← Chapters

နတ်ဆိုးနဲ့ သားရဲ မဟာမိတ်တပ်များ

Vol. 14 Ch. 205

နတ်ဆိုးနဲ့ သားရဲ မဟာမိတ်တပ်များ

Vol. 14 Ch. 205

Child of light (ကျန်းကုန်း)

Volume 8: Chapter 16 - Demon-Beast Allied Armies

ကျုပ်စကားကြားတော့ တုန်းရီ ချက်ချင်းပဲ..

“ကျန့်ရှန်ကို မင်းနဲ့ ခေါ်သွားစေချင်တယ်။ ဒီကောင် ကြယ်စင်သူရဲကောင်း အဆင့်ဆိုတာ သေချာတယ်”

ကြည့်ရတာ သူနဲ့ ကျန့်ရှန် ဆက်ဆံရေး မဆိုးဘူးထင်တယ်။

“နတ်ဆိုးမျိုးနွယ်ကို သွားရတာ အရမ်း အန္တရာယ်များလိမ့်မယ်။ ငါနဲ့ လိုက်မယ့်သူတွေ ကိုယ့်သဘောနဲ့ကိုယ် အေးအေးဆေးဆေး ပြန်လာခွင့်ရမယ်လို့ ကတိမပေးနိုင်ပေးမယ့် လူတိုင်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရမယ် လို့တော့ ငါပြောနိုင်တယ်။

မြင့်မြတ်အကြီးအကဲက ..

“ဒီအတွက် ငါမင်းကို ရွေးပေးလိုက်မယ်။ ဘယ်တော့ ထွက်မယ် စိတ်ကူးထားလဲ”

“ကျုပ်တို့ ချက်ချင်းထွက်မယ်။ မိစ္ဆာဘုရင်ရဲ့ နယ်ရုပ်တွေ နတ်ဆိုးနယ်မြေထဲ ဘယ်လောက်ထိ စိမ့်ဝင်နေမှန်း မသိတော့ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းမှ ဖြစ်မယ်”

မူကျီ လုံခြုံရေး အရမ်းဆိုးရိမ်နေပြီလေ။ မူကျီ မင်းဘာမှ မဖြစ်ရဘူးနော်။

မြင့်မြတ် အကြီးအကဲက..

“ကောင်းပြီလေ။ ဒီနေရာကို ငါတို့နဲ့ ထားခဲ့လိုက်။ မနက်ဖန်မှ မင်းထွက်ပေါ့ကွာ။ မင်းနဲ့လိုက်ရမယ့်လူတွေ အခုပဲ ငါသွားရွေးလိုက်မယ်”

*******

နောက်နေ့မနက် အာရုံတက်တာနဲ့ ကျုပ်တို့(၁၂)ယောက် ထွက်လာခဲ့လိုက်ကြတယ်။ မြင့်မြတ်အကြီးအကဲက ကျုပ်အားကိုးလို့ရအောင် ကျန့်ရှန်နဲ့အတူ (၉)ယောက် ရွေးပေးလိုက်တယ်။ သူတို့အကုန်လုံး အသက်(၂၀)ဝန်းကျင်းတွေပဲဗျ။ ကျန့်ရှန် ပြောပုံအရတော့ သူတို့အကုန်လုံး နတ်ဘုရားကျေးရွာ မျိုးဆက်သစ်လူငယ်တွေကြားမှာ နာမည်ကြီး ကျွမ်းကျင်သူတွေတဲ့။

ကျုပ်တို့တွေ နေ့ဘက်မှာ ခွန်အားပြန်လည်ဖြည့်စည်းရေးကိုပဲ ဦးစားပေးလုပ်ပြီး ညဘက်ကျမှ ဝတ်စုံနက်တွေ ဝတ်ပြီး ခရီးဆက်ကြတယ်။ ကျုပ်တို့တွေ တိုက်ခိုက်ရေးစိတ်ဝိညာဉ်သုံးပြိး အချိန်ခနလောက်ပဲ ပျံနိုင်သေးတယ် ဆိုပေမယ့် ပုံမှန်ထက် အများကြီး ပိုခရီးရောက်တယ်ဗျ။ (၁၀)ရက်လောက်နေတော့ လျှပ်စီးခံတပ်ကနေ ကီလိုမီတာ (၇၀)လောက်ပဲ ဝေးတော့တဲ့ မေ့လျော့ခံလမ်းမြို့ ကို ရောက်ခဲ့ကြတယ်ဗျ။

မြို့က ထူးထူးခြားခြားကို အသက်ဝင်လှုပ်ရှားနေတာဗျ။ လမ်းမကြီးပေါ်မှာလဲ ကင်းလှည့်နေတဲ့ နိုင်ငံအသီးသီးက စစ်သားမျိုးစုံနဲ့ ပြည့်နေရောပဲ။ ကျုပ်တို့အဖွဲ့ စားသောက်ဆိုင်ငယ်လေး တစ်ခုထဲဝင်ပြီး ဝိုင်နဲ့ ဟင်းတွေ မှာလိုက်တယ်။

“အစ်ကိုကြီး အခြေအနေကတော့ တော်တော်လေး တင်းမာနေပုံပဲ။ ဟိုအပြင်က စစ်သားတွေဆို ရှေ့တန်းအတွက် ရိက္ခာမျိုးစုံ ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့တွေ ဖြစ်မယ်ထင်တယ်”

ကျန်းဟူ ခေါင်းညိတ်ပြီး..

“အခြေအနေတွေ တင်းမာတယ်ဆိုပေမယ့် တိုက်ပွဲတော့ မစသေးဘူးကွ။ တကယ်လို့ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်တွေ လျှပ်စီးခံတပ်ကို မထိုးဖောက်နိုင်သေးတာ သက်သေပဲ။ နှစ်ပေါင်း (၂၀၀)အတွင်း နိုင်ငံပေါင်းစုံကနေ စစ်ပွဲအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ စုဆောင်း ထားခဲ့ကြတာ။ ဒါကြောင့်လဲ နတ်ဆိုးနဲ့ သားရဲ မဟာမိတ်တပ်တွေ ကမူးရှုးထိုး မလုပ်ရဲကြတာပေါ့။ ခံတပ်မှာ နယ်မြေမှော်အမြှောက် (၂၀၀)လောက်ပဲ ရှိပေမယ့် အဲ့ဒါတွေကို စွတ်တိုးဖို့ ဒီကောင်တွေ တော်တော်ကို အခက်တွေ့နေမှာကွ”

“အဲ့ နယ်မြေ မှော်အမြှောက်တွေ တကယ်ကို အစွမ်းထက်တာလား”

ကျန်းဟူ မယုံနိုင်ဘူးဆိုတဲ့ ပုံစံနဲ့..

“မင်း တော်တာ်ကို ဗဟုသုတ နည်းသေးတာပဲ။ သာမာန် မှော်အမြှောက် တစ်လက် ဆိုရင်တောင် သာမာန်လူ ရာနဲ့ချီပြီး အသာလေး ချေမှုန်းပစ်လို့ရတယ်။ နယ်မြေ မှော်အမြှောက်ဆို ပိုဆိုးပြီပေါ့။ ဒီလောက်ဆို အစွမ်းထက်တယ်လို့ ပြောလို့ရပြီလား။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်က မယုတ်တမာတွေရဲ့ ခုခံနိုင်စွမ်း မြင့်လွန်းတာတောင် နယ်မြေ မှော်အမြှောက် (၂၀၀)ရဲ့ အစွမ်းကို တိုက်ရိုက် အထိမခံရဲကြလောက်ဘူး…. မင်း နတ်ဆိုးမျိုးနွယ် မင်းသမီးကို အယုတ်တမာလို့ မပြောဘူးနော်”

ပြောမှပဲ ပိုဆိုးသွားတော့တယ်။ သူရှင်းမပြရင် အဲ့လောက်မဟုတ်သေးဘူးလေဗျာ။

ကျုပ်လဲ ဒေါသတကြီးနဲ့..

“အစ် ကို ကြီး…….. မင်း ကွာ…”

အခြေအနေ တင်းမာသွားတာ မြင်တော့ တုန်းရီက..

“အဲဒါတွေ ပြောမနေတော့နဲ့။ အခု အရင်ဆုံး စားလိုက်ကြရအောင်။ ကျန်းကုန်း လျှုပ်စီး ခံတပ်ကို ဘယ်လို ဖြတ်ဖို့ စဉ်းစားထားလဲ"

“ငါ့မှာ အကောင်းဆုံး အစီအစဉ် တစ်ခုရှိတယ်။ နတ်ဆိုးမျိုးနွယ်တွေ ငါတို့ဘက်ကို ဘယ်လို ရောက်လာတယ်ဆိုတာ မင်းမေ့သွားပြီလား။ ငါတို့ရော ဘာလို့ အဲလို မလုပ်ရမှာတုန်း။ ငါ့မှော်စွမ်းရည် ပြန်ပြည့်တဲ့အရှန်နဲ့ဆိုတော့ ငါတို့တွေ အချိန်တိုအတွင်း ကောင်းကောင်း နေရာရွှေ့ပစ်လို့ရတယ်”

ကျန့်ရှန်တောင် စိတ်တွေ လှုပ်ရှားပြီး..

“အာ… အရမ်းကောင်းတယ်။ ငါအရင်က လေဟာနယ် ရွှေ့ပြောင်းခြင်းဆိုတာ မခံစားဖူးသေးဘူး”

“ဘာဖြစ်တာတုန်းဟ။ လေဟာနယ် ဝင်္ကပါကိုများ မင်းက ပျော်စရာလို့ထင်နေတာလား။ ငါတို့သာ သတိတစ်ချက်လွတ်သွားရင် တခါတည်း ကိစ္စပြတ်သွားမှာ”

ကျန့်ရှန် မြေပဲဆံ တစ်စေ့နဲ့ လှမ်းပစ်ရင်း..

“ငါ့ကို လာမခြောက်နဲ့နော်။ မင်းလို လူမျိုးက လေဟာနယ် မှော်ဝင်္ကပါမှာ အမှားအယွင်း လုပ်မိလိမ့်မယ်လို့ ငါမယုံဘူး”

ကျုပ်လဲ မြေပဲဆံ ကို ပါးစပ်နဲ့ဖမ်းပြီး..

“အာမ မခံနိုင်သေးဘူးလေ။ ငါမှ ကောင်းကောင်း မကျွမ်းကျင်သေးတာ။ အဟီး…”

“စိတ်ရှုတ်မနေကြနဲ့တော့။ လောလောဆယ် ရှေ့တန်းအခြေအနေတွေ သိအောင် မေးဖို့ လူတစ်ယောက် ရှာကြစို့”

တုန်းရီ လျှာထုတ်ပြောင်ရင်း..

“စားပွဲထိုး လာပါအုံးဟေ့..”

စားပွဲထိုးလေး ချက်ချင်းရောက်လာပြီး..

“ဆရာ ဘာများလိုအပ်တာ ရှိလဲဗျ..”

“ညီနောင်… ရှေ့တန်းက ဘယ်အခြေအနေရှိလဲ။ တိုက်ပွဲတွေ စနေပြီလား..”

စားပွဲထိုးက ပတ်ဝန်းကျင်ကို ကျိးကန်းတောင်မှောက် လိုက်ကြည့်ပြီး အာရုံစိုက်တဲ့သူ မတွေ့တော့မှ အသံတိုးတိုးနဲ့..

“အခြေအနေတွေ မကောင်းဘူးကြားတယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ စစ်အင်အား (၂)သန်းလောက် စုပြီးသွားပြီ”

ရန်သူ အင်အား (၂)သန်းတောင်လား။ ဘယ်ကနေများ ဒီလောက်ထိ ရှာလာကြလဲ မသိဘူး။ ကမ္ဘာအရှေ့ခြမ်းက အနောက်ခြမ်းထက် လူဦးရေများတော့ ဒီလိုမျိုး အသက်အန္တရာယ် မရှိလောက်ပါဘူး။

“ဒီတော့ ငါတို့ဘက်ကရော ဘယ်လိုစီစဉ်ထားကြလဲ”

“ရှို့တိနိုင်ငံက ပင်မ မြေနဂါးတပ်(၃)တပ်၊ မြင်းတပ်(၂၀)နဲ့ မှော်တပ်မ (၅၀)၊ အိုက်ရှားနိုင်ငံက တော်ဝင်မှော်သမ္မဂ္ဂအဖွဲ့တွေတော့ အမြန်ဆုံး လာနေကြပြီ။ တလူနိုင်ငံကလဲ လူအင်အား အနည်းဆုံး (၁)သန်းလောက် ရှိလိမ့်မယ်။ ပြီးခဲ့ရက်ပိုင်းကတော့ ဒဏ်ရာရ စစ်သည်တော် နည်းနည်း ဒီဆိုင်ဘက် ရောက်လာကြသေးတယ်။ တစ်ချို့ကတော့ စာသောက်ဖို့သက်သက် လာကြတာပါ။ သူတို့ တွေ့ရသလောက်ဆို လျှပ်စီးခံတပ်အပြင်မှာ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် စစ်အင်အား တော်တော် ကြီးတယ်ကြားတယ်။ ဒဏ်ရာရတဲ့ စစ်သည်တော်တွေက ပထမဆုံး ထိပ်တိုက်တွေ့တဲ့ တိုက်ပွဲငယ်လေးမှာ တိုက်ခဲ့ကြသူတွေတဲ့”

“သူတို့တွေ ရန်သူ့ ပုံစံ ပြောသေးလား”

“ဘယ်ပြောနိုင်မှာတုန်း။ သူတို့မျက်နှာ ကြည့်ယုံနဲ့တင် အသက်ဘေးအတွက် ကြောက်နေကြတာများ စိတ်နဲ့ လူနဲ့တောင် မကပ်ဘူး။ သူတို့တွေ သားရဲမျိုးနွယ်က ဧရာမမြောက်ဝံ တပ်ဖွဲ့နဲ့ တွေ့လာကြတဲ့ပုံပဲ။ သူတို့တွေ အင်အား(၁၀၀၀၀)ပါတဲ့ တပ်ကလေး တစ်တပ်ကတဲ့။ သူတို့ တွေ ကင်းလှည့်နေတုန်း (၅)မီတာလောက် မြင့်တဲ့ ဧရာမမျောက်ဝံတပ်ဖွဲ့က ခြုံခိုတိုက်ခိုက် ခံလိုက်ရတာ။ မျောက်ဝံ(၅၀၀)လောက် ဆိုပေမယ့် စစ်သည်တော်တွေ အများကြီး သတ်ပြီး ပြန်ဆုတ်ခွာသွားနိုင်လိုက်ကြတယ်တဲ့။ တပ်သားလေး (၂၀၀၀)လောက်ပဲ ပြန်လွတ်လာနိုင်တယ်။ ခံတပ်ပေါ်က အမြှောက်တွေကြောင့်သာမဟုတ်ရင် အသက်ရှင်ကျန်သူတောင် မရှိလောက်ဘူးရယ်”

(၅၀၀) နဲ့ (၁၀၀၀၀) ဆိုတော့ တော်တော်ကို ကြောက်စရာကောင်းနေပြီ မဟုတ်ဘူးလား။ ဒီကောင်တွေ အနည်းဆုံး ကောင်းကင်သူရဲကောင်း အဆင့်တွေ မဟုတ်ဘူးလား။

“တခြား ဘာတွေ ကြားထားသေးလဲ”

“ကျန်တာတော့ မသိတော့ဘူး။ အာ.. ဟုတ်သားပဲ.. နတ်ဆိုးနဲ့ သားရဲ မဟာမိတ်တပ်က တပ်မှူးက နတ်ဆိုးဘုရင် တွေထဲက တစ်ယောက်လို့ ကြားထားတယ်။ နတ်ဆိုးဧကရာဇ်ရဲ့ ညီနောင် ဖြစ်ပုံပဲ”

ကျုပ်လဲ စားပွဲထိုးကို ငွေဒင်္ဂါး (၂)ပြား ပစ်ပေးလိုက်ပြီး တိုးတိုးလေးနဲ့ ကျုပ်လူတွေတွေ..

“စားပွဲထိုး ပြောတဲ့ပုံအတိုင်းဆို နတ်ဆိုးနဲ့ သားရဲမဟာမိတ်အဖွဲ့တွေ ဗျူဟာမဲ့ လုပ်တဲ့ပုံမဟုတ်ဘူး။ သူတို့ အရေအတွက်က ငါတို့ထက်သာတယ်ဆိုပေမယ့် အိုက်ရှားဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားတုန်းက မှော်ဆရာတွေ တော်တော်များများ ဆုံးရှုံးသွားတယ်။ လူသားမျိုးနွယ်မှာလဲ လျှပ်စီးခံတပ်ကြီး တစ်ခုလုံး ရှိနေသေးတယ်။ တကယ်လို့ ငါသာ နတ်ဆိုးနဲ့ သားရဲမဟာမိတ်က တပ်မှူးသာဆို လူသားမျိုးနွယ်ကို ရင်ဆိုဖို့အတွက် အရင်းအမြစ်တွေ စုဆောင်းရမယ့် ဒုက္ခကြောင့် နောက်ဆုတ်သွားမိမှာပဲ။ နတ်ဆိုးမျိုးနွယ်သား လူသားတွေလိုမျိုး ဉာဏ်ရည်ရှိမယ်ဆိုရင် သူတို့အရင်းအမြစ်တွေ ဆက်ဖြုန်းတီး မနေသင့်ဘူး”

ကျန်းဟူက..

“ဒါပေမယ့် အခုလောလောဆယ် ဒီကောင်တွေ ဆုတ်ခွာမယ့် အရိပ်မယောင် မပြသေးဘူးကွ”

============= (*^*)=============

အပိုင်း( ၂၀၆ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters