← Chapters

ကမ္ဘာတုန်လောက်တဲ့ တိုက်ကွက်

Vol. 15 Ch. 222

ကမ္ဘာတုန်လောက်တဲ့ တိုက်ကွက်

Vol. 15 Ch. 222

Child of light (ကျန်းကုန်း)

Volume 9: Chapter 16 - World Shattering Collision

နှိုင်းဆလို့မရတဲ့ စွမ်းအား(၂)ခု လေထဲမှာ ထိပ်တိုက်တွေ့တဲ့အချိန် အံ့ဩစရာကောင်းတာက ဘာသံမှ ထွက်မလာတာဗျ။ ငွေရောင်နဲ့ ခရမ်းရာင်အလင်းတန်းတွေ ကောင်းကင်ကြီးတစ်ခုလုံးမှာ လုံးထွေးရင်ဆိုင်နေကြလေရဲ့။

ကျုပ် ရှောင်ကျင်းကျောပေါ်မှာ ဒူးတစ်ဖက်ထောက်ရင်း စုက္ကရေးကို ထောက်ကန်ထားရင်း ကောင်းကင်ပေါက စွမ်းအား(၂)ခု အားပြိုင်မှုကို ကြည့်နေမိတယ်။ နတ်ဆိုးဧကရာဇ်အခြေအနေလဲ ကျုပ်နဲ့ သိပ်မထူးလောက်ပေမယ့် အမှောင်နဂါးရဲ့ ကျောပေါ်မှာ မတ်တပ်ရပ်နိုင်နေသေးတယ်ဆိုတော့ သူ့မှာ စွမ်းအား လက်ကျန် ရှိသေးတယ်ဆိုတဲ့ သဘောပေါ့။

ငွေရောင်နဲ့ ခရမ်းရောင် မှော်စွမ်းအားတွေ ကောင်းကင် အမြင့်ကို ရောက်သွားတာနဲ့အမျှ ဟာရီကိန်းလို မုန်တိုင်းကြီး တစ်ခု ဖြစ်လုနီးနီးပဲ။

နတ်ဆိုးဧကရာဇ် အလန့်တကြားနဲ့ ကျုပ်ကို လှမ်းပြီး ..

“ဟေ့ကောင်… အဲဒါတွေ အထက်ကို တွန်းဖို့ ငါတို့တွေ အမြန်ဆုံး ခွန်အားပေါင်းမှရမယ်။ ဒီအတိုင်းဆို ပေါက်ကွဲမှုကြီး ဖြစ်ဖို့များနေပြီ။ ငါတို့ထဲက လူနည်းနည်းလောက်ပဲ အသက်ရှင်ကျန်တော့မှာ”

အခြေအနေတွေ မူမှန်တော့ဘူးဆိုတာ ကျုပ်လဲ သတိထားမိလိုက်တယ်။ အမြန်ဆုံး လှည့်ပတ်နေတဲ့ အလင်းတန်း (၂)ခုက ငွေရောင်နဲ့ ခရမ်းရောင် စပ်ကြား ဘောလုံးကြီးလို ဖြစ်ပြီး အဆက်မပြတ် သိပ်သည်းနေတယ်။

“ရှောင်ကျင်းရေ အမြန်တွယ်တော့ဟေ့..”

နတ်ဆိုးဧကရာဇ်နဲ့ ကျုပ်တို့တွေ အဲ့အလင်းလုံးကြီးကို တစ်ပြိုင်တည်း တွန်းထုတ်လိုက်ကြတယ်။ ကျုပ်တောင် တောင်းစရာမလိုဘဲ ရှောင်ကျင်း သူ့စွမ်းအားတွေ ကျုပ်ကို ဖြည့်ပေးနေတယ်။ အလင်းအကာအကွယ် တစ်ခုဖန်တီးပြီး အလင်းလုံးကြီးကို တွန်းထုတ်ဖိ့ပဲ အာရုံစိုက်လိုက်တယ်။ ဒီအချိန် နတ်ဆိုးဧကရာဇ်ကတော့ ကျုပ်ထက်သာတဲ့ စွမ်းအားတွေ ပြနေလေရဲ့။ သူ့ခေါင်းပေါ်က ဆံပင်တွေတောင် တလွင့်လွင့်နဲ့ နတ်ဆိုးဘုရင် တပါးဆိုတာ ပေါ်လွင်လွန်းလိုက်တာ။ ကျုပ်လုပ်ထားတဲ့ အကာအကွယ် ပိုပြီး ခိုင်မာအောင် သူ့စွမ်းအားတွေ ဖြည့်ပြီး အလင်းလုံးကြီးကို ဝိုင်းတွန်းထုတ်ဖို့ ပစ်လွှတ်လိုက်တယ်။ သူသုံးတဲ့ စွမ်းအားမှာ အမှောင်စွမ်းအားတွေ ပါပုံမရဘူးဗျ။

ရှောင်ကျင်းနဲ့ အမှောင်နတ်ဆိုးနဂါး (၂)ကောင်စလုံးလဲ ရွှေရောင်နဲ့ အနက်ရောင် စွမ်းအားတွေ အပြည့်နဲ့ အလုံးတွေ ပစ်လွှတ်လိုက်ကြတယ်။ ကြည့်ရတာတော့ တားမြစ်မန္တန်တွေပဲ။ (၂)ခုစလုံး အထက်ကို အရှိန်နဲ့ ထိုးတက်သွားတယ်။

နတ်ဆိုးဧကရာဇ်က..

“မြန်မြန်.. မြန်မြန်.. စွမ်းအားတွေ အားကုန်သုံးတော့။ ပေါက်ကွဲတော့မယ်”

တကယ်တမ်း ပေါက်ကွဲသွားရင်တောင် သူသေမှာမဟုတ်ဘူးဗျ။ ဒါပေမယ့် သူ့ ငယ်သားတွေအတွက် တွေးနေတဲ့ပုံပဲ။

ကျုပ်လဲ ရှိသမျှ စွမ်းအား အကုန်သုံးလိုက်တာ ဒွါရ(၇)ပေါက်ကတောင် သွေးတွေ ဆက်တိုက်ထွက်နေပြီ။ နောက်ဆုံးတော့ လူသား၊ နတ်ဆိုးနဲ့ နဂါး(၂)ကောင် ရဲ့အစွမ်းနဲ့ ငွေရောင်နဲ့ ခရမ်းရောင်လုံးကြီး တိမ်တိုက်တွေ ပေါ်ထိ လွှင့်ထွက်သွားတယ်။

သက်ပြင်းချယုံရှိသေးတယ် ကျုပ်တို့ ခေါင်းပေါ်မျာပဲ စွမ်းအင်လုံးကြီး ပေါက်ကွဲသွားပြီး တိမ်တိုက်တွေ လွင့်ထွက်၊ မိုးဖွဲလေးတွေတောင် ဖြစ်သွားတယ်။ ပေါက်ကွဲချက်က ကောင်းကင်မှာ ငွေနီညိုရောင် နေမင်းကြီး တစ်လုံး ပေါ်လာသလား အောက်မေ့ရတယ်။ အဲ့က ထွက်လာတဲ့ စွမ်းအားတွေက ကျုပ်နဲ့ နတ်ဆိုးဧကရာဇ်ကိုတောင် တုန်လှုပ်ခြောက်ခြား သွားစေတဲ့အထိပဲ။ နတ်ဆိုးဧကရာဇ် ပါးစပ်ကနေ သွေတွေ ထွက်နေတယ်ဆိုတော့ ကျုပ်နဲ့ သိပ်မကွာလောက်ဘူး။ သူလဲ အမှောင်နတ်ဆိုးနဂါးကျောပေါ်မှာ ပက်လက်လှန်ပြီး အမောတကော အသက်ရှူနေလေရဲ့။

ကျုပ်လက်ကျန် အသိစိတ်နဲ့ ကြည့်လိုက်တော့ အမှောင်နတ်ဆိုးနဂါးကြီးနဲ့ နတ်ဆိုးဧကရာဇ်၊ ပြီးတော့ ကျုပ်နဲ့ ရှောင်ကျင်း မြေပြင်ပေါ် အရှိန်နဲ့ ပြုတ်ကျနေတယ်။ ကျောင်ကျင်း အတောင်တွေ ဝိုင်းနေတယ်ဗျ။ အတောင်ပါတဲ့ ဘယ်လိုသတ္တဝါမျိုးက သူ့အတောင်တွေ မြေပြင်ကို အားရပါးရ အရိုက်ခံချင်မှာတဲ့တုန်း။

တကယ်တော့ ကျုပ်ကို ကာကွယ်ဖို့အတွက်ပဲ ရှောင်ကျင်း သူ့အတောင်တွေကို သုံးလိုက်တာဗျ။ ရှောင်ကျင်း ခန္ဓာကိုယ်တောင် တုန်ခါသွားတယ်။ အော်ဟစ်ငိုကြွေးသံနဲ့အတူ မြေပေါ်ရောက်လာတယ်။ သူ့တောင်တွေ ဖြန့်လိုက်တော့ အကြေးခွံတွေတောင် ကွာကျ၊ ကွဲကြေနေတာ တွေ့လိုက်ရတယ်။ ရှောင်ကျင်း ကိုယ်ထည်လဲ အရင်ကအတိုင်း ရွှေရောင် ပြန်ပြောင်းသွားပြီ။

“ရှောင်.. ကျင်း”

ကျုပ်နှလုံးသားထဲကထိ နာနာကျင်ကျင်နဲ့ အော်လိုက်ချင်ပေမယ့် ကျုပ်မှာမှ စွမ်းအားမရှိတော့တာ ဘာများ လုပ်ပေးနိုင်အုံးမှာလဲ။

ရှောင်ကျင်း ခက်ခက်ခဲခဲနဲ့ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်တယ်။ အမှောင်နတ်ဆိုး နဂါးလဲ အနားမှာ ရှိသေးတယ်။ သူလဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ပုံပဲ။ မြေပေါ်မှာ စောင့်ကြည့်နေတဲ့ နတ်ဆိုးစစ်တပ်က စစ်သည်တော်တွေတော့ အထိအခိုက်မရှိလိုက်ဘူး။ နတ်ဆိုးမျိုးနွယ်တွေ ကျုပ်နဲ့ ရှောင်ကျင်းကို ဝိုင်းလာတော့ နတ်ဘုရားရွာသားတွေ ကျုပ်တို့ကို ကာကွယ်ဖို့ အမြန်ဆုံး ဝိုင်းပတ်ထားလိုက်တယ်။

ဒီလို ရှုတ်ထွေးနေတဲ့ အခြေအနေမှာ နတ်ဆိုးဧကရာဇ် အမှောင်နတ်ဆိုး နဂါးပေါ်ကခုန်ဆင်းပြီး ကျုပ်တို့ဆီကို အိန္ဒြေရရ လျှောက်လာနေတယ်။ ခယ်လွင်သောင် သူ့ကို တွဲဖို့ထွကပ်လာပြီး နတ်ဆိုးဧကရာဇ်က..

“ငါ ဒဏ်ရာရလိုက်တာတော့ အမှန်ပဲ။ မျိုးနွယ်ခေါင်းဆောင် ဖြစ်လာကတည်းက ဒါပထမဆုံး အကြိမ်ပဲ။ ဘယ်သူနိုင်တယ် ရှုံးတယ်ဆိုတာ အဖြေထွက်သွားပြီး။ ထားခဲ့တဲ့ ကတိတွေအတိုင်း လုပ်ကြတာပေါ့”

ကျန့်ရှန် အကူအညီနဲ့ ကျုပ်ထရပ်ပြီး..

“နတ်ဆိုးဧကရာဇ်…. ကျုပ်တို့ကြားမှာ စွမ်းအားကွာတာ ကျုပ်လက်ခံတယ်။ အဖမ်းခံဖို့ ဆန္ဒရှိပေမယ့်…..”

နတ်ဆိုးဧကရာဇ် ကျုပ်စကားကို ကြားဖြတ်ပြီး..

“မင်းမိတ်ဆွေတွေကို လွှတ်ခိုင်းစေချင်နေတာလား။ နည်းနည်းလေးတောင် မတွေးနဲ့။ ဒီနဂါးတောင် အလွတ်ပေးမှာ မဟုတ်ဘူး။ ကျားတွေကို လှောင်အိမ်ထဲက ပြန်လွှတ်ပေးမယ်များ ထင်နေလား။ နောက်ထပ် နှစ်အတော်ကြာတဲ့အထိ မင်းတို့လို လူမျိုးတွေနဲ့ ထပ်မတွေ့ချင်တော့ဘူး။ အရိုးတွေ အိုနေတဲ့ ငါ့အနေနဲ့ ဒီပုံစံလေးအတိုင်း နောက်ထပ် နှစ်နည်းနည်းတော့ အသက်ရှင်ချင်သေးတယ်”

စကားတွေအရ ကျုပ်အပေါ် လေးစားမှုရှိတယ်ဆိုတာ မြင်နေရတယ်။ သူ့သဘောထားကိုက အစောပိုင်းကနဲ့ မတူတော့ဘူးလေ။ ကျုပ်ရှုံးသွားပေမယ့် တိုက်ပွဲထဲမှာ သူ့ပြိုင်ဘက်အနေနဲ့ ထိုက်တန်တဲ့ စွမ်းအားပြနိုင်လို့ နတ်ဆိုးဧကရာဇ်ရဲ့ လေးစားခံရတယ်ထင်တယ်။ အမှောင်နတ်ဆိုး နဂါးက အလေးအနက်နဲ့..

“အရှင်မင်းကြီး ဒီလက်သည်း(၅)ခု‌ ရွှေနဂါးကို လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူက ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ အနာဂါတ် မျှော်လင့်ချက်မို့ပါ”

နတ်ဆိုးဧကရာဇ် အံဩတကြီးနဲ့..

“သူတို့တွေ မင်းကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ မေ့သွားတာတော့ မဟုတ်ပါဘူးနော်”

“သူတို့တွေ နှလုံးသားမဲ့ပေမယ့် နဂါးမျိုးနွယ်ဖြစ်တဲ့ ငါက သူ့အပေါ် အကြင်နာမဲ့လို့မရဘူး။ ကျေးဇူးပြုပြီး ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ လွှတ်ပေးနိုင်မလား”

နတ်ဆိုး ဧကရာဇ် သက်ပြင်းချပြီး..

“ကောင်းပြီလေ။ ဒါပေမယ့် အထူးသဖြင့် ကျန်းကုန်းနဲ့ သူ့လူတွေတော့ လွှတ်မပေးနိုင်ဘူး”

အမှောင် နတ်ဆိုးနဂါးက..

“ကျေးဇူးအများပြီး တင်ပါတယ်။ အရှင်မင်းကြီး။ ကျုပ်မျိုးနွယ်ကိုပဲ အလေးထားတာ။ ကျန်တာတွေတော့ လုပ်ချင်တာလုပ်ဗျာ”

နတ်ဆိုးဧကရာဇ် ရှောင်ကျင်းကို လွှတ်ပေးလိုက်တယ်ဆိုတော့ ကျုပ်စိတ်တွေ ပေါ့သွားတယ်။ ကျုပ်လဲ ရှောင်ကျင်းကို တောင်းပန်တဲ့အနေနဲ့..

“ရှောင်ကျင်း အမြန်သွားတော့။ မင်းငါ့ကို နောက်ဆံတင်းမနေနဲ့”

ရှောင်ကျင်း တကိုယ်လုံး ဒဏ်ရာ ဗရပွနဲ့ ထပ်ရပ်ပြီး..

“သခင်.. ငါ့အသက်ရှင်ဖို့အတွက်နဲ့ ဘာလို့မင်းကို ထားခဲ့ရမှာတုန်း။ ငါသေရမယ်ဆိုရင်တောင် မင်းနဲ့အတူသေမယ်”

ကျုပ် တုန်တောင်သွားတယ်။ မျက်ရည်တွေလဲ ကျလာမိတယ်။

“ရှောင်ကျင်း… မင်းငါ့အပေါ် အရမ်းကောင်းတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အမှောင်နတ်ဆိုးနဂါးကြီး ပြောသလိုပဲ.. မင်းက နဂါးမျိုးနွယ်ရဲ့ အနာဂါတ် မျှော်လင့်ချက်ကွ။ မင်ဒီမှာ ငါနဲ့အတူ သေလို့မရဘူး။ မင်းလုံခြုံရေးကို အာမခံပါတယ်ဆိုပြီး မင်းမိဘတွေကို ကတိပေးခဲ့ရတာကွ။ ငါ့စကားနားထောင်… ဒီကနေ အမြန် ထွက်သွားလိုက်တော့”

ရှောင်ကျင်း မသွားချင်ဘဲ ခေါင်းကြီးကို တွင်တွင်သာ ခါရမ်းနေတော့တယ်။ ကျုပ်လဲ စိတ်လှုပ်ရှားပြီး…

“ရှောင်ကျင်း အမြန်သွား။ မင်းဒဏ်ရာတွေ ပြန်ကောင်းသွားရင် ငါ့ကို ပြန်လာရှာလို့ရတယ်လေ။ နတ်ဆိုး ဧကရာဇ် ငါ့ကို လွယ်လွယ်နဲ့ သတ်မှာမဟုတ်ဘူး။ အမြန်သွားတော့”

ရှောင်ကျင်း ကျုပ်ကို အလေးအနက် စိုက်ကြည့်ပြီးမှ လက်ခံသွားတယ်။ ပြီးတော့ ဝမ်းနည်းပူဆွေးသံတစ်ချက်ပေးပြီး အတောင်တွေခတ်ရင်း ကောင်းကင်ကို ပျံတက်သွားတယ်။ ပြီးတော့ ကျုပ်ကို..

“သခင် ငါမင်းကို ကယ်ဖို့ သေချာပေါက် ပြန်လာခဲ့မယ်။ နတ်ဆိုးဧကရာဇ် မင်းကို သတ်မယ်ဆို ဒီနေရာတစ်ခုလုံး အမှုန့်ချေဖို့ နဂါးမျိုးနွယ် တစ်ခုလုံး ခေါ်လာခဲ့မယ်”

ချိနဲ့နဲ့ ပုံစံနဲ့ ပျံသွားတဲ့ ရှောင်ကျင်း ပုံစံကို ကြည့်ပြီး ပြုံးလိုက်မိတယ်။

============= (*^*)=============

အပိုင်း( ၂၂၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters