← Chapters

အန္တရာယ်အတွင်း နေရာရွှေ့ပြောင်းခြင်း

Vol. 14 Ch. 207

အန္တရာယ်အတွင်း နေရာရွှေ့ပြောင်းခြင်း

Vol. 14 Ch. 207

Child of light (ကျန်းကုန်း)

Volume 9: Chapter 1 - Dangerous Teleportation

“မင်းတို့တွေ တိုက်ပွဲစိတ်ဝိညာဉ်ကို အထွတ်အထိပ်ရောက်အောင် လုပ်ထားသင့်တယ်။ ဒီတောင်ကြီးကို ကျော်ရမျာဆိုတော့ တော်တော်ပြင်းတဲ့ လေဟာနယ် လှိုင်းတွေနဲ့ ကြုံရနိုင်တယ်”

ကျန်းဟူရော ကျန်တဲ့သူတွေပါ စက်ဝိုင်းပုံစံထိုင်ပြီး သမထ ထိုင်နေကြတယ်။ သူတို့ ခန္ဓာကိုယ်ရဲ့ စွမ်းအားဖြာထွက်မှု အခြေအနေတွေအရ အကဲဖြတ်ရရင် ကျန်းဟူစွမ်းအားတွေက အပြင်းဆုံးပဲ။ ပြီးတော့ ကျန့်ရှန်၊ သူ့နောက်မှာမှ တုန်းရီနဲ့ နတ်ဘုရားရွာသားတွေဗျ။ ဒါပေမယ့်လဲ တုန်းရီမှာ လေနတ်ဘုရားလေး ပါတယ်ဆိုတော့ ဒီကောင် နည်းနည်း ပိုမာသလိုပဲ။

ပျံကျဲနေတဲ့ အတွေးတွေ ရှင်းထုတ်ပြီး လေဟာနယ်ဝင်္ကပါခင်ဖို့ပဲ အာရုံထားလိုက်တော့တယ်။ တောင်ကြီးကို ဖြတ်ထွက်ရမယ့် လေဟာနယ် ဝင်္ကပါက ကျုပ်အတွက်တော့ အခက်ဆုံးပဲ။ အမှားတစ်ခုမှ မပါအောင် စုက္ကရေးရဲ့ အကူအညီနဲ့ သွေးသွေးကြောတွေလိုမျိုး ယှဉ်ကြည့်လို့ရလောက်တဲ့ အကောင်းဆုံး တည်နေရာ ရွှေပြောင်း ဝင်္ကပါတစ်ခု ရွေးနိုင်လိုက်တယ်။

နောက်ဆုံးတော့ ဝင်္ကပါပြီးသွားပြီ။ အပြင်းအထန် အာရုံစူးစိုက်ထားရလို့ စီးကျနေတဲ့ ချွေးတွေ သုတ်လိုက်မိတယ်။ ဝင်္ကပါအတွက် နေ့တစ်ဝက်လောက်ထိ အချိန်ကုန်သွားတာပဲ။ ကျုပ်မှာသာ စွမ်းအား တိုးမလာရင် ဘယ်လောက်ကြာသွားမလဲ မသိတော့ဘူး။ ကျုပ်တို့အားလုံး ဘေးကင်းဖို့အတွက် ဝင်္ကပါအလယ်မှာ ခရမ်းရောင် မှော်သလင်းကျောက်လေး ထည့်ထားလိုက်တယ်။ မှော်သလင်းကျောက်ရဲ့ အထောက်အပံ့နဲ့ဆိုတော့ သွေကြောမျှင်တွေလို ဖြစ်နေတဲ့ ဝင်္ကပါရဲ့ စွမ်းအားကြီးက ချက်ချင်း ပေါ်လာလိုက်တာများ ပတ်ပတ်လည်မှာ သမထ ထိုင်နေတဲ့သူတွေကို တမ်းနိုးလာကြတော့တာပဲ။

အစ်ကိုကြီး ကျန်းဟူက..

“အဲဒါ ပြီးသွားတာလား”

“ငါ နည်းနည်း အနားယူလိုက်အုံးမယ်။ မင်းတို့တွေ သတိမပြတ်စေနဲ့အုံး”

ပြောပြီးတာနဲ့ ကျုပ်လဲ မျက်စိမှီတ်ပြီး ထိုင်လိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ထဲက ရွှေအမြူတေ(၃)ခု ခနအတွင်း အမြန်ဆုံး လှည့်ပတ်ပြီး ပတ်ဝန်းကျင်က အလင်းရောင်တွေ စုပ်ယူပစ်လိုက်တော့တယ်။

တစ်နာရီလောက်ကြာတော့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါအလယ်မှာ အားလုံးရပ်ပြီး ထွက်ဖို့ အသင့် ဖြစ်နေကြပြီ။

“အစ်ကိုကြီး ကျန်းဟူ။ မင်း၊ တုန်းရီနဲ့ ကျန့်ရှန် ငါ့ကို ဝိုင်းထားကြ။ ကျန်တဲ့သူတွေက အပြင်ကနေ ထပ်ဝိုင်းထား။ ကာကွယ်ရေးအတွက် ဟာကွက်မရှိအောင် တိုက်ပွဲစိတ်ဝိညာဉ်တွေကို အပြင်ဘက်ထိ လွှတ်ထားလိုက်ကြ”

ရွှေရောင် တိုက်ပွဲစိတ်ဝိညာဉ်တစ်ခု မှော်ဝင်္ကပါထဲကနေ ဖေါက်ထွက်ပြီး ဖေါက်ထွင်းမြင်ရတဲ့ အမြှေးပါလေးတစ်ခုလို အကာအကွယ်ပေါ်လာတယ်။ ကျုပ်လဲ ခေါင်းညိတ်ပြီး စုက္ကရေးကို အသာမြှောက်လိုက်တယ်။

“အို စွမ်းအားကြီးလွန်းတဲ့ အာကာသ။ နေရာကန့်သတ်ချက်တွေ ဖြတ်ကျော်ဖို့ သင့်စွမ်းအားတွေ ငှားပြီး ကျုပ်သွားလိုတဲ့နေရာ ပေးပေးပါအုံး”

စုက္ကရေးထဲကနေ အဖြူရောင် အလင်းတန်း ထိန်ထိန်တေက်လာပြီး မှော်ဝင်္ကပါ အသက်ဝင်သွားတော့တယ်။ ဝင်္ကပါကြီး တစ်ခုလုံးကနေ ပတ်ဝန်းကျင်က ဒြပ်စင် ပေါင်းစုံကို အရူးအမူး စုပ်ယူနေတဲ့ပုံပဲ။ ဒုတိယအကြိမ် အလင်းတန်းကြီး တောက်ပလာတာနဲ့ အထဲကလူတွေ ပျောက်သွားပါလေရော။

ကျုပ်အနေနဲ့တော့ အပြင်းအထန် ကြိုးစားခဲ့ရတဲ့ ပထမဆုံး နေရာရွှေပြောင်းခြင်း ဝင်္ကပါပဲ။ ကျုပ်တို့ကို ဖရိုဖရဲ လေစာနယ်လှိုင်းတွေ လာလာရိုက်တာများ ကြမ်းချက်။ အားလုံးကို ကာကွယ်ဖို့အတွက် စုက္ကရေးရဲ့ စွမ်းအားတွေ ခက်ခက်ခဲခဲ သုံးလိုက်ရတယ်။ ကျုပ်မှော်စွမ်းအားတွေ အမြန်နှုန်းနဲ့ကို ကုန်သွားတာ။ ဒါ ကျုပ်ကန့်သတ်ချက် ကျော်သွားတယ်လို့တော့ ပြောလို့မရပါဘူး။ ပြီးတော့ တည်နေရာရွှေပြောင်းတဲ့အချိန် ဘယ်သူဖြစ်ဖြစ် မှော်စွမ်းအားတွေ ပြန်စုစည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ နတ်ဆိုးမျိုးနွယ်က အဘိုးကြီးတောင် တစ်ကြိမ်ကို လူ(၂)ယောက်လောက်ပဲပို့နိုင်တာ အံ့ဩစရာမရှိတော့ဘူး။ လောလောဆယ် ကျုပ်စွမ်းအားတွေ မကုန်ခင် ကောင်းကင်ပြိုကျတောင်တန်းပေါ် အားလုံး ပို့နိုင်ပါစေလို့ပဲ ဆုတောင်းနေရတယ်။

ကျုပ်လဲ ရှိရှိသမျှအင်အားနဲ့ ရွှေပြောင်းမှုထဲမှာ အရှိန်မြှင့်လိုက်တာ လုံးဝ ပြိုကျလုလုအချိန်ကျမှ မြေပေါ်မှာ အောင်အောင်မြင်မြင်နဲ့ ပြန်ပေါ်လာနိုင်တော့တယ်။

မြေပြင်ပေါ်မှာ မောမောနဲ့ ထိုင်ရင်း လူတွေ ရေတွက်ကြည့်လိုက်တယ်။ ကံကောင်းလို့ အပျောက်အရှမရှိတာ တွေ့ရမှ စိတ်လျှော့လိုက်တာ မေ့မျောသွားပါလေရော။

ကျုပ်ခန္ဓာကိုယ်ထဲက ရွှေအမြူတေတွေကို နှိုးဆီပေးနေတဲ့ စွမ်းအားတွေ အဆက်မပြတ် စီးဝင်နေတယ်ဆိုတာ မသိစိတ်က ခံစားလိုက်ရပြီးတော့ ကျုပ်တစ်ကိုယ်လုံး စွမ်းအားတွေ တဖြည်းဖြည်း ပြည့်လာတယ်။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်ရတာက တုန်းရီဗျ။ ကျုပ်နိုးလာတာမြင့်တော့ တုန်းရီထပြီး..

“ကျန်းကုန်း မင်းနိုးပြီလား..”

“ဘာဖြစ်လို့လဲ…”

“ဒါ မင်းကိုယ်မင်း မေးရမှာကွ။ ဘာဖြစ်မှန်းကို မသိတာ။ နေရာရွှေ့ပြောင်းပြီးတာနဲ့ မင်းမေ့လဲသွားတာ အားလုံးမြင်တယ်။ အားလုံး တိုက်ပွဲစိတ်ဝိညာဉ်တွေ မင်းခန္ဓာကိုယ်ထဲကို ချက်ချင်း ပို့ပြီး ကူညီဖို့ ကြိုးစားလိုက်ကြရတာ။ မင်းက တနေကုန်မှ နိုးလာတယ်လေ”

ကျုပ်လဲ ခေါင်းကုတ်ရင်း..

“ဒါကြောင့် မှော်မန္တန်လို့ ပြောတာပေါ့။ မှော်ဝင်္ကပါက စွမ်းအားလုံလောက်ဖို့အတွက် မှော်စွမ်းအား ဒီလောက်လိုလိမ့်မယ်လို့ ဘယ်တုန်းကမှကို ထင်မထားမိတာ။ ငါတို့တွေ ဖရိုဖရဲ အာကာသတွေကြားမှာ ပျက်စီးလုနီးနီးပဲဟ။ တကယ်ကြီး ဖြစ်သွားမယ်ဆို ငါတို့ထဲမှာ အသက်ရှင်ကျန်ရစ်တဲ့သူ သိပ်ရှိမှာမဟုတ်ဘူးရယ်။ နောက်ဆို ဒီမှော်ဝင်္ကပါမျိုး စွတ်မသုံးတော့ဘူးကွာ။ ဒီတခါ ငါတို့ တော်တော် ကံကောင်းသွားတာ”

ရုတ်တရက် ကျုပ်ခေါင်း တော်တော်နာသွားတယ်။ ကျန်းဟူ လှမ်းရိုက်တာဗျ။

“မင်းပဲ အပြောကောင်း။ နောက်တခါ ဒီလို ထပ်မလုပ်နဲ့တော့။ ကိုယ့်အစွမ်းကိုယ်လဲ ပိုတွက်မထားနဲ့”

ကျုပ်လဲ သက်ပြင်းချယုံပဲပေါ့။ မူကျီကို ကယ်ဖို့အတွက် ဒီလိုမှမလုပ်ရင် အသက်မရှိတော့တဲ့ တစ္ဆေအနေနဲ့ပဲ တွေ့ရတော့မှာလေဗျာ။

“ငါသိပါတယ်ကွာ။ ဒါနဲ့ အခုငါတို့ ဘယ်ရောက်နေတာလဲ အစ်ကိုကြိး”

“ဒီမှော်ဝင်္ကပါကို မင်းဆောက်တာလေ။ ငါတို့ကို ဘယ်နေရာပို့တယ်ဆိုတာ မင်းမှမသိရင် ငါတို့ကို ဘာလို့ လာမေးနေသေးတာတုန်းဟ”

“ငါတို့အတွက် ကီလိုမီတာ (၁၀၀)အကွာကို သတ်မှတ်ပြီး ပို့ခဲ့တာ။ ငါတို့သာ နေရာအမှန်ရောက်မယ်ဆိုရင် နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေရဲ့ နောက်ဘက်မှာ ရှိရမယ်”

ကျန့်ရှန်က..

“မင်းထင်ထားသလို မဖြစ်ဘူးထင်တယ်။ ကီလိုမီတာ (၁၀၀)လောက်ကို နေရာရွှေ့လိုက်တယ်ဆိုရင် ကောင်းကင်ပြိုကျတောင်ကို ငါတို့ သေချာပေါက မြင်နေရမှာ။ အခုက အဲ့တောင်ကို အရိပ်အရောင်တောင် မြင်ရဘူးဟ။ ကျန်းကုန်း .. ငါတို့ ပတ်ပတ်လည်မှာ သစ်ပင်တွေတောင် မရှိဘူးနော်”

ကျန့်ရှန်စကားကြားတော့ ကျုပ်လဲ ခုန်ထလိုက်မိတယ်။ နေရာသာ မှားပို့မိရင် ကျုပ်တို့အတွက် တော်တော် အန္တရာယ် များမှာလေ။

ကံဆိုးလိုက်တာ။ ကျန့်ရှန် ပြောသလိုပဲ ငါတို့တွေ လောလောဆယ် လူသားနယ်မြေထဲမှာ ရှိနေတုန်းပဲ။ ကျုပ်တို့ ပတ်ပတ်လည်မှာ မြက်ပင်တွေကလွဲလို့ ဘာဆိုဘာမှကို မရှိတာ။ နေရာရွှေ့ပြောင်းတာ လွဲသွားတာလား။ တုန်းရီကလဲ..

“အခု ငါတို့ ဘာဆက်လုပ်ကြမလဲ..”

“ဘာလုပ်လို့ ရမှာတုန်းကွာ။ ဒီအတိုင်းသာ တည့်တည့် ဆက်သွားကြတာပေါ့။ မြက်ပင်တွေ လဲနေတဲ့ အရိပ်အခြေတွေ့တယ်။ အဓိက တပ်ဖွဲ့က ဒီနေရာကို ဖြတ်သွားလောက်တယ်။ ငါတို့ ဒီဘက်ကို ဦးတည်သွားကြတာပေါ့။ ဒါမှ ငါတို့တွေ တစ်ခုခု တွေ့ရမှာ။ ငါမှန်းတာ မမှားရင် ငါတို့တွေ နတ်ဆိုးနယ်မြေထဲမှာပဲ။ ငါတို့က ဦးတည်ရာ နည်းနည်းလေး လွဲသွားယုံပဲကွ”

ကျန်းဟူကလဲ..

“အေးလေ.. ဒါ ငါတို့လုပ်နိုင်တာ ဒါပဲ ရျိတာကို”

“ခနနေအုံး။ အားလုံး ခရမ်းရောင် မှော်သလင်းကျော်က (မျက်ကပ်မှန်ပုံသဏ္ဍာန်)တွေ သုံးလိုက်။ တော်ကြာ နတ်ဆိုးတွေနဲ့ တွေ့ရင် ငါတို့ ဒုက္ခရောက်သွားလိမ့်မယ်”

သဘာဝအတိုင်း မဟုတ်တော့လို့ ဒါကြီးတပ်ထားရတာ မျက်လုံးတွေအတွက် သိပ်အဆင်မပြေဘူး။ ခရမ်းရောင် မျက်ကပ်မှန်တွေ ထည့်ဖို့ မျက်လုံးတွေ တော်တော် အားစိုက်ရတယ်။ ကံကောင်းတာက အရည်သွေးတော့ တော်တော်ကောင်းတယ်။ မျက်ကပ်မှန် အလယ်ခေါင်မှာ အရောင်မပါလို့ ကျုပ်တို့ အမြင်အာရုံကို သိပ်မထိခိုက်ဘူး။

အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဟားတိုက် ရယ်လိုက်မိကြတယ်။

“အခုချိန်ကစပြီး ငါတို့အားလုံး အဆင့်မြင့် နတ်ဆိုးမျိုးနွယ်တွေပဲ”

(နတ်ဆိုးမျိုးနွယ်တွင် အနိမ့်ဆုံးသည် နတ်ဆိုးသားရဲများဖြစ်သည်။ ၎င်းတို့၏ ဉာဏ်ရည်မှာ နတ်ဆိုးမျိုးနွယ်အများစုထက် လွန်စွာနိမ့်ပါးလွန်းကြ၏။)

ကျုပ်တို့လဲ ဦးတည်ချက် တစ်ဖက်ရွေးပြီး သွားလိုက်ကြတယ်။

(၂)နာရီလောက်ကြာတော့ တုန်းရီ ကြောက်လန့်တကြားနဲ့..

“အဲ့လမ်းကြောင်းဘက်ကို အမြန်ကြည့်ကြ။ အဲဒါ ဘာလဲ”

ဒီကောင်က နတ်သူငယ်ကပြားဆိုတော့ မျက်လုံးတွေက ကျုပ်တို့ထက် ပိုစူးရှတယ်။ သူပြတဲ့ လမ်းကြောင်းဘက် ကြည့်လိုက်တော့ တိမ်တွေကြားထဲကို ထိုးထွက်နေတဲ့ တောင်ကြီးတွေ့လိုက်ရတယ်။ ကျန်းဟူက..

“အဲဒါ ကောင်းကင်ပြိုကျတောင်ပဲ။ ဘာလို့ ဒီလောက် နိမ့်နေရတာတုန်း”

ကျန့်ရှန်က..

“ငါတို့တွေ အမြင့်တနေရာကို ရောက်နေတာဖြစ်မယ်။ ငါတို့တွေ သေချာမြင်ရအောင် ရှေ့ဆက်သွားကြစို့”

(၁)နာရီလောက်ကြာအောင် ပျံသွားတော့မှ ခမ်းနားလွန်းတဲ့ မြင်ကွင်းတစ်ခု ကျုပ်တို့ရှေ့ရောက်လာတယ်။ ကျုပ်တို့က ကုန်းမြင့်တစ်ခုပေါ် ရောက်နေကြတာပဲ။ ကောင်းကင်ပြိုကျတောင်တန်းရဲ့ အလယ်လောက်ကို ရောက်နေတာ။ ကုန်းမြင့် အစွန်ကိုရောက်တော့မှ တောင်ကြီးတစ်တောင်လို အမြင့်ကြီးတည်ဆောက်ထားတဲ့ လျှပ်စီးခံတပ်ကို အရင်ဆုံး လှမ်းတွေ့လိုက်ရတယ်။ အဲ့ခံတပ်ကို ကောင်းကင်ပြိုကျတောင်တန်းရဲ့ အလယ်ကနေ အရှေ့ဘက်တိုက်ကြီးကို ဦးတည်သွားတဲ့ လမ်းကြောင်း အကုန်လုံးကို ပိတ်ထားတာဗျ။

============= (*^*)=============

အပိုင်း( ၂၀၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters