ရှောင်ကျင်းပြန်လာပြီ
Vol. 15 Ch. 220
Child of light (ကျန်းကုန်း)
Volume 9: Chapter 14 - Xiao Jin Returns
ကျုပ်လဲ စိတ်ပျက်လက်ပျက်နဲ့ မြေခွေးလေးကို..
“နောက်ဆို ငါမင်းနဲ့အတူ ခရီးမဆက်နိုင်လောက်တော့ဘူး ထင်တယ်။ ငါသာ နည်းနည်းလေး ပိုပြီး အာရုံစိုက်ခဲ့မယ်ဆို ဒီလိုတွေ ဖြစ်လာမှာမဟုတ်ဘူး”
ခယ်လွင်သောင်က..
“ကျန်းကုန်း မင်းတို့တွေအကုန် လက်နက်ချသင့်တယ်။ အရှင်မင်းကြီးဆီမှာ ခိုလုံလိုက်”
“ခယ်လွင်သောင်၊ ကြောင်သူတော်လုပ်နေတာ ရပ်လိုက်တော့။ အခုအချိန်မှာ ငါမင်းကို အရေခွံစုတ်ပြီး ဝါးစားပစ်ချင်နေတာ။
ခယ်လွင်သောင် မချိပြုံး ပြုံးပြီး လဲကျနေတဲ့ တုန်းရီကို ညွှန်ပြရင်း..
“မင်း သူတို့ အသက်တွေကို ဂရုမစိုက်တော့ဘူးလား။ မလိုလားအပ်တာတွေ ရှောင်နိုင်အောင် ငါသူတို့ကို ဖမ်းလိုက်တာ”
ကျုပ် အသက်ပြင်းပြင်းရှူပြီး အမုန်းတရားတွေနဲ့ စိုက်ကြည့်နေမိတယ်။ ကျုပ်နှလုံးသားထဲကနေ..
“အစ်ကိုကြီး ကျန်းဟူ၊ တုန်းရီနဲ့ နတ်ဘုရား ရွာသား ညီအစ်ကိုတွေ မင်းတို့ကို ဒုက္ခပေးသလိုဖြစ်သွားတာ ငါ့ကိုယ်ငါ မုန်းမိတယ်။ နတ်ဆိုးဧကရာဇ်.. ကျုပ်ခင်ဗျားကို စိန်ခေါ်ချင်တယ်”
နတ်ဆိုးဧကရာဇ် အံ့အားသင့်သွားပြီး..
“ဒီလိုအခြေအနေမျိုးမှာတောင် မင်း ငါ့ကို စိန်ခေါ်ချင်နေသေးတာလား”
“ဟုတ်တယ်။ ကျုပ်စိန်ခေါ်မှုကို လက်ခံရဲလား။ ခင်ဗျားအနိုင်ရရင် ကျုပ်တို့အားလုံး ချွင်းချက်မရှိ လက်နက်ချမယ်။ ခင်ဗျားရှုံးရင် ကျုပ်တို့ အားလုံးကို ပြန်လွှတ်ပေးရမယ်”
နတ်ဆိုးဘုရင်ကြီး ရယ်ရယ်မောမောနဲ့..
“လူသား .. မင်းအရမ်းတော်တယ်။ ငါ ဒီလိုမျိုး စိန်ခေါ်မခံရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိတော့ဘူး။ ကောင်းပြီလေ ငါလက်ခံမယ်”
ခယ်လွင်သောင် စိုးရိမ်တကြီးနဲ့..
“အရှင်မင်းကြီး ကျုပ်နဲ့က ပိုသင့်တော်လိမ့်မယ်။ အရှင်မင်းကြီးကိုယ်တိုင်ဆို မတန်ပါဘူး”
ကျုပ်လဲ ဒေါသတကြီးနဲ့..
“မင်းမှာ အရည်အချင်း မမှီဘူး”
နတ်ဆိုးဧကရာဇ်က..
“လူမိုက်။ မင်းကို ဒီလိုမျိုး ရက်စက်လွန်းတဲ့ စွမ်းရည်တွေ ငါတကယ်ကို မြင်ချင်မိတယ်။ ခယ်လွင်သောင် မင်း ငယ်သားတွေကု နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်။ ဒီလူသားရဲ့ အရည်အချင်းတွေကို သိချင်သေးတယ်”
“ကောင်းပြီ။ ခင်ဗျား နတ်ဆိုး ဧကရာဇ် ဖြစ်ထိုက်တယ်။ ကျုပ်ဆိုတဲ့ ကျန်းကုန်းဝေ နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်သည်း ကျွမ်းကျင်သူဆီက ပညာယူစမ်းပါရစေ”
နတ်ဆိုး ဧကရာဇ် တအံ့တဩ ဖြစ်သွားပြီး..
“ကျန်းကုန်းဝေ.. မင်း လူသားမှော်သခင်ကြီး.. အိုက်ရှားမှာတုန်းက နတ်ဆိုးမျိုးနွယ် ကျွမ်းကျင်သူတွေ ရာနဲ့ချီသတ်ခဲ့တဲ့ ကျန်းကုန်းဝေလား”
ကျုပ်လဲ ဘာမှ ဂရုစိုက်မနေတော့ပဲ မော်ကြွားစွာနဲ့..
“ဟုတ်တယ်။ အဲဒါ ကျုပ်ပဲ။ ခင်ဗျား ငယ်သားတွေအတွက် လက်စားချေချင်တယ်မို့လား။ ကျုပ်ဆီ လာခဲ့လိုက်”
အမှောင်နဂါး ထုတ်လွှတ်ထားတဲ့ အရှိန်အဝါကြောင့် ကျုပ်က သူ့ပြိုင်ဖက် မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။ အစ်ကိုကြီး ကျန်းဟူနဲ့ တုန်းရီရှိရင် ကျုပ်တို့ (၃)ယောက်ပေါင်းပြီး တိုက်နိုင်အုံးမယ်။ အမှောင်နဂါး ဝင်မပါရင်တော့ ကျုပ်ကိုင်တွယ်နိုင်တဲ့ အနေအထားမှာ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် အားလုံး ပုံအောရတော့မှာပဲ။ နောက်ဆုံးပိတ် ကျုပ်ရှုံးရင်တောင် အားလုံး အဖမ်းခံရယုံပေါ့။ ယာယီတော့ အသက်အန္တရာယ် မဖြစ်နိုင်သေးဘူး။
နတ်ဆိုးဘုရင် ပတ်ပတ်လည်မှာ အရှိန်အဝါတွေ ပြင်းထန်လာတယ်။ အနက်ရောင် စက်ဝန်းကြီးတစ်ခု သူ့ခန္ဓာကိုယ်ထဲက ထွက်လာတယ်။ သူ့မျက်နှာမှာ လှောင်ပြုံးတစ်ခုနဲ့အတူ တိုက်ကွက်တစ်ခု ထုတ်လိုက်တယ်။ အမှောင် စက်ဝိုင်တစ်ခု လည်ပတ်ရင်းနဲ့ ကျုပ်ဆီ ဦးတည်ပြေးလာတယ်။
ကျုပ်နောက်မဆုတ်ဘဲ ရွှေအမြူတေ(၃)ခုက စွမ်းအားတွေ ဖြန့်ထုတ်လိုက်တယ်။ ပြီးမှ စွမ်းအားအပြည့်နဲ့ အလင်းဓား တစ်ချက် လှမ်းခုတ်လိုက်တာပေါ့။ အမှောင်စွမ်းအားနဲ့ အလင်းစွမ်းအား ထိပ်တိုက်လဲတွေ့ရော ကျုပ် ခြေလှမ်း(၁၀)လှမ်းလောက် နောက် ဆုတ်ပေးလိုက်ရတယ်။
နတ်ဆိုးဧကရာဇ် မျက်လုံးတွေမှာ အံ့ဩသွားတဲ့ပုံနဲ့..
“ကောင်းတယ်။ ကောင်လေး မင်းငါ့တိုက်ကွက်ကို ခုခံနိုင်နေပြီဆိုတော့ ငါ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း မှီတယ်”
သူ ဆက်ပြီး တိုက်မလို့လုပ်တုန်း ကောင်းကင်ကနေ နဂါးဟိန်းသံ အကျယ်ကြီး ထွက်လာတယ်။
ကျုပ် နှုတ်ခမ်းထောင့်က သွေးတွေ သုတ်လိုက်ပြီ။ အဲ့အသံ ကျုပ်ရင်းနှီးနေတယ်။ အာ.. ရှောင်ကျင်းပဲ။ ကျုပ် အဆိုးဆုံးအခြေအနေမှာ ရှောင်ကျင်းရောက်လာတာပဲ။
ကျုပ်လဲ ခံစားချက်တွေ ပွင့်ထွက်ပြီး..
“ရှောင်ကျင်း….”
ရုတ်တရက် ကောင်းကင်မှာ ရွှေရောင်အလင်းတန်းကြီးတစ်ခုက နေရောင်ခြည်တွေ ဖြာဆင်းနေသလိုမျိုး ကျုပ်တို့ပတ်ဝန်းကျင်မှာ တောက်ပနေတာ။ နတ်ဆိုးဧကရာဇ်တောင် နည်းနည်း တုန်လှုပ်ပြီး တိုက်ခိုက်ဖို့ မေ့နေတယ်။
အမှောင်နတ်ဆိုးနဂါး အသံတိုးတိုးအော်ရင်း ရွှေရောင်အလင်းတန်းတွေ ရောက်မလာခင် သူ့တကိုယ်လုံးကို အနက်ရောင် မြူခိုးတွေနဲ့ ဖုံးထားလိုက်တယ်။
ရွှေရောင်နဲ့ အနက်ရောင် မြူခိုးတွေ ထိပ်တိုက်တွေ့တဲ့အခါ ကောင်းကင်တစ်ခွင်လုံးမှာ ငိုငြီးသံတွေ ထွက်လာတယ်။ အနက်ရောင် မြူခိုးတွေက ရွှေရောင်အလင်းတန်းကို တွန်းထုတ်လိုက်တာများ အားနည်းချက်ကြီးတစ်ခုဆိုတာ သိသာတယ်။ အဲ့အလင်းနှစ်ခု ထိပ်တိုက်တွေလို့ ထွက်လာတဲ့ စွမ်းအားတွေကြောင့် နှစ်ဖက်စလုံးက စစ်သည်တော်တွေတောင် ယိမ်းယိုင် ကုန်ကြတယ်။ နတ်ဆိုး ဧကရာဇ်က..
“ခယ်လွင်သောင် အလင်းကာကွယ်သူတွေကို ဒီနေရာက (၅)ကီလိုမီတာထိအောင် နောက်ဆုတ်ခိုင်းလိုက်”
ရွှေရောင်တွေ မှိန်ကျသွားမှပဲ မြင်နေကျ ရှောင်ကျင်းပုံစံ ပေါ်လာတယ်။
နောက်ဆုံးတော့ ကျုပ်မှာ မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာပြန်ပြီပေါ့။ ရှောင်ကျင်း အရင်ကထက် ပိုထွားလာလို့ ကျုပ်မှာ ပီတိတွေ ဖြစ်ရသေးတယ်။ ဒီကောင်ကြီးက (၉၉)မီတာကျော်ပြီး ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေလဲ ပိုကြီးလာတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဘုရင်တစ်ပါးရဲ့ အရှိန်အဝါတွေ ထုတ်လွှင့်နေလေရဲ့။
ရုတ်တရက် အမှောင်နတ်ဆိုး နဂါးက လူသားဘာသာစကားနဲ့ပဲ..
“ခြေသည်း(၅)ခု နဂါးပါလား။ မင်း လက်ရှိမျိုးဆက်ရဲ့ နဂါးဘုရင်လား။ အဲဒီအဖိုးကြီး သေသွားပြီလား”
ရှောင်ကျင်းကတော့ ကလေးသံလေးနဲ့..
“ခင်ဗျားတစ်ယောက်တည်း သွားသေလေ။ ကျုပ်အဖေက အခုထိ ဒေါင်ဒေါင်မြည်အောင် ကောင်းနေတုန်းပဲ”
အမှောင်နတ်ဆိုး နဂါး သက်ပြင်းချရင်း..
“ကလေး.. ငါက မင်းဦးလေးအရင်းကြီးနော်..”
နဂါး(၂)ကောင် ကောင်းကင်မှာ စကားပြောနေတဲ့အချိန် နတ်ဆိုးဧကရာဇ်နဲ့ ကျုပ်လဲ အောက်မှာ မျက်နှာချင်းဆိုင်နေတယ်။ နတ်ဆိုး ဧကရာဇ်က..
“မင်းမှာလဲ နဂါးရှိတယ်ပေါ့။ မဆိုးပါဘူး…။ ငါတို့အတွက် ပျော်စရာ တိုက်ပွဲကြီး ဖြစ်တော့မယ်ထင်တယ်။ နှစ်ယောက်စလုံးမှာ နဂါးတွေရှိတယ်ဆိုတော့ တောင်ပေါ်သွားတိုက်ရအောင်”
သူ့စကားက ကျုပ်ဖြစ်ချင်တာနဲ့ တူနေတယ်။ ကျုပ်လဲ ခေါင်းညိတ်ပြီး စွမ်းအားတွေစုပြီး နတ်ဆိုးဧကရာဇ်နောက်ကို ချက်ချင်း ခုန်လိုက်သွားလိုက်တယ်။
ရှောင်ကျင်းနဲ့ အမှောင်နတ်ဆိုးနဂါးရဲ့ ကိုယ်ပေါ်ကို ကျုပ်တို့တွေ တက်လိုက်တယ်။
ရှောင်ကျင်း အမှောင်နတ်ဆိုးနဂါးကြီးနဲ့ စကားပြောရင်း သူတို့ဆီရောက်လာတာ တွေ့တော့ စိတ်ထား နွေးနွေးတွေ ပြလာတယ်။ ကျုပ် သူ့ခေါင်းကြီးပေါ်က ချိုတစ်ချောင်းကို ကိုင်ထားရင်းနဲ့
“ရှောင်ကျင်း မင်းနေကောင်းသွားပြီလား..”
“သခင်.. ငါနေကောင်းသွားပြီ။ စစ်မှန်တဲ့ နဂါးစွမ်းအားတွေ ပြန်ရသွားပြီ”
အမှောင် နတ်ဆိုးနဂါးက..
“ခြေသည်း (၅)ခုနဂါးမှာလဲ သင်တစ်ယောက် ရှိနေတာလား”
ရှောင်ကျင်း ဒေါသတကြီးနဲ့..
“ဘာလို့ မရ ရမှာလဲ။ ခင်ဗျားတောင် နတ်ဆိုဧကရာဇ်အတွက် ကျုပ်တို့ နဂါးမျိုးနွယ်ကို သစ္စာဖောက် သွားသေးတာပဲ မို့လား”
ထင်မထားတာက အမှောင်နတ်ဆိုးနဂါး ဒေါသမထွက်ဘူးဗျ။ သက်ပြင်းလေးပဲ ချရင်း..
“ကလေး။ ငါ နဂါးမျိုးနွယ်ကို သစ္စာဖောက်တယ် ထင်နေတာလား။ အဲဒါ ငါ့ကို အတင်းအကြပ် တွန်းအား ပေးကြတာကွ။ အဲ့တုန်းက…”
နတ်ဆိုးဧကရာဇ် အမှောင်နတ်ဆိုးနဂါးကို တော်တော် လေးစားတယ်ထင်တယ်။ စကားဝိုင်ထဲကို ဝင်မရှုတ်ဘဲ အသာနားထောင်နေတယ်။
ကျုပ်လဲ အစောက တိုက်ကွက်မှာ ထိသွားတာတွေ အမြန်ပြန်ကုစားရင်း အသာလေး နားထောင်နေလိုက်တယ်။
“အဲ့တုန်းက ငါနဲ့ မင်းအဖေ တစ်ချိန်တည်း မွေးခဲ့တာပေါ့။ ငါတို့ နဂါးမျိုးနွယ်သမိုင်းမှာ ပထမဆုံး ခြေသည်း(၅)ခု နဂါး အမွှာဆိုတော့ မျိုးနွယ်တစ်ခုလုံး ဝမ်းပမ်းတသာပဲပေါ့။ မွေးစကတော့ ငါတို့တွေ အကုန်လုံး အတူတူပဲ”
ကျုပ်သေချာကြည့်လိုက်တော့မှ အမှောင်နတ်ဆိုးနဂါးမှာလဲ ခြေသည်း(၅)ခုရှိတယ်ဆိုတာ တွေ့ရပြီး ရှောင်ကျင်းနဲ့ တော်တော်တူတာပဲ။
အမှောင်နတ်ဆိုးနဂါးက..
“ဒါပေမယ့် အနှစ်(၂၀)လောက်ကြာတော့ ငါတို့ ရုပ်ရည်တွေ တဖြည်းဖြည်း မတူတော့ဘူး။ အဓိကကတော့ ငါတို့ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေပေါ့ကွာ။ ငါ့အကြေးခွံတွေက တဖြည်းဖြည်းမည်းလာပေမယ့် အစပိုင်းတော့ မျိုးနွယ်ထဲမှာ ဘာမှ မဖြစ်သေးဘူး။ ငါတို့တွေ ကြီးပြင်းလာတာနဲ့အမျှ ရုပ်ရည်တွေ ပိုပိုကွာသွားတယ်။ အနက်ရောင် နဂါးဆိုတာ နဂါးမျိုးနွယ်အတွက် ကံဆိုးစေတဲ့ နိမိတ်ဆိုး ဆိုပြီး အားလုံးက လက်ခံထားကြတော့ မျိုးနွယ် တစ်ခုလုံးက ငါ့ကို ဝိုင်းပယ်လာကြတယ်။ အဲ့တုန်းက မင်းရဲ့အဘိုး၊ ငါ့အဖေ နဂါးဘုရင်ကို ငါ့ကိုသုတ်သင်ဖို့ အားလုံးဝိုင်းပြီး တောင်းဆိုကြတာကွ”
============= (*^*)=============
အပိုင်း( ၂၂၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား