မျက်လုံးတစ်လုံး ခြေလေးချောင်း(ဆိုက်ကလော့) နတ်ဆိုးသားရဲကြီး Child of light (ကျန်းကုန်း)
Vol. 15 Ch. 217
Volume 9: Chapter 11 - Cyclops Demon Beast
ဆိုးလိုက်တဲ့ကံဗျာ။ ဘာလို့များ ဒီလောက်တောင် ကံဆိုးရတာပါလိမ့်။ ဒီကောင်လေးကို အဲ့ဟာကြီးဆီ လွှင့်ပစ်ပေး ချင်စိတ်တောင် ပေါက်မိတယ်။ နောက်ဆုံးတော့ စုက္ကရေးကို လှုပ်ရှားပြီး ရွှေရောင်အလင်းဓား တစ်ခုနဲ့ လှမ်းပစ်ကြည့်ပြီး သွေးတိုးစမ်းလိုက်တယ်။
ဟိုက် မျက်စိတစ်လုံးကောင်က ရှောင်တောင် မရှောင်ဘူးဗျို့။ လက်ထဲက သစ်ကိုင်းကြီး တရမ်းရမ်းနဲ့ ကျုပ်ဆီ တိုးဝင်လာတယ်။
“ဖြူး….. ကျွိ…..”
အလင်းဓားက သူ့ခန္ဓာကိုယ်နဲ့ထိသွားပေမယ့် နည်းနည်းမှ ထိခိုက်မသွားဘူး။ ကျုပ်လဲ အဆင့်မြင့် မန္တန်တွေ သုံးဖူးပေမယ့် ဒီလို အရေးပေါ်မျိုးတော့ မကြုံးဖူးသေးဘူးလေ။ သူ့သစ်ကိုင်းကြီးက ချက်ချင်းရောက်လာနေပြီ။ လျှံထွက်လာတဲ့ ရှေ့ပြေး လေပြင်းအရှိန်ကတောင် မျက်နှာကို စပ်ဖျင်းဖျင်း ဖြစ်သွားတယ်။ ရှောင်ဖို့လဲ အချိန်မရှိတော့ဘူးဆိုတော့ မှော်စွမ်းအား စုပြီး လျှပ်တပျက် ခုခံလိုက်ရတယ်။
“အုန်း….”
သူ့သစ်ကိုင်းနဲ့ ကျုပ်မှော်စွမ်းအား ထိပ်တိုက်တွေ့သွားတဲ့အချိန် သစ်ကိုင်းကြီး လွင့်ထွက်သွားတာ သစ်ပင်ကြီး (၅)ပင်လောက်ကို ဖောက်ပြီးမှ ရပ်သွားတယ်။ မှော်စွမ်းအားနဲ့ ကာကွယ်နိုင်လိုက်တယ်ဆိုပေမယ့် ကျုပ်တစ်ကိုယ်လုံးလဲ တစ်ဆစ်ဆစ် နာနေရောပဲ။ ကြည့်ရတာ ဒီကောင်ကြီးကို လျှော့တွက်လို့ မရတော့ဘူးပဲ။
ကျုပ်လွှင့်ထွက်သွားတာလဲမြင်ရော ကျန်းဟူ ဒေါသထွက်ပြီး..
“နတ်ဘုရား ချပ်ဝတ်….”
အပြာရောင် အလင်းတစ်ချက်နဲ့အတူ ခမ်းနားလွန်းတဲ့ တိုက်ပွဲချပ်ဝတ်တစ်ခု သူ့ခန္ဓာကိုယ်မှာ ဖုံးလွှမ်းသွားတယ်။ မျက်စိတစ်လုံး ကောင်ကြီးလဲ ကြောက်လန့်ပြီး နောက်ကို ခြေလှမ်းတစ်လှမ်းတောင် ဆုတ်သွားတယ်။
“ငါ့ညီကို အနာတရ ဖြစ်တဲ့ထိ လုပ်ရဲတယ်ပေါ့လေ။ မင်းကို ဘယ်လိုဆုံးမမယ်ဆိုတာ မင်းကြည့်ထားလိုက်”
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်နေတဲ့ အချိန်မှာပဲ ကျုပ်လေဟာနယ် ရွှေ့ပြောင်းပြီး..
“သောက် သားရဲ။ ငါ့ကိုတောင် တိုက်ဝံ့နေတယ်ပေါ့လေ။ ရှောင်ကျင်းသာရှိရင် မင်းတော့ တစစီစုတ်ဖြဲခံရမှာ သေချာတယ်”
ဟိုကောင် တုန်းရီ ပြုံးစစနဲ့..
“အဟေး.. ကျန်းကုန်း စိတ်ဆိုးရတဲ့ အချိန် ရှိသေးတယ်ဟ”
“တော်တော် ဟုတ်တဲ့ကောင်။ ငါ့ကို လှောင်ရဲနေတယ်ပေါ့လေ။ ငါ ဒီကောင်ကြီး မင်းဆီ လွှဲပေးလိုက်မယ်။ အစ်ကိုကြီးကျန်းဟူ ကျုပ် တုန်းရီအရည်အချင်း မမြင်ရတာကြာပြီဗျ။ သူနဲ့ လွှတ်ပေးလိုက်စမ်းပါ”
ကျန်းဟူ ချက်ချင်းကို နတ်ဘုရားချပ်ဝတ် ပြန်သိမ်းရင်း ပြုံးစစနဲ့…
“အေးလေ။ ဒါဆိုလဲ တုန်းရီရေ ဒီကောင်ကြီး မင်းအတွက်ပဲဟေ့”
တုန်းရီ သူ့ရင်ဘတ်သူ ပုတ်ရင်း..
“ပြဿနာမရှိဘူး…”
ရှေ့ဆုံးကတွယ်ဖို့ လျှပ်တပျက် လှုပ်ရှားလိုက်တယ်။ သူ့ လေနတ်ဘုရားလေးကြီး ကိုင်လိုက်တယ်။ မျက်စိ တစ်လုံးကောင်ကြီးကတော့ အစောက သူ့ကို ခြိမ်းခြောက်နေတဲ့ နတ်ဘုရားစွမ်းအား ပျောက်သွားတဲ့အတွက် အသံကုန်ပေးရင်း စတိုက်တော့တာပဲ။
တုန်းရီ မျက်နှာတွေရဲတွတ်လာပြီး တစ်ချက် နှာမှုတ်ရင်း..
“နတ်ဘုရားက လေနတ်ဘုရားလေး ငါ့ကိုအပ်နှင်းခဲ့တဲ့အတွက် အရိပ်မဲ့မြှားတွေ လျှပ်စီးလို လက်လိမ့်မယ်”
ချက်ချင်း နတ်ဘုရားလေးကို ကိုင်မြှောက်ရင်း လေးကြိုးဆွဲလိုက်တယ်။
“ထောင်…..”
“ဝုန်း……”
အလင်းတန်းတောင် မမြင်လိုက်ရဘဲ မျက်စိတစ်လုံးကောင်ရဲ့ ခေါင်းကြီး ပေါက်ကွဲသွားတယ်။ ပြီးတော့ ခြေတွေလက်တွေ အကြောဆွဲပြီး ပစ်ကျသွားတာ မြေပြင်တောင် တုန်သွားတယ်။
တုန်းရီ အသက်တစ်ချက်ရှိုက်ပြီး နတ်ဘုရားလေးကြီးကို ပြန်သိမ်းလိုက်တယ်။ ပြီးတော့မှ..
“အစ်ကိုကြီး ကျန်းကုန်း ဘယ်နှယ့်လဲ။ ငါ့အရည်အချင်းတွေ မကျသေးဘူးမို့လား”
ကျုပ်တောင် သူ့ကို အံ့ဩတကြီး ကြည့်နေမိလိုက်တယ်။ နတ်ဘုရား လက်နက်တွေ အကုန်လုံးကတော့ သူ့ဟာနဲ့သူ ထူးခြားချက်တွေ ရှိနေတဲ့ပုံပဲ။ ဘယ်လက်နက်ဖြစ်ဖြစ် စွမ်းအားတွေ ပြင်းလောက်တဲ့ ပုံပဲ။
“တုန်းရီ မင်း လေနတ်ဘုရားလေးကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလား”
တုန်းရီ ခေါင်းယမ်းရင်း..
“ဘယ်လိုလုပ် လွယ်မှာတုန်း။ အစ်ကိုကြီး ကျန်းဟူအစွမ်းနဲ့တောင် အပြည့်အဝ မထိန်းနိုင်သေးတာကို။ အခု လေနတ်ဘုရားလေးရဲ့ (၃၀)ရာခိုင်နှုန်းလောက်ပဲ ငါသုံးနိုင်သေးတယ်”
ကျန့်ရှန် အံ့ဩတကြီးနဲ့…
“တုန်းရီ မင်းတော်တော် အစွမ်းထက်တဲ့ကောင်ပဲကွ။ မင်း အခုသုံးလိုက်တာ (၃၀)ရာခိုင်နှုန်းတောင် ဒီလောက ဖြစ်နေတာ အပြည့်သာဆို ဘယ်လောက်တောင် စွမ်းလိုက်မလဲမသိဘူး”
“စွမ်းအားအပြည့်သာဆိုရင် တောင်တွေကို ဖြိုပြီး ပင်လယ်ကို ထိုးခွဲပစ်ဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိလောက်ဘူး။ ဒိပေမယ့် ငါတို့ရန်သူက စွမ်းအား ပိုကောင်းလွန်းနေသေးတယ်”
ကျန်တဲ့သူတွေ ရှိနေသေးတော့ မိစ္ဆာဘုရင်အကြောင်းတော့ ထုတ်ပြောမနေတော့ဘူးလေ။
ကျန့်ရှန်ကတော့ အံ့ဩတကြီးနဲ့ပဲ..
“မင်းတော်တော် စွမ်းအားကောင်းလွန်းတယ်။ နတ်ဘုရားအမွေခံဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်”
သူ့ပြောစကား ကြားတော့ ကျုပ်လဲ သူ့ကို အလျှင်စလိုနဲ့ စိုက်ကြည့်လိုက်တယ်။ ကျန့်ရှန် သူ့စကားတွေ လွန်သွားပြီဆိုတာ သဘောပေါက်သွားတော့…
“ဒီ မျက်လုံးတစ်လုံး သားရဲကြီးနဲ့ဆို ငါတို့အတွက် တစ်ပတ်(၁၀)ရက်စာတော့ ရိက္ခာလုံလောက်သွားပြီ”
စုဟေးကတော့ ကျန့်ရှန်ပြောသမျှ မကြားချင်ယောင်ဆောင် လျှောက်သွားရင်း..
“ဒါ မျက်လုံးတစ်လုံး နတ်ဆိုး သားရဲကြီးပဲ။ သူ့ထူးခြားချက်က ခန္ဓာကိုယ်၊ ခြေလက်အင်္ဂါတွေ တောင့်တင်းတာ မဟုတ်ဘူး။ ဟို မျက်လုံးတစ်လုံးကနေ အလင်းတန်းနဲ့ လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ်။ တုန်းရီ မင်းတော်တော် စွမ်းတာပဲ။ မင်းလုပ်လိုက်တာ သားရဲကြီး သူ့မျက်လုံးအစွမ်းတောင် ထုတ်သုံးချိန် မရလိုက်ဘူး။ ဒီကောင်ကြီး နတ်ဆိုးသားရဲ တပ်မျာဆို ရှားပါးအဆင့် နတ်ဆိုးသားရဲ တစ်ကောင်နော်။ မင်းအစွမ်းတွေ ငါတောင် အားကျသွားပြီ”
တုန်းရီကတော့ သူ့ကို လှောင်ရင်း..
“မင်း ငါ့ကို မြှောက်ပြောမနေနဲ့။ အစ်ကိုကြီး ကျန်းဟူ ငါနားလိုက်အုံးမယ်။ အားလုံး စားရအောင် ရှယ်ကင်ပေးအုံး။ ငါကြိုးစားထားတာလေး အလဟသ မဖြစ်ါစေနဲ့နော်”
ကျန်းဟူ အပြုံးနဲ့ပဲ..
“ဒီကောင်ကြီးဆို ငါတို့အတွက် (၁၀)ရက် (၁၅)ရက်စာလောက် အိုကေသွားပြီ။ ဒီနေ့ (၂)တုံး ချက်ပေးမယ်။ ကျန်တာတွေတော့ နောက်နေ့တွေ စားလို့ရအောင် သယ်သွားကြတာပေါ့ကွာ”
ကျုပ်လဲ မျက်ခုံးပင့်ရင်း..
“ဘယ်လို ချက်မှာတုန်း။ အိုးနဲ့ဆို အကြီးကြီး လိုမှာနော်..”
“အလွယ်လေးပါကွာ။ ငါတို့တွေလဲ အကုန်စားနိုင်မှာမှ မဟုတ်တာ။ ရက်ကြာကြာခံအောင် သူ့ ခြေတွေ လက်တွေ ဖြတ်ပစ်လိုက်ကြတာပေါ့။ အိုးအတွက်လဲ ရေရှိတဲ့နေရာ ကျင်းတူးလိုက်ယုံပဲလေ။ ရေထည့်ပြီး ဟင်းချက်ယုံပဲကို”
“ဘယ်လို ဟင်းမျိုး ချက်မှာတုန်း။ အဲလိုကြီးသာဆို ဘယ်လိုလုပ် သန့်ရှင်းပါတော့မလဲ”
“မင်းမှော်ပညာ အစွမ်းနဲ့ဆို တွင်းနံရံနဲ့ အတွင်းက အသားတွေကို ခွဲပေးထားလို့ ရတယ်မို့လား။ အပူပေးဖို့အတွက် အခြေခံ မီးမှော်မန္တန်တွေလောက်လေးကို မသိဘူးလို့တော့ ငါ့လာမပြောနဲ့နော်”
သေစမ်းပါဗျာ။ ကြည့်ရတာ ကျုပ်ကို တည့်တည့်ကြီး ပစ်မှတ်ထားနေတာကိုး။ ရွေးစရာမှ မရှိတော့တာ ကျုပ်လဲ လက်ထောက် စားဖိုမှူး လုံးလုံးကို ဖြစ်ရောပဲ။ မျက်စိတစ်လုံးကောင်ကြီးကို ချက်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေ ကုန်လုနီးနီး သုံးလိုက်ရတယ်ဗျ။ အားလုံးလဲပြီးရော နတ်ဆိုးမြေခွေးလေးကို ခေါ်ပြီး..
“နင် ငါ့အတွက် ပုံစံ တစ်ခု ပြောင်းလိုက်ပါလား”
ဘယ်အချိန်ကတည်းက ပြောင်းချင်နေလဲမသိဘူး အမှောင်မြူခိုးတွေနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ပုံစံကို ချက်ချင်း ပြောင်းသွားရော။
“ကျမကို ပြောစရာ စရှိလို့လား”
ကျုပ် ဒင်းကို အေးစက်စက်ပြုံးရင်း..
“နင် မျက်စိတစ်လုံးကောင်ကို မြူဆွယ်တာက ငါ့ကို လုပ်ကြံချင်နေတာလား”
မြေခွေးမလေး ခေါင်းဆက်တိုက် ရမ်းရင်း…
“မဟုတ်ဘူး၊ မဟုတ်ဘူး။ ဆရာကြီး ကျန်းဟူက အကောင်ကြီးကြီး ရှာဖို့ ပြောထားလို့ပါ။ အဲဒါကြောင့်မို့ အရမ်းကြီးတာ ရှာလိုက်တာ”
ကျုပ် သူ့လည်ပင်းကို လှမ်းကိုင်ရင်း..
“နင် ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်။ သတိထားနေ.. ကြားလား”
မြေခွေးမလေး သူ့အမှားသိပြီး မျက်နှာငယ်လေးနဲ့..
“တကယ်ကို ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဆရာအစွမ်းနဲ့ဆို အဲ့မျက်လုံး တစ်လုံး ရုပ်ဆိုးကောင်ကို အလွယ်လေး တွယ်နိုင်တယ်ဆိုတာ သိနေတာကို”
“အေး.. နင်သာ ကူလီကူမာ လုပ်လို့ကတော့ အစ်ကိုကြီး ကျန်းဟူကို ကင်ခိုင်ပစ်မှာ”
မြေခွေးမလေး မျက်ရည်တွေ စီးကျလာတယ်။ သူ့ခန္ဓာကိုယ်တစ်ချက် အလှုပ်နဲ့အတူ မြေခွေးမလေး ပုံစံ ပြောင်းသွားတယ်။ သူကို ကျုပ်ကို စိတ်ကောက်တဲ့ပုံနဲ့ ပြေးထွက်သွားပါလေရော။ ကြည့်ရတာ ဒေါသထွက်နေတဲ့ ပုံပဲ။ ကျုပ်ကတော့ သူ့ကိုကြည့်ပြီး နည်းနည်းတောင် ပြုံးလိုက်မိသေးတယ်။
********......*********
တစ်ညတာ နားပြီး ကျုပ်တို့စွမ်းအားဖြည့် အားဖြည့်ပြီး လူတိုင်း စိတ်ဓာတ်တွေ တက်ကြွနေတယ်။ မျက်စိတစ်လုံးကောင်ရဲ့ ကျန်နေတဲ့ အသားတုံးတွေ တက်ညီလက်ညီ ခွဲယူသိမ်းလိုက်ကြတယ်။ ကျုပ် နတ်ဆိုး မြေခွေးလေးကို..
“နင် မကျန်ရစ်ခဲ့ချင်ရင် အမြန်လာခဲ့”
နတ်ဆိုး မြေခွေးလေး မျက်လုံး ပြူးကျယ်ကျယ်နဲ့ ကြည့်ရင်း စိတ်မပါ့တပါနဲ့ ကျုပ်ပုခုံးပေါ် ခုန်တက်တာတယ်။
“မင်း စိတ်ဆိုးနေတုန်းပဲလား။ မနေ့က ငါမှားပြီး အပြစ်တင်မိတာလို့ပဲ သဘောထားလိုက်မယ်လေ”
နတ်ဆိုးမြေခွေးလေးကတော့ မကျေနပ်တဲ့အနေနဲ့ (၂)ခါတောင် ဟောင်သံပေးလိုက်သေးတယ်။ သူ့ပုံစံက ချစ်စရာလေး ဖြစ်နေတော့ ကျုပ်လဲ ရယ်ရယ် မောမောနဲ့..
“အေးပါ….. အေးပါ… ငါမင်းကို မတရား စွပ်စွဲမိတာပါ.. ဟုတ်ပြီလား..”
ဒီတော့မှ ဒင်းက ကျေနပ်သွားတဲ့ပုံနဲ့ ကျုပ်ပုခုံးပေါ် အသာလေး မှီပြီး ငြိမ်နေလေရဲ့။
============= (*^*)=============
အပိုင်း( ၂၁၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား