ကယ်ဆယ်ရေး အစီအစဉ်
Vol. 14 Ch. 206
Child of light (ကျန်းကုန်း)
Volume 8: Chapter 17 - Arranging a rescue
“အဲဒါကိုက ထူးဆန်းနေတာ မဟုတ်ဘူးလား၊ မဟုတ်မှ လွဲရော…. “
ကျုပ် တွေးရင်းနဲ့ အမူအရာ ရုတ်တရက် ပြောင်းသွားမိတယ်။
ကျန်းဟူက..
“ဒီကောင်တွေကို မိစ္ဆာတွေ ထိန်းချုပ်ထားလို့များလား”
ဘေးနားမှာရှိတဲ့ တုန်းရီ ကျန်းဟူပါးစပ်ကို လှမ်းပိတ်ရင်း..
“အစ်ကိုကြီး မင်းဒါတွေ ဘယ်သူမှ မသိမှာ စိုးနေလို့လားဟ”
ကျုပ်ကတော့ သူတို့ကို ဂရုစိုက်မနေအားပါဘူး။
“ငါတို့တွေ နတ်ဆိုးမျိုးနွယ်ဆီ ချက်ချင်းသွားမှရမယ်။ နတ်ဆိုးဧကရာဇ်ကိုသာ ထိန်းချုပ်သွားရင် ကမ္ဘာကြီးတစ်ခုလုံး အန္တရာယ်ထဲ ကျတော့မှာ။ မိစ္ဆာဘုရင်.. မိစ္ဆာဘုရင် မင်း တော်တော် တွေးနိုင်တာပဲ။ လူသားတွေ၊ နတ်ဆိုးနဲ့ သားရဲတွေ အပြင်းအထန် အထိနာတော့မှ ကမ္ဘာကြီးပေါ်ကို လာပြီး အုပ်စိုးမယ်ပေါ့လေ။ ကမ္ဘာကြီးကို ကျူးကျော်ဖို့ ဒီလောက် လွယ်မယ်များထင်နေလား။ မင်းအကြံအစည်တွေ ဘယ်လိုမှ အကောင်အထည် မဖော်နိုင်စေရဘူးကွ။ သွားကြစို့”
မူကျီရေ မင်းအတွက် ကိုယ်လာနေပြီနော်။
(၂)နာရီလောက်ကြာတော့ ကောင်းကင်ဘုံပြိုကျတောင်ကုန်းနာကို ကျုပ်တို့ရောက်လာတယ်။
တောင် အောက်ခြေကနေ ကြည့်လိုက်တော့ မြင့်မားမတ်ဆောက်လွန်းတဲ့အပြင် တိမ်တွေနဲ့ ဖုံးထားတာဆိုတော့ တောင်ထိပ်ကို လုံးဝမမြင်ရဘူးဗျ။ ကောင်းကင်ပြိုကျတောင် ဆိုတာ လျှပ်စီးခံတပ်အတွက် သဘာဝအကာအကွယ်ကြီး တစ်ခုဆိုတာ အံ့ဩစရာကိုမရှိဘူး။ တကယ့်ကို ခံတပ်တစ်ခုအတွက်ဆို ပြီးပြည့်စုံတဲ့ ကျုံးကြီး တစ်ခုလိုပဲ။
ကျန့်ရှန် အမူအရာပြောင်းသွားပြီး..
“ဟိုဘက်က မြင်းတွေရော လူတွေရော အများကြီးလာနေတယ် အမြန်ပုန်းကြ”
နည်းနည်း နားစိုက် ထောင်ကြည့်လိုက်တယ်။ ထင်ထားသလိုပဲ အဝေးကနေတောင် မြင်းခွာသံတွေ ခပ်ကျယ်ကျယ် ကြားလာရတယ်။ ကျုပ်တို့ (၁၂)ယောက်လဲ အနားက တောအုပ်လေးထဲ ကိုယ်ဖျောက် နေလိုက်ကြတယ်။
ခနလေးအတွင်း အကြီးအကျယ် ပြောင်းလဲသွားတယ်။ အ့….. ရှို့တိက မြေနဂါးတပ်တွေ မမျှော်လင့်ဘဲ ရောက်လာကြတာကိုး။ ပို အံ့ဩစရာပဲ။ သူတို့ခေါင်းဆောင်က အစ်ကိုကြီး ရှန့်ယွင်ဖြစ်နေတယ်။ ကျန်းဟူ မအောင့်နိုင်တော့ဘဲ ပုန်းနေတာကနေထွက်ပြီး..
“အစ်ကို(၂)”
သူ လူလုံးထွက်ပြလိုက်တာနဲ့ မြေနဂါး(၁၀)ကောင် သူ့ကို တမ်းဝိုင်းထားတယ်။ အစ်ကိုကြီး ကျန်းဟူ ဇွတ်တရွတ်ပါလား။ ဒီနေရာက စစ်မြေပြင်လေ။ ကျုပ်လဲ တုန်းရီနဲ့ ကျန်တဲ့သူတွေကိုတော့ အသာနေပြီး စောင့်ကြည့်ဖို့ အချက်ပြလိုက်တယ်။
“အစ်ကို(၂) ငါကျန်းဟူ ပါဟ”
ရှန့်ယွင်လဲ သူ့မြေနဂါးကြီးပေါ်ကနေ ကျန်းဟူကို မြင်တော့ ချက်ချင်းပဲ..
“ညီ(၃) မင်းဒီကို ဘာလို့ရောက်နေတာတုန်း”
“ငါတို့က အထူး စီမံချက်နဲ့ ရောက်နေတာကွ။ မင်းတို့ ကင်းလှည့်နေကြတာလား”
ရှန့်ယွင် မြေနဂါးကြီးပေါ်ကနေ ခုန်ဆင်းလာပြီး ကျန်းဟူလက်ကို ဆွဲကိုင်ရင်း..
“လာ ဟိုနားမှာ သွားပြောရအောင်”
ပြီးတာနဲ့ သူ့မြေနဂါးတပ်ဖွဲ့ဘက်ကို လှည့်ပြီး..
“ငါတို့တွေ ဒီနားမှာ ခနနားမယ်ဟေ့။ ဒါအမိန့်ပဲ…”
ရှန့်ယွင် ကျန်းဟူလက်ဆွဲပြီး တပီပီ လုပ်တော့တာပဲ..
“ညီလေး။ စာလေးတစ်စောင်ထားပြီး ထွက်ပြေးသွားလို့ အဖေအရမ်းစိတ်တိုနေတယ်ကွ”
“အစ်ကို(၂) ငါလွတ်လွတ်လပ်လပ် နေရတာပဲ ကြိုက်တယ်ဆိုတာ မင်းလဲသိသားပဲ။ မင်းက ငါ့ကို တပ်ထဲဝင်စေချင်ပေမယ့် ငါက အချုပ်အချယ်မခံနိုင်ဘူးလေ။ အဖေ့ ဒေါသလဲ မင်းသိသားပဲ။ အရမ်းခေါင်းကြောတင်းပြီး တခြားလူတွေ ခံစားချက်ကို နားထောင်တာမှ မဟုတ်တာ။ ငါလဲ သူ့ကို မပြောရဲမှတော့ ထွက်ပြေးတာပေါ့”
“ဒီကို ဘာလို့ရောက်လာတာလဲ။ ရှို့တိ တပ်တွေကို လာကူညီတာလား”
“ကျန်းဟူ ခေါင်းခါရင်း..
“ငါတို့က ကိုယ်ရေးကိုယ်တာကိစ္စအတွက် နတ်ဆိုးမျိုးနွယ်ထဲကို သွားကြမှာ။ အခြေအနေကြီး တစ်ခုလုံးကိုတောင် အကျိုးသက်ရောက်နိုင်တယ်ကွ”
“မင်းတို့ နတ်ဆိုးမျိုးနွယ်ကို သွားမလို့လား။ မင်းအသက်မရှင်ချင်တော့ဘူးလား ငါ့ကို ပြောစမ်း။ ကျန်တဲ့သူတွေ ကရော ဘယ်သူတွေလဲ”
“အစ်ကိုကြီး ရှန့်ယွင် ငါလဲပါတယ်”
ကျုပ် အသံပေးရင်း ကျန်းဟူနားမှာ ဝင်ရပ်လိုက်ရတယ်။
ရှန့်ယွင် ကျုပ်ကို မြင်တော့ တော်တော် အံ့ဩသွားတယ်။ ရုတ်တရက် သူ့ဓားဆွဲထုတ်ပြီး..
“ကျန်းကုန်း မင်း အိုက်ရှားနိုင်ငံရဲ့ ဝရမ်းပြေးမို့လား။ ကျန်းဟူ မင်း သူနဲ့ နတ်ဆိုးမျိုးနွယ်ထဲသွားလို့ မဖြစ်ဘူး။ မီးတွင်းထဲ ခုန်ဆင်းမလို့လား။ ဒီကောင်က နတ်ဆိုးမျိုးနွယ်နဲ့ မဟာမိတ် ဖြစ်နေပြီး။ အိုက်ရှားက ကျန်းကုန်းရဲ့ အဆင့်အတန်းနဲ့ အိုက်ရှားနိုင်ငံအတွင်း အခွင့်ထူးမှန်သမျှ ပယ်ဖျက်ကြောင်း ကြေငြာထားတယ်”
“မင်း ငါ့ကို အထင်လွဲနေပြီ”
ကျန်းဟူကလဲ ဝင်ပြီး..
“အစ်ကို(၂)၊ တခြားတစ်ယောက်က လူသားတွေကို သစ္စာဖေါက်တယ်ပြောရင် ငါယုံမှာပါ။ ဒါပေမယ့် ကျန်းကုန်းကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အမှန်က ဒီလိုကွ……….”
ကျန်းဟူလဲ သူသိသမျှ ပြန်ပြီး ဖောက်သည်ချရတော့တာပေါ့။
ရှန့်ယွင် အဲ့ကျမှ သူဓားပြန်သိမ်းပြီး သက်ပြင်းချတော့တယ်။
“ဒါဆို အဲလိုပေါ့။ မင်းက မိစ္ဆာဘုရင်ကို တားဖို့အတွက် နတ်ဆိုးမျိုးနွယ်ကို သွားမှာပေါ့လေ”
“အမှန်ပဲ။ ဒါလျှို့ဝှက်ချက်မို့ အစ်ကိုကြီး ရှန့်ယွင် ဖုံးကွယ်ထားပေးဖို့ တောင်းပန်ပါတယ်”
“ဒီကိစ္စ ဘယ်လောက် သက်ရောက်တယ်ဆိုတာ ငါသိပါတယ်။ ငါ့အကူအညီလိုသေးလား။ ရှို့တပ်ဖွဲ့ အကြီးအကဲက ငါ့အဖေပါဟ။ မင်းတို့တွေ နတ်ဆိုးမျိုးနွယ်ကို သွားဖို့အတွက် ခံတပ်ထဲ ခိုးသွင်းပေးလို့ရတယ်”
“အဲ့အတွက်တော့ အစ်ကိုကြီး အကူအညီ မလိုပါဘူး။ တော်ကြာ ငါတို့ကို တွေ့သွားပြီး အရှင်မင်းကြီးက ရန်သူကို သူလျှိုလုပ်မှုနဲ့ မင်းစွပ်စွဲခံရရင် မကောင်းဘူး။ အဲ့ကိုရောက်ဖို့ ငါ့မှာ အစီအစဉ်ရှိတယ်။ ဒါပေမယ့် အစ်ကိုကြီး ရှန့်ယွင်ဆီက တခြားအကူအညီ တစ်ခုတော့ လိုချင်တယ်”
“ငါလုပ်နိုင်တာဆို ဘာဖြစ်ဖြစ် ရတယ်”
“နတ်ဆိုးမျိုးနွယ်ထဲ သွားရတာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မင်းသိတာပဲ။ ဘယ်အချိန် ပြန်ရောက်လာမလဲ ငါလဲမပြောတတ်ဘူး။ လက်ရှိအနေအထားအရဆို စစ်ရေးက သိပ်အပြောင်းအလဲ ရှိအုံးမှာ မဟုတ်ဘူးရယ်။ ငါတို့ ပြန်လာတဲ့ အချိန်ရောက်ရင်သာ အစ်ကိုကြီး ရှန့်ယွင် ငါတို့ကို ကူညီဖို့ မျှော်လင့်ပါတယ်”
ရှန့်ယွင်း ခေါင်းညိတ်ပြီး ပိုက်လုံးလေး တစ်ခု ထုတ်လိုက်တယ်။
“ပြဿနာမရှိဘူး။ ရှို့တိရဲ့ အဓိက ကာကွယ်ရေးတပ်တွေ အရှေ့ဘက်မှာရှိတယ်။ ဒါအထူးအချက်ပေး မီးကျီ ကွ။ ယူထားပြီး မင်းတို့ ပြန်လာတဲ့အချိန် ပစ်သာပစ်လိုက်။ ကိုတို့ကို ကူဖို့ ငါ့တပ်တွေနဲ့ ချက်ချင်း လာခဲ့မယ်”
ကျုပ်လဲ လှမ်းယူရင်း..
“ဒါ အရမ်းကောင်းတယ်။ ငါတို့ လုံခြုံရေးအတွက် ပိုပြီး အာမခံချက် ရှိသွားပြီ။ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ရှန့်ယွင်”
“မင်း ငါ့ကို ကျေးဇူးတင်နေစရာမလိုပါဘူး။ မင်းသာ ငါ့ တဇောက်ကမ်း ညီ(၃)ကို သေချာ ဂရုစိုက်လိုက်”
“ အဟီး .. ငါ့ကို ဂရုစိုက်ဖို့ အစ်ကိုကြီး ကျန်းဟူ လိုသေးတယ်ကွ။ ငါတို့မှာ အချိန်သိပ်မရလို့ မင်းကို ထပ်မနှောက်ယှက်တော့ဘူး”
“ကောင်းပြီလေ။ အားလုံး အဆောင်ဆုံးဖြစ်ဖို့ ဆုတောင်းပေးလိုက်မယ်။ သတိလဲ ထားကြအုံး။ မင်းတို့ အစွမ်းနဲ့ အပြီးမသတ်နိုင်ဘူးထင်ရင် လွတ်အောင်သာ ပြေးခဲ့ကြကွာ”
“အစ်ကို(၂) အဖေနဲ့တွေ့ရင် ကျေးဇူးပြုပြီး ငါနေကောင်းတယ်ဆိုတာ ပြောလိုက်ပါအုံး။ ငါပြန်လာမှ အဲ့အဘိုးကြီးနဲ့ သွားတွေ့လိုက်ပါ့မယ်”
“မင်းနဲ့ ခနတွေ့တာတောင် ငါသွားပြောလို့မဖြစ်ဘူးဟ။ မင်းကို ပြန်ခေါ်မလာလို့ဆိုပြီး စစ်ရေး ပြစ်ဒဏ်ပေးလိမ့်မယ်ဟ။ မင်းသာ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့။ ငါသွားတော့မယ်။ အမိန့်……. လှည့်ကင်း ဆက်ထွက်မယ်”
ကျန်းဟူလဲ မြေနဂါးတပ်ကြီးကို ဦးဆောင်သွားတဲ့ ရှန့်ယွင်ကိုကြည့်ပြီး မျက်ရည်တွေ ဝဲလာတယ်။ ကျုပ် သူ့ပုခုံးကို ဖက်ရင်း..
“ငါတို့ ပြန်လာမှ ထပ်စုံကြသေးတာပေါ့ကွာ”
ကျန်းဟူ သူ့မျက်လုံးတွေ ပွတ်ပြီး..
“သွားကြစို့..”
ကျုပ်တို့တွေ ကောင်းကင်ပြိုကျတောင်ပေါ်ကို ဂရုတစိုက်ဝင်လာပြီး လူသူအရောက်အပေါက်မရှိတဲ့ ကွင်းပြင်လေး တစ်ခုကို တွေ့လိုက်ကြရတယ်။
ကျုပ်လဲ သေချာစစ်ဆေးပြီးမှ..
“ဒီနေရာနေပဲ လေဟာနယ် ပို့ဆောင်ရေး လုပ်ကြတာပေါ့”
ကျုပ်မှာ စုက္ကရေးရှိနေတော့ အားလုံးကို တစ်ကြိမ်တည်း အပြီးလုပ်မလို့ ရည်ရွယ်ထားပေမယ့် အန္တရာယ် တစ်ခုက ရှိသေးတယ်။ ကျုပ်တို့ လုံခြုံရေးအတွက် ပုံရိပ်ယောင် ကာကွယ်ရေး ဝင်္ကပါ (၆)ခု ကြိုပြီး ဝန်းရံထားလိုက်တယ်။ ဒါမှ ကောင်းကင်ပေါ်ကနေ ပျံသွားတဲ့သူ ရှိရင်တောင် ကျုပ်တို့ကို မြင်နိုင်မှာ မဟုတ်တော့ဘူး။ ကျုပ်တို့ကို မြင်ရတယ်ထားအုံး ပုံရိပ်ယောင် ဝင်္ကပါ(၆)ခုကို ကျော်ဖြတ်ဖို့ဆိုတာ လွယ်တာမှတ်လို့။ ဒါကြောင့်မို့ ပုံရိပ်ယောင် ဝင်္ကပါကို တစ်နှစ်ခွဲလောက်ထိ ထောက်ပံ့နိုင်အောင် အပြာရောင် မှော်သလင်းကျောက်တုံး ကို စွမ်းအင် အရင်းအမြစ်အနေနဲ့ သုံးထားလိုက်တယ်။
============= (*^*)=============
အပိုင်း( ၂၀၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား