← Chapters

ထောင်ချောက်ထဲမှာ ဘေးကြပ်နံကြပ်

Vol. 15 Ch. 219

ထောင်ချောက်ထဲမှာ ဘေးကြပ်နံကြပ်

Vol. 15 Ch. 219

Child of light (ကျန်းကုန်း)

Volume 9: Chapter 13 - Trapped in Dire Straits

ကျုပ်တို့ (၁၃)ယောက် နဲ့ သားရဲတစ်ကောင် အဖွဲ့ နတ်ဘုရား ခေါင်းကိုက် တောင်ကြားထဲ ဖြတ်လာ ခဲ့လိုက်ကြတယ်။ ဒီလိုနဲ့ တောင်ကြား အလယ်လောက်ရောက်လာတာပေါ့။ ရုတ်တရက် ကျုပ်စိတ်ထဲ မသက်မသာ ခံစားလိုက်ရတယ်။ သွားနေတာရပ်ပြီး ကျန်းဟူကို..

“အစ်ကိုကြီး စိတ်ထဲမှာ မသိုးမသန့်ကြီးကွ။ ငါတို့တွေ ဂရုတစိုက်သွားမှ ဖြစ်မယ်”

ကျန်းဟူကတော့ ခပ်ပြုံးပြုံးပဲ..

“ဘာဖြစ်လို့တုန်းဟ။ ငါတို့လူသားတွေဆိုတာ ဘယ်သူသိမှာမို့တုန်း။ မင်း တစ်ယောက်မှ မတွေ့သေးလို့ စိတ်ရှတ် နေတာမို့လား”

ကျုပ်လဲ စိတ်ဖြေလိုက်ပြီး..

“ဟုတ် လောက်မှာပါ..”

ကျုပ်လဲ ပြန်ဖြေပြီးတာနဲ့ ဆက်လျှောက်သွားလိုက်တယ်။ ရုတ်တရက် ကျုပ်ပုခုံးပေါ်က မြေခွေးလေး တုန်သွားတဲ့ အပြင် အမွှေးတွေပါ ထောင်တက်သွားတယ်။ မဟုတ်သေးဘူး။ တစ်ခုခုတော့ လွဲနေပြီ။

“အားလုံး ပတ်ဝန်းကျင်ကို သတိထားကြဟေ့”

အဲ့အချိန်မှာ တကယ်ကြီးကို အပြောင်းအလဲ ဖြစ်သွားတာဗျ။ ကောင်းကင်ရော မြေပြင်ပါ ရုတ်တရက်ကြီး အမှောင်ကျသွားတယ်။ ကျုပ်လဲ ခေါင်းမော့ အသက်ပြင်းပြင်း ရှူယုံကလွဲပြီး ဘာများ လုပ်နိုင်အုံးမျာလဲ။ ကျုပ်တို့ ခေါင်းပေါ်က ကောင်းကင်ပေါ်မှာ နတ်ဆိုးဘုရင်ရဲ့ အမှောင်နဂါးဆိုတာ စုဟေးတောင် ထပ်ပြောနေစရာ မလိုတော့ဘူး။ ဘယ်လောက်တောင် တောင့်တင်းလိုက်လဲဗျာ။ ကျုပ်မြင်ရသလောက်ဆို (၁၆၅) မီတာ လောက်ကို ရှည်မှာဗျ။ အရှိန်အဝါ ပြင်းထန်လိုက်ပုံများ ရှောင်ကျင်းတောင် မယှဉ်နိုင်လောက်ဘူး။ ကျုပ် မြင်ဖူးသမျှထဲမှာ နဂါးဘုရင်ကြီးကလွဲရင် အရှိန်အဝါက အပြင်းဆုံးနဂါးကြီးဗျ။

ဟောက်သံကြီးကြားလို့ အသံလာရာကြည့်လိုက်ရတယ်။ အမှောင်နဂါးရဲ့ ခေါင်းပေါ်မှာ တစ်ယောက် ရပ်နေတာ တွေ့လိုက်ရတယ်။ နတ်ဆိုး ဧကရာဇ်ကြီးများလား။ သူဘာလို့ ဒီကို ရောက်နေပါလိမ့်။

နတ်ဆိုးဧကရာကြီး အမှောင်နဂါး ခေါင်းပေါ်ကနေ အောက်ကို ခုန်ဆင်းလာလာလိုက်တာ ကျုပ်တို့အပေါ်ကိုတောင် အရှိန်အဝါတစ်ခု မိုးလာတယ်။ ကျုပ်လဲ ကျုပ်လူတွေကို..

“အားလုံး နောက်ဆုတ်လိုက်ကြ”

ကျုပ်လူတွေကလဲ အားလုံး ကျွမ်းကျင်သူတွေပဲလေ။ ကျန်းဟူ စုဟေးကို ဆွဲပြီး မီတာ(၁၀၀)လောက်ထိ နောက်ခုန်ဆုတ်လိုက်တယ်။ အနက်ရောင် အလင်းတန်းတစ်ခုနဲ့ နတ်ဆိုးဧကရာဇ်ကြီး ကျုပ်တို့ရှေ့မှာ ဝင့်ဝင့်ကြွားကြွားကြီး ရပ်နေလေရဲ့။ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ အရှိန်အဝါတွေ ဖြာတောင်ထွက်နေတယ်။ အရပ်က အနည်းဆုံး (၂)မီတာလောက် ရှည်ပြီး တိုက်ပွဲဝင် ချပ်ဝတ် ဝတ်ထားပေမယ့် ခေါင်းဆောင်းတော့ မပါဘူးဗျ။ နက်မှောင်နေတဲ့ ဆံပင်တွေလဲ သူ့ကျောပေါ် ဝဲနေတာပဲ။ သူ့မျက်လုံးတွေက စူးရှ ပြတ်သားနေရောပဲ။

ကျုပ်လဲ အာရုံစိုက်ပြီး ကျုပ်ခန္ဓာကိုယ်ကို အလင်းမှော်စွမ်းအားနဲ့ ကာကွယ်ထားလိုက်တယ်။ ကျုပ်ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်း ထွက်လာပြီး သူ့အရှိန်အဝါဖိအားကို အပြင်းစားကြီးကို ခုခံနိုင်သွားတယ်။

ကျုပ် ရှေ့နှစ်လောက် တိုးပြီး..

“ခင်ဗျားက နတ်ဆိုးဧကရာဇ်ကြီး မာန်နတ်ချီမုန့် များလား”

(#ဘာသာပြန်သူ မှတ်ချက်။ စေတန်ချီမုန့် ဟု မသုံးချင်ပါသဖြင့် မာန်နတ် ဟု သုံးနှုန်းလိုက်ခြင်းဖြစ်ပါသည်)

နတ်ဆိုး ဧကရာဇ်ကြီးရဲ့ မျက်လုံးထဲမှာ နက်မှောင်နေတဲ့ အလင်းတန်းတွေနဲ့ ပြည့်နေတယ်။ သူ ဟက်ဟက်ပက်ပက် ရယ်လိုက်တာ လေမတိုက်ဘဲ သူ့ဆံပင်တွေတောင် ဝှေ့ယမ်းနေတဲ့ထိပဲ။ အသံလှိုင်း အပြင်းစားကြီး ကျုပ်တို့ဆီ တိုးဝင်လာတယ်။ အသံလှိုင်းတိုက်ကွက်ကို ခံနိုင်ဖို့အတွက် စုက္ကရေးကို လှုပ်ရှားရင်း အလင်းတံတိုင်း ထူထူကို အမြန်ဆုံး ချလိုက်ရတယ်။

နတ်ဆိုး ဧကရာဇ်ရဲ့ မျက်လုံးထဲမှာ အံ့ဩသွားတဲ့ အရိပ်အငွေ့ပေါ်လာပြီး..

“တစ်ယောက်ယောက်က ငါ့နာမည်ကို တိုက်ရိုက် မခေါ်ရဲတာ ကြာပြီကွ။ မင်းတို့ လူသားတွေ ငါ့ရဲ့ သန့်ရှင်းသောအလင်း အင်ပါယာထဲထိ လာရဲလောက်အောင် သတ္တိရှိကြသားပဲ။ မင်းတို့တွေ ဒီကို သင်္ခြိုင်းလာရှာ ကြတယ်ပေါ့”

နတ်ဆိုး ဧကရာဇ်ကြီးအသံက ပံတင်သံတွေတောင် ထပ်သွားတယ်။

ကျုပ်လဲ ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို အထွတ်အထိပ်ထိ ရောက်အောင် မျက်စိမှိတ်ပြီး စုစည်းလိုက်ရတယ်။ ပြီးတော့မှ..

“ကျုပ်တို့ ဒီကိုလာတာ ခင်ဗျားနဲ့ ဆွေးနွေးစရာ ရှိလို့ပါ..”

နတ်ဆိုး ဧကရာဇ်ကြီး အေးစက်စက် ရယ်ရင်း..

“မင်းက နို့နံ့တောင် မစင်သေးတဲ့ ချာတိတ်လေးလေ။ ငါနဲ့ ညှိနှိုင်းရဲလောက်တဲ့ သတ္တိတွေ ရှိနေတယ်ပေါ့။ မင်းကြည့်ရတာ နာတာရှည်လေးလိုပဲ။ ငါနဲ့ ညှိနှိုနင်းမယ့်အစား ငရဲပြည်ဆင်းပြီး ယမမင်းနဲ့ အရင်သွားညှိသင့်တာ”

သူ့စကားသံ ဆုံးတာနဲ့ တောင်ခါးပန်းရံ ပတ်လည်တစ်လျှောက်မှာ စစ်သည်တွေ ပေါ်လာတယ်။ အားပေါင်းရင် (၃၀၀၀)လောက်ကို ရှိမှာ။ ကြည့်ရတာ တောင်ကြားထဲကို ရေပက်မဝင်နိုင်အောင်ကို ဝိုင်းထားတာပဲ။ ကျုပ်တို့မှာ စွမ်းအားတွေ ဘယ်လောက်ကောင်းကောင်း၊ ကံဆိုးတာက ဒီနေရာကနေ အသက်ရှင်လျှက် လွှတ်ဖို့တော့ မဖြစ်နိုင်တော့ဘူး။

နိဂုံးတော့ ချုပ်ပြီ။ ချောင်ပိတ်မိသွားတာပဲ။ အရင်က ရှင်းလင်းနေတဲ့ စိတ်တွေလဲ နောက်ကျိကုန်ပြီ။

“ခန စောင့်ပါအုံး… ကျုပ်သိချင်တာ တစ်ခုရှိလို့ပါ..”

“မင်း သေတော့မယ့်အတူတူ ပြောစရာရှိတာ ပြောကြည့်ကွာ”

“ကျုပ်သိချင်တာက ကျုပ်တို့တွေ ဒီကိုရောက်အောင် သေသေချာချာ ဗျူဟာကျကျ လာခဲ့ကြတာ ။ ခင်ဗျား ဘယ်လိုလုပ် သိသွားတာလဲ”

နတ်ဆိုးဧကရာဇ် ကျုပ်စကားကြားတော့ အဓိပ္ပါယ်ပါပါ တစ်ချက်ပြုံးလိုက်တယ်။

“မကြာခင် မင်းသိလာတော့မှာပါ”

ကျုပ် မကြာခင် သိမှာတဲ့လား။ အံ့ဩစရာပဲ။ အဲ့အချိန် အပြောင်းအလဲ တစ်ခု ဖြစ်သွားတယ်။ ဝိုင်းထားတဲ့ နတ်ဆိုး စစ်သည်တွေကြားမှာ မဟုတ်ဘဲ ကျုပ်တို့ အုပ်စုထဲမှာဗျ။ ကျန်းဟူ အနားမှာ ရပ်နေတဲ့ စုဟေး ရုတ်တရက် လှုပ်ရှားလိုက်တယ်။ သူ့အရှိန်က ဘီလူးတစ်ကောင်လား မှတ်ရတယ်။ ကျန်းဟူနဲ့ တုန်းရီတို့ လည်ပင်းကို ဖြတ်ရိုက်လိုက်တာဗျ။ ထင်မှတ်မထားတာရယ်၊ စွမ်းအားရယ် နှစ်ခုပေါင်းတော့ သူတို့ လဲကျသွာစးတယ်။ စုဟေး တစ်ဖက်ယောက် ကိုင်ထားရင်း ဟက်ဟက်ပက်ပက် ရယ်နေတယ်။ ပြီးတော့ မြေပေါ်ကို ပစ်ချပြီး ကောင်းကင်ပေါ် ခုန်တက်သွားတယ်။

ပထမဆုံး တုန့်ပြန်နိုင်လိုက်တာက ကျန့်ရှန်ဗျ။ ရွှေရောင် ဓားအလင်းတန်း တစ်ချက်နဲ့အတူ စုဟေး နောက်ဆုတ်သွားလိုက်ရတယ်။ စုဟေး ခန္ဓာကိုယ်က လေထဲမှာ ထူးထူးဆန်းဆန်း ယိမ်းယိုင်ရင်း ရှောင်သွားနိုင်လိုက်တယ်။ တိုက်ကွက်က တောင်ခါးပန်း ထိပ်ကိုပဲ ထိသွားတယ်။

ဒီလောက် သူရဲဘောကြောင်တဲ့ ကောင်ဆီကနေ ဒီလိုမျိုး စွမ်းအားတွေထွက်လာတော့ အားလုံး အံ့ဩ သွားတာပေါ့။

“စုဟေး.. မင်း လူယုတ်မာ။ မင်းငါတို့ကို လိမ်ထားတာပဲ”

တောင်ခါးပန်းပေါ်က စုဟေး ရယ်မောရင်းနဲ့ပဲ..

“ကျန်းကုန်း ငါတောင်းပန်ပါတယ်ကွာ။ ငါတို့က မတူညီတဲ့ တစ်ဖက်စီမှာ ရှိနေကြရတာကိုး”

နတ်ဆိုး ဧကရာဇ်ကြီး သူ့လက်ကို မြှောက်လိုက်တယ်။ ကြည့်ရတာ လှုပ်ရှားတော့မယ်နဲ့တူတယ်။

“နတ်ဆိုး ဧကရာဇ်ကြီး၊ ခင်ဗျားသားကို မေးခွန်းနည်းနည်းလောက် မေးလို့ရမလား။ ကျုပ် နောင်တမရှိဘဲ သေချင်တယ်”

နတ်ဆိုးဧကရာဇ် ကျုပ်စကားကြောင့် ကြောင်သွားတယ်။

“ငါ့သား… သူလား…”

ပြောရင်းနဲ့ စုဟေးကို လက်ညှိုးထိုးပြတယ်။ ပြီးတော့ ရုတ်တရက် ရယ်မောရင်း..

“မဆိုးဘူး မဆိုးဘူး။ ဒီကောင့်ကို တနည်းအားဖြင့် ငါ့သားလို့ ပြောလို့ရတာပါပဲလေ။ ခယ်လွင်သောင် မင်းသူ့မေးခွန်းတွေ ဖြေပေးလိုက်ပါအုံးကွာ”

ခယ်လွင်သောင် တဲ့လား။

ကျုပ်မျက်နှာ ဖြူဖျော့သွားရင်း..

“မင်းက ခယ်လွင်သောင်လား။ နတ်ဆိုးမျိုးနွယ်ရဲ့ နံပတ်(၁)စစ်သည်တော်။ အလင်းကာကွယ်သူ ခေါင်းဆောင်လို့ ပြောတာလား”

စုဟေး တောင်းတောင်းပန်ပန်နဲ့ပဲ..

“ဟုတ်တယ်။ ငါက စုဟေးမဟုတ်ဘူး။ ခယ်လွင်သောင်ပါ။ တကယ့် အဖြစ်အပျက်ကို သိချင်နေတာမို့လား။ ငါပြောပြမယ်။ မင်းတို့ (၁၂)ယောက် ပင်မတပ်ရယ် နောက်ထဲမှာ ငါ့ကို တားတဲ့အချိန်ကတည်းက မင်းရဲ့စွမ်းအားတွေ အရမ်းကောင်းတယ်ဆိုတာ ငါတွေ့လိုက်တယ်လေ။ ငါ့ငယ်သားတွေလောက်နဲ့ မင်းကို တားနိုင်မှာမှမဟုတ်တာ။ အစကတော့ မင်းကို နတ်ဆိုးမျိုးနွယ်ကပဲလို့ ထင်လို့ မင်းအကြောင်း သိချင်နေတာ။ ဒါပေမယ့် မင်းက လူသားဖြစ်နေလိမ့်မယ် ထင်မထားဘူးလေ။ ဒီတော့ မင်းဘာတွေ ဆက်လုပ်မလဲဆိုတာ သိရအောင် ငါ့ကိုယ်ငါ ဖုံးကွယ်ထားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ခယ်လွင်သောင် မြို့တော်မှာ ဆိုတာ လိမ်ပြောလိုက်တာကွ။ ငါက စစ်ပွဲအခြေအနေတွေ အရှင်မင်းကြီးဆီ တင်ပြဖို့ ပြန်လာတာကွ”

“ဒါဆို ဘာလို့ စုဟေးဟန်ဆောင်ရတာလဲ”

“မင်းတို့တွေ ငါတို့နယ်မြေထဲ ဝင်လာရဲတယ်ဆိုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်လာမှာ သေချာတယ်လေ။ ငါတို့အကြောင်းလဲ သိသင့်သလောက် သိထားလိမ့်မယ်။ မင်းငါ့ကိုမသတ်မိအောင်နဲ့ ခြိမ်းခြောက်လို့ရအောင် သေချာပေါက် ဟန်ဆောင်မှ ရမယ်လေ။ ပြီးတော့ ခရီးတစ်လျှောက် မင်းစွမ်းအားတွေ တစ်ခုပြီးတစ်ခု မြင်ရတော့ ငါလဲ မလန့်ဘဲမနေနိုင် တော့ဘူး။ မင်းရည်ရွယ်ချက်က ဘာမှန်းလဲ ငါမသိဘူး။ ဒီတော့ မင်းကို မြို့တော်အထိ ပို့လိုက်မယ်ဆိုရင် အရှင်မင်းကြီးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်သွားမှာ သေချာတယ်လေ။ ဒီတော့လဲ အခုလို နည်းလမ်းပဲ သုံးလိုက်ရတော့တာပေါ့။ မနေ့ညက ငါသတင်းပို့နေတုန်း နတ်ဆိုးမြေခွေးလေး မိလုမတတ်ဖြစ်သွားတာ။ မင်းကြားလိုက်တဲ့ ညငှက်အသံက ငါမွေးထားတဲ့ နတ်ဆိုးသားရဲတစ်ကောင်ပဲ။ မင်းတို့ အထဲမှာ အသွင်ယူရင်း ငါ့အရှင်ဆီ အဆက်မပြတ် သတင်းပို့ဖို့ သုံးနေကျ ဆိုပါတော့ကွာ”

============= (*^*)=============

အပိုင်း( ၂၂၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters