်မြေပြင်မှာ ဘယ်လိုအခြေရှိမလဲမသိဘူး”

သူ့ကျောပေါ် ကျုပ်ကိုတင်ပြီး အရင်က တောင်ကုန်းနေရာကို ပြန်ခဲ့လိုက်ကြတယ်။

တောင်ပေါ်ကို ပြန်ရောက်တော့ တိုက်ပွဲက ပြီးတောင်နေပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ မိစ္ဆာသတ္တဝါ အသေကောင်တွေနဲ့ ပြန့်ပလဲနေပြီ။ သူတို့သွေးနံ့တွေနဲ့တင် စစ်မြေပြင်တခုလုံး ညှီစို့နေရောပေါ့ဗျာ။ အဘိုးကြီးတွေကတော့ နတ်ဘုရားကျေးရွာသားတွေကို သွားပြီး စုစည်းလိုက်တယ်။ ကျုပ်လဲ စွမ်းအား နည်းနည်း ပြန်ရလာပြီ။ နှာခေါင်းကို ပွတ်ရင်း တုန်းရီဘက်လှည့်ပြီး..

“တိုက်ပွဲ ဘယ်လိုလုပ် အမြန်ပြီးသွားတာလဲ”

“ငါလဲ မသေချာဘူး။ အစောက မင်းတို့သွားတဲ့ ဘက်က ကောင်းကင်မှာ ရုတ်တရက် လင်းသွားတယ်။ ပြီးတော့ အသံကျယ်ကြီးကြားပြီး မိစ္ဆာတွေ အချင်းချင်း သတ်ကုန်ကြတော့တာပဲ။ ငါတို့က တိုက်ပွဲကို လက်စသတ်ပေးရုံလောက်ပဲကွ”

ကျန်းဟူ ဒေါသတကြီးနဲ့..

“မကြာတော့ပါဘူး။ အဲ့ခွေးမသား မိစ္ဆာဘုရင် ရအောင်သတ်ပစ်မယ်။ အဲ့ကောင် ဒီနေရာကို ငရဲနဲ့တူအောင်တောင် လုပ်ပစ်လိုက်တယ်။ နောက်ဆို ငါတို့က ဒီမှာ ဘယ်လိုနေကြပါ့မလဲ”

“နေရာအသစ်တစ်ခု ပြောင်းလိုက်စမ်းပါကွာ။ ဘာဖြစ်ဖြစ် ဒီနေရာမှာ သစ်တောတွေ ဒီလောက်ပေါတာကို။ နေရာကျယ်ကျယ်တစ်ခုလောက်က ဘယ်လိုရွေးရွေး တွေ့မှာကို။ အာ ဟုတ်သားပဲ။ အစ်ကိုကြီး မင်းမှာ ငယ်သားတွေ အရင်ကထက် အပုံကြီးများလာတာပဲ”

ကျန်းဟူ ခေါင်းကုတ်ရင်း..

“နတ်ဘုရားဘုရင်ရဲ့ တာဝန်လက်ခံပြီးတာနဲ့ ရှို့တိကို ပြန်ပြီး ငါ့အဖေနဲ့ ငါ့ညီအစ်ကိုတွေဆီ သွားသေးတယ်။ သူတို့က ငါ့ကို အတူနေစေချင်ကြပေမယ့် ငါကိုက လွှတ်လွှတ်လပ်လပ်နေချင်တာလေ။ ဒီတော့ ငါလဲ ပြန်ပြီး ထွက်ပြေးလာခဲ့တာကွ။ ငါ အဲ့မှာ နေတုန်း၊ ရှို့စစ်က ငါတို့ခွန်အား တိုးမြှင့်ဖို့ အရေးကြီးတယ်ဆိုတော့ စစ်သည်တွေ စုဆောင်ပြီး သူတို့လေ့ကျင့်ဖို့အတွက် မြင်းတွေတောင် ဝယ်ခဲ့ရသေးတယ်။ အခုဆို ငါ့ဆီမှာ လူ(၁၀၀၀)လောက် ရှိတယ်ကွ”

“မင်းလဲ အရင်ကထက် ပိုသန်မာလာပြီပဲ”

“ကျန်းကုန်း”

သဘာဝနတ်သူငယ် တတိယအကြီးအကဲဗျ။ ကျုပ်လဲ သူ့ဆီသွားပြီး..

“အကြီးအကဲ အခုချိန် ခင်ဗျားကိုမြင်ရတာ ကျုပ်အတွက်တော့ ကံကောင်းခြင်းကြီးတစ်ခုပဲ။ ခင်ဗျားတို့ နတ်သူငယ် ညီနောင်တွေသာမရှိရင် ကျုပ်အစ်ကိုကြီး ကျုပ်လာကူတဲ့အချိန်ထိ တောင့်ခံနိုင်မျာ မဟုတ်လောက်ဘူး”

“ဘာလို့ ဒီလိုကြီးတွေ ပြောနေရတာတုန်း။ မင်းငါ့ကို သူစိမ်းတစ်ယောက်လို့များ မှတ်ထားတာလား။ ငါတို့ အခက်အခဲ ဖြစ်နေတုန်းက ကူညီခဲ့တာ မင်းမဟုတ်ဘူးလား”

“ဒီနေရာမှာ မိစ္ဆာအလောင်းတွေနဲ့ ပေပွနေပြီ။ ကျုပ်တို့တွေ ဒီမှာ ဆက်နေလို့ မရဘူး။ အစ်ကိုကြီးကျန်းဟူနဲ့တောင် လောလောဆယ် နေရာပြောင်းဖို့ ပြောနေကြတာ”

တတိယအကြီးအကဲက.

“ဘယ်နေရာကို ရွှေ့ကြမှာလဲ”

“ဒီအနား တစ်ဝိုက်ပါပဲ။ ကျုပ် လူတွေသွားစုလိုက်အုံးမယ်။ ခင်ဗျားတို့ ဆက်ပြောနေကြပါအုံး”

ကျန်းဟူ ထွက်သွားတာ မြင်တော့…

“မိစ္ဆာဘုရင် အခုတလော တော်တော်လေး လှုပ်ရှားနေတယ်။ ကျုပ်တို့အတွက် နောက်ဆို သိပ်အဆင်ပြေ တော့မယ်မထင်ဘူး”

“ငါတို့အားလုံး စုပေါင်းတိုက်ခိုက်ရမှာပဲလေ။ ကမ္ဘာပေါ်က မျိုးနွယ်တွေပေါင်းစုံရှိတာတောင် ငါတို့တွေ စိုးရိမ် နေရသေးတာပဲ မဟုတ်ဘူးလား။ ငါ နတ်သူငယ်တွေကို သွားစုလိုက်အုံးမယ်။ အချိန်ကြာကြာ အခြေချဖို့ သင့်တော်တဲ့ နေရာ ရှိမရှိသိရအောင် နတ်သူငယ် (၂)ယောက်လွှတ်ပြီး လေ့လာခိုင်းလိုက်မယ်”

“ဒါဆို ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“မင်း ငါ့ကို တအားကြီး ယဉ်ကျေးမနေပါနဲ့ကွာ။ ငါတို့ နတ်သူငယ်ကျေးရွာကို နောက်တစ်ခါလာရင်သာ သီးစုံဝိုင် မတောင်းရင် အဆင်ပြေပြီ။ ဟား ဟား”

အရင်က ဝိုင်တွေ စွတ်သောက်ပြီး အဆစ်ပါတောင်းခဲ့သေးတာကို ကြောက်နေတုန်းဖြစ်မယ်။

(၂)နာရီလောက်နေတော့ ကျုပ်တို့ အဖွဲ့(၃)ခုစလုံး တောင်ထိပ်မှာ အားလုံး စုမိသွားပြီ။ နတ်သူငယ် တတိယအကြီးအကဲက..

“ငါတို့ မျိုးနွယ်တွေ မြောက်ဘက်က မနီးမဝေးနေရာတစ်ခုမှာ တော်တော်ကြီးတဲ့ ရေအိုင်တစ်ခု တွေ့ခဲ့တယ်တဲ့။ အဲ့နေရာမှာ စားပင် သီးပင်တွေလဲ ပေါက်နေတယ်။ ပတ်ဝန်းကျင်မှာလဲ မြစ်ရှိတယ်။ အခြေချဖို့ နေရာကောင်း တစ်ခုဖြစ်လောက်တယ်”

ကျန်းဟူ စိတ်လှုပ်ရှားတကြီးနဲ့..

“အရမ်းကောင်းတယ်။ အဲ့နေရာကို သွားကြရအောင်။ ဒီလူအုပ်ကြီးနဲ့ နေစရာတစ်ခု ရပြီပေါ့”

“ရိက္ခာရော ဘယ်လောက်ကျန်သေးလဲ”

“သိပ်မများတော့ဘူး။ (၂)ရက်၊ (၃)ရက်စာလောက်တော့ လုံလောက်မှာပါ”

“ကောင်းပြီလေ။ ငါတို့ ရေကန်ကို အရင်သွားကြရအောင်။ အနားယူပြီးမှ လိုအပ်တဲ့ ရိက္ခာနဲ့ ပစ္စည်းတွေ စုဆောင်းတာပေါ့”

နတ်သူငယ်ရှေ့ပြေးတွေ တော်တော်ကြီးတဲ့ အင်းကြီးတစ်ခု တွေ့ခဲ့ကြတာပဲ။ ရှေးဟောင်းသစ်ပင်ကြီးတွေလဲ အပြည့်ပဲ။ နတ်ဘုရားကျေးရွာ အကြီးအကဲတစ်ယောက်က..

“ကျုပ်တို့တွေ ဒီနေရာမှာ အခြေချစခန်းလုပ်ဖို့ ကောင်းတယ်”

“ဒီလို လုပ်ရအောင်လေ။ နတ်သူငယ်မျိုးနွယ်တွေ ပတ်ဝန်းကျင်ကို ကင်းစောင့်ဖို့ တာဝန်ယူပေး။ အစ်ကိုကြီး မင်းလူတွေနဲ့ ရွာသားတွေ ပေါင်းပြီး နေဖို့ အဆောက်အဦတွေ ဆောက်ဖို့ တာဝန်ယူပေး။ အာ ဟုတ်သားပဲ။ အစ်ကိုကြီး ကောင်းသဲနဲ့ ရှို့စစ်ရော အခြေအနေ ကောင်းရဲ့လား”

“အခုတော့ သူတို့နားနေတယ်ကွ။ ရှို့စစ် သူတို့ကို ကုဖို့စွမ်းအား အလွန်အကျွံသုံးထားတာဆိုတော့ ငါတို့နောက်က တောထဲမှာ နားနေတယ်”

============= (*^*)=============

အပိုင်း( ၂၀၄ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters