သန့်ရှင်းသောဓားနှင့် နတ်ဆိုးလှံ
Vol. 15 Ch. 221
Child of light (ကျန်းကုန်း)
Volume 9: Chapter 15 - Holy Sword and Demon Spear
အမှောင်နဂါးကြီး စိတ်ပျက်လက်ပျက်နဲ့ ခန နားပြီးမှ..
“ငါတို့အဖေလဲ အဲ့အချိန်တုန်းက ရွေးစရာမရှိတော့တဲ့အဆုံး သူကိုယ်တိုင် သုတ်သင်ဖို့ ပြင်ရတော့တယ်။ ဒါပေမယ့် မင်းအဖေနဲ့ အဖွားက ငါလွှတ်အောင် ကူညီပေးလိုက်မယ်ဆိုတာ ငါမသိလိုက်ဘူး။ အဲ့အချိန်ကစပြီး အိမ်ခြေယာမဲ့ လေလွင့်ရင်း နှစ်ပေါင်း(၂၀၀)လောက် အကြာမှာ ငါ့သခင်နဲ့တွေ့ခဲ့တာ။ သေခါနီးဖြစ်နေတဲ့ ငါ့ကို ကယ်တင်ခဲ့တာ ဆိုပါတော့။ ဒီလိုမျိုး ငါ့အသက်သခင် ကျေးဇူးရှင်ဖြစ်တဲ့အတွက် ကျေးဇူးပြန်ဆပ်ဖို့ အမှောင်နတ်ဆိုးနဂါး လုပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ”
အမှောင်နတ်ဆိုးနဂါး ရဲ့ ဘဝဖြစ်စဉ်ကြားလိုက်တော့ တော်တော်တောင် စိတ်လှုပ်ရှားသွားမိတယ်။ သူ့မှာ ဒီလို ကြေကွဲဖွယ် မတိတ်ဇာတ်လမ်းတစ်ခု ရှိလိမ့်မယ်လို့ ထင်မထားမိဘူးလေ။
ရှောင်ကျင်းက..
“ဦိးလေး… ကျုပ်တောင်းပန်ပါတယ်။ ကျုပ်တို့ နဂါးမျိုးနွယ်မှာ အပြစ်ရှိတာပါ။ အခုဆို အဖေ အုပ်ချုပ်နေတယ်လေ။ ဦိးလေး အချိန်မရွေး ပြန်လာဖို့ ကြိုဆိုပါတယ်”
အမှောင်နတ်ဆိုးနဂါးကြီး ခေါင်းခါရင်း..
“အရမ်းကောင်းတယ်။ မင်းရဲ့ ဦိးလေးလို့ခေါ်လိုက်တာနဲ့တင် ငါကျေနပ်နေပါပြီ။ မင်းအဖေကို ဒုက္ခမပေးချင်လို့ ငါပြန်မလာတော့ပါဘူး။ လက်ရှိ ငါတို့က မတူညီတဲ့ သခင်တွေအလိုအတိုင်း လုပ်ကြရလိမ့်မယ်။ ကဲ မင်းအဖေဆီက ဘာတွေ သင်ယူခဲ့လဲ၊ မင်းအရည်အချင်းတွေ ဘယ်လောက်ရှိလဲဆိုတာ စမ်းကြည့်ရအောင် လာခဲ့စမ်း”
အစောက ရုတ်သိမ်းထားတဲ့ အရှိန်အဝါတွေ သူ့ခန္ဓာကိုယ်ကနေ ပြန်ထွက်လာပြန်ပြီ။
ရှောင်ကျင်းကလဲ စိတ်ဓာတ်တွေ တက်တက်ကြွကြွနဲ့ ရွှေရောင်အလင်းတန်းတွေ ထုတ်လွှတ်လိုက်တယ်။
ကျုပ်က နတ်ဆိုးဧကရာဇ်ကို..
“နတ်ဆိုးဧကရာဇ်၊ ဦိးလေးနဲ့တူကို တကယ်ကြီး တိုက်ပွဲဖြစ်စေချင်နေတာလား”
နတ်ဆိုး ဧကရာဇ် အေးစက်စက်ပြုံးပြီး..
“ငါတို့က မတူညီတဲ့ မျိုးနွယ်တွေလေ။ ငါ့စိတ်ထဲမှာ ငါ့မျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေကို ခွဲခြားထားပြီးသားပဲ။ လူသားမျိုးနွယ်ဆိုတာ ငါ့အတွက် ဘာမှ မဟုတ်ဘူး။ မင်းအကြောင်းတော့ ငါ့သမီး အရင်ကတည်းက ပြောခဲ့ဖူးပါတယ်လေ”
“မူကျီ နေကောင်းလားဟင်”
“မင်းအနေနဲ့ ငါ့သမီးကို ဂရုစိုက်နေစရာ မလိုပါဘူး။ သူ မြို့ထဲမှာ အေးအေးဆေးဆေးပဲ။ ဒါပေမယ့် မင်းကတော့ သူနဲ့ ပြန်တွေ့ရဖို့ စိတ်တောင်မကူးနဲ့။ မင်းနဲ့ လက်ထပ်ဖို့ ခွင့်ပြုမယ်များ ထင်နေလား”
“အရှင်မင်းကြီး အခုအချိန် ခင်ဗျားရန်သူက လူသားမျိုးနွယ်တွေ မဟုတ်ဘူး။ အချိန် ကမ္ဘာကြီးတစ်ခုလုံး ကပ်ဘေးကြီး ဖြစ်တော့မယ်ဆိုတာ ခင်ဗျားသိရဲ့လား”
“မင်းစကားနည်းနည်းနဲ့ ငါ့ကို ဖြဲခြောက်မနေနဲ့။ မင်းစကားတွေ ယုံမယ်များ ထင်နေလား။ မင်းအသက်ရှင်ချင်ရင် မင်းအရည်အချင်းပေါ်မှာပဲ မူတည်တယ်”
“ကျုပ် အမှန်တွေပြောနေတာ။ ခင်ဗျား နားလည်မှုတွေ လွဲနေပြီ။ နတ်ဘုရားနဲ့ မိစ္ဆာစစ်ပွဲကြီး အကြောင်း ခင်ဗျားလဲ သိထားမှာပါ။ အဲ့အချိန်တုန်းက မိစ္ဆာဘုရင်ကို အသတ်မခံရဘဲ ချိပ်ပိတ်ခံထားရတာ။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာလာတော့ မိစ္ဆာဘုရင် စွမ်းအားတွေ တဖြည်းဖြည်း ပြန်ရလာလို့ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်ဖို့ ပြင်နေပြီ။ ပြီးတော့ ခင်ဗျားတို့ နတ်ဆိုးမျိုးနွယ်က သူ့ရဲ့ ပထမဆုံးပစ်မှတ်ပဲ”
ကျုပ်စကားဆုံးတော့ နတ်ဆိုးဧကရာဇ် နည်းနည်းစဉ်းစားနေပုံပဲ။ သူ့မျက်နှာ ပျက်လာတယ်။ တစ်ခုခု တွေးမိသွားတယ်နဲ့ တူပါတယ်။
“ကမ္ဘာတစ်ဝှမ်းလုံးက မျိုးနွယ်စုတွေအကုန် စုပေါင်းတိုက်တဲ့အချိန် ခင်ဗျားတို့ နတ်ဆိုးမျိုးနွယ်ကလဲ မိစ္ဆာဘုရင်ကို တိုက်ဖို့ လှုံ့ဆော်နိုင်မယ်ထင်တယ်။ မျိုးနွယ်စုတစ်ခု အုပ်ချုပ်သူအနေနဲ့ ခင်ဗျားရဲ့ မျိုးနွယ်စုဝင်တွေအတွက် မတွေးဘဲမနေဘူးမို့လား”
နတ်ဆိုးဧကရာဇ်က အေးစက်စက်နဲ့..
“ငါဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ မင်းလာသင်ပေးနေစရာမလိုဘူးကွ။ ဟေ့ကောင်လေး။ မင်းပြောသမျှ ဘာအဓိပ္ပါယ်မှ မရှိဘူး။ မင်းငါ့ကို အနိုင်မယူနိုင်ရင် နတ်ဆိုးမျိုးနွယ်ထဲက ထွက်သွားခွင့် မပေးနိုင်ဘူးဟေ့”
သေလိုက်ပါတော့ဗျာ။ ကျုပ်တော့ ကျွဲပါးစောင်းတီး ဖြစ်နေပြီ။ မူကျီအဖေက ဘာလို့များ ဒီလောက်တောင် ဂွကျ နေပါလိမ့်။ ကျုပ်ပြောတာတွေလဲ နားထဲမဝင်ဘူး။
“ခေါင်းမာတဲ့ အဘိုးကြီး။ မူကျီမှာ ဘာလို့များ ခင်ဗျားလို အဖေမျိုးရှိနေရပါလိမ့်”
နတ်ဆိုးဧကရာဇ် ချက်ချင်းကို ဒေါသတကြီးနဲ့..
“မင်း ငါ့ကို ကြိမ်းမောင်ရဲလောက်အောင် သတ္တိတွေ ကောင်းနေတယ်ပေါ့လေ။ ကောင်းတယ်။ ကောင်းတယ်။ မင်း အရမ်းကောင်းတယ်။ ဒီခေါင်းမာတဲ့ အဘိုးကြီး ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ငါမင်းကို မြင်ခွင့်ပေးလိုက်မယ်။ နတ်ဆိုးနဂါး တိုက်စမ်း…..”
နတ်ဆိုးဧကရာဇ်အမိန့်ကြားတော့ အမှောင်နတ်ဆိုးနဂါးကြီး သူ့ခေါင်းမော့ပြီး သူ့ခန္ဓာကိုယ်ကြီးကနေ အမှောင်စွမ်းအားတွေနဲ့ ကောင်းကင်က အလင်းရောင်တွေကိုတောင် ပိတ်ပစ်လိုက်တယ်။
ရှောင်ကျင်းကလဲ သူ့တိုက်ကွက်ကို ကာကွယ်ဖို့အတွက် အလင်းမိုးဖွဲတွေနဲ့ ချက်ချင်း ပစ်ထုတ်လိုက်တာ ကျုပ်တောင် အမိန့်ပေးစရာ မလိုလိုက်ဘူး။ ကျုပ်တို့ရဲ့ အဆင့်တွေမှာ မှော်စွမ်းအားတစ်ခုတည်းနဲ့ အသုံးမဝင်ဘူးဆိုတော့ ဘာဖြစ်ဖြစ် အစွမ်းကုန် တိုက်ရတော့မှာပဲ။
အလင်းမိုးဖွဲတွေကြောင့် မြူခိုးနက်တွေ ခပ်မြန်မြန် လျော့ကျသွားတယ်။ ရှောင်ကျင်း ပစ်ထုတ်လိုက်တဲ့ အလင်းမိုးဖွဲတွေက တွန်းပစ်လိုက်တာလေ။
နတ်ဆိုးဧကရာဇ် ရယ်မောရင်း..
“မင်းနဂါးက အထွတ်အထိပ်ရောက်တဲ့ထိ မရင့်ကျက်သေးပါဘူးကွာ။ ဒီတော့ သူ့စွမ်းရည်နဲ့ အမှောင် နတ်ဆိုးနဂါးကြားမှာ ကွာခြားချက် ရှိနေတုန်းပဲ။ မင်းငါ့ကို အနိုင်မယူနိုင်ပါဘူး။ လက်မြှောက်လိုက်တော့။ ဒီလိုဆို မင်းအသက်ကို ငါချမ်းသာပေးလိုက်မယ်”
အရှုံးပေးဖို့လား။ ဘယ်လိုမှ အရှုံးမပေးနိုင်ပါဘူး။ ကျုပ်လဲ အေးစက်စက် ရယ်မောရင်း သန့်ရှင်းသောဓား စွမ်းအားတွေကို ချက်ချင်း ထုတ်သုံးလိုက်တယ်။ မိစ္ဆာဧကရာဇ်ကို ဒီလိုမှ မတိုက်ရင် တခြားနည်းလမ်း မရှိတော့ဘူးဆိုတာ ကျုပ်သိနေတယ်လေ။ တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ထားရမယ်။ ကျုပ်မနိုင်ရင် သေရလိမ့်မယ်။
စူးရှတောက်ပလွန်းတဲ့ အလင်းတန်းတစ်ခု ကျုပ်ခန္ဓာကိုယ်ထဲကနေ တိုးထွက်လာပြီး ရှောင်ကျင်း ခန္ဓာကိုယ်ပေါ်က အမွှေးတွေကိုတောင် တောက်ပသွားတယ်။ သန့်ရှင်းသောဓားရဲ့ ငွေရောင်စက်ဝန်း ကျုပ်ခေါင်းပေါ်မှာ ပေါ်လာတယ်။ မှော်စွမ်းအား တိုးလာနဲ့အမျှ ဓားကလဲ ကြီးကြီးလာတယ်။ ကျုပ်အရင်တုန်းက သုံးခဲ့ဖူးတဲ့ စွမ်းအားတွေထက် ပိုတယ်လို့ခံစားရတယ်ဗျ။
မိစ္ဆာဧကရာဇ်တောင် ဖိအားကြီး တစ်ခု ခံစားလိုက်ရတဲ့ပုံပဲ။ သူ့ဘဝမှာ ဒီလိုထိတ်လန့်မှုမျိုး မခံစားဖူးသေးဘူးရယ်။ သူ အံ့အားတသင့် ဒေါသတကြီးအော်ရင်း..
“ဒါ ပထမတန်းစား မြင့်မြတ်ပစ္စည်း အငွေ့အသက်ပဲ”
သူ့လက်ကို ကောင်းကင်မှာ လှုပ်ရှားရင်း လေဟာနယ် အက်ကွဲကြောင်းထဲကနေ လှံရှည်တစ်ချောင်း ဆွဲထုတ်လိုက်တယ်။ ပြီးတော့ မျက်လုံးမှိတ်ပြီး ကျုပ်မသိတဲ့ ဘာသာစကားတွေ ရွတ်ဖတ်နေလေရဲ့။ နတ်ဆိုး ဧကရာဇ်ရဲ့ ပတ်ပတ်လည်မှာ ခရမ်းရောင်တွေပေါ်လာပြီး ချက်ချင်း နက်မှောင်သွားတယ်။ သူ့ခန္ဓာကိုယ်ကလဲ ပုံမှန်မဟုတ်ဘဲ ကွဲအက်သွားပုံပဲ။ ဆံပင်တွေတောင် တဖြည်းဖြည်း ခရမ်းရောင် ပြောင်းသွားတယ်။
ကျုပ်တစ်ကိုယ်လုံးကို အမှောင်စွမ်းအားတွေ ဖုံးလွှမ်းသွားတဲ့အချိန် ကျုပ်နောက်ကျောမှာ အလင်း(၆)မျိုးနဲ့ အတောင်(၆)ခု ပေါ်လာပြီး ကျုပ်ဆံပင်တွေ ရွှေရောင်ပြောင်းသွားတယ်။ မျက်လုံး ရုတ်တရက်ဖွင့်ပြီး စုက္ကရေးကို မြှောက်လိုက်တော့ သူ့ဆီက ရွှေရောင်အလင်းတန်းတွေ ထွက်လာတဲ့အချိန်..
“နတ်ဘုရားသခင် ငါ့ကို သန့်ရှင်းသောဓား အပ်နှင်းခဲ့တယ်။ ကောင်းကင်ဘုံထိအောင် အရှိန်အဝါတွေနဲ့ ထွန်းတောက်စေရမယ်ဟေ့”
ကျုပ်အော်ဟစ်နေတုန်းမှာကိုပဲ သန့်ရှင်းသောဓားက ပတ်ပတ်လည် လေထုထဲက အလင်းတန်းတွေကို အပြင်းအထန် စုတ်ယူနေပြီ။ အလင်းတန်းတွေ ဘယ်လောက်တောင် တောက်ပသွားလဲဆို နေရောင်တောင် မှိန်သွားသလိုပဲ။ နတ်ဘုရားစွမ်းအား အပြည့်နဲ့ စွမ်းအားတွေ တိမ်တိုက်ကြီးလို ကောင်းကင်မှာ စုဝေးလာတယ်။
နတ်ဆိုးဧကရာဇ် မျက်လုံးတွေဖွင့်လိုက်တော့ ခရမ်းရောင်အလင်းတန်းတွေ ဖျာထွက်လာတယ်။ သူ့လက်ကို ဖြန့်လိုက်တော့ နတ်ဆိုးလှံတံကို မိုးပေါ် မြှောက်ထားတယ်။ ပြီးတော့ အံဩထိတ်လန့်တဲ့ အသံကြီးနဲ့..
“မင်း တကယ်ကြီးကိုပဲ နတ်ဆိုးနတ်ဘုရား မျိုးဆက်ဉာဏ်ပညာအမွှေကို ထုတ်သုံးရလောက်တဲ့အထိ ဖိအားပေးခဲ့တာပဲ။ တကယ်ကို မာနကြီးဖို့ ထိုက်တန်ပါတယ်လေ။ အမှောင် နတ်ဆိုး နဂါးလှံတော်… ကျွန်ုပ်တို့ နတ်ဆိုးမျိုးနွယ် မူလနတ်ဘုရားသခင်.. ကျွန်ုပ်ရှေ့က ရန်သူကို ချေမှုန်းဖို့ နတ်ဆိုးမျိုးနွယ် အုပ်စိုးသူ အစွမ်းများ ပေးသနားဖို့ တောင်းပန်အပ်ပါတယ်”
အနက်ရောင်လှံကြီး အပေါ်ကို မြှောက်လိုက်တာနဲ့ ခရမ်းရောင်ပြောင်းသွားပြီး အမှောင်စွမ်းအားတွေ စုစည်းလာတယ်။
ကျုပ်ကျောပေါ်က အတောင်(၆)ခု တဖြတ်ဖြတ်ခတ်ရင်း ပျံတက်လာတယ်။ စုက္ကရေးကို ရှေ့တည့်တည့်မှာ ကိုင်လိုက်တော့ သန့်ရှင်းသောဓားရဲ့ ငွေရောင်အလင်းတန်းတွေ ဖြာထွက်အောင်လုပ်ပြီး နတ်ဆိုးဧကရာဇ်ရဲ့ အနက်ရောင် မူလအမှောင်နတ်ဆိုးမန္တန်တည့်တည့်ကို အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်တာပေါ့။
ရှောင်ကျင်းနဲ့ အမှောင်နတ်ဆိုးနဂါးတို့နှစ်ယောက် ကျုပ်တို့ကို နောက်ပြန်ဆွဲခေါ်ဖို့ သူတို့အတောင်တွေ အားနဲ့ ခတ်လိုက်ကြတယ်။ သန့်ရှင်းသော ဓားနဲ့ အမှောင်နတ်ဆိုးနဂါးလှံက ဆန့်ကျင်ဘက် စွမ်း(၂)ခု ထိပ်တိုက်တွေ့မှတော့ လုံးဝကို ကွဲပြားတဲ့ ပေါက်ကွဲမှု ဖြစ်ပြီပေါ့ဗျာ။
============= (*^*)=============
အပိုင်း( ၂၂၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား