← Chapters

စခန်းစတင်တည်ဆောက်ခြင်း

Vol. 14 Ch. 204

စခန်းစတင်တည်ဆောက်ခြင်း

Vol. 14 Ch. 204

Child of light (ကျန်းကုန်း)

Volume 8: Chapter 15 - Beginning to take shape

ကျုပ်လဲ သက်ပျင်းချပြီး..

“သူတို့တွေ နေကောင်းရင် ကောင်းမယ်။ တုန်းရီ.. ဒီကတ်ထဲမှာ ငွေတွေရှိတယ်။ ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းတွေ တော်တော်လိုနေတယ်။ ဒီတော့ နတ်ဘုရားကျေးရွာက ညီနောင်(၂၀)လောက်နဲ့ ရိက္ခာပစ္စည်းတွေ ဝယ်ဖို့ ဖူလီမာမြို့ကို သွားကွာ။ မင်းတို့ မြန်မှရမယ်နော်။ ပျံသွားကြရင် ပိုကောင်းမယ်”

တုန်းရီ ကျုပ်ခရမ်းရောင်ကတ်လေး ယူရင်း..

“စိတ်မပူနဲ့.. ငါတို့တွေ (၂)ရက်နဲ့ အရောက်ပြန်ခဲ့မယ်”

မြင့်မြတ်အကြီးအကဲက..

“ကျန့်ရှန် သူနဲ့အတူလိုက်ဖို့ စွမ်းအား သိပ်မသုံးရသေးတဲ့ ရွာသားတွေ ရွေးလိုက်ကွာ”

ကျန့်ရှန် လူအုပ်ထဲကနေ ချက်ချင်းထွက်လာပြီး တုန်းရီပုခုံးကို ပုတ်ပြီး..

“အစ်ကို သွားကြစို့”

သူတို့ထွက်သွားတာကြည့်ပြီး ကျုပ်လဲ ပြုံးရင်းနဲ့..

“ဟုတ်ပြီလေ။ အားလုံး လှုပ်ရှားလိုက်ရအောင်။ ဒဏ်ရာရတဲ့ ညီအစ်ကိုတွေ အိမ်ဝင်မဆောက်ဘဲ အနားယူလိုက်ကြ။ အဖွဲ့တွေ ညွှန်ကြားဖို့တော့ အကြီးအကဲတွေကိုပဲ တောင်းဆိုပါရစေ။ အစ်ကိုကြီး ကျန်းဟူ ငါမှော်စွမ်းအားတွေ အမြန်ဆုံးပြန်ရအောင်လုပ်မလို့ စောင့်ရှောက်ပေးအုံး”

အားလုံးကလဲ ကျွမ်းကျင်သူတွေပဲဆိုတော့ အခြေခံ အဆောက်အဦးတွေဆောက်ဖို့ (၃)ရက်ပဲ ကြာလိုက်တယ်။ အိမ်ဆောက်ဖို့ တွေ့သမျှသစ် အကုန်မခုတ်ဘဲ သစ်တော့ကြီးအလယ်မှာ ထင်းခုတ်ပြီးသား ထင်းတွေကိုပဲ အများဆုံးသုံးပြီး ဆောက်လိုက်ကြတာ။ အလျှင်စလိုဆောက်လိုက်ကြတာဆိုတော့ အိမ်တွေ တော်တော်ကြီးသွားတယ်။ တစ်အိမ် တစ်အိမ်ကို အယောက်(၁၀၀)လောက်ကို နေလို့ရတယ်။ နတ်ဘုရား ကျေးရွာက အဘိုးကြီးတွေ ဆောက်လုပ်ရေး လုပ်ငန်းဘက်မှာ တော်တော်ကျွမ်းကျင်ကြတာပဲဗျ။ ကိုင်းဖျားကိုင်းနားတွေကိုတောင် မလေရအောင် ခြံစည်းရိုး အကာအရံတွေ လုပ်လိုက်သေးတယ်။ တစ်ဖက်ကလဲ တုန်းရီနဲ့ ကျန့်ရှန်တို့တွေ (၃)ရက်နဲ့ (၂)ခေါက်တောင်သွားပြီး ရိက္ခာနဲ့ပစ္စည်းတွေ ကောင်းကောင်း ဝယ်နိုင်ခဲ့ကြတယ်။

နေဝင်တဲ့အချိန် အဘိုးကြီးတွေ၊ ကျန်းဟူနဲ့ တခြားသူတွေကို လူစုလိုက်တယ်။

ကျန်းဟူရဲ့ စိုးရိမ်စိတ်တွေကတော့ ဘာမှကို မပြောင်းလဲသေးတာ။

“ကျန်းကုန်း ဘာကိစ္စရှိလို့လဲ”

ကျုပ်လဲ အလေးအနက်နဲ့..

“အစ်ကိုကြီး.. လီသွမ့်ဝေပ ပြောတာ မှတ်မိသေးတယ်မို့လား။ မိစ္ဆာမျိုးနွယ်က အခုဆို နတ်ဆိုးမျိုးနွယ်ထဲကို စိမ့်ဝင်နေပြီလေ။ ငါတို့တွေ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး။ ဒါကြောင့်မို့ ငါနတ်ဆိုးမျိုးနွယ်ကို သွားဖို့ ဆုံးဖြတ်လိုက်ပြီ။

ရှို့စစ် မျက်မှောင်ကြုတ်ရင်း..

“နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေ အခု လူသားမျိုးနွယ်ဆီ စစ်ပွဲစနေကြတယ်။ မင်းသာ ခုချိန်သွားရင် အန္တရာယ် အကြီးလွန်းဘူးလား”

“အဲလို အန္တရာယ်ရှိမယ်ဆိုရင်တောင် ငါသွားမှဖြစ်မှာ။ ငါ တစ်ခါပြောခဲ့ဖူးတယ်လေ။ ငါချစ်ရတဲ့ မိန်းကလေး အဲ့မှာ ရှိနေတယ်”

ကျန်းဟူ အံ့ဩသွားပြီး..

“တော်တော် ဟုတ်တဲ့ကောင်။ မင်းက ကောင်မလေးရတာတောင် အစ်ကိုကြီးဖြစ်တဲ့ ငါ့ကို အသိမပေးနိုင်ဘူး ပေါ့လေ။

ကျုပ်လဲ ပြုံးရင်းနဲ့ပဲ..

“မင်းကို မပြောချင်တာ မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ငါချစ်ရတဲ့ ကောင်မလေးက နတ်ဆိုးမျိုးနွယ် ဆိုတော့ မင်းလက်မခံမှာ ကြောက်တာဟ”

နတ်ဘုရားကျေးရွာက အကြီးအကဲ (၅)ယောက်ကလွဲရင် ကျန်တဲ့သူတွေအကုန် အံ့ဩကုန်ကြတယ်။

“အစ်ကိုကြီး ကျန်းကုန်း.. မင်းနတ်ဆိုးမျိုးနွယ်နဲ့ ဘယ်လိုတွေ့သွားတာတုန်း”

“အေးကွာ ငါလဲ ခံစားချက်တွေ ထိန်းလို့မရလိုက်ဘူး။ နတ်ဆိုးမျိုးနွယ် မင်းသမီးကို ငါ နက်နက်ရှိုင်းရှိုင်း ချစ်မိရုံတင်မဟုတ်ဘူး။ သူ့ကြောင့်ပဲ အိုက်ရှားနိုင်ငံမှာ ဝရမ်းပြေးတောင် ဖြစ်လာခဲ့သေးတယ်။ မင်းအစ်ကိုက အခု ဝရမ်းပြေး ဖြစ်နေပြီဟ”

တစ်ယောက်တည်း ငြိမ်နေတဲ့ ရှို့စစ်က..

“ကျန်းကုန်း ဖြစ်ပျက်ခဲ့သမျှ ပြန်ပြောပြပါလား”

ကျုပ်လဲ ခေါင်းညိတ်ပြီး နတ်ဘုရားသစ်တောကနေ ပြန်လာတဲ့အချိန်ကစပြီး ဖြစ်ပျက်သမျှ အကုန်ပြောပြလိုက်တယ်”

/*+-./*+-./*+-./*+-.

ဇာတ်ကြောင်းပြီးတဲ့အချိန် အားလုံး အသံတိတ်နေကြတယ်။

“အဲလိုတွေကြောင့် တာဝန်အရရော၊ ကိုယ်ရေးကိုယ်တာ ကိစ္စရော ပေါင်းပြီး ငါ နတ်ဆိုးမျိုးနွယ်ကို သွားမှရမယ်”

အစ်ကိုကြီး ကျန်းဟူ ကျုပ်ပုခုံးကို ပုတ်ပြီး…

“ညီလေး… ညီလေး.. မင်းကိုငါ အားပေးတယ်။ အစ်ကိုကြီး မင်းကို လိုက်ပို့မယ်”

ရှို့စစ်ကလဲ..

“မိစ္ဆာဘုရင်နဲ့ တိုက်ပွဲအတွက် နတ်ဆိုးမျိုးနွယ်ကို ကာကွယ်ပေးဖို့ကလဲ အရေးကြီးတာပဲဆိုတော့ ငါတို့သွားကို သွားမှရမယ်။ ကျန်းကုန်း မင်းနဲ့ လိုက်ဖို့ ဘယ်နှယောက်လောက် စဉ်းစားထားလဲ”

သူတို့ အားပေးတာတွေ့တော့ ကျုပ်တောင် မျက်ရည်စို့ချင်လာတယ်။

“လီသွမ့်ဝေပ က ငါ့ကို ခရမ်းရောင်သလင်းကျောက်စ (၁၂)ခု ပေးခဲ့တာလေ။ ငါတို့တွေ နတ်ဆိုးမျိုးနွယ်ထဲမှာ ရုပ်ဖျက်ဖို့အတွက်သုံးရမှာ ဆိုတော့ ငါနဲ့အတူ (၁၁)ယောက်ပဲ လိုက်လို့ရမယ် ဆိုတဲ့သဘော။ လူအရမ်းများလွန်း ရင်လဲ မကောင်းဘူးလေ။ နတ်ဆိုးမျိုးနွယ်ကို သွားရမယ့် ခရီးက အန္တရာယ် များတယ်။ အမှန်အတိုင်းပြောရရင် ငါတစ်ယောက်တည်းသွားဖို့ စဉ်းစားထားတာ”

အစ်ကိုကြီးကျန်းဟူကတော့ ပြတ်ပြတ်သားသားနဲ့…

“တစ်ယောက်တည်း သွားဖို့တော့ မဖြစ်နိုင်ဘူး။ ငါမင်းနဲ့ လိုက်ခဲ့မယ်”

“အစ်ကိုကြီး.. မင်းစေတနာ ငါသိပါတယ်ကွာ။ ဒါပေမယ့် မင်းနဲ့ အကြီးအကဲတွေ ဒီမှာ အုပ်ချုပ်ဖို့ လိုနေသေးတယ်.. ဆိုတော့”

ကျန်းဟူ ပြန်ပြုံးပြရင်းနဲ့..

“တော်တော့။ ငါမင်းနဲ့ လိုက်မှာတော့ အသေချာပဲ။ ဘာမှလာရှင်းပြမနေနဲ့။ ငါမပါလို့ ဘယ်ဖြစ်မလဲ။ ပြီးတော့ နတ်ဆိုးမျိုးနွယ်ဆိုတာလဲ ငါကြည့်ချင်သေးတယ်။ ဒီမှာ စီမံအုပ်ချုပ်ဖို့က ရှို့စစ်ဆို ငါ့ထက်တောင်ပို တော်သေး။ သူရှိရင်ကို ပြီးနေပြီ”

ရှို့စစ် စိတ်ဆိုးမာန်ဆိုးနဲ့..

“မင်း တော်တော်ဆိုးတာပဲ။ အမှိုက်ထုပ်ကြီး ငါ့ခေါင်းပေါ်လာပို့နေပြန်ပြီ။ ငါလဲ သွားချင်တာပေါ့ဟ”

တုန်းရီ ဟားတိုက် ရယ်ရင်းနဲ့

“တော်ကြပါတော့။ ငြင်းမနေကြနဲ့တော့။ အစ်ကိုကြီး ကျန်းဟူ အကြံပေးတဲ့အတိုင်း လုပ်ရအောင်လေ။ အစ်ကိုကြီး ရှို့စစ် မင်းဘယ်လောက် ဉာဏ်ကောင်းတယ်ဆိုတာ ငါတို့အားလုံး သိထားပြီးသားပဲကို”

“တုန်း.. ရီ..၊ မင်း အယုတ်တမာ….”

တုန်းရီကတော့ တခစ်ခစ် ရယ်ရင်းနဲ့ပဲ..

“ငါကတော့ မိစ္ဆာမျိုးနွယ်ကို ကြည့်ချင်သေးတယ်ဆိုတော့ အစ်ကိုကြီး ကျန်းဟူနဲ့ လိုက်သွားမှာပဲ..အဟက် ဟက်”

ရှင်းအောင်းနဲ့ ကောင်းသဲတို့လဲ လိုက်ချင်လို့ တပူပူ တညံညံ လုပ်နေကြတယ်။

အားလုံးက အန္တရာယ်ကို မမှုဘဲ လိုက်ချင်လွန်းလို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြတာမြင်ရတော့ ကျုပ်တောင် စိတ်လှုပ်ရှားသွားပြီးတော့..

“ကဲကဲ ငြင်းမနေကြနဲ့တော့။ ကျွမ်းကျင်သူတွေက သိပ်ရှိတာမဟုတ်ဘူး။ ဒီတော့ အစ်ကိုကြီးရှို့စစ် ငါမင်းကို ဒီမှာ ထားခဲ့မှရမှရမှာ။ အစ်ကိုကြီး ကျန်းဟူကိုတော့ စိတ်ဆိုးအောင် ငါမလုပ်ရဲဘူး။ ဒီတော့ ထည့်တွက်လိုက်မယ်။ ရှင်းအောင်းနဲ့ ကောင်းသဲ မင်းတို့တွေ ဒဏ်ရာ လုံးလုံးမသက်သာသေးတော့ အစ်ကိုရှို့စစ်ကို ကူညီဖို့ နေခဲ့တာ အကောင်းဆုံးပဲ”

နတ်ဘုရားကျေးရွာ အကြီးအကဲတစ်ယောက်က..

“ဒါဆို ငါတို့အဘိုးကြီးတွေက ဘာလုပ်ရမလဲ”

“အဘိုးတို့က ဒီနေရာမှာ ဂုဏ်သိက္ခာအရှိဆုံးနဲ့ ထိပ်သီးကျွမ်းကျင်သူတွေလေ။ ဒီတော့ ဒီနေရာမှာနေခဲ့ပြီး ကျုပ် ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ တောင်းဆိုပါရစေ။ ခင်ဗျားတို့ အနီးကပ် သင်ကြားမှုနဲ့ဆို သူတို့တွေ တိုးတက်နှုန်း အရမ်းကောင်းလာမှာ သေချာတယ်”

မြင့်မြတ်အကြီးအကဲ ပြုံးပြုံးကြီးနဲ့..

“ကောင်လေး။ စွတ်မြှောက်မနေနဲ့တော့။ ဘာပဲဖြစ်ဖြစ် ငါတို့ အရိုးဆွေးတွေ မင်းကိုပေးထားပြီးမှတော့ မင်းပြောသမျှ လုပ်ပေးမှာပါလေ”

“အစ်ကိုကြီး ရှို့စစ်.. မင်းကြားတယ်နော်။ အချိန်တန်ရင်တော့…”

ကျုပ်လဲ စကားပြောရင်း ရှို့စစ်ကို အဓိပ္ပါယ် ပါပါ ကြည့်လိုက်တယ်။

အထာနပ်တဲ့ ရှို့စစ်စစ်က..

“ကျေးဇူးပြုပြီး နေပေးပါဗျာ။ ကျွန်တော်ကတော့ အကြီးအကဲတို့ကို အမြဲလေးစားပြီးသားပါ”

ကျုပ်ထွက်သွားတဲ့အချိန် အားလုံးက အကြီးအကဲတွေရဲ့ သွန်သင်လမ်းညွှန်မှုအောက်မှာ အရမ်းတိုးတက် သွားကြတာဗျ။ ရှို့စစ်က သူတို့ကို စိတ်ရင်းနဲ့ လေးစားတော့ သူတို့ကလဲ ပညာတွေ အစွမ်းကုန် ပြန်သင်ပေးခဲ့တယ်။ ဒါ နောင်အနာဂါတ် ရဲ့ တစိတ်တစ်ပိုင်းအတွက် ကြိုပြောထားတာနော်။ အဟီး..။

နတ်သူငယ်မျိုးနွယ် တတိယ အကြီးအကဲကလဲ..

“မင်းနဲ့အတူခေါ်ဖို့ နောက်ထပ် (၉)ယောက်က ဘယ်သူတွေလဲ”

ကျုပ်နည်းနည်းလေး စဉ်းစားပြီးမှ..

“ခင်ဗျားနဲ့ မျိုးနွယ်ဝင်တွေကို ကျုပ်တော်တော်လေး ဒုက္ခပေးပြီးသွားပြီ။ နတ်သူငယ်မျိုးနွယ်ဆိုတာ ကျုပ်တို့အတွက် အကောင်းဆုံး မိတ်ဆွေတွေပဲလေ။ ဆန္ဒရှိရင် ဒီမှာ ဆက်နေလို့ရပါတယ်။ နတ်သူငယ်တွေမှာ အတောင်တွေပါနေတော့ နတ်ဆိုးမျိုးနွယ်ကို ကျုပ်နဲ့လိုက်ဖို့ မသင့်တော်ဘူး။ ကြယ်စင်သူရဲကောင်း အဆင့်ရှိတဲ့ နတ်ဘုရားရွာသားတွေကိုပဲ ကျုပ်ခေါ်သွားတော့မယ်။ သူတို့က အစစ်အမှန် သိုင်းပညာသုံးတဲ့ သူတွေဆိုတော့ အသွင်ယူတဲ့အချိန် သံသယ အဝင်မခံရဖို့ ပိုလွယ်တယ်လေ”

============= (*^*)=============

အပိုင်း( ၂၀၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters