← Chapters

ကျန်းဟူပညာပြခြင်း

Vol. 15 Ch. 211

ကျန်းဟူပညာပြခြင်း

Vol. 15 Ch. 211

Child of light (ကျန်းကုန်း)

Volume 9: Chapter 5 - Zhan Hu displays his might

ကျန်းဟူ လျှပ်တပျက် ခန္ဓာကိုယ် လှုပ်ရှားပြီး အဲ့အကောင်ကြီးရှေ့ သွားရပ်ပြီး ဒေါသတကြီးနဲ့..

“ခွေးမသား ဆိုတာ ဘယ်သူ့ကို ပေါတာလဲ။ မင်းလို လူမဟုတ်တဲ့ ဝက်ဝံတစ်ကောင်ကများ မင်းသာ ခွေးမသားကွ”

“အစ်ကိုကြီး ပြဿနာ အလွန်အကျွံ မရှိမိစေနဲ့နော်”

ဝက်ဝံမျက်လုံးတွေ နီရဲလာပြီး ဒေါသတကြီး သူ့လက်နှစ်ဖက်နဲ့ ကျန်းဟူကို ကုတ်ချလိုက်တယ်။ တိုက်ကွက်က ရှောင်စရာ နေရာမကျန်သလိုပဲ။

“တစ်ကိုကြီး အဲ့ကောင်ကို သတ်တော့မသတ်နဲ့ သင်ခန်းစာပဲပေးလိုက်”

ဘာပြဿနာမှ မတက်ချင်လို့ပါဗျာ။ လောလောဆယ် ကျုပ်တို့က နယ်စိမ်း မြေစိမ်းမှာလေ။ ပြီးတော့ ကျုပ်တို့မှာ တာဝန်ကြီးတစ်ခုရှိနေသေးတာကိုး။

ကျန်းဟူ အေးစက်စက်အော်ပြီး လျှပ်စီးလက်သလို လှုပ်ရှားလိုက်တယ်။ ဝက်ဝံကြီး လည်ပင်းကို လှမ်းဆွဲရင်း..

“ဒီကနေ ထွက်သွားစမ်း..”

ဝက်ဝံမိုက်ကြီး တစ်ချက်ထဲနဲ့ လွှင့်ပစ်ခံလိုက်ရတာများ (၇)-(၈)မီတာလောက်ထိ လွင့်ပြီး မြေပြင်နဲ့ ရိုက်မိသွားတယ်။ ပတ်ပတ်လည်က နတ်ဆိုးမျိုးနွယ်တွေကတော့ ချက်ချင်းကို အော်ဟစ် အားပေးနေကြတော့တာ။ ဒီကောင်တွေ သားရဲမျိုးနွယ်အပေါ် တော်တော်ကို မုန်းတီးစိတ်တွေ နက်ရှိုင်းပျော်ဝင်နေတာပဲ။

ဝက်ဝံခန္ဓာကိုယ်က တော်တော်ကို တောင့်တင်းပြီး သန်မာတာပဲ။ ဒီကောင်ကြီး ပြန်ထပြီး ဒေါသတကြီးနဲ့ ခေါင်းခါလိုက်တယ်။ နည်းနည်းမူးသွားတဲ့ ပုံပဲ။

“မင်းငါ့ကို တိုက်ရဲတယ်ပေါ့လေ။ အသက်မရှင်ချင်တော့ဘူး ထင်တယ်..”

ဝက်ဝံကြီး သူ့လက်ဝါးတွေနဲ့ မြေပြင်ကို ရိုက်လိုက်တယ်။

“မြေကမ္ဘာမှော်..”

ဒီဝက်ဝံ မှော်ပညာကို ဘယ်လိုသုံးရမယ်ဆိုတာ သိနေပါလား။ သားရဲစစ်သည်တော်ဆိုပေမယ့် ဒီကောင်တွေ ဉာဏ်ရည်နိမ့်တော့ မှော်ပညာအသာထားလို့ အဆင့်မြင့် သိုင်းပညာရပ်တွေတောင် သင်နိုင်တဲ့ကောင်တွေ မဟုတ်ဘူးလေ။

စုဟေးက..

“မြေကမ္ဘာဝက်ဝံ အသက်တံတိ..”

ကျန်းဟူတောင် သူ့ပြိုင်ဘက် လှုပ်ရှားတာကြည့်ပြီး နည်းနည်း တုန်သွားတယ်။ လေထဲကို ပေါ့ပေါ့ပါးပါး ခုန်ပြီး ဝက်ဝံနောက်ကို လျှပ်တပျက်သွားပြီး အစောတုန်းကလိုပဲ ထပ်ပြီး ကိုင်ပေါက်လိုက်တယ်။ ဒီတစ်ခါတော့ နည်းနည်း ခက်သွားတာပေါ့။ ဝက်ဝံကြီး နည်းနည်းလေး ရုန်းကန်ချင်ပေမယ့် လန့်ပြီး ပြန်မထနိုင်တော့ဘူး။

(#ဘာသာပြန်ဆိုသူမှတ်ချက်။ မူရင်းမှာကိုက ဒီစာပိုဒ် (၂)နှစ်ပိုဒ်ကြားမှာ နည်းနည်း ဟနေသလို ခံစားရတယ်ဗျ။)

ကျန်းဟူ နောက်ကို ခုန်ဆုတ်လိုက်ပေမယ့် အက်ကြောင်းကြီးက မရပ်ဘဲ ကျုပ်တို့ဆီ တိုးဝင်လာတယ်။ ကျုပ်လဲ စုက္ကရေးကို မြေပြင်နဲ့ ကပ်လိုက်တာ နက်ရှိုင်းတဲ့ အငွေ့အသက်တွေ ထွက်လာတယ်။ ကျုပ်တို့တွေ နတ်ဆိုးမျိုးနွယ် မြို့လေး တစ်မြို့မှာ ရောက်နေတာဆိုတော့ အလင်းမှော်ပညာ သုံးလို့ မဖြစ်သေးဘူးလေ။ ဒီတော့ လေဟာနယ် မျဉ်းစောင်း သေးသေးလေးတွေကို သုံးလိုက်တာပေါ့။ အဲ့လေဟာနယ် မျဉ်းစောင်းလေးတွေက ဝက်ဝံကြီး လုပ်လို့ ပဲ့ကျနေသမျှ စုတ်ယူပစ်လိုက်တယ်။ အက်ကြောင်းကြီးကလဲ ကျုပ်ပစ်ထုတ်လိုက်တဲ့ လေဟာနယ် မျဉ်းစောင်းလေးနားမှာ ရပ်သွားတယ်။ ဒီ မြေကမ္ဘာမှော်ပညာ ဒီလောက် မရိုးရှင်းဘူးဆိုတာ ကျုပ်သိလိုက်ရတယ်။ အဲ့ထဲမှာ ကျုပ်အရင်တုန်းက လုပ်ခဲ့ဘူးသလိုမျိုး မှော်ပညာနဲ့ တူအောင် တိုက်ပွဲစိတ်ဝိညာဉ် ပေါင်းပြီးသုံးသလိုပဲ။

ဘေးနားမှာ ရှိနေတဲ့ စုဟေး အံ့ဩတကြီးနဲ့..

“ဝါး… မင်းတော်တော် အစွမ်းထက်တာပဲ”

“တိတ်တိတ်နေစမ်း..”

ကျန်းဟူ ဝက်ဝံကြီးရှေ့ ရပ်ပြီး..

“မင်း ထပ်တိုက်ချင်သေးလား..”

ဝက်ဝံကြီး အရှုံးမပေးသေးဘဲ သူ့ခေါင်းကြီးကို မော့ပြီး ဟိန်းလိုက်သေးတယ်။ ကျန်းဟူဆီက ဂရုဏာမဲ့ မျက်ဝန်းတွေလဲမြင်ရော မာန်ကျသွားပြီး..

“ဒီအရှုံးကို ငါလက်ခံပါတယ်…”

“အစ်ကိုကြီး ငါတို့ မြန်မြန်သွားမှရမယ်”

ကျန်းဟူ ဝက်ဝံကြီးကို ကြည့်ပြီး..

“မင်း နောက်ဆို ဂရုစိုက်နေ။ အားနည်းတဲ့သူကိုရွေးပြီး အနိုင်ကျင့်တာမြင်ရင် နံဟောင်နေတဲ့ မင်းခေါင်း ဆွဲဖြုတ်ပစ်မယ်”

ကျန်းဟူစကားကြားတော့ ဝက်ဝံကြီး တော်တော် လန့်သွားတယ်။

ကျန်းဟူ မြင်းပေါ် ပြန်တက်လာတယ်။

“ကဲ ဒီနားတဝိုက်မှာ တခြားသားရဲတွေ ရှိနေလောက်သေးတယ်။ မြန်သွားရအောင်။ သေချာတာတော့ ဒီကောင် တစ်ကောင်ထဲ မဟုတ်လောက်ဘူး။ ရုန်းရင်းဆန်ခတ်တွေ နည်းနိုင်သမျှ နည်းတာ အကောင်းဆုံးပဲ”

အစက ဒီမြို့မှာ တစ်ညလောက် နားမယ် စိတ်ကူးထားပေမယ့် ဒီလိုဖြစ်သွားမှတော့ ညတွင်းချင်း အမြန်သွားမှ ဖြစ်တော့မယ်။

ကျန်းဟူ ခေါင်းညိတ်ရင်း စုဟေးကို..

“သားရဲကောင်တွေ ဒီလိုပဲ လူတွေကို အမြဲအနိုင်ကျင့်နေတတ်တာလား”

“အဲလို မဟုတ်ဘူး။ သားရဲတွေမှာလဲ လေးစားစိတ် ရှိတယ်။ သားရဲက အားကောင်းလေလေ၊ မာနကြီးလေလေ၊ ဒေါသဖြစ်လေလေပဲ။ မင်းသူ့ကို နိုင်ပြီးပြီဆိုတော့ နောက်တစ်ကြိမ် ဒီကောင် စိန်ခေါ်ရဲမှာ မဟုတ်တော့ဘူး”

ကျန်းဟူ တစ်ခစ်ခစ်ရယ်ရင်း..

“သွားကြစို့..”

မြင်းဝမ်းကို ခြေထောက်နဲ့တို့၊ ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး မြှားတစ်စင်လို့ ရှေ့ကစထွက်သွားပါလေရော။

ကျန်းဟူရဲ့ သူရဲကောင်းဆန်မှုက မြင့်တက်သွားတယ်။ သူ့ကိုမှီဖို့ ကျုပ်တို့အားလုံး မြင်းတွေနဲ့ စလိုက်ခဲ့ရတယ်။ စုဟေးကတော့..

“ဖြည်းဖြည်း.. ဖြည်းဖြည်း.. ငါကျန်နေပြီဟ..”

မြို့ပြင်ရောက်အောင် အားကုန်သွားပြီးမှ တဖြည်းဖြည်း အရှိန်လျှော့လိုက်ကြတယ်။ စုဟေး အဲ့အချိန်ကျမှ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ အသက်ပြင်းပြင်း ရှူရင်း မြင်းကျောပေါ်မှာ ပက်လက်ကြီး။ ကျန့်ရှန်ကတောင်..

“မင်း မင်းသားဖြစ်ပြီး တော်တော် အသုံးမကျတာလားဟ”

“မင်းတို့လို သူရဲကောင်းတွေနဲ့တော့ ယှဉ်လို့ ရပါ့မလားဟ”

ကျုပ်လဲ ရှေ့နားက စိမ်းစိမ်းစိုစို သစ်ပင် အုပ်ကိုပြရင်း..

“အားလုံး ဟိုအပင်အောက်မှာ ခနနားပြီး ဗိုက်ဖြည့်ကြစို့ဟေ့”

မြင်းတွေကို အရင်ဆုံး လုံခြုံအောင်သိမ်းပြီး အတူတူ ဝိုင်းထိုင်လိုက်ကြတယ်။ ကျုပ်က ရိက္ခာတွေ သိုလှောင်အိတ်ထဲက ထုတ်ပြီး အားလုံးကို ဝေပေးလိုက်တယ်။ ဒီခရီးရှည်ကြီး မထွက်ခင် ကျုပ်မှာရှိတဲ့ မှော်သလင်းကျောက်တွေအကုန် ရှို့စစ်ကို ပေးခဲ့ပြီး လိုအပ်သလောက်ပဲ ထည့်လာခဲ့လိုက်တာလေ။ သိုလှောင်အိတ်(တကယ်တမ်းကျ ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူ့ခန္ဓာကိုယ်ထဲက လေဟာနယ် နေရာလွတ်တစ်ခုပါ) ထဲမှာ အစားအသောက်တွေနဲ့ပဲ ပြည့်နေတာဗျ။ စုဟေးကတော့ သူ့ကို စဖမ်းထားတဲ့ အချိန်ကစပြီး ဒီအချိန်မှာ အပျော်ဆုံးဖြစ်နေတာ။ ဒီကောင် တော်တော်စားနိုင်တဲ့ကောင်ဗျ။ စားလဲစား လူသားမျိုးနွယ် အစားအစာတွေ ဘယ်လောက်ကောင်းကြောင်း တဖွဖွ ချီးမွမ်းနေလေရဲ့။ အဲ့ကစပြီး ဒီကောင် နေ့တိုင်း စားချိန်တိုင်း အမြဲတမ်း အပျော်ဆုံးကောင် ဖြစ်နေတော့တာပဲ။

တုန်းရီ သူ့ကိုကြည့်ပြီး ပြုံးစစနဲ့..

“မင်း တော်တော်ဟုတ်တဲ့ ကောင်ပဲဟ။ အစ်ကိုကြီး ကျန်းဟူ၊ ကျန်းကုန်းတို့နဲ့တောင် ယှဉ်ပြီး စားနိုင်သေးတယ်။ ငါကြည့်နေသလောက် လူ(၃)ယောက်စာလောက်ကို စားနိုင်တာပဲ”

စုဟေး ပလုပ်ပလောင်းစားရင်းနဲ့ပဲ..

“အရင်ကတော့ ငါဒီလောက် မစားနိုင်ဘူးကွ။ မင်းတို့ဟာတွေ တော့ ဘယ်လိုမှကို မထိန်းနိုင်တော့တာ”

ဒီကောင်စားတာကြည့်ပြီး ကျုပ်စိတ်ထဲမှာ ရင်းနှီးနေတဲ့ မြင်ကွင်းတစ်ခု ပေါ်လာတယ်။ ဒီတော့လဲ..

“စားပါစေကွာ။ ဒီကောင် မင်းသားတစ်ယောက်ဆိုတော့ အနည်းဆုံးတော့ ဝအောင်တော့ ကျွေးရမှာပေါ့။ ဟုတ်သားပဲ စုဟေး ဟေ့ကောင်.. မင်း မြေတံတိုင်းမှော်ပညာ လို့ ပြောတာ ကြားလိုက်တယ်။ အဲဒါ ဘာလဲကွ”

စုဟေး မျက်လုံးထဲမှာ လေးစားတဲ့ အရိပ်အငွေ့တွေ ပေါ်လာတယ်။ သူ့ရင်ထဲက ထွက်လာတဲ့ပုံစံပဲ။ ဝါးလက်စတွေ မျိုချပြီး..

“မင်းတော်တော်ကို နားပါးတာပဲ။ ငါဒီလောက် တိုးတိုးလေး ပြောလိုက်တာတောင် ကြားဖြစ်အောင် ကြားသေးတယ်။ ဒီလိုကွ။ ဝက်ဝံဘုရင် ဦးဆောင်တဲ့ ဝက်ဝံမျိုးနွယ်စစ်တပ်ကလွဲရင် ကျန်တဲ့ သားရဲတွေက သံချပ်ကာ ထူထူကြီးတွေနဲ့ လေးလေးကန်ကန် ခြေလျှင် ဝက်ဝံတွေလဲ ရှိတယ်။ မြေတံတိုင်းမှော်ပညာက အင်အား(၅၀၀၀၀)ပါတဲ့ အစွမ်းထက် သံချပ်ကာ ခြေလျင်အဖွဲ့ ခေါင်းဆောင်ကွ။ ဝက်ဝံတစ်ကောင် ဖြစ်ပေမယ့် တော်တော်ကို ထက်မြက်တာ။ ဒီကောင်က ရှေးဟောင်း မြေတံတိုင်း မျိုးဆက်ရဲ့ တိုက်ရိုက် သွေးမျိုးဆက်ထဲက တစ်ယောက်ဖြစ်လောက်တယ်။ သူ့နဲ့ အရင်းနှီးဆုံးကောင်တွေကိုလဲ မြေမှော်ပညာတွေ လွှဲပေးနိုင်တယ်လေ”

“မင်းကို မသတ်မိတာ ငါတော်တော် မှန်သွားတယ်ထင်တယ်။ မင်းဆီမှာ အဖိုးတန် အချက်အလက်တွေ ပြည့်နေတာပဲကွ”

စုဟေး ပြုံးပြုံးရွှင်ရွှင်နဲ့..

“ငါက စစ်ပွဲတွေ အများကြီး မတိုက်ခဲ့ပေမယ့် ဇာတ်လမ်း(၂)ခုတော့ အမြဲတမ်း ကြားနေရတယ်လေ။ သားရဲနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေမှ အများကြီးပဲ”

ကျန်းဟူက..

“အရင်က နတ်ဆိုးတွေကို အဆင့်ခွဲတုန်းက အထူးအဆင့် နတ်ဆိုးတွေ ရှိတယ်ဆို။ ဒါပေမယ့် မင်းသေချာ မပြောရသေးဘူးနော်”

============= (*^*)=============

အပိုင်း( ၂၁၂ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters