ကောင်းလိုက်တဲ့ အသားကင်
Vol. 15 Ch. 216
Child of light (ကျန်းကုန်း)
Volume 9: Chapter 10 - Delicious Barbecue
“အစ်ကိုကြီးနော်.. ကြွားနေတာရပ်ပြီး ချက်ဖို့ပြုတ်ဖို့ လုပ်လိုက်တော့။ အားလုံး မင်းကြွမ်းကျင်မှုကို မြည်းကြည့်ချင်နေကြပြီ”
ကျန်းဟူ နတ်ဆိုးဝံပုလွေကို မပြီး စမ်းချောင်းလေးဆီ ဆင်းသွားတယ်။ စမ်းချောင်းရောက်တော့ ဓားရှည်နဲ့ အရေခွံဆုတ်ပြီး ဝမ်းတွင်းသားတွေ ကျန်နေတဲ့ အမွှေးအမြှင်တွေ အသာဖယ်ထုတ်လိုက်တယ်။ ပြီးမှ တုန်းရီကို .
“မီးဖို ဖိုဖို့လိုမယ်ဟေ့၊ ထင်းခြောက်တွေ သွားကောက်ထားအုံး”
ကျုပ်လဲ သူ့နားလှောက်သွားရင်း..
“ဝါး…. အစ်ကိုကြီး မင်းတခါတည်း ကျော်ပစ်မှာတော့ မဟုတ်ဘူးမို့လား။ နတ်ဆိုးမျိုးနွယ်မှာ စားတုန်းက နဲ့တော့ မတူလောက်ပါဘူး”
ကျန်းဟူ ဟက်ဟက်ပက်ပက် ရယ်ရင်း
“စားလို့ရပြီလို့ ပြောမယ့်စကားကိုသာ စောင့်နေလိုက်”
မီးဖိုပြီးတာနဲ့ နတ်ဆိုးဝံပုလွေ အသားတွေကို မွှန်း၊ ကိုင်းတုတ်တုတ်တစ်ချောင်းနဲ့ တံစို့ထိုးပြီး ပုလင်းတစ်လုံးထုတ် အသားတွေပေါ်နှံအောင် လိုက်စွတ်ပေးနေတယ်။ သူ့ကြည့်ရတာ နည်းနည်းလေးကို အလေအလွင့်မဖြစ်အောင် ဂရုစိုက်နေတဲ့ပုံပဲဗျ။ ပုလင်းထဲကနေ ဝိုင်နံ့သင်းသင်းလေး ထွက်လာတယ်။ ပြီးလဲပြီးရော သူ့အိတ်ထဲကနေ တောက်ထပ် ပုလင်းတွေ ဗူးတွေ ထပ်ထုတ်လိုက်သေးတယ်။ အထူးသဖြင့် ပုလင်း(၅)လုံးထဲက အမှုန့်နည်းနည်း ထုတ်သုံးတယ်။ ပြီးမှ တော်တော်ကြီးတဲ့ ဗူးကြီးထဲက ပျစ်ချွဲချွဲအရည်တွေ လောင်းပြီးတော့ လက်နဲ့ လိုက်ပြီး ဆုပ်နယ်နေလေရဲ့။
“အစ်ကိုကြီး အဲဒါ ဘာတွေလဲ”
“မင်းက စားဖို့ပဲသိတာကိုးကွ။ ဒါတွေက ဟင်းခတ်အမွှေးအကြိုင် တွေပေါ့။ ခရီးထွက်မလာခင်ထဲက ဒီလိုအခြေအနေတွေ အတွက် ငါကြိုပြင်ထားတာ။ ဒါတွေကို ငါကိုယ်တိုင် လျှို့ဝှက်နည်းလမ်းတွေနဲ့ လုပ်ထားတာဆိုတော့ မင်းတို့အားလုံး စားလို့ကောင်းမှာသေချာတယ်။ ဒါမျိုး ဘယ်မှာမှ ဝယ်လို့မရဘူးကွ”
ပြောရင်းနဲ့ပဲ နတ်ဆိုးဝံပုလွေအသား ပေါ်ကို ဟင်းခတ်အမွှေးအကြိုင်တွေ နှံ့သွားအောင် စုတ်တံလေးနဲ့ လိုက်ညှိနေပြန်ရော။ အဲဒါတွေ ပြီးမှ မီးဖိုပေါ်တင်ပြီး ကင်လိုက်ရော။
သိပ်တောင် မကြာလိုက်ဘူး အသားကင်နံ့မွှေးမွှေးက အားလုံး နှာခေါင်းထဲ ဝင်လာပြီး စားချင်စိတ်တွေ တဖွဖွ ဖြစ်ကုန်တော့တာပဲ။
စုဟေး မနေနိုင်တော့ဘဲ..
“နတ်ဆိုးဝံပုလွေသားရဲ့ အညှီနံ့တွေ ဘယ်လိုများ ဖယ်ပစ်လိုက်ပါလိမ့်.. နတ်ဆိုးသားရဲရဲ့ အညှီနံ့က တော်တော်ကို ပြင်းတာနော်”
“ဒါ ငါ့လျှို့ဝှက်ချက်ပါဆိုမှပဲ။ မင်းကို ဘာလို့ပြောရမှာတုန်းဟ”
စုဟေးကတော့ စိတ်ဝင်တစားနဲ့ ကျန်းဟူ ဘယ်လိုလုပ်လိုက်တယ်ဆိုတာ အကင်တုံးကြီးဘေးနားမှာနေရင်း သဲကြီးမဲကြီး အဖြေရှာနေလေရဲ့။ ကျုပ်တောင် ဘာလို့ အညှီနံ့မထွက်တာလဲ တွေးနေသေးတာကို။ အစောက ဝိုင်နဲ့ ဆက်စပ်မှုရှိလိမ့်မယ် ထင်တယ်။ တအားလဲ အနံ့မပြင်းဘူးဆိုတော့ သာမန် ဝိုင်လောက်ပဲ ဖြစ်မှာပါ။
ခနနေတော့ နတ်ဆိုးဝံပုလွေရဲ့ အသားက တဖြည်းဖြည်း အဝါရောင်ပြောင်းသွားတယ်။ ကျုပ်ရင်ခွင်ထဲက မြေခွေးလေးအောင် အသံပေးလာတယ်။ ကျုပ်လဲ သူ့ကိုလှောင်ရင်း…
“ဘာဖြစ်တာတုန်း။ ဘယ်နေရာကို စားချင်နေလို့တုန်း”
ကျန်းဟူ ဓားထုတ်ပြီး အသားတစ်ပိုင်း လှီးလိုက်တယ်။ သေချာကြည့်ပြီးမှ..
“ကဲ..ကဲ.. အားလုံး စားလို့ရပြီ့ဟေ့”
စားစရာ လုယက်စားတဲ့အချိန်ဆို ကျုပ်ထက် ဘယ်သူမြန်နိုင်မှာမို့တုန်း။ ကျုပ်လက်ကနေ အလင်းတစ်ချက်နဲ့အတူ အသားတစ်ပိုင်း ပျံတက်လာတယ်။ ဘာရမလဲ နတ်ဆိုးဝံပုလွေ ပေါင်တုန်းကြီး ဖြုတ်ယူလိုက်တာပေါ့။ မြေခွေးလေးတောင် တော်တော် စိတ်လှုပ်ရှားပြီး အော်နေတယ်။ အသားတစ်ပိုင်း ဖဲ့ပြီး သူ့ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။
“မင်း စားချင်တဲ့နေရာမှာ သွားစားချေ”
နတ်ဆိုးမြေခွေးဘေး ဘေးတစ်နေရာကို ပြေးသွားတယ်။ ကျုပ်လဲ အရသာမြည်းကြည့်ဖို့ အချိန် မစောင့်နိုင်တော့ဘူးလေ။ ဝါး… ရှယ်ကို လွေးပစ်တာ။ အသားရဲ့ အပေါ်ယံအလွှာမှာ မီးဓာတ်ကြောင့် အဆီတွေ ဝေ့နေရောပဲ။ ကိုက်လိုက်တာနဲ့ အပြင်မှာ ကျွပ်ပြီး အတွင်းသားက အိနေရော။ အရသာကလဲ ပြောစရာကို မလိုတာ။ တိုးတက်သော ကျောက်စိမ်းဒီရေနဲ့ ယှဉ်လို့ရတယ်ဗျ။
ဝံပုလွေ တစ်ကောင်လုံး မိစ္ဆာပါးစပ်ကြီးထဲ ရောက်သွားသလိုမျိုး ပျောက်သွားပါလေရော။
စုဟေး ဝမ်းပမ်းတနဲ ဒေါသတကြီးနဲ့ ကျုပ်ဆီရောက်လာပြီး..
“ဆရာကျန်းကုန်း။ သူတို့တွေ ကျုပ်ကို အနိုင်ကျင့်တယ်။ နတ်ဆိုးဝံပုလွေ အရိုးမှာကပ်နေတဲ့ အသားလေးတွေပဲ စားခဲ့လိုက်ရတယ်”
“မင်း ဘာလို့ နှေးနေလဲ။ အားလုံး မျှမျှတတပဲလေ”
“မင်းတို့အားလုံး ကျွမ်းကျင်သူတွေ အားနည်းသူကိုပဲ အနိုင်ကျင့်တတ်ကြတယ် …..”
ကျန်းဟူ လျှောက်လာပြီး..
“မင်းက နတ်ဆိုးမျိုးနွယ် မင်းသားတစ်ယောက်လေ။ မင်းဘာလို့ အားနည်းနေတုန်း”
“အား…… ငါကိုသာ အဟာရဖြည့်ခွင့်မပေးရင် သေရမယ်ဆိုရင်တောင် လမ်းဆက်မလျှောက်နိုင်တော့ဘူး”
ကျုပ်တောင် တော်တော် အံ့ဩသွားတယ်။ အစား အသောက်အတွက်နဲ့ အသက်တောင် မမှုဘူးဆိုပဲ။ ကျုပ်အိတ်ထဲက ရိက္ခာနည်းနည်း ထုတ်ပြီး သူ့ကို ပေးလိုက်ရတယ်။ ပြီးမှ ကျန်းဟူဘက် လှည့်ပြီး..
“အစ်ကိုကြီး မင်းအသားကင်တာ အရန်းလန်းတယ်ကွာ။ ဒါနဲ့တောင် စားဖိုမှူး မဖြစ်ဘူးတဲ့လား”
အဲ့အချိန် မြေခွေးလေးလဲ သူ့အသားတုံး စားလို့ကုန်သွားပြီ။ ကျန်းဟူ ဘေးနားသွားပြီး ပွတ်သီးပွတ်သပ် လုပ်နေတယ်ဆိုတော့ ဒင်းမဝသေးတာ သိသာတယ်။ ကျန်းဟူ သူ့ကို လှောင်ပြီး..
“ဟေ့ မြေခွေးလေး။ မင်းဘာတွေ လာလုပ်နေတာတုန်း။ စားချင်သေးတာလား။ နောက်တစ်ခါကျ ဒီထက်ကြီးတဲ့ အကောင်ရှာဖို့ပဲ လိုတာလေ”
နတ်ဆိုးမြေခွေးလေး မျက်လုံးတွေ တောက်ပလာလိုက်တာများ ချစ်စရာတောင် ကောင်းနေသေး။ အကြံကောင်း တစ်ခုခု ရသွားတာနေမယ်။
ကျုပ်လဲ အဖွဲ့သားတွေဘက် လှည့်ကြည့်ပြီး..
“ကဲ သွားကြရအောင်ဟေ့။ ဆက်သွားပြီးမှ နားကြတာပေါ့”
ကောင်းကင်နည်းနည်း မှောင်ရိပ်ပျိုးလာတာနဲ့ မြေပုံထုတ်ကြည့်မိပြီး စိတ်ထဲမှာ ‘မြို့တော်ကို ရောက်ဖို့ တော်တော် လိုသေးတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် တော်တော်ကြာသွားမှာ’ လို့ တွေးနေမိလိုက်တယ်။ ဒီတော့ အစ်ကိုကြီး ကျန်းဟူကို..
“အစ်ကိုကြီး ငါတို့ အရှိန်မြှင့်မှနဲ့ တူတယ်။ ဒီကောင့်ကို ခေါ်လာရတာ တော်တော် နှေးသွားတာပဲကွ”
“ဘာလုပ်လိုက်ရမလဲ။ သတ်ပစ်လိုက်ရမလား”
ကျုပ်လဲ သူ့နားကပ်ပြီး အသံတိုးတိုးနဲ့..
“စမနေပါနဲ့တော့ကွာ။ ဘာပဲဖြစ်ဖြစ် ဒီကောင်က ငါ့ဇနီးလောင်းရဲ့ အစ်ကိုဆိုတော့ အသက်ရှင်နေအုံးမှ ရမယ်ကွ။ ပြီးတော့ သူ့ကိုသတ်လိုက်ရင် နတ်ဆိုးမျိုးနွယ်နဲ့ ငါတို့ကြားမှာ ပြင်မရတဲ့ ရန်ညှိုးတွေ တိုးသွားတာပဲရှိမယ်။ ဒီလိုလုပ်ကြရင်ရော။ မနက်ဖြန်ကစပြီး လူသူမရှိတဲ့ နေရာတွေမှာ ပျံသွားကြမယ်။ ဒီကောင့်ကို တစ်ယောက်တလဲ သယ်သွားမယ်ဆို အချိန်ခနတော့ ခံနိုင်လောက်မယ်။ ဘယ့်နှယ့်လဲ”
“အင်း.. ဒီလိုဆိုရင်တော့ မြန်သွားလိမ့်မယ်”
စုဟေး ကျုပ်ဆီ လျှောက်လာပြီး..
“ကျန်းကုန်း ငါ့ကို စားစရာ တစ်ခုခု ပေးပါလား။ ငါဗိုက်ဆာလာပြန်ပြီ”
“မင်းကွာ.. စားတာကလွဲပြီး ဘာများသိသေးလဲကွာ..”
ကျုပ်လဲ ပုခုံးပေါ်က နတ်ဆိုမြေခွေးလေးကို အသာတို့ပြီး..
“ငါ့ လာဘ်ကောင်လေး ဒီတစ်ခု နည်းနည်းအကောင်ပိုကြီးတာလေး ရှာလိုက်ကွာ”
နတ်ဆိုးမြေခွေးလေး ချက်ချင်း ခုန်ထွက်သွားတယ်။ ကြည့်ရတာ သူ့ကို မောင်းထုတ်လိုက်မှာတောင် ကြောက်နေတဲ့ပုံပဲ။
နတ်ဆိုးမြေခွေးလေး အနံ့နည်းနည်းခံပြီး ကျုပ်တို့ကို တစ်ချက်လှည့်ကြည့်တယ်။ သူ့မျက်ဝန်းက နည်းနည်း ဉာဏ်များတဲ့ ပုံပေါ်နေတယ်။ ခနကြာတော့ သူ့ဆီကနေ ဆီးနံ့ထွက်လာတယ်ဗျ။
ကျုပ်တို့လဲ သိပ်မကြာခင် တစ်ခုခု စားရတော့မယ်လို့ တွေးနေတုန်းရှိသေး တောနက်ထဲက သားရဲရဲ့ အရှိန်အဝါနဲ့ ဖိအားတွေ ပေါ်လာတယ်။ ကျန်းဟူတောင် အံ့အားသင့်ပြီး ကြည့်နေမိတယ်။ ကျုပ်တို့အပေါ်တောင် ဖိအားပေးနိုင်တဲ့ ဒီနိုင်တဲ့ ဒီနတ်ဆိုးသားရဲက ဘယ်လိုတောင်လား။
စုဟေးက..
“မကောင်းတော့ဘူး။ ဒါ အနည်းဆုံး (က)အဆင့် နတ်ဆိုး သားရဲဆိုတာ သေချာတယ်။ ဒီတစ်ခု တကယ်ကို ဒုက္ခနဲ့ လှလှ တွေ့ကြပြီဟေ့”
နတ်ဆိုးမြေခွေးလေး အမြန်ပြေးလာလိုက်တာများ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တောင် တုန်နေတယ်။
“မင်းဘာကိုများ မျှားခေါ်လိုက်တာတုန်း”
နတ်ဆိုးမြေခွေးလေး (၂)ခါတောင် အီနေတယ်။ သူ ပုံစံပြောင်းချင်နေတာ ပဲ။
“ဗြစ်… ဖျောင်း…”
သစ်ပင်တွေ ပြုတ်ထွက် ကျိုးပြတ်သံတွေ ထွက်လာတယ်။
“အကုန် အသင့်ပြင်ထားကြဟေ့”
ကျုပ် သူတို့ကိုလဲ သတိပေးရင်း စုက္ကရေးကို သေချာကိုင်ထားလိုက်တယ်။
ကျုပ်တို့ရှေ့က တောအုပ်ကြီး ရုတ်တရက် ပျိုကျသွားသလားတောင်မှတ်ရတယ်။ ပြိးတော့ သစ်ပင်ကြီး တစ်ပင်ကို လက်ထဲမှာ ကိုင်ထားတဲ့ မျက်လုံး(၁)လုံးနဲ့ ဘီလူးကြီးတစ်ကောင်( ဆိုက်ကလော့ ) ပေါ်လာတယ်။ ဒီကောင်ကြီး (၁၅)မီတာလောက်ကို မြင့်တာပဲ။ သူ့အကြည့်တွေ ကျုပ်ပုခုံးပေါ်က မြေခွေးလေးကိုရောက်သွားပြီး ဟိန်းဟောက်ရင်း ချက်ချင်းပြေးလာတယ်။ သူ့ခြေသံတွေများ တစ်ဝုန်းဝုန်းနဲ့တောင် နေတယ်။
============= (*^*)=============
အပိုင်း( ၂၁၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား