← Chapters

ပျံသန်းသွားကြခြင်း

Vol. 15 Ch. 218

ပျံသန်းသွားကြခြင်း

Vol. 15 Ch. 218

Child of light (ကျန်းကုန်း)

Volume 9: Chapter 12 - Flying Ahead

ကျုပ် ကျန်းဟူကို..

“အစ်ကိုကြီး.. ငါဒီကောင့်ကို အရင်ဆုံး သယ်လာခဲ့လိုက်မယ်”

“အားလုံး အလှည့်ကျ သယ်ရမယ်ဟေ့။ တစ်ယောက် ငါတို့တွေ တစ်နာရီလောက်တော့ အေးအေးဆေးဆေး သွားလို့ရနိုင်တယ်။ ဒီတော့ ဒီကောင့်ကို သယ်လာရင် မိနစ်(၂၀)လောက်တော့ ပျံနိုင်လောက်တယ်။ ဆယ်မိနစ် တစ်ကြိမ် ပြောင်းသယ်ရင် မိနစ် (၄၀)လောက် ခရီးရောက်နိုင်လိမ့်မယ်။ အဲ့လိုပျံမှပဲ ငါတို့တွေ တစ်ရက်တစ်ရက် တော်တော်လေး ခရီးရောက်မှာ သေချာတယ်”

ကျုပ်လဲ စုဟေးကို လှမ်းဆွဲလိုက်ပြီး..

“မင်း မသေချင်ရင် ငြိမ်ငြိမ်နေ”

သူ့ကို ဂျိုင်းကြားမှာ ညှပ်ပြီး စုက္ကရေးကို လှုပ်ရှားလိုက်တယ်။ သူ့ကိုသယ်ပြီး ကောင်းကင်ကို ထိုးတက်သွားတာပေါ့။ ဟိုကောင်စုဟေး ကြောက်လန့်တကြား အော်ဟစ်နေလေရဲ့။

“အော်နေတာ ရပ်လိုက်တော့။ မင်းကြောက်ရင် မျက်စိမှိတ်ထားလိုက်”

ကျန်းဟူနဲ့ ကျန်တဲ့သူတွေကတော့ ကျုပ်ကို ဝိုင်းပတ်ပြီး ကောင်းကင်မှာ ပျံနေကြလေရဲ့။

လူတစ်ယောက်ကို သယ်ပြီး ကောင်းကင်မှာ ပျံရတဲ့အလုပ်က တော်တော်လေး ဖိအားများတာပဲ။ ဆယ်မိနစ်လောက်နေတော့ စုဟေးကို ကျန်းဟူလက် လွှဲလိုက်တယ်။ ဒီလိုပုံစံနဲ့ တစ်လှည့်စီ လှည့်ရတာပေါ့ဗျာ။ တစ်ရက်ကို (၅)ကြိမ်လောက် ပျံနိုင်လိုက်တယ်။ တစ်ခါတစ်ခါပျံရင် (၁)နာရီလောက်တော့ ကြာတယ်ဗျ။

ညရောက်တော့ စုဟေး မျက်နှာတွေ ဖြူဖျော့ပြီး ထောင့်တစ်ထောင့်မှာ ငြိမ်ကုတ်နေတယ်။ သူကြိုက်ပါတယ် ဆိုတဲ့ စားစရာတွေတောင် မစားနိုင်တော့ဘူး။ သူ့ပုံစံမြင်တော့လဲ ကျုပ် နည်းနည်း စိတ်မကောင်းဖြစ်သွားတယ်။ ကျုပ် သူ့နားသွားပြီး..

“မင်း ခနတော့ သည်းခံလိုက်ပေါ့ကွာ။ နောက်နှစ်ရက်လောက်ဆို ငါတို့တွေ နတ်ဆိုးမျိုးနွယ် အတွင်းပိုင်း ရောက်နေလောက်ပြီ။ အချိန်ကျရင် ငါမင်းကို သေချာပေါက် လွှတ်ပေးမှာပါ”

စုဟေး ခေါင်းညိတ်ပြီး..

“ဒါဆို ကျေးဇူးတင်ပါတယ်ကွာ။ ငါဆာနေပြီ”

မျက်စိတစ်လုံး နတ်ဆိုးသားရဲရဲ့ အသားတုံးတစ်တုံး ပစ်ပေးလိုက်ပြီးမှ ကျုပ်လဲ ရယ်နိုင်တော့တယ်။

“အခုမှ မင်းပုံစံ အစစ်ကွ”

နောက်နေ့ကျ စုဟေးလဲ ပျံသန်းတာနဲ့ ပတ်သက်ပြီး ကျင့်သားရပြီး တဖြည်းဖြည်း သဘောကျလာတယ်။ (၂)ရက်လောက် ခရီးဆက်ပြီးတာနဲ့ နတ်ဆိုးမျိုးနွယ် နယ်နမိတ်ကနေ ကီလိုမီတာ (၃၀၀)ကွာတဲ့ တောအုပ်လေး တစ်ခုကို ရောက်လာကြတယ်။ ကျုပ်တို့တွေ လမ်းကြောင်း ဖုံးကွယ်စရာ သစ်ပင်၊ သစ်တောတွေလဲ မရှိတော့ဘူး။ နောက်ထပ် ခရီးမဆက်ခင် ဒီနေရာလေးမှာ ခနနားဖို့ ကျုပ်နဲ့ကျန်းဟူ ဆုံးဖြတ်လိုက်ကြတယ်။ အေးအေးဆေးဆေး သွားရင်တောင် (၃)ရက်နဲ့ နယ်စပ် ရောက်နိုင်တယ်လေ။

မြက်ခင်ပြင်နွမ်းနွမ်းတွေပေါ် ပက်လက်လှန်ပြီး ကောင်းကင်က ကျယ်တွေကို ကြည့်နေမိလိုက်တယ်. မူကျီ မျက်နှာလေး ကျုပ်ရှေ့မှာ ပေါ်လာတယ်။ မူကျီရေ ငါလာနေပြီနော်။ နင်ဘယ်လိုနေလဲ မသိတော့ဘူးဟာ။

ကျုပ်ဘေးနားမှာ ကပ်နေတဲ့ မြေခွေးလေး ရုတ်တရက်ထရပ်ပြီး ပတ်ဝန်းကျင်ကို လိုက်စစ်နေတယ်။ ကျုပ် သူ့ခေါင်းလေးကို ပွတ်ပြီး..

“ဘာဖြစ်လို့လဲ။ အန္တရာယ် တစ်ခုခု တွေ့လို့လား”

အဲ့အချိန်မှာ ညရဲ့ အေးချမ်းမှုကို ငှက်တစ်ကောင် အော်သံက ဖျက်စီးလိုက်တယ်။ နတ်ဆိုးမြေခွေးလေး မျက်လုံး ဝင်းလက်သွားပြီး တဟုန်ထိုး ထွက်သွားတယ်။ ကျုပ်လဲ အလျင်စလို သူ့နောက် လိုက်ရတာပေါ့။ သူ ကျုပ်တို့နဲ့ မနီးမဝေးမှာ ရပ်နေတာ။ သူက အမွှေးတွေတောင် ထောင်နေရင်း မာန်ဖီနေလေရဲ့။ ရန်သူနဲ့ တွေ့နေရသလိုပဲ။

ကျုပ် သူ့ရှေ့ရောက်အောင် သွားကြည့်လိုက်တော့ စုဟေး ရှက်နေတဲ့ မျက်နှာနဲ့ ငုတ်တုတ်ကြီး။

“မင်းဒီမှာ ဘာလုပ်နေတာလဲ”

“ငါ … ငါ.. ကြွက်တက်နေလို့ ညငှက်ကို မတော်တဆ လှန့်မိသလို ဖြစ်သွားတာ။ ပြီးတော့ ဒီကောင် ရောက်လာတာ”

ဒီကောင်ဆိုတာ ဒေါသတကြီး မာန်ဖီနေတဲ့ နတ်ဆိုးမြေခွေးလေးကို ညွှန်ပြနေတာပဲ။

နတ်ဆိုးမြေခွေးလေး သိပ်ကျေနပ်ပုံ မပေါ်ဘဲ အဆက်မပြတ် ဟောင်နေတယ်။ လက်ရှိ ကျုပ်စိတ်ထဲမှာ မူကျီနဲ့ပဲ ပြည့်နေတာဆိုတော့ နတ်ဆိုးမြေခွေးလေးကို..

“သူ့အလုပ်သူ လုပ်ပါစေကွာ။ ငါတို့တွေ ပြန်အိပ်ရအောင်။ စုဟေး မြန်မြန်လာခဲ့”

ကျုပ်လဲ မြေခွေးလေးကို ခေါ်ပြီး အစောက နေရာလေး ပြန်သွားလိုက်တယ်။

နောက်နေ့ မိုးလင်းတော့ ဗိုက်ဖြည့်ပြီး လွင်ပြင်ပေါ်ဖြတ်လျှောက်ရင်း နတ်ဆိုးမျိုးနွယ်ဆီ ဦးတည်လိုက်ကြတယ်။

ဒီလိုနဲ့ နတ်ဆိုးမျိုးနွယ် နယ်စပ်ကို ရောက်လာခဲ့ကြရော။ စုဟေးစိတ်ထဲမှာ အတွေးတွေများနေပုံပဲ။ ဒီကောင်နဲ့ တွေ့တော့ အသုံးမဝင်တဲ့ မင်းသား(၂)ဆိုပေမယ့် အစကတည်းက ကျုပ်တို့တွေ ဒီကောင့်ကို ပစ်မထားဘူးလေ။

“စုဟေး.. ဒီအနီးအနားတဝိုက်က ဒေသခံတွေရဲ့ ဓလေ့ထုံးစံတွေ ပြောပြအုံး”

စုဟေး ကျုပ်ကို ကြည့်ပြီး..

“အနီးအနားမှာ မြို့နယ်နမိတ်ဖြစ်နေပြီ။ မြို့တော်မှာ သာမန်နတ်ဆိုး မျိုးနွယ် (၃)သန်းလောက် ရှိတယ်။ စစ်ပွဲစမှာမို့ စစ်တပ်အများစု ရှေ့တန်း ရောက်နေကြတယ်။ နတ်ဆိုး ဧကရာဇ်နဲ့ ကိုယ်ရံတော်တပ်ရယ်၊ မြင့်မြတ်အလင်း မြို့စောင့်တပ်ရယ်ပဲကျန်တော့တယ်။ (၁)သန်းလောက်တော့ ရှိမှာပေါ့။ သူတို့ အခြေအနေကလဲ အရေးပေါ်အနေအထားပဲလေ။ အဆင့်မြင့်နတ်ဆိုးမျိုးနွယ်တွေမှာ အထူးအခွင့်အရေးတွေနဲ့ဆိုတော့ ပုံမှန်ဆို မြို့ထဲမှာပဲ စုနေကြတာ”

“မင်းတို့ နတ်ဆိုးမျိုးနွယ်က ချစ်စရာကောင်းတယ်ဆို။ ဘာလို့ အမြင်မကြည် ဖြစ်နေကြတာတုန်း”

“အလှလေးတွေက မြို့ထဲမှာ ရှိတာပေါ့။ ကျုပ်တို့ နတ်ဆိုးမျိုးနွယ် အလှလေးတွေက လူသားတွေ ယှဉ်လို့မရဘူး။ တော်တော်ကို ပွင့်လင်းကြတာ။ မင်းဆန္ဒရှိရင် တစ်ချို့တလေနဲ့ မိတ်ဆက်ပေးမယ်လေ”

ကုျပ်တို့တော့ ပွင့်လင်းမှုကို ခံစားလို့ကိုမရဘူး။ မူကျီဆို လူသားတွေထက်တောင် ရှေးရိုးဆန်သေး။ ကြည့်ရတာ မူကျီလဲ ပွင့်လင်းတယ်ဆိုပေမယ့် သူ့အနေအထားကြောင့် များလားပဲ။

ကျန်းဟူ ပြုံးတုန့်တုန့်နဲ့..

“အဖော်တွေ၊ အလှလေးတွေ အကြောင်း ပြောရရင်း မမောနိုင် မပမ်းနိုင်ပါလားဟ”

ကျုပ်တို့ သွားရမယ့် နေရာနဲ့နီးလေ ကျုပ်စိတ်တွေ လှုပ်ရှားလာလေပဲ။ တစ်ရက်ကို ကီလိုမီတာ (၁၀၀)နှုန်းလောက်နဲ့ပဲ လှောက်ခဲ့ကြတာလေ။ ကျန်းဟူတောင် စိတ်မရှည်တော့ဘဲ..

“မနက်ဖြန်ကျ ပျံသွားကြရအောင်လေ။ ဒီအတိုင်းသွားရတာ အရမ်းနှေးတယ်”

“မေ့ထားလိုက်။ လုံခြုံရေးက ငါတို့အတွက် ဦးစားပေးပဲ”

စုဟေးက..

“ရှေ့က တောင်ကြားကို ဖြတ်ပြီးရင် မြို့ကို လှမ်းမြင်ရပြီ”

ကျုပ် မြေပုံဖွင့်ကြည့်ပြီး..

“အဲဒါ နတ်ဘုရားပြိုလဲ တောင်ကြားလား”

“ဒဏ္ဍာရီအရတော့ နတ်ဘုရားနဲ့ မိစ္ဆာတွေ စစ်ဖြစ်တဲ့အချိန် စစ်ပွဲကြီးထဲမှာ နတ်ဘုရား တစ်ပါး လူစုကွဲသွားတယ်။ နတ်ဘုရားတောင် ခေါင်းကိုက်ရတဲ့ တောင်ကြားမို့ အဲ့နာမည်ပေးထားတာ။”

စကားဆုံးတော့ ဒီကောင့်မျက်နှာ နည်းနည်း ညှိုးသွားတယ်။

အဲဒါတွေ စိတ်မဝင်စားအားပဲ မြေပုံကို သေချာကြည့်လိုက်တယ်။ မြေပုံပေါ်က နတ်ဆိုးမျိုးနွယ် နယ်နိမိတ် တော်တော် ကျယ်တာပဲ။ နိုင်ငံလေး တစ်နိုင်ငံစာလောက်ကို ရျိတာ။ နတ်ဆိုးတွေ နိုင်ငံက လူသားတွေ ပြည်နယ် တစ်ခုစာလောက်ရှိတယ်။ မြေပုံအလယ်မှာ ရွှေရောင် အဝိုင်းတစ်ခု ပြထားတော့ ဧကရာဇ်ရဲ့ မြို့ ဖြစ်ဖို့များတယ်။ မူကျီလဲ အဲ့နေရာမှာ ရှိလောက်တယ်။

ညချမ်းအချိန် ကျော်ပြီး မိုးလင်းတာနဲ့ နတ်ဘုရားတောင် ခေါင်းကိုက်တဲ့ တောင်ကြားကို ဦးတည်သွားလိုက်တယ်။

နေမင်းကြီး ခေါင်းပေါ် တည့်တည့်ရောက်မှပဲ ဘာလို့ နတ်ဘုရားတောင် ခေါင်းကိုက်ရတဲ့ တောင်ကြားလဲ ဆိုတာ မြင်ရတော့တယ်။ မြင်ရတာကိုက တော်တော် ကြောက်ဖို့ကောင်းတယ်။ တောင်ကြား တစ်ဖက်တစ်ချက်စီကနေ အလင်းတွေ တောက်ပနေပြီး အလယ်မှာတော့ (၁၀)မီတာလောက် ကျယ်တဲ့ လမ်းလေးတစ်ခု။ ကျုပ်ရဲ့ သိချင်စိတ်ကို စွပေးနေတာက မနက်ကတည်းက နတ်ဆိုးမျိုးနွယ် တစ်ယောက်ကိုမှ မတွေ့ရသေးတာ။ ဒီလမ်းက မြို့ကိုသွားတဲ့ တစ်ခုတည်းသော လမ်းလို့ ပြောတယ်လေ။ ဘာလို့များ ဒီလောက်ထိ ငြိမ်နေရတာတုန်း။

စုဟေးက..

“ဒီကို လာတဲ့သူတွေ များတယ်ကွ။ တော်တော်များများက နတ်ဆိုးမျိုးနွယ် အတွင်းပိုင်းကို သွားတာ ဆိုတော့ တခြားလမ်းက သွားကြတယ်လေ။ ချိုင့်ဝှမ်းကို ဖြတ်ဖောက်ထားတဲ့ လမ်းက ခပ်စောင်းစောင်းလေးလေ။ လမ်းဆုံးကို လျှောက်ပြီးတာနဲ့ လွင်ပြင်ပေါ်ကနေ မြို့ကို မြင်နိုင်ပြီ”

“ကဲ. အမြန်သွားကြစို့”

============= (*^*)=============

အပိုင်း( ၂၁၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters